← Chapters

အခန်း ၆၁

Vol. 7 Ch. 61

အခန်း ၆၁

Vol. 7 Ch. 61

အပိုင်း (၆၁) သေနတ်ပစ်လိုက်တာ ဘယ်သူလဲ

ကျီချင်းလျို၏ အော်ဟစ်သံကြောင့် လူတိုင်း အံ့အားသင့်သွားကြပြီး သူမ လက်ညှိုးထိုးပြရာဆီသို့ အပြိုင်အဆိုင် ကြည့်လိုက်ကြသည်။

ထိုနေရာတွင် လူအများ၏ အာရုံကို ဖမ်းစားနိုင်လောက်အောင် ကြီးမားထည်ဝါသော Mercedes benz G55 အမျိုးအစား အော့ဖ်ရုဒ်ကားကြီးတစ်စီး ဖြစ်နေသည်။ ပြောင်လက်နေအောင် ဆေးကြောထားသဖြင့် ၎င်း၏ ခန့်ညားလှသော ကိုယ်ထည်ကြီးမှာ ပိုမိုပေါ်လွင်နေသည်။ ကားကိုယ်ထည်ပေါ်၌ ပွတ်တိုက်မိထားသည့် ခြစ်ရာများ ရေတွက်မရအောင် ရှိနေသော်လည်း ချိုင့်ဝင်နေသည့်နေရာ တစ်ခုမျှ မရှိပေ။ ထိုကား၏ ထူးခြားလှသော ကြံ့ခိုင်မှုကို သက်သေပြနေသည်။

ဤဒဏ်ရာဒဏ်ချက်များမှာ ပြင်းထန်သော တိုက်ပွဲများကို ဖြတ်ကျော်ခဲ့ရကြောင်း ပြသနေသည့် တံဆိပ်အမှတ်အသားများပင် ဖြစ်သည်။ ယခုအချိန်ထိ ဇွန်ဘီမည်မျှကို ကြိတ်ခြေခဲ့သည်ကို မသိနိုင်သော်လည်း ၎င်း၏သခင်နှင့်အတူ သေမင်းတမန်ခရီးကို အတူနှင်ခဲ့သော ချစ်မြတ်နိုးရသည့် ကားတစ်စီး ဖြစ်ကြောင်းမှာ အမှန်ပင်ဖြစ်သည်။ ကားရှေ့ဘက်ရှိ ကြံ့ခိုင်တောင့်တင်းသော ဘမ်ပါအောက်တွင် ဆေးသားအနည်းငယ် ကွာကျနေသည့် အပြာရောင်လိုင်စင်ပြားပေါ်၌ ၈၈၈ ဂဏန်း သုံးလုံးကို ထင်ထင်ရှားရှား တွေ့မြင်ရသည်။

ကျီချင်းလျို ပြောသည့်အတိုင်း ဤကားမှာ သူမကား အစစ်အမှန်ပင် ဖြစ်သည်။ လွန်ခဲ့သော ခြောက်လခန့်က တွမ်းမင်သည် အဆက်အသွယ်မျိုးစုံ သုံးကာ မှောင်ခိုသွင်းပြီး သူမကို လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ဤကားကို လက်ခံရရှိသည့်နေ့တွင်ပင် သူမသည် ချူဟန် တစ်နှစ်ပတ်လုံး အငတ်ခံစုဆောင်း၍ ဝယ်ပေးခဲ့သော ပန်ဒိုရာလက်ကောက်လေးကို အမှိုက်တစ်စသဖွယ် အစိတ်စိတ်အမွှာမွှာ နင်းခြေဖျက်ဆီးပစ်ခဲ့သည်။ ကျိုးစုန့်လိသည် ကားသုတ်နေခြင်းကို ရပ်တန့်လိုက်ပြီး ရန်လိုသော မျက်လုံးများဖြင့် ထိုလူအုပ်ကို စိုက်ကြည့်လိုက်သည်။

'ငါ့ပစ္စည်းကို ထပ်လုဦးမလို့လား'

အစားအစာလည်း မရှိတော့သလို ရာထူးနှင့် မိန်းမကိုလည်း ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။ ဤကားကို မည်သူ့ကိုမျှ အလုခံမည်မဟုတ်ပေ။

"ဒါ ငါ့ကား... အဲ့ဒီကားက ငါ့ကားပဲ"

ကျီချင်းလျိုသည် အရူးတစ်ယောက်ပမာ အော်ဟစ်လျက် ကျိုးစုန့်လိဆီသို့ ပြေးသွားတော့သည်။ ဆံပင်ဗရပွနှင့် ညစ်ပတ်နံစော်နေသော သူမ၏ ပုံစံမှာ ယခင်က ကျက်သရေရှိလှသော အသွင်အပြင်များ လုံးဝမရှိတော့ချေ။ ယခုအချိန်တွင် သူမသည် အရူးမတစ်ဦးကဲ့သို့ ဖြစ်နေသည်။

"နင့်ဆီမှာ ရှိနေတာကိုး... သူခိုး၊ ဓားပြကောင် "

တွမ်းမင်ကလည်း ဒေါသတကြီး ပြေးထွက်လာသည်။ ဤကားမှာ သူ ပိုက်ဆံအမြောက်အမြား အကုန်အကျခံကာ ကျီချင်းလျို အလိုကျစေရန် ဝယ်ပေးခဲ့ခြင်း ဖြစ်သည်။ ကား၏ စွမ်းဆောင်ရည်မှာ အလွန်မြင့်မားလှပြီး ယခုလို ကမ္ဘာပျက်ကပ်ကြီးထဲတွင် FERRARI 458 ပြိုင်ကားထက် အဆပေါင်းများစွာ အသုံးဝင်သည်။ အကယ်၍ ဤကားသာ အခိုးမခံရပါက လမ်းခရီးတစ်လျှောက်တွင် ယခုကဲ့သို့ ဒုက္ခပင်လယ်ဝေခဲ့ရမည် မဟုတ်ပေ။

တွမ်းမင်နှင့် ကျီချင်းလျိုတို့၏ ရုတ်တရက် ရူးသွပ်သွားမှုကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူများမှာ အံ့ဩသွားကြသည်။ ကပ်ဘေးကြီး ကျရောက်လာခဲ့သည်မှာ တစ်လကျော် ဖြတ်သန်းခဲ့ပြီးဖြစ်ရာ လူသားတို့၏ စိတ်တွင် ခိုးယူခြင်း သို့မဟုတ် လုယက်ခြင်း တို့အပေါ် ရှောင်ကြဉ်လိုစိတ်များလည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ကား၊ အစားအစာ၊ နေစရာ... အရာအားလုံးမှာ လက်ဦးသူသာ ပိုင်ဆိုင်ခွင့်ရသည့် အရာများ ဖြစ်လာသည်။ ယခင်က ကျင့်သုံးခဲ့သော ဥပဒေများနှင့် စည်းစနစ်များမှာ လုံးဝ ပျက်စီးသွားခဲ့ပြီး ကမ္ဘာကြီး၏ စည်းမျဉ်းသစ်များက အစားထိုး ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

"သတ်ပစ်မယ်... နင့်ကို သတ်ပစ်မယ်"

ကျီချင်းလျိုသည် ညစ်ပတ်နံစော်နေသော သွားဝါများကို ဖြဲလျက် ဇွန်ဘီများထက်ပင် ကြောက်မက်ဖွယ်ကောင်းသော လက်ချောင်းများဖြင့် ကျိုးစုန့်လိ၏ လည်ပင်းကို အားကုန် ညှစ်ပစ်လိုက်တော့သည်။

"ဒီငမွဲကောင်... ငါ့ကားကို ခိုးရဲတယ်ပေါ့၊ ကိုယ်တိုင်မဝယ်နိုင်လို့ ခိုးတာမလား"

ငမွဲ… မဝယ်နိုင်ဘူး…

ထိုစကားလုံးနှစ်လုံးမှာ ကျိုးစုန့်လိ၏ ဒေါသကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

"ဒီသောက်ရူးမကများ"

ကျိုးစုန့်လိသည် ဒေါသကြောင့် ရူးသွပ်သွားကာ ကျီချင်းလျို၏ ဆံပင်ကို အားဖြင့် ဆွဲဆောင့်ပြီး မြေပြင်ပေါ်သို့ ဆောင့်ချပစ်လိုက်သည်။ မျက်နှာနှင့် မြေပြင် ဆောင့်မိသွားသော ကျီချင်းလျို၏ နှာခေါင်းနှင့် ပါးပြင်မှ သွေးများ တရဟော စီးကျလာပြီး မျက်နှာတစ်ခုလုံး နီရဲသွားတော့သည်။ ကျိုးစုန့်လိသည် ရပ်တန့်ခြင်းမရှိဘဲ လဲကျနေသော သူမ၏အပေါ်သို့ တက်ခွကာ လက်သီးဖြင့်ထိုးပြီး ခြေထောက်ဖြင့် အဆက်မပြတ် ကန်တော့သည်။

ဘုန်း... ဘုန်း... ဘုန်း...

"ငါ့ကို ငမွဲလို့ ပြောတယ် ဟုတ်လား... ချမ်းသာတဲ့ နင်ကကော ဘာလို့ စုတ်ပြတ်သတ်နေတဲ့ ရုပ်ပေါက်နေတာလဲ...သေစမ်း"

"ငါ့ကားကို ပြန်ပေးစမ်း"

ထိုစဉ် တွမ်းမင်ကလည်း ဝင်ရောက်ထိုးကြိတ်လေသည်။ ဒေါသကြောင့် သူ၏ ဆင်ခြင်တုံတရားများ လုံးဝ ပျောက်ဆုံးနေပြီ ဖြစ်သည်။ ကမ္ဘာပျက်ကပ်ကြီး ရောက်ရှိလာခြင်းက သူ ဂုဏ်ယူခဲ့သမျှ အရာအားလုံးကို တစ်စက္ကန့်အတွင်း လုယူသွားခဲ့သည်။ ယခုအချိန်တွင် နေ့စဉ် အသက်ရှင်သန်ရေးနှင့် ဝမ်းရေးအတွက်ပင် ရုန်းကန်နေရသည်။ ထွက်ပြေးတိမ်းရှောင်ရန် အကောင်းဆုံးဖြစ်သော ဤကားကို အခိုးခံလိုက်ရခြင်းကို သူ ဘယ်လိုမှ ခွင့်မလွှတ်နိုင်ချေ။

"သေလိုက်စမ်း"

ကျိုးစုန့်လိသည် ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် တွမ်းမင်၏ ရင်ဘတ်ကို ဆွဲမလိုက်သည်။

"မင်းခေါင်းကို အခုပဲ ရိုက်ခွဲလိုက်ရမလား... ဒီကားက ငါ့ကားကွ"

ဒိုင်း...

ရုတ်တရက် ကျယ်လောင်လှသော သေနတ်သံတစ်ချက် ထွက်ပေါ်လာသည်။

လုံးထွေးသတ်ပုတ်နေသော လူသုံးဦး၏ လှုပ်ရှားမှုများမှာ တစ်ပြိုင်နက်တည်း ရပ်တန့်သွားကြသည်။ တွမ်းမင်မှာ ကြောက်ရွံ့လွန်းသဖြင့် ဒူးများ တုန်ရင်နေပြီး ကျိချင်းလျိုမှာ အထိုးခံရလွန်းသဖြင့် သတိလစ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ကျိုးစုန့်လိသည် သေနတ်ပစ်လိုက်သော ချန်ဇီဟောင်ကို အမုန်းတရားများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ အမှန်ဆိုလျှင် သူကိုယ်တိုင်လည်း သေနတ်တစ်လက် ရှိခဲ့ဖူးသည်။ သို့သော် ထွက်ပြေးတိမ်းရှောင်စဉ်က ပရမ်းပတာဖြစ်မှုကြောင့် လမ်းခုလတ်တွင် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

“တောက်... ကျက်သရေမရှိလိုက်တာ’’

“ဒီနေရာမှာ အချင်းချင်း ရန်ဖြစ်ခွင့် မရှိဘူး”

ချန်ဇီဟောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူသည် အသံတိတ်ပြောင်းကို တမင်တကာ ဖြုတ်ထားခဲ့ပြီး ခြိမ်းခြောက်သည့်အနေဖြင့် ကောင်းကင်ယံဆီသို့ နောက်ထပ် သေနတ်တစ်ချက် ထပ်မံပစ်လိုက်သည်။ ကျယ်လောင်လှသော အသံကြီးကြောင့် လူတိုင်းမှာ တုန်လှုပ်ခြောက်ခြားသွားကြသည်။ ဤနည်းလမ်းမှာ တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ရှိနေသည်။ လွန်ခဲ့သော တစ်ရက်ကပင် ကျိုးစုန့်လိကိုယ်တိုင် အခြားသူများကို ချုပ်ကိုင်ရန် အသုံးပြုခဲ့သော နည်းလမ်းနှင့် ထပ်တူပင် ဖြစ်သည်။ သို့သော် ယခုအခြေအနေမှာ လုံးဝ ပြောင်းပြန်ဖြစ်သွားခဲ့ပြီ ဖြစ်ပြီး ကြောက်ရွံ့တုန်လှုပ်နေရသူမှာ ကျိုးစုန့်လိကိုယ်တိုင် ဖြစ်နေသည်။

လူအုပ်ထဲတွင် ရှိနေသော တင်းရွယ်သည် မျက်မှောင်ကို အနည်းငယ်ကုတ်လျက် အေးချမ်းသာယာလှသည်ဟု ထင်ရသော စခန်းကို ဝေ့ဝဲကြည့်ရှုနေလိုက်သည်။

ကမ္ဘာပျက်ကပ်ကြီးမဖြစ်ခင် မပြောင်းလဲသေးသော လူနေအိမ်ရာများ။ ပန်းခြံငယ်လေးတစ်ခုနှင့် လှပသော သဘာဝရှုခင်း။ ထို့နောက်တွင်တော့ တဖြည်းဖြည်း လူစိတ်ပျောက်လာနေကြသည့် လူသားများပင် ဖြစ်သည်။

ရုတ်တရက် သူမ၏ စိတ်ထဲတွင် အမျိုးသားတစ်ဦး၏ မျက်နှာ ပေါ်လာသည်။ ကမ္ဘာပျက်ကပ် မဖြစ်ပွားမီ တစ်ရက်အလိုက သူမအား ရိက္ခာများ ပြင်ဆင်ထားပါ ဟု ရုတ်တရက် သတိပေးခဲ့သူပင် ဖြစ်သည်။

'သူ အခု ဘာတွေများ လုပ်နေမလဲ။ ဘယ်တွေများ ရောက်နေမလဲ။'

"မင်းတို့ သုံးယောက်... ဒီနေ့ညစာ မစားရဘူး"

ချန်ဇီဟောင်က အေးစက်စွာ ပြောဆိုလိုက်ပြီး ဘေးရှိ G55 ကားကြီးကို လက်ညှိုးထိုးပြလျက် သူ၏ တပည့်များကို အမိန့်ပေးလိုက်သည်။

"ဒီကားကို အထဲကို မောင်းသွား... သိမ်းထားလိုက်စမ်း"

"ငါ့ပစ္စည်းကို လာမလုနဲ့... ဒါ ငါ့ကား၊ ငါ့ရဲ့ ကိုယ်ပိုင်ပစ္စည်းကွ"

ကျိုးစုန့်လိသည် အစွမ်းကုန် ရုန်းကန်အော်ဟစ်တော့သည်။

"မင်းတို့ လွန်လှပြီ... အဲဒီကားက ငါ့ကား၊ ငါကိုယ်တိုင် ဝယ်ထားတာ"

တွမ်းမင်ကလည်း ပြန်လည်အော်ဟစ်ကာ ချန်ဇီဟောင်တို့အဖွဲ့ကို ပြောလေသည်။

"ဒီမှာ စစ်သားဟောင်းတွေ ရှိတယ်လို့ ငါကြားတယ်... ဒါဆိုရင် ကျိုးကြောင်းနားလည်ရမှာပေါ့၊ ဘာဖြစ်လို့ ငါ့ပစ္စည်းကို အတင်းသိမ်းရတာလဲ... ဒီကားက တကယ် ငါ့ကား၊ မင်ချူးတက္ကသိုလ်က ကျောင်းသားတွေအကုန် သိတယ်"

"ဟုတ်တယ်... သူတို့ကို မေးကြည့်ပါလား"

တွမ်းမင်သည် အတူတူ ရောက်ရှိလာကြသော မင်ချူးတက္ကသိုလ်မှ ကျောင်းသား အယောက်အတော်များများကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"မင်းတို့ တစ်ခုခု ပြောပေးကြပါဦး... ဒီကားက ငါ့ကား ဟုတ်တယ်မလား၊ ဟုတ်တယ်မလား… တင်းရွယ်... အတန်းခေါင်းဆောင်၊ နင်လည်း တစ်ခုခု ပြောပေးဦးလေ"

ရုတ်တရက် နာမည်တပ်ခေါ်ခံရသဖြင့် ချူဟန်အကြောင်းကို အတွေးနက်နေသော တင်းရွယ်မှာ လန့်ဖျန့်သွားသည်။

ချန်ဇီဟောင်က မိမိကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို သတိပြုမိသွားသဖြင့် သူမသည် ထို G55 ကားကြီးကို အလျင်အမြန်ပင် အကဲခတ်လိုက်သည်။ ရင်းနှီးနေသော လိုင်စင်နံပါတ်ကို တွေ့မြင်လိုက်ရသောအခါ သူမသည် အခိုင်အမာ ခေါင်းညိတ်ပြလိုက်သည်။

"တွမ်းမင်နဲ့ ကျိချင်းလျိုတို့ရဲ့ ကားဆိုတာ မှန်ပါတယ်... ဒါပေမဲ့... ဒီကားက မင်ချူးတက္ကသိုလ်ရဲ့ ကားပါကင်မှာ ရှိနေရမှာလေ၊ ဘာဖြစ်လို့ ရုတ်တရက် ဒီနေရာကို ရောက်နေရတာလဲ"

"ရှင်းရှင်းလေးပဲလေ"

သတိပြန်လည်လာသော ကျီချင်းလျိုသည် ကျိုးစုန့်လိကို နာကျည်းမှုအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"ဒီကောင် ခိုးပြီး ဒီအထိ မောင်းလာတာပေါ့"

"မဖြစ်နိုင်ဘူး"

တင်းရွယ်က ခေါင်းခါလိုက်ပြီး တည်ငြိမ်သော မျက်လုံးများဖြင့် ကျိုးစုန့်လိကို အကဲခတ်လိုက်သည်။

"သူ့ရဲ့ စကားပြောသံက ထုံမြို့ရဲ့ ဒေသခံ လေယူလေသိမ်းအတိုင်းပဲ... ငါက ထုံမြို့ကဆိုတော့ နားထောင်လိုက်တာနဲ့ ချက်ချင်း သိတယ်"

"ဟားဟားဟား... ကြားကြလား"

ကျိုးစုန့်လိသည် ရူးသွပ်သူတစ်ဦးပမာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဒီကားက ငါ့ကားကွ... မင်းတို့ကား မဟုတ်ဘူး၊ ငါ့ဆီက လာလုချင်တာလား..."

သို့သော် တင်းရွယ်က မထီမဲ့မြင် ပြုံးလိုက်သည်။ သူမက ကျိုးစုန့်လိကို တည့်တည့် စိုက်ကြည့်လိုက်သည်။

"ကားနံပါတ်ပြားက မင်ချူးမြို့ လိုင်စင်နဲ့လေ။ ကားကလည်း တွမ်းမင်ဝယ်ပေးထားတဲ့ ကားဆိုတာ အသေအချာပဲ။ ဆိုလိုတာက ဒီကားဟာ တခြားတစ်ယောက် လက်ထဲကို ရောက်သွားပြီး... ရှင်က အဲဒီ တစ်ယောက်ယောက် ဆီကနေ ပြန်လုလာတာမလား"

ထိုသို့ ပြောလိုက်သည့် စက္ကန့်ပိုင်းအတွင်းမှာပင် တင်းရွယ်၏ ခေါင်းထဲ၌ အတွေးတစ်ခု ဝင်လာသည်။

မင်ချူးတက္ကသိုလ်၏ ကားပါကင်တွင် ရှိနေရမည့် ကားတစ်စီးက ထုံမြို့အထိ မောင်းနှင်လာခဲ့သည်။ ထိုသို့ ပြုလုပ်နိုင်မည့်သူမှာ... သတင်းအစအန ပျောက်ဆုံးနေသော ချူဟန်များ ဖြစ်နေမလား။

တင်းရွယ်၏ ရင်ခုန်သံများမှာ မြန်ဆန်လာသည်။ လွန်ခဲ့သော တစ်လက ဖုန်းဖြင့် ပြောဆိုခဲ့သည်များကို ပြန်လည်သုံးသပ်ကြည့်လျှင် ချူဟန်သည် တစ်ခုခုကို ကြိုတင်သိရှိနေခဲ့ပုံရသည်။ အကယ်၍ သူသာ ဤကားကို မောင်းနှင်လာခဲ့ခြင်း ဖြစ်ပါက ယခုအချိန်တွင် သူ ဘယ်နေရာမှာ ရှိနေမည်နည်း။

"ဘယ်သူ့ကားပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး... သိမ်းလိုက်"

ချန်ဇီဟောင်က ၎င်းတို့၏ စကားဝိုင်းကို ဖြတ်တောက်လိုက်ပြီး တင်းရွယ်ကို အေးစက်စွာ ကြည့်လိုက်သည်။ ဤမျှအထိ လူကြိုက်များသော ကားကို ငါကိုယ်တိုင် ပိုင်ဆိုင်ရပေတော့မည်။

‘’ရူးနေတာလား’’

"ဒီလူယုတ်မာ... ငါ့ကားကို လုမလို့လား"

"ပြန်ပေးစမ်း"

ကျိုးစုန့်လိ၊ ကျီချင်းလျိုနှင့် တွမ်မင်တို့ သုံးဦးစလုံးမှာ တစ်ပြိုင်နက်တည်း ဆူညံစွာ အော်ဟစ်ကြတော့သည်။ ရူးသွပ်နေသော အော်ဟစ်နေကြသော သူတို့၏ ပုံစံမှာ ဇွန်ဘီများနှင့် မခြားနားလှပေ။

ဒိုင်း...

နောက်တစ်ကြိမ် သေနတ်သံ ထွက်ပေါ်လာပြန်သည်။

"ထပ်ပြီး ဆူညံနေမယ်ဆိုရင် အကုန်လုံးကို သတ်ပစ်မယ်"

ချန်ဇီဟောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"အခု သေနတ်ပစ်လိုက်တာ ဘယ်သူလဲ"

ထိုအချိန်တွင် ဩဇာပါပြီး ဒေါသများ ကိန်းအောင်းနေသည့် အသံကြီးတစ်သံ အဝေးမှ ထွက်ပေါ်လာသည်။ ခပ်လှမ်းလှမ်းတွင် ရှိနေသော်လည်း စကားလုံးများထဲတွင် ဒေါသမီးတောက်များ ပါဝင်နေသည့် ကြောက်မက်ဖွယ်ကောင်းလှသော အသံကြီးပင် ဖြစ်သည်။

All Chapters