အခန်း ၆၂
Vol. 7 Ch. 62
အခန်း (၆၂) ငါ့ရဲ့ ကျေးဇူးရှင်
ကျီး……
အရှိန်ပြင်းစွာ မောင်းနှင်လာသော ကုန်တင်ကားကြီးတစ်စီးသည် လူအုပ်ရှေ့၌ နားကွဲမတတ် ဘရိတ်အုပ်သံကြီးနှင့်အတူ ရပ်တန့်သွားလေသည်။
ဂျိမ်း... ဂျိမ်း ဟူသော တံခါးဆောင့်ပိတ်သံများနှင့်အတူ ကားပေါ်မှ အမျိုးသားသုံးဦး ဆင်းလာသည်။ သူတို့လက်ထဲတွင် သေနတ်ကိုယ်စီ ကိုင်ဆောင်ထားကြသည်။
သူတို့၏ အဝတ်အစားများပေါ်တွင် သန့်ရှင်းနေသော နေရာဟူ၍ တစ်ကွက်မျှ မရှိတော့ပေ။ တစ်ကိုယ်လုံး ဇွန်ဘီများ၏ ပုပ်ပွနေသော အသားစများနှင့် အမည်းရောင် သွေးများ ဖုံးလွှမ်းနေသည်။ သူတို့၏ မျက်နှာများမှာလည်း အလွန်ညစ်ပတ်နေသဖြင့် မိန်းမ၊ ယောက်ျား ခွဲခြား၍မရနိုင်လောက်အောင် ဖြစ်နေသည်။ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာသောအခါ အဝတ်အစားများတွင် ကပ်ငြိနေသည့် အသားစပုပ်များက မြေပြင်ပေါ်သို့ တတောက်တောက် ကျလာကာ ခြေလှမ်းတစ်လျှောက် သွေးမည်းများ ကျန်ရစ်နေသည်။
"အစ်ကိုကြီး"
ချန်ဇီဟောင်မှာ အလန့်တကြားဖြစ်သွားပြီး အမြန်ပြေးသွားလိုက်သည်။
"အစ်ကိုကြီးတို့... ဇွန်ဘီအုပ်နဲ့များ တိုးခဲ့လို့လား"
ရှေ့ဆုံးမှ လျှောက်လာသူမှာ အပြင်မှ ပြန်ရောက်လာသည့် ချန်ရှန်ကော်ဖြစ်ပြီး သူ၏မျက်နှာပေါ်တွင် ပြင်းထန်သော ဒေါသရိပ်များ ဖုံးလွှမ်းနေသည်။ သူ၏နောက်မှ လိုက်ပါလာသော ယဲ့ချန်နှင့် ယွဲ့ဇီတို့မှာလည်း အလွန်တည်ကြည်သော မျက်နှာထားများဖြင့် လှမ်းလာကြသည်။
"စောစောက သေနတ်ပစ်တာ မင်းလား"
ချန်ရှန်ကော်သည် ဘီလူးသရဲပမာ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာဖြင့် ချန်ဇီဟောင်ကို စူးစိုက်ကြည့်လိုက်သည်။
"ဟုတ်အစ်ကို"
ချန်ဇီဟောင်၏ ရင်ခုန်သံမှာ မြန်ဆန်သွားတော့သည်။ အစ်ကိုဖြစ်သူက ရိုင်ဖယ်သေနတ်များမှ အသံတိတ်ပြောင်းကို မတပ်ဆင်ဘဲအသုံးပြုခြင်းအား အစကတည်းက တင်းကျပ်စွာ တားမြစ်ထားခဲ့သည်။ သို့သော် သူက ပစ်ခတ်ရသည့် အရသာ၊ စိတ်လှုပ်ရှားမှုနှင့် ဘေးပတ်ဝန်းကျင်ကို ခြိမ်းခြောက်နိုင်သော အထက်စီးကျမှုတို့ကို မက်မောသဖြင့် အစ်ကိုဖြစ်သူ မရှိချိန်တွင် အမြဲတမ်း ဖြုတ်ထားလေ့ရှိသည်။ ယခုကဲ့သို့ အဆိုးရွားဆုံး အချိန်အခါမျိုးတွင် မိသွားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
"အစ်... အစ်ကိုကြီး... ကျွန်တော် ရှင်းပြပါရစေ။ နည်းနည်း စိတ်လောသွားလို့ပါ..."
ချန်ဇီဟောင်က အချိုသတ်ပြုံးပြကာ ဆင်ခြေပေးလိုက်သည်။ သို့သော် သူ၏စကားလုံးများမှာ လမ်းတစ်ဝက်တွင်ပင် ရပ်တန့်သွားတော့သည်။
သူ့ရှေ့တွင် ရပ်နေသော ချန်ရှန်ကော်၏ မျက်လုံးအစုံမှာ ရူးသွပ်နေသော သားရဲကောင်သဖွယ် နီရဲနေသောကြောင့် ဖြစ်သည်။
ထိုအကြည့်များမှာ သွေးသားရင်းချာ ညီဖြစ်သူကို ကြည့်နေသည့် အကြည့်မျိုး မဟုတ်ပေ။ နာကြည်းမုန်းတီးဖွယ်ကောင်းသော ဇွန်ဘီတစ်ကောင်ကို ကြည့်နေသည့်အလား သတ်ဖြတ်လိုစိတ် များ ပြည့်နှက်နေသည်။
ဖြန်း…
မည်သည့် အရိပ်အယောင်မျှ မပြဘဲ ပြင်းထန်သော ပါးရိုက်ချက်တစ်ခုက ချန်ဇီဟောင်၏ ပါးပြင်ထံ ကျရောက်သွားသည်။ မျှော်လင့်မထားသော အခြေအနေကြောင့် ထိုနေရာရှိ လူအားလုံး အသက်ရှူမှားသွားကြသည်။ မင်ချူးတက္ကသိုလ်မှ ကျောင်းသားများ၊ အမြဲလိုလို သူ့ကို မျက်နှာလိုမျက်နှာရ လုပ်နေတတ်သော စခန်းသူစခန်းသားများနှင့် သူ့အပေါ် မကျေနပ်ဖြစ်နေသော ကျိုးစုန့်လိပင် တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
ဤစခန်းတွင် ဥပဒေမဲ့ ရမ်းကားကာ အခြားသူများကို ခိုင်းစားနေခဲ့သည့် ဒုခေါင်းဆောင်မှာ လူပုံအလယ်၌ ပါးရိုက်ခံလိုက်ရခြင်း ဖြစ်သည်။
ချန်ဇီဟောင်မှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားတော့သည်။ ပြင်းထန်သော ရိုက်ချက်ကို ခံလိုက်ရသဖြင့် အချိန်အတန်ကြာသည်အထိ အခြေအနေကို နားမလည်နိုင်အောင် ဖြစ်သွားခဲ့သည်။ သူသည် ကြောင်အမ်းအမ်းဖြင့် ပူထူနာကျင်နေသော ပါးပြင်ကို ဖိထားလိုက်သည်။
ချန်ရှန်ကော်သည် သူ့ကို အမြဲတမ်း အလိုလိုက်ခဲ့သည်။ ကြမ်းတမ်းသော အလုပ်များကို တစ်ခါမျှ မခိုင်းခဲ့ဖူးသလို အန္တရာယ်ရှိလာလျှင်လည်း သူ့နောက်ကျောတွင်သာ အမြဲကွယ်ပေးထားတတ်သည်။ ပစ္စည်းရှာဖွေရေးကဲ့သို့ အန္တရာယ်များသော တာဝန်မျိုးတွင် သူ့ကို တစ်ခါမျှ ခေါ်မသွားခဲ့ပေ။
အန္တရာယ်များလှသောကြောင့်တည်း။ တစ်ဦးတည်းသော ညီလေးဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ ချန်ရှန်ကော်သည် ခေါင်းဆောင်တစ်ဦး၏ တာဝန်ဝတ္တရားများ ရှိနေသော်လည်း ထိုကိစ္စတစ်ခုတွင်သာ ကိုယ်ရေးကိုယ်တာ သံယောဇဉ် ကို ထည့်သွင်းစဉ်းစားခဲ့ခြင်း ဖြစ်သည်။ သွေးသားတော်စပ်သော ညီဖြစ်သူကို ဆံခြည်တစ်မျှင်စာမျှပင် ဒဏ်ရာ မရစေချင်ခဲ့ပေ။ သို့သော် အစ်ကိုဖြစ်သူက သူ့ကို ရိုက်လိုက်သည်။
ဘာဖြစ်လို့လဲ။ ဒီနေရာမှာ ဇွန်ဘီမှ မရှိတာ။ လုံခြုံတဲ့ နေရာပဲလေ။ သေနတ်တစ်ချက်လောက် ပစ်လိုက်ရုံနဲ့ ဘာများ အဖြစ်ဖြစ်သွားလို့လဲ။
ချန်ရှန်ကော်သည် ညီဖြစ်သူ၏ ခံစားချက်ကို လုံးဝဂရုမစိုက်ဘဲ ကျောခိုင်းလိုက်ကာ အော်ဟစ်လိုက်သည်။
"အားလုံးပဲ နားထောင်ကြ။ လက်နက်တွေ ယူကြ။ သေနတ်ရှိတဲ့လူက သေနတ်ကိုင်၊ မရှိတဲ့လူက ပုဆိန်ကိုင်။ ငါ့နောက်ကို လိုက်ခဲ့ကြ"
"ဘယ်... ဘယ်သွားမှာလဲ"
"ဘာတွေ ဖြစ်ကုန်တာလဲကွ"
"ဒါ ဘာသဘောလဲ"
"ငါတို့ အလုပ်လုပ်လို့တောင် မပြီးသေးဘူးလေ"
တစ်ခဏအတွင်း ကွင်းပြင်ကျယ်ထဲ၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
"တိုက်ခိုက်နိုင်တဲ့လူ အကုန်လာခဲ့။ ကားပေါ်တက်ပြီး ငါ့နောက်လိုက်ခဲ့ကြ"
ချန်ရှန်ကော်သည် တွေဝေစွာ ရပ်နေကြသူများကို အော်ပြောလိုက်သည်။
"လူတစ်ယောက်ကို သွားကယ်ရမယ်"
"ဘာပြောတယ်။ ကျွန်တော်တို့ ရောက်တာမှ မကြာသေးဘူး၊ ချက်ချင်း သွားရတော့မှာလား"
တစ်စုံတစ်ယောက်က မကျေမနပ် အော်ပြောလိုက်သည်။
"ငါတို့ ဘာမှတောင် မစားရသေးဘူးကွ"
"လူသွားကယ်မယ် ကိုယ့်အသက်တောင် အနိုင်နိုင်ကို"
"မလိုက်နိုင်ဘူးကွာ"
"ကုန်တင်ကားပေါ်က စားနပ်ရိက္ခာတွေကို လမ်းကျရင် အားလုံးကို ခွဲဝေပေးမယ်။ အခုချက်ချင်း ထွက်ခွာဖို့ ပြင်ကြ။ အချိန် စက္ကန့်သုံးဆယ်ပဲ ရမယ်"
ချန်ရှန်ကော်သည် စူးရှသော အကြည့်များဖြင့် အသစ်ရောက်လာသော တက္ကသိုလ်ကျောင်းသားများထံသို့ ကြည့်လိုက်သည်။
"ငါ့နောက် လိုက်တဲ့သူတိုင်းကို နောင်လာမယ့် စားဝတ်နေရေး အားလုံး တာဝန်ယူပေးတယ်"
ထိုစကားကြောင့် အားလုံး၏ အကြည့်များ ကုန်တင်ကားဆီသို့ တစ်ပြိုင်နက် ရောက်သွားကြသည်။
အနည်းငယ် ပွင့်နေသော ကားနောက်ဖုံးမှ ကတ်ထူဖာများဖြင့် ထည့်ထားသော စားနပ်ရိက္ခာ အမြောက်အမြားကို တွေ့လိုက်ရသည်။ ဘဲသား၊ ဝက်အူချောင်း၊ ကြက်ရင်အုံသား၊ ဝက်သားခြောက်... သွားရည်ကျချင်စရာ ကောင်းလှသော ဆွဲဆောင်မှုရှိသည့် စားစရာများမှာ တောင်လိုပုံနေသည်။
စားနပ်ရိက္ခာ...
ထိုစကားလုံးက လူအားလုံး၏ အသိဉာဏ်ကို ကွယ်ပျောက်သွားစေသည်။ မိန်းမ၊ ယောက်ျား မရွေး လူတိုင်းမှာ ရူးသွပ်နေသူများပမာ ပြေးထွက်သွားကြပြီး လက်နက်များကို ကိုင်ဆောင်ကာ ကားပေါ်သို့ စတင်တက်ရောက်ကြတော့သည်။ မင်ချူးတက္ကသိုလ်က ကျောင်းသူကျောင်းသားများသာမက အနီးအနားရှိ စခန်းသူစခန်းသားများပါ အပြိုင်အဆိုင် ပါဝင်လာကြသည်။
သာမန်အချိန်တွင် တစ်ရက်စာ ခွဲတမ်းရရှိသော စားနပ်ရိက္ခာမှာ အလွန်နည်းပါးလှသည်။ သို့သော် ယခုတစ်ကြိမ်တွင် ခေါင်းဆောင် ချန်ရှန်ကော်ကိုယ်တိုင် တိတိကျကျ ကတိပေးခဲ့ခြင်း ဖြစ်သည်။ စားဝတ်နေရေးကို အာမခံသည်။ ဒီထက် ကြီးမားတဲ့ သွေးဆောင်ဖြားယောင်းမှုမျိုး ရှိနိုင်ပါဦးမလား။
"အစ်ကို"
ချန်ဇီဟောင်က ရုတ်တရက် အော်ဟစ်လိုက်သည်။ ထိုအသံထဲတွင် ပြင်းထန်သော မကျေနပ်မှုများ ပါဝင်နေသည်။
"အစ်ကိုကြီး ဘာလုပ်မလို့လဲ။ အသက်ရှင်လျက် ပြန်ရောက်လာတာကို အပြင်ထွက်ပြီး ထပ်သေမလို့လား။ ဘယ်သူ့ကို သွားကယ်မှာလဲ"
စောစောက ပါးရိုက်ခံလိုက်ရခြင်းက ချန်ဇီဟောင်၏ မာနကို ထိခိုက်စေခဲ့သည်။
အချိန်အကြာကြီး ယူကာ တည်ဆောက်ထားခဲ့ရသော ဩဇာအာဏာမှာ ထိုရိုက်ချက်တစ်ချက်တည်းဖြင့် တစ်စစီ ကျိုးပဲ့ကာ ပျက်စီးသွားခဲ့ရသည်။ သူက ဤစခန်း၏ ဒုတိယခေါင်းဆောင်ဖြစ်သည်။ သို့ပါလျက် လူပုံအလယ်တွင် ပါးရိုက်ခံလိုက်ရသည်တဲ့လား။ နောင်ကျရင် ဒီမှာ ဘယ်လိုလုပ် ဗိုလ်ကျရတော့မှာလဲ။
ပြင်းထန်သော ဒေါသနှင့် မကျေနပ်မှုတို့ကြောင့် ချန်ဇီဟောင်သည် အစ်ကိုဖြစ်သူ၏ စကားကို ဆန့်ကျင်ကာ ထိုလုပ်ရပ်အားလုံးကို ငြင်းဆန်ချင်လာသည်။ မိမိ မှန်ကန်ကြောင်းကို သက်သေပြချင်နေသည်။
ချန်ရှန်ကော်က ရုတ်တရက် လှည့်ကြည့်လိုက်သည်။ သွေးရောင်လွှမ်းနေသော မျက်လုံးအစုံမှာ ကြောက်မက်ဖွယ်ကောင်းအောင် စူးရှနေသည်။
"မင်း ဒီမှာပဲ နေခဲ့။ အပြင်ကို ခြေတစ်လှမ်းမှ မထွက်နဲ့"
"တမင်သက်သက် သွားအသေခံမို့လား၊ ခက်ခက်ခဲခဲ ရှာလာရတဲ့ စားစရာတွေကိုပါ အလကားဖြစ်အောင် လုပ်ပစ်မလို့လား"
ချန်ဇီဟောင်က သဘောမတူနိုင်သဖြင့် ပြန်ခံပြောလိုက်သည်။
"ဘယ်ကကောင်မှန်း မသိတဲ့လူတစ်ယောက်ရဲ့ အသက်က ဒီလောက်များတဲ့ လူတွေ၊ ကုန်တင်ကားတစ်စီးစာ စားနပ်ရိက္ခာတွေနဲ့ တန်လို့လား"
ချန်ရှန်ကော်၏ မျက်လုံးထဲတွင် နက်ရှိုင်းသော စိတ်ပျက်မှုနှင့် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"အဲဒါ... ငါ့ရဲ့ ကျေးဇူးရှင် ကွ"
ရှန်းကော်စခန်းနှင့် ငါးကီလိုမီတာ အကွာရှိ နေရာတစ်ခု။ ထိုနေရာတွင် တံတားတစ်စင်း ရှိနေသည်။
တံတား၏ အကျယ်မှာ သိပ်မကျယ်ဝန်းလှဘဲ ကားသုံးစီးယှဉ်မောင်းနိုင်ရုံမျှသာ ရှိသည်။ တံတားအလယ်တွင် ကုန်တင်ကားတစ်စီး ကန့်လန့်ဖြတ် ရပ်တန့်နေပြီး လမ်းကို လုံးဝ ပိတ်ဆို့ထားသည်။
အဖြူရောင် ကုန်တင်ကားကိုယ်ထည်မှာ တစ်ဖက်တွင် သန့်ရှင်းနေသော်လည်း အခြားတစ်ဖက်ခြမ်းမှာ ကြည့်ရဆိုးလောက်အောင် ပျက်စီးနေခဲ့ပြီ ဖြစ်သည်။ ဇွန်ဘီများ၏ အပြင်းအထန် ကုတ်ခြစ်ခံထားရကာ အပုပ်နံ့ထွက်နေသော သွေးမည်းများ စေးကပ်စွာ ပေကျံနေသည်။ ကားကိုယ်ထည်မှာ အတော်လေး စောင်းနေပြီဖြစ်ရာ တိုးဝှေ့ဝင်ရောက်လာသော ဇွန်ဘီအုပ်ကြီးကြောင့် မည်သည့်အချိန်တွင်မဆို မှောက်ကျသွားနိုင်သည့် အနေအထား ဖြစ်နေသည်။
ယခု ထိုကုန်တင်ကားခေါင်မိုးပေါ်၌ လူလေးဦး နေရာယူထားကြသည်။
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦး။ သူတို့က သေနတ်များကို ချိန်ရွယ်ကာ အောက်ဘက်တွင် အုံခဲနေသော ဇွန်ဘီလှိုင်းကြီးဆီသို့ သေနတ်များဖြင့် အဆက်မပြတ် ပစ်ခတ်နေကြသည်။
အမျိုးသားမှာ ပုံမှန်မဟုတ်လောက်အောင် ဝဖြိုးနေပြီး နှုတ်ခမ်းထောင့်တွင် အမွေးပေါက်နေသော မှဲ့ကြီးတစ်ခု ရှိသည်။ သူက သေနတ်ကို ရမ်းသန်းပစ်ခတ်ရင်း ရူးသွပ်စွာ အော်ဟစ်နေသည်။
အမျိုးသမီးနှစ်ဦးမှာကား အလှပိုင်ရှင်များဟု ခေါ်ဆိုနိုင်သော မိန်းမချောလေးများ ဖြစ်ကြသည်။
တစ်ဦးမှာ ဆွဲဆောင်မှုအပြည့်ရှိပြီး ရင့်ကျက်သော အလှတရားများ လွှမ်းခြုံနေသည့် အမျိုးသမီးဖြစ်သည်။ အခြားတစ်ဦးမှာ ဖြောင့်စင်းသော ဆံကေသာအမည်းရောင်နှင့် လိုက်ဖက်ကာ ဖြူစင်အေးစက်သော အသွင်ရှိသည့် မိန်းမငယ်လေး ဖြစ်သည်။
အထူးပြောရမည်ဆိုလျှင် ထိုနှစ်ဦး၏ ပစ်ခတ်တိကျမှုမှာ အလွန်မြင့်မားလွန်းလှသည်။ လျှို့ဝှက်စစ်ရေးလေ့ကျင့်မှု ခံယူထားရသည့်အလား တည်ငြိမ်အေးဆေးသော မျက်နှာထားများဖြင့် ဇွန်ဘီများ၏ ခေါင်းကို တိတိကျကျ ချိန်ရွယ်ပစ်ခတ်နေကြသည်။ သေနတ်သံ တစ်ချက်ထွက်ပေါ်လာတိုင်း ဇွန်ဘီတစ်ကောင်က မြေပြင်ပေါ်သို့ သေချာပေါက် လဲကျသွားသည်။
ကျန်ရှိနေသော တစ်ဦးမှာ အသက် ဆယ့်နှစ်နှစ်အရွယ်မျှသာ ရှိသေးသော မိန်းမငယ်လေး ဖြစ်သည်။ ပိန်သွယ်သေးကွေးသော ခန္ဓာကိုယ်လေးနှင့် မလိုက်ဖက်လှသည့် ရိုင်ဖယ်သေနတ်ကို ပိုက်ထားကာ ဘေးရှိ လူဝကြီးထက်ပင် ပို၍ ကြမ်းတမ်းသော လှုပ်ရှားမှုများဖြင့် ပစ်ခတ်နေသည်။ ခလုတ်ဆွဲလိုက်တိုင်း ဒေါသတကြီး အော်ဟစ်ဆဲဆိုနေသော ထိုပုံစံမှာ လုံးဝကို သောင်းကျန်းနေသော လိုလီမလေး အသွင်ပင်ဖြစ်သည်။
သူတို့လေးဦး၏ ပူးပေါင်းလှုပ်ရှားမှုမှာ အံ့မခန်း အချိတ်အဆက် မိလှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဇွန်ဘီအမြောက်အမြားကို သုတ်သင်နိုင်ခဲ့ပြီး ဇွန်ဘီအုပ်ကြီး ရှေ့တိုးလာမှုကို သိသိသာသာ အဟန့်အတား ဖြစ်စေခဲ့သည်။
သို့သော် သူတို့သည် တိုက်ပွဲဝင်နေစဉ်မှာပင် နေရာတစ်နေရာဆီသို့ အကြည့်များကို အဆက်မပြတ် အကဲခတ်နေကြသည်။
ထိုနေရာမှာ တံတားလက်ရန်းနှင့် ကုန်တင်ကားကိုယ်ထည်ကြားတွင် ဖြစ်ပေါ်နေသည် ကျဉ်းမြောင်းသော လျှောက်လမ်း ဖြစ်သည်။
ပုံမှန်ဆိုလျှင် ထိုနေရာလွတ်မှ ဇွန်ဘီအမြောက်အမြား ဝင်ရောက်လာရမည် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ထိုနေရာမှနေ၍ တံတားကို ဖြတ်သန်းလာနိုင်သော ဇွန်ဘီဟူ၍ တစ်ကောင်မျှ မရှိခဲ့ပေ။ ထိုနေရာတွင် အမျိုးသားတစ်ဦး ရပ်နေသည်။
ဧရာမ သံပုဆိန်ကြီးကို ဆုပ်ကိုင်ထားသော ထိုအမျိုးသား၏ ခန္ဓာကိုယ်မှာ သူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသောကြွက်သားများ မရှိဘဲ ထိုမျှ လေးလံသော ပုဆိန်ကြီးကို တကယ်ရော ဝှေ့ယမ်းနိုင်ပါ့မလားဟု သံသယဝင်ချင်စရာပင် ကောင်းလှသည်။
သို့သော် ယခုအချိန်တွင် သူသည် မတုန်မလှုပ် တံခါးစောင့်နတ်မင်းကြီးပမာ ထိုနေရာ၌ ခန့်ညားစွာ ရပ်တန့်ပိတ်ဆို့ထားသည်။ သံပုဆိန်ကြီး ဝှေ့ယမ်းလိုက်တိုင်း တိုးဝှေ့ဝင်ရောက်လာသော ဇွန်ဘီအုပ်ကြီးမှာ တစ်ကောင်ပြီးတစ်ကောင် ထက်ပိုင်းပြတ်ကျသွားကြသည်။
သူသည် တစ်ယောက်တည်းဖြင့် ဇွန်ဘီတစ်ကောင်ကိုမျှ အဖြတ်မခံဘဲ မျှော်လင့်ချက်မဲ့ဖွယ် သေမင်းတမန် ဇွန်ဘီလှိုင်းလုံးကြီးကို လုံး၀ တားဆီးထားလေတော့သည်။