အခန်း ၆၀
Vol. 6 Ch. 60
အခန်း (၆၀) အဲ့ဒါ ငါ့ကားပဲ
ထိုနေရာမှာ ပန်းခြံကို ကျောခိုင်းထားသော ကျယ်ဝန်းသည့် လူနေအိမ်ရာဝင်းကြီးတစ်ခု ဖြစ်သည်။ ပတ်ဝန်းကျင်မှာ အပြစ်ဆိုဖွယ်မရှိသလို သစ်ပင်ပန်းမန်များဖြင့် လှပသေသပ်စွာ ပြင်ဆင်ထားသည့် နေရာလည်း ဖြစ်သည်။ ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာပြီးနောက် လူသူကင်းမဲ့သော မြေရိုင်းပြင်အဖြစ် ပြောင်းလဲသွားခဲ့သော်လည်း ယခုအခါ လူအများမှာ ပန်းခြံထဲမှ မြေကြီးများကို တူးဆွကာ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ မျိုးစေ့များ စိုက်ပျိုးနေကြပြီ ဖြစ်သည်။
ဘေးနားတွင် ချောင်းငယ်လေးတစ်ခု စီးဆင်းနေသဖြင့် ရေအတွက် ပူပန်ရန် မလိုချေ။ ဤအချက်ကြောင့်ပင် အသက်ရှင်ကျန်ရစ်သူ အများအပြားသည် မိသားစုများကို ခေါ်ဆောင်ကာ ဤနေရာသို့ ပြောင်းရွှေ့နေထိုင်လာကြသည်။
ဤစခန်း၏ ခေါင်းဆောင်မှာ စစ်သားဟောင်းတစ်ဦး ဖြစ်သည်။ သူက ဦးဆောင်၍ အပေါင်းအပါများနှင့်အတူ ဤလူနေအိမ်ရာဝင်းအတွင်းရှိ ဇွန်ဘီများကို တဖြည်းဖြည်း ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
သူသည် နေ့စဉ်နေ့တိုင်း အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ ရိက္ခာရှာဖွေထွက်လေ့ရှိသည်။ စားနပ်ရိက္ခာများနှင့် လူသုံးကုန်ပစ္စည်း အမြောက်အမြားကို ဂိုဒေါင်ထဲတွင် စုပုံထားပြီး ဤနေရာတွင် နေထိုင်သူများမှာ နေ့စဉ် သတ်မှတ်ထားသော အလုပ်တာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်ရုံဖြင့် ရိက္ခာခွဲတမ်း ရရှိကြသည်။ အလုပ်တာဝန်များမှာလည်း ရိုးရှင်းလှပြီး စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန်သာ ဖြစ်သည်။
ဤအစီအစဉ်သည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို မျှော်မှန်းထားသော ရည်မှန်းချက်ဖြစ်ရာ နေထိုင်သူ အများစုက သဘောတူလက်ခံကြသည်။ သူတို့ ရင်ထဲ၌ မျှော်လင့်ချက်ကြီးစွာ ထားရှိကြသည်။ အချိန်အနည်းငယ် ကြာလျှင် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို စားသုံးနိုင်တော့မည်။ အချို့ဆိုလျှင် ခြံစည်းရိုးခတ်ကာ အိမ်မွေးတိရစ္ဆာန်များပင် စတင် မွေးမြူနေကြပြီ ဖြစ်သည်။
ရိုးရှင်းသော်လည်း ပြည့်စုံမှုရှိပြီး နေ့စဉ်နှင့်အမျှ တိုးတက်ကောင်းမွန်လာသည်။ အရာအားလုံးက လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေသည်။ လူနေအိမ်ရာဝင်း၏အတွင်းရှိ လူဦးရေမှာ ဆက်တိုက် တိုးပွားလာပြီး လူတစ်ထောင်ကျော်အထိ လက်ခံနိုင်စွမ်းရှိလာကာ နောက်ဆုံးတွင် အသေးစား အခြေစိုက်စခန်းတစ်ခု အသွင်သို့ ပြောင်းလဲသွားတော့သည်။
သူတို့က ဤနေရာကို ရှန်းကော် (သစ်သီးစိမ်း) စခန်း ဟု အမည်ပေးခဲ့ကြသည်။ ခေါင်းဆောင်ဖြစ်သူ စစ်မှုထမ်းဟောင်း ချန်ရှန်ကော်၏ နာမည်ကို အစွဲပြုကာ ခေါ်ဝေါ်ထားခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဤနေရာ၌ လတ်ဆတ်သော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ ဖြင့် ပေါများကြွယ်ဝလာစေရန် ဆန္ဒပြုထားခြင်းလည်း ဖြစ်သည်။ သူတို့က ဤနေရာကို မိမိတို့၏ အိမ်အသစ်အဖြစ် တည်ဆောက်ရန် ရည်ရွယ်ထားကြသည်။
လူနေအိမ်ရာဝင်း၏ ထောင့်တစ်နေရာရှိ မြေကွက်လပ်တစ်ခုတွင် ကားအများအပြားကို ရပ်နားထားသည်။ ထိုအထဲတွင် ထူးထူးခြားခြား မျက်စိကျစရာ ကောင်းနေသည်မှာ အော့ဖ်ရုဒ် ကားကြီးတစ်စီးပင်။ ကားဘေးတွင် အနီရောင် ပလတ်စတစ်ရေပုံးတစ်ပုံးကို ချထားပြီး ပုံးထဲရှိရေများမှာ ရွှံ့နှစ်များကြောင့် မည်းနက်နေပြီ ဖြစ်သည်။ အမျိုးသားတစ်ဦးမှာ ချွေးသံတရွဲရွဲဖြင့် အဝတ်စုတ်တစ်စကိုကိုင်ကာ ထိုကားကို အသည်းအသန် ပြောင်လက်နေအောင် တိုက်ချွတ်နေသည်။
ထိုသူမှာ ကျိုးစုန့်လိဖြစ်သည်။
ဤအကြမ်းခံကားကြီးမှာ ယခင်က ချူဟန် မောင်းနှင်ခဲ့သော G55 ကားကြီး ဖြစ်ပေသည်။
ကျိုးစုန့်လိ၏ မျက်နှာပေါ်တွင် ပြင်းထန်သော ဒေါသနှင့် မကျေနပ်မှုများ စွဲကပ်နေသည်။ အသေအလဲ ကြိုးစားပြီးမှ စားနပ်ရိက္ခာ အမြောက်အမြားကို လုယူနိုင်ခဲ့သော်လည်း ဤနေရာအထိ ထွက်ပြေးလာပြီးနောက် ကားနောက်ဖုံးကို ဖွင့်ကြည့်လိုက်ချိန်တွင် အတွင်း၌ ဘာမှမရှိတော့ပေ။ တစ်ခုမျှပင် မကျန်ရစ်တော့ချေ။
ယခု သူ့အတွက် ကျန်ရှိနေသည်မှာ ဤကားတစ်စီးတည်းသာ ဖြစ်သည်။ ဤခိုင်မာတောင့်တင်းသော ကားကိုယ်ထည်သာ မရှိခဲ့လျှင် ဇွန်ဘီအုပ်ကြီးကို ထိုးဖောက်ရန် မဖြစ်နိုင်ခဲ့ပေ။
သို့သော် သူ၏ ရင်ထဲ၌ မကျေနပ်မှုများ ပြည့်နှက်နေဆဲပင် ဖြစ်သည်။ ဤကဲ့သို့သော နေရာမျိုးတွင် စိုက်ပျိုးရေးအလုပ်များ လုပ်ကိုင်ကာ သူများခိုင်းသည့်အတိုင်း လုပ်ရင်း ခွဲတမ်းချပေးသော ထမင်းကို စားရမည့်ဘဝမျိုးကို လုံးဝ လက်မခံနိုင်ပါ။
မိန်းမလှလေးများကို ဘေးတွင်ထားကာ ပျော်ပါးခွင့်လည်း မရ၊ တပည့်တပန်းများ၏ ကပ်ဖားမြှောက်ပင့် လုပ်ခြင်းကိုလည်း မခံရပေ။ ဤသည်မှာ သူ လိုလားသော ဘဝမျိုး အဟုတ်ပေ။
‘ဒါဆို အရင်ဘဝကနဲ့ ဘာမှမကွာတော့ဘူးပေါ့။ ဒါဆိုရင် ကမ္ဘာပျက်ကပ်ကြီး ရောက်လာတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ’
"အစ်ကိုကြီးတို့ ပြန်လာလောက်ပြီ ထင်တယ်"
ထိုစဉ် အမျိုးသားတစ်စု ဖြတ်လျှောက်လာကြသည်။ သူတို့အလယ်တွင် ဝင့်ကြွားစွာ လျှောက်လှမ်းလာသော လူငယ်တစ်ဦး ရှိနေသည်။ ချန်ရှန်ကော်နှင့် ရုပ်သွင်အနည်းငယ် ဆင်တူသော ထိုလူငယ်မှာ သူ၏ ညီအရင်းဖြစ်သူ ချန်ဇီဟောင် ဖြစ်သည်။
"အေးလေ။ ဒီတစ်ခေါက် ခေါင်းဆောင်ရှန်ကော် ရိက္ခာတွေ ဘယ်လောက်တောင် ယူလာမလဲဆိုတာ စောင့်ကြည့်ရမှာပဲ"
ဘေးမှ လျှောက်လာသော အမျိုးသားက ကျေနပ်အားရစွာ ပြုံးလျက် ပြောလိုက်သည်။
"မိန်းမလှလှလေးတွေပါ ပါလာရင်တော့ အကောင်းဆုံးပဲ။ ဟားဟားဟား"
အခြား အမျိုးသားများက ညစ်ညမ်းစွာ ရယ်မောလိုက်ကြသည်။
"ဟေ့ကောင်တွေ... ငါ့အစ်ကိုကြီး ကြားသွားရင် အဆဲခံနေရဦးမယ်"
ချန်ဇီဟောင်က မျက်နှာပိုးသတ်ကာ သတိပေးလိုက်သည်။
"ဒါတော့ ဟုတ်တယ်။ အစ်ကိုကြီး ရှန်ကော်က အရမ်း တည်ကြည်လွန်းလို့လေ"
တစ်စုံတစ်ယောက်က ချက်ချင်း ထောက်ခံလိုက်သည်။
ကျိုးစုန့်လိက သူတို့ကို အေးစက်စက် အမုန်းတရားများ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ ထိုလူများ၏ အဝတ်အစားများမှာ သန့်ရှင်းသပ်ရပ်လွန်းလှသည်။ မိမိမှာ တစ်ကိုယ်လုံး ရွှံ့များ၊ အညစ်အကြေးများဖြင့် ပေကျံနေသည်။
‘တောက်... အခု ငါ့မှာဝတ်စရာ အဝတ်ကောင်း တစ်စုံတောင် မရှိဘူး’
"ဟေ့... မင်းက လူသစ်လား"
ချန်ဇီဟောင်သည် ကျိုးစုန့်လိကို ချက်ချင်း သတိထားမိသွားသည်။ လူတိုင်း အလုပ်လုပ်နေချိန်တွင် ကားဆေးရန်သာ အာရုံစိုက်နေသူမှာ သူတစ်ဦးတည်းသာ ရှိသောကြောင့်ဖြစ်သည်။
"တော်တော့ ဆက်မဆေးနဲ့တော့။ အပြင်ထွက်တာနဲ့ ပြန်ညစ်ပတ်သွားမှာပဲကို"
ကျိုးစုန့်လိ ဘာမျှ ပြန်မပြောချေ။ တစ်ရက်တည်းအတွင်း နတ်ပြည်မှ ငရဲပြည်သို့ ကျဆင်းသွားခဲ့ရသော သူ၏ စိတ်အခြေအနေမှာ အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေသည်။
လူသစ်က သူ့ကို လျစ်လျူရှုလိုက်သောကြောင့် ချန်ဇီဟောင်၏ မျက်နှာပေါ်တွင် မကျေနပ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူသည် အနားသို့ လျှောက်သွားကာ G55 ကားကိုယ်ထည်ကို လက်ဖြင့် ခပ်ဖွဖွ ပုတ်လိုက်သည်။
""မိုက်လှချည်လား။ ဘယ်က ရလာတာလဲ"
"ငါ့ကားကို လာမထိနဲ့"
ကျိုးစုန့်လိက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ အော်သံကြောင့် ဘေးတွင် နောက်ပြောင်နေသော လူများ၏ ရယ်သံများ ရုတ်တရက် ရပ်တန့်သွားသည်။ ပြင်းထန်သော ဒေါသတစ်ခုက သူ၏ ငယ်ထိပ်အထိ ထိုးတက်သွားတော့သည်။
သူ၏ အစ်ကိုမှာ ဤစခန်းကို တည်ထောင်သူဖြစ်ပြီး လူအများ၏ လေးစားမှုကို ရရှိထားသူ ဖြစ်သည်။ ချန်ရှန်ကော်၏ ညီအရင်းဖြစ်သော သူ့အား လူတိုင်းက မျက်နှာချိုသွေးကာ မျက်နှာလိုမျက်နှာရ လုပ်ကြသည်။ သူ့ကို ဤသို့သော လေသံမျိုးဖြင့် ပြောရဲသူ တစ်ယောက်မျှ မရှိခဲ့ဖူးပေ။
‘ဒီလူသစ်က တော်တော် သတ္တိကောင်းနေပါလား’
သူသည် လက်ကို ပြန်ရုတ်လိုက်ပြီး ကျိုးစုန့်လိ၏ ခြေရင်းရှိ အနီရောင် ပလတ်စတစ် ရေပုံးကို ငုံ့ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။
"ရေဆိုတာ တန်ဖိုးကြီးတယ်ကွ။ အဲဒါကို ဒီလောက် အလဟဿ ဖြုန်းတီးပစ်ရလား... ဒီည မင်းအတွက် ရိက္ခာခွဲတမ်း မရှိဘူး"
ထိုသို့ ပြောဆိုပြီးနောက် သူသည် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားတော့သည်။ တပည့်တပန်းများကလည်း ကျိုးစုန့်လိကို သရော်လှောင်ပြောင်သည့် အကြည့်များဖြင့် တစ်ချက်ကြည့်ကာ နောက်မှ လိုက်ပါသွားကြသည်။
"တောက်..."
ကျိုးစုန့်လိသည် ရေပုံးကို အားကုန် ကန်လိုက်သည်။ ဒေါသကြောင့် ရူးသွပ်တော့မတတ် ဖြစ်နေသည်။
‘ဘာလို့ ငါက ဒီလိုမျိုး ခံနေရတာလဲ’
ချန်ဇီဟောင်၏ မျက်ဝန်းများအတွင်း၌ ရက်စက်သော သတ်ဖြတ်လိုစိတ်များ လက်နေသည်။ သူ၏ စကားကို နားမထောင်သူများကို အမုန်းဆုံးပင် ဖြစ်သည်။
"ဒုခေါင်းဆောင်"
ရုတ်တရက် အဝေးမှ ကားတစ်စီး တဖြည်းဖြည်း ချဉ်းကပ်လာသည်။ နံနက်ပိုင်းက ရိက္ခာရှာဖွေထွက်သွားသော အဖွဲ့ပင် ဖြစ်သည်။ မှန်ပြတင်းပေါက်မှ ကိုယ်တစ်ပိုင်း ထွက်နေသော အမျိုးသားက ချန်ဇီဟောင်ကို လက်လှမ်းပြနေသည်။
"လူသစ်တွေ ခေါ်လာတယ်ဗျို့"
"အော်... ဒါဆို ကြိုဆိုရမှာပေါ့"
ချန်ဇီဟောင်သည် စောစောက မကျေနပ်မှုများကို ဖယ်ရှားလိုက်ပြီး ဖော်ရွေသော အပြုံးကို ဟန်ဆောင်ပြုံးလိုက်ပြီး သွားရောက် ကြိုဆိုလိုက်သည်။
လူသစ်များရောက်လာခြင်းကို သူ အလွန် သဘောကျသည်။ လုပ်အားများလာလျှင် လာမည့်နှစ်အတွက် အသီးအနှံ အထွက်တိုးမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူကိုယ်တိုင် ချွေးထွက်သံယို လုပ်ရမည် မဟုတ်ပေ။
"မင်ချူးမြို့ကလာတဲ့ တက္ကသိုလ်ကျောင်းသား အဖွဲ့တဲ့"
ထိုသူက ရယ်မောရင်း အနောက်မှ ပါလာသော ကားအချို့ကို လက်ညှိုးထိုးပြလိုက်သည်။
"တက္ကသိုလ်ကျောင်းသားတွေ"
ချန်ဇီဟောင် လှမ်းကြည့်လိုက်သည်။ အမှန်အတိုင်း ပြောရလျှင် တက္ကသိုလ်ကျောင်းသားဆိုသော လူတန်းစားကို သူ အလွန် မုန်းတီးသည်။ သူကိုယ်တိုင် အကြိမ်ကြိမ် ဖြေဆိုခဲ့သော်လည်း တက္ကသိုလ်ဝင်ခွင့် မအောင်မြင်ခဲ့သောကြောင့်ပင်ဖြစ်သည်။
အသစ်ရောက်လာသော ကားမှာ ငါးစီးဖြစ်သည်။ လေးစီးမှာ သာမန် ပစ်ကပ်ကားများ ဖြစ်သော်လည်း အလယ်မှ တစ်စီးမှာ... အနီရောင် Ferrari 458 ကား ဖြစ်နေသည်။
‘ကမ္ဘာပျက်ကပ်ကြီးထဲမှာ... ပြိုင်ကားမောင်းလာတယ် ဟုတ်လား’
ထိုကားကြီးမှာ ဆိုးရွားစွာ ပျက်စီးနေပြီး စွန့်ပစ်ကားတစ်စီးအလား ဖြစ်နေသော်လည်း ထူးထူးခြားခြား မျက်စိကျစရာ ကောင်းနေဆဲပင်ဖြစ်သည်။ ပြောရလျှင် ရယ်စရာကောင်းလောက်အောင်ကို သိသာထင်ရှားနေခြင်း ဖြစ်သည်။
"ဟားဟားဟား"
တစ်စုံတစ်ယောက်က ချက်ချင်း အသံထွက် ရယ်မောလိုက်သည်။ ထိုမျှ ပျက်စီးနေသော ကားကြီးကို မောင်းလာသေးသည်။ ဇွန်ဘီတစ်ကောင်ကိုတောင် တိုက်ချနိုင်ပါ့မလား။ ဘာတွေ လာနောက်နေကြတာလဲ။
ကျွီ...
ကားငါးစီးစလုံး စနစ်တကျ ရပ်တန့်သွားပြီး အတွင်းမှ လူငယ် တက္ကသိုလ်ကျောင်းသားကျောင်းသူများ ဆင်းလာကြသည်။ အမျိုးသား အမျိုးသမီးများ ရောနှောနေပြီး အားလုံးမှာ ရွှံ့ဗွက်များ ပေကျံကာ ပိန်ချုံးနေကြသည်။ သူတို့ အတော်လေး ဒုက္ခခံခဲ့ရကြောင်း သိသာလှသည်။
ထိုစဉ် ပြိုင်ကားပေါ်မှလည်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဆင်းလာကြသည်။ သူတို့သည်လည်း ဒုက္ခသည်များပမာ သနားစရာကောင်းသော အသွင်အပြင် ရှိနေကြသည်။
"ကြိုဆိုပါတယ်။ ကျွန်တော်က ဒီရှန်းကော်စခန်းရဲ့ ဒုခေါင်းဆောင် ချန်ဇီဟောင်ပါ"
ချန်ဇီဟောင်သည် နှုတ်ဆက်စကား ဆိုနေသော်လည်း ပြိုင်ကားကို ပေါ်တင်ပင် စူးစမ်းကြည့်ရှုနေသည်။ ဤကမ္ဘာကြီးနှင့် မလိုက်ဖက်မှန်း သိသော်လည်း တစ်ကြိမ်လောက်တော့ ပြိုင်ကားကို မောင်းနှင်ကြည့်ချင်သည့် ဆန္ဒက ရှိနေသေးသည်။
"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မနာမည်က တင်းရွှယ် ပါ"
အဖွဲ့ထဲမှ အမျိုးသမီးငယ်တစ်ဦး ရှေ့သို့ ထွက်လာပြီး ချန်ဇီဟောင်ကို ညာလက် ကမ်းပေးလိုက်သည်။
ချန်ဇီဟောင်၏ မျက်ဝန်းအတွင်း အံ့ဩသွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူသည် စက္ကန့်အနည်းငယ်မျှ တင်းရွှယ်၏ တစ်ကိုယ်လုံးကို ကြည့်ရှုလိုက်ပြီးနောက် ပြုံး၍ လက်ဆွဲနှုတ်ဆက်လိုက်သည်။ ထို့နောက် ပြိုင်ကားပေါ်မှ ဆင်းလာသူ နှစ်ဦးကို လှည့်ကြည့်လိုက်သည်။
"အဲဒီ နှစ်ယောက်ကကော"
မည်သို့ပင်ဆိုစေ ကမ္ဘာပျက်ကပ်ကြီးအတွင်း ပြိုင်ကားကို စီးနင်းလာသည် မဟုတ်ပါလော။ ၎င်းမှာလည်း အပျက်အစီးကားကြီး ဖြစ်နေသေးသည်။ စိတ်မဝင်စားချင်လျှင်တောင် အလိုလို စိတ်ဝင်စားသွားရသည်။
တင်းရွှယ်က မျက်မှောင်အနည်းငယ် ကုတ်သွားသော်လည်း ယဉ်ကျေးစွာပင် ပြန်ဖြေလိုက်သည်။
"တွမ်းမင် နဲ့ ကျီချင်းလျို တို့ပါ"
"အော်... ဟုတ်လား"
ချန်ဇီဟောင်က ပြုံးစိစိ ရယ်မောရင်း အနည်းငယ် လှောင်ပြောင်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဟေ့လူ... ဒီစခန်းက တကယ်ရော လုံခြုံရဲ့လား။ ဒီလိုနေရာမျိုးမှာ လူတွေက ကောင်းကောင်းမွန်မွန် နေလို့ရပါ့မလား"
တွမ်းမင်သည် ပတ်ဝန်းကျင်ကို အထင်သေးသော အကြည့်များဖြင့် ဝေ့ကြည့်ပြီးနောက် ချန်ဇီဟောင်ကို မေးလိုက်သည်။
"စားစရာရော ရှိရဲ့လား... ငါ ဗိုက်ဆာလွန်းလို့ သေတော့မယ်"
"ဂဏန်းတွေရော မရှိဘူးလား... ပိုက်ဆံပေးမယ်လေ"
ကျီချင်းလျိုကလည်း ဝင်ပြောလိုက်ရင်း ညစ်ပတ်ကာ အနံ့ဆိုးထွက်နေသော နှုတ်ခမ်းကို သပ်လိုက်သည်။ သူမ တကယ်ပင် ဆာလောင်နေပြီ ဖြစ်သည်။ လွန်ခဲ့သည့် ပြီးခဲ့သော ရက်အနည်းငယ်အတွင်း ဖြတ်သန်းခဲ့ရသော ခရီးစဉ်မှာ လူသားများ ခံနိုင်ရည်ရှိသော အရာမျိုး မဟုတ်ခဲ့ပေ။
ချန်ဇီဟောင်မှာ အောင့်မထားနိုင်ဘဲ ရယ်ချင်သွားတော့သည်။ သူတောင်းစားလို ရောက်လာတဲ့ကောင်တွေကများ တောင်းဆိုချက်တွေ လုပ်နေသေးတယ်။
"အယ်... အဲဒါ ငါ့ကားကြီး မဟုတ်လား"
ရုတ်တရက် ကျိချင်းလျိုက အကျယ်ကြီး အော်ဟစ်လိုက်ပြီး ဒေါသထွက်နေသော မျက်နှာဖြင့် အဝေးသို့ လက်ညှိုးထိုးပြလိုက်သည်။ ထိုနေရာတွင် ကျိုးစုန့်လိနှင့် G55 ကားကြီး ရှိနေသည်။
"အဲဒါ ငါ့ကားပဲ... အဲဒိ ၈ သုံးလုံးပူး နံပါတ်ပြားက ငါကိုယ်တိုင် တကူးတက ရွေးထားခဲ့တာကွ’’