အခန်း ၆၄
Vol. 7 Ch. 64
အခန်း (၆၄) ငါ့ကို မှတ်မိသေးရဲ့လား
အဖြူရောင် ကုန်တင်ကားကြီးက နယ်နိမိတ်မျဉ်းတစ်ခုပမာ မားမားမတ်မတ် ရပ်တန့်နေသည်။
ဒီဘက်ခြမ်းတွင် လူများရပ်နေပြီး ဟိုဘက်ခြမ်းတွင် ဇွန်ဘီအုပ်ကြီး ရှိနေသည်။ လူများမှာ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမရဘဲ ရပ်နေကြသည်။ ဟိုဘက်ခြမ်းရှိ ဇွန်ဘီများမှာ အလောင်းပုံကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ တံတားတစ်ဝက်ကို ဖုံးလွှမ်းသွားပြီး တောင်ကုန်းငယ်လေးတစ်ခုသဖွယ် စုပုံနေတော့သည်။
တံတားပေါ်တွင် လူတစ်ရာကျော်ခန့် ပြည့်နှက်နေသည်။ ပုံမှန်ဆိုလျှင် ဆူညံနေရမည့် နေရာဖြစ်သော်လည်း ယခုအချိန်၌ အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်မှုက လွှမ်းမိုးထားသည်။
မည်သူမျှ စကားတစ်ခွန်းပင် မဟနိုင်ကြပေ။ တစ်စုံတစ်ယောက်က လည်ပင်းကို ညှစ်ထားသည့်အလား အသံထွက်မလာကြချေ။ အားလုံးက မျက်လုံးများကို အစွမ်းကုန် ပြူးထားကြပြီး မေးရိုးပြုတ်ကျမတတ် ပါးစပ်အဟောင်းသားဖြင့် မှင်သက်နေကြသည်။
"ရောက်တာ နောက်ကျလှချည်လား"
ချူဟန်၏ အသံမှာ တိတ်ဆိတ်နေပြီး ကျယ်လောင်ခြင်း မရှိပေ။ နေ့စဉ်ပြောနေကျ ရိုးရှင်းသော စကားဝိုင်းတစ်ခုလိုပင် မောဟိုက်သံတစ်စက်မျှ မပါဝင်ဘဲ တည်ငြိမ်နေသည်။
သို့သော် ဤတိတ်ဆိတ်နေသော နေရာတွင် ထူးဆန်းလောက်အောင် ပီပြင်စွာ လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားသည်။
လွန်ခဲ့သော တစ်စက္ကန့်ခန့်ကမှ ထိုလေးလံသော သံပုဆိန်ကြီးဖြင့် ဇွန်ဘီများ၏ ခေါင်းကို ရိုက်ခွဲနေခဲ့သည်ကို လုံးဝ ယုံကြည်နိုင်စရာ မရှိပေ။ ထို့ပြင် သူ၏နောက်ကျော၌ ပြန့်ကျဲနေသော မရေမတွက်နိုင်သည့် အလောင်းပုံကြီးကိုလည်း လက်တွေ့မြင်ကွင်းတစ်ခုအဖြစ် လက်ခံနိုင်စရာ အကြောင်းမရှိပေ။
သူသည် တိတ်ဆိတ်စွာ နောက်သို့ လှည့်ကြည့်လိုက်ခြင်းသာ ဖြစ်သည်။ လူငါးယောက်တည်းဖြင့် ဇွန်ဘီအုပ်ကြီးအား အကုန်သတ်ပစ်ခဲ့တာလား။
ထိုလူငယ်လေးက သံပုဆိန်တစ်လက်တည်းဖြင့် အများစုကို ရှင်းပစ်ခဲ့တာလား။
သူက တကယ်ပဲ လူသားတစ်ယောက် ဟုတ်ရဲ့လား။ ဘယ်လိုလုပ်ပြီး ဒီလိုအရာမျိုးကို လုပ်နိုင်ခဲ့တာလဲ။
ရှေ့မှမြင်ကွင်းမှာ အိပ်မက်မက်နေသည့်အလား လက်တွေ့နှင့် ကင်းကွာနေသည်။ အားလုံးက စကားလုံးများ ဆွံ့အကာ မှင်သက်နေကြတော့သည်။
ချန်ရှန်ကော်မှာ အလွန်အမင်း အံ့အားသင့်သွားသဖြင့် ဟထားသော မေးရိုးပင် နာကျင်လာသည်။ ရင်ခုန်သံများ မြန်ဆန်လာသည်။ သို့သော် ရှေ့ရှိ အခြေအနေကို ခေါင်းထဲတွင် မည်မျှပင် စဉ်းစားတွေးတောနေစေကာ လုံးဝ နားလည်နိုင်ခြင်း မရှိပေ။
လုံးဝ မဖြစ်နိုင်သောအရာ ဖြစ်သည်။ သို့သော် ချူဟန်က ထိုအရာကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
ထို့ပြင် သူ၏အဖွဲ့ဝင်များထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ ဒဏ်ရာတစ်ခုပင် မရခဲ့ကြပေ။ ချူဟန်၏ အဖွဲ့ဝင်အများစုမှာ မိန်းကလေးများဖြစ်ပြီး အသက်ဆယ့်နှစ်နှစ်အရွယ် ကလေးတစ်ယောက်ပင် ပါဝင်နေသေးသည် မဟုတ်လား။
ကားပေါ်မှ မဆင်းရသေးသော ယဲ့ချန်မှာလည်း အလားတူပင် အံ့အားသင့်နေသည်။ ယိုင်နဲ့နေသော မျက်မှန်ကိုင်း စောင်းနေသည်ကိုပင် တည့်ရန် မေ့လျော့နေပြီး သူ၏မျက်နှာမှာ အလွန်ရယ်စရာကောင်းနေသည်။
ယွဲ့ဇီက စတီယာရင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း မီးသီးကြီးများပမာ မျက်လုံးပြူးနေတော့သည်။ ကားဘေးတွင် သံပိုက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော တင်းရွယ်သည် မယုံနိုင်စွာဖြင့် မျက်လုံးပြူးကြည့်နေသည်။ ဟိုဘက်တွင် ရပ်နေသော အမျိုးသား၏ မျက်နှာမှာ သူမ ကောင်းကောင်းသိကျွမ်းထားသူ ဖြစ်သည်။ တစ်ချိန်က သူ၏ အသုံးမကျမှုအပေါ် ဒေါသထွက်ကာ ကြိမ်ဖန်များစွာ ကြမ်းတမ်းသော စကားများဖြင့် ပြောဆိုခဲ့ဖူးသူ ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူသည် နတ်မင်းတစ်ပါးကဲ့သို့ အစွမ်းထက်သော စွမ်းအားများဖြင့် သူမ၏ ရှေ့မှောက်၌ မားမားမတ်မတ် ရပ်နေလေသည်။ မျှော်လင့်ချက်မဲ့ခြင်းနှင့် အမှောင်ထုတို့ ကြီးစိုးနေသော ဤကပ်ဘေးကမ္ဘာကြီးထဲတွင် သူ၏ တည်ရှိမှုမှာ အရုဏ်ဦးအလင်းတန်းတစ်ခုသဖွယ် ဖြစ်နေသည်။ သူမ၏ ရင်ဘတ်ထဲသို့ ပြင်းထန်သော မျှော်လင့်ချက်အလင်းရောင်ကို ထွန်းညှိပေးလိုက်လေသည်။
လူအုပ်ထဲတွင် ပုန်းအောင်းနေသော ကျိုးစုန့်လိမှာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေသည်။
‘အဲ့ကောင်... G55 ကားနဲ့ စူပါမားကတ်ထဲ ဝင်တိုက်ခဲ့တဲ့ကောင် မဟုတ်လား။ သေချာတယ်၊ အဲဒီကောင်ပဲ။ ကုန်တင်ကားပေါ်က ဟို ဆွဲဆောင်မှုရှိတဲ့ မိန်းမလည်း ဟုတ်တယ်။ ကျစ်… ဘယ်အချိန်တုန်းကများ ဟိုဖြူစင်အေးစက်တဲ့ ဆံရှည်မလေးနဲ့ လိုလီမလေးပါ ထပ်တိုးသွားရတာလဲ’
ကျိုးစုန့်လိ၏ မျက်လုံးများက မနာလိုမှုများဖြင့် လွှမ်းမိုးသွားသည်။ ဘာဖြစ်လို့ ဟိုကောင်ရဲ့ ဘေးနားမှာ အဲဒီလို ထိပ်တန်းအလှမယ်တွေချည်း စုဝေးနေရတာလဲ။ အဲဒါတောင် တစ်ယောက်တည်း မဟုတ်ဘူး၊ သုံးယောက်တောင်။
ဂျိမ်း…
ရုတ်တရက် ကားတံခါးပိတ်လိုက်သော အသံကျယ်ကြီး ထွက်ပေါ်လာသည်။
ထို့နောက် ရှုပ်ထွေးသော ခြေသံများက လူအုပ်ကြီးထဲသို့ တိုးဝှေ့ဝင်ရောက်လာသည်။ ဤတိတ်ဆိတ်နေသော နေရာတွင် ထိုခြေသံမှာ ထူးဆန်းလောက်အောင် ကြားနေရသည်။ မှင်သက်နေကြသော လူများမှာ တစ်ခဏအတွင်း အသိစိတ်ပြန်ဝင်လာကြပြီး ခြေသံထွက်ပေါ်လာရာဘက်သို့ တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။
ထိုနေရာတွင် ရှိနေသူများမှာ တက္ကသိုလ်ကျောင်းသား မိန်းကလေးနှင့် ယောက်ျားလေး ဖြစ်သည်။
တွမ်းမင်နှင့် ကျီချင်းလျိုတို့ ဖြစ်သည်။
ရွှံ့ဗွက်များပေကျံကာ တွန့်ကြေနေသော အဝတ်အစားများပေါ်တွင် တန်ဖိုးကြီး ကျောင်းအမှတ်တံဆိပ်ကို သီသီလေး မြင်တွေ့နိုင်သေးသည်။ ဆံပင်များမှာ ငှက်သိုက်တစ်ခုပမာ စုတ်ဖွားနေပြီး မျက်နှာမှာလည်း ညစ်ပေနေသဖြင့် မူလရုပ်သွင်ကိုပင် မခွဲခြားနိုင်တော့ပေ။
ပါးစပ်တစ်ဝိုက်တွင် ရွှံ့များနှင့် စားကြွင်းစားကျန်များ ကပ်ညိနေသည်။
ဂလု...
သူတို့နှစ်ဦးသည် အဝါရောင်သန်းကာ အနံ့ဆိုးများ ထွက်နေသည့် လျှာများကို ထုတ်လျက် ပါးစပ်တစ်ဝိုက်ရှိ စားကြွင်းစားကျန်များနှင့် အညစ်အကြေးများကို အငမ်းမရ လျက်ကာ မျိုချလိုက်ကြသည်။
လူအုပ်ကြီး၏ မျက်နှာများမှာ ထပ်မံရှုံ့မဲ့သွားကြသည်။ ဒီနှစ်ကောင်က လူတွေအားလုံး အသက်လုပြီး ကားပေါ်က ဆင်းပြီး တိုက်ပွဲဝင်ချိန်မှာ အောက်တောင်မဆင်းဘဲ ကားထဲမှာ ထမင်းစားနေခဲ့ကြတာလား။
"ချူဟန်မလား"
"ငမွဲကောင်မလား"
ထိုမိန်းကလေးနှင့် ယောက်ျားလေး နှုတ်မှ အံ့ဩစရာကောင်းလောက်အောင် ဆင်တူနေသော အသံများ ထွက်ပေါ်လာသည်။
ထိုစကားကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူများမှာ တတိယအကြိမ်မြောက် အတွေးများ ရပ်တန့်သွားကြပြန်သည်။ ယနေ့မှ စခန်းသို့ ရောက်ရှိလာသော မင်ချူးတက္ကသိုလ်မှ ကျောင်းသားနှစ်ဦးကို မယုံနိုင်သည့် အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။
'ငမွဲကောင်'
ဟုတ်လား။ ဘယ်လို ပါးစပ်မျိုးကများ အဲဒီလိုစကားကို ထွက်ရဲရတာလဲ။
မကြာမီ တွမ်းမင်နှင့် ကျီချင်းလျိုတို့လည်း ပတ်ဝန်းကျင်၏ ထူးဆန်းသော အခြေအနေကို သတိပြုမိသွားကြသည်။
ချူဟန်၏ အနောက်ဘက်တွင် မရေမတွက်နိုင်သော ဇွန်ဘီအလောင်းများ စုပုံနေသည်။ သူ၏ ခန္ဓာကိုယ်မှာလည်း အသားစပုပ်များနှင့် သွေးမည်းများပေကျံနေသည်။ ထိုအလောင်းပုံကြီးမှာ သူ၏ စစ်ပွဲရလဒ်ဖြစ်ကြောင်း ရှင်းလင်းထင်ရှားနေသည်။
ဒီငမွဲကောင်က ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ဒီလောက်စွမ်းလာရတာလဲ။ သူက ဇွန်ဘီတွေကို မကြောက်ဘူးလား။
ထိုကျောင်းသားနှစ်ဦး ပေါ်ထွက်လာမှုကြောင့် ချန်ရှန်ကော်၏ ကြက်သေသေနေသော အတွေးများမှာလည်း လက်တွေ့ဆီသို့ ပြန်လည်ရောက်ရှိလာသည်။ သူက အလျင်အမြန် ခြေလှမ်းအနည်းငယ် ရှေ့တိုးလိုက်ပြီး ချူဟန်ကို စိုက်ကြည့်လိုက်သည်။
"သတ္တိကောင်းလှချည်လား၊ မင်းက တကယ့်ယောက်ျားပဲကွ။ မင်းလို လူမျိုးကို ငါ တကယ် သဘောကျသွားပြီ’’
ချန်ရှန်ကော်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
‘’ဒီတစ်ခေါက် ငါ့အသက်ကို မင်း ကယ်ခဲ့တာပဲ။ နောင်တစ်ချိန် မင်းမှာ အခက်အခဲ တစ်ခုခုရှိလာရင် ငါအရင်ဆုံး ပြေးလာမယ်လို့ ကတိပေးတယ်"
"မိုက်တယ်ဟေ့ ညီလေး မင်းက တကယ်အစွမ်းထက်တာပဲ"
ယွဲ့ဇီလည်း အသိစိတ်ပြန်ဝင်လာကာ ကားပေါ်မှ အလျင်စလို ခုန်ဆင်းလာပြီး ပြေးသွားသည်။ ထို့နောက် ချန်ရှောက်ရယ်ကို နောက်ပြောင်ရန်လည်း မမေ့လျော့ပေ။
"ဟေ့ ဖက်တီးကောင် မင်းကတော့ ရိုးရိုး ယာဉ်မောင်းအဆင့်ပဲ ရှိပါသေးတယ်။ မင်းရဲ့ဆရာနဲ့ ယှဉ်လိုက်ရင်တော့ အားနည်းလွန်းလို့ ပြောစရာတောင် မလိုတော့ဘူးကွာ"
"ပါးစပ်ပိတ်ထားစမ်းပါ"
ချန်ရှောက်ရယ်က မျက်လုံးပြူးပြလိုက်သည်။
"ငါ့ဘော့စ် အတော်ဆုံးပဲဆိုတာ သဘာဝပဲလေ။ သိသာနေတဲ့ ကိစ္စကြီးကို လာပြောမနေနဲ့"
ချန်ရှောက်ရယ်၏ ချူဟန်အပေါ် သစ္စာစောင့်သိမှုမှာ ၉၀ ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ပြင် ဤကိန်းဂဏန်းမှာ တက်လာရန်သာရှိပြီး ကျဆင်းသွားမည် မဟုတ်ပေ။ ထိုမျှလောက် ကြီးမားသော သစ္စာစောင့်သိမှုမျိုး ဖြစ်သည်။ မနာလိုဖြစ်ရန် နေနေသာသာ မြူတစ်မှုန်စာမျှပင် မကျေနပ်မှု ရှိလာမည် မဟုတ်ချေ။ အကယ်၍ သူ့ကိုသာ ချီးကျူးပြီး ချူဟန်ကို မချီးကျူးခဲ့ပါက ချန်ရှောက်ရယ်သည် တစ်ဖက်လူကို သေချာပေါက် ဒေါသတကြီး ရန်တွေ့မည်မှာ အသေအချာပင်ဖြစ်သည်။
ယဲ့ချန်က ယိုင်နဲ့နေသော မျက်မှန်ကို တည့်လိုက်ပြီး တည်ငြိမ်စွာဖြင့် ခြေလှမ်းခပ်သွက်သွက် လျှောက်လာခဲ့သည်။
သူ၏ စိတ်ထဲတွင်လည်း တုန်လှုပ်မှုများ ပြည့်နှက်နေပြီး ချူဟန်ဆိုသော ဤလူငယ်အပေါ်သို့ ရုတ်တရက် ကိုးကွယ်ယုံကြည်လိုစိတ်များ ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ အန္တရာယ်ကြုံတွေ့နေချိန်တွင် သူတို့ကို ထွက်ပြေးစေရန်အတွက် ဇွန်ဘီအုပ်ကြီးကို ဟန့်တားပေးခဲ့ပြီး အကူအညီပြန်ခေါ်ခိုင်းကာ ပြန်လာချိန်တွင် ဇွန်ဘီများကို တစ်ကောင်မကျန် ရှင်းလင်းထားကာ အန္တရာယ်ကင်းအောင် လုပ်ဆောင်ထားခဲ့ပြီ ဖြစ်သည်။ ဤအဖြစ်အပျက်က ပေးစွမ်းသော တုန်လှုပ်မှုမှာ လုံးဝ သေးငယ်လှသည် မဟုတ်ပေ။
ချူဟန် အနည်းငယ် ပြုံးလိုက်သည်။
ထို့နောက်
[ ချန်ရှန်ကော်၏ သစ္စာစောင့်သိမှု ၅၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားပါပြီ ]
[ ယွဲ့ဇီနှင့် ယဲ့ချန်တို့၏ သစ္စာစောင့်သိမှု ၃၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားပါပြီ ] ဟူသော
စနစ်၏ အသိပေးချက်ကို တိတ်ဆိတ်စွာ ရရှိလိုက်သည်။
အကယ်၍ ထိုစဉ်က ပိုင်ယွန့်အာက ဇွန်ဘီအမြောက်အမြားကို လုမသတ်ခဲ့ပါက ယခုလောက်ဆိုလျှင် ပစ်မှတ်ထားသော အမှတ် ၈၀၀ ပြည့်ရန် အမှတ်ဆယ်ဂဏန်းခန့်သာ လိုတော့မည် ဖြစ်သည်။
'ကျစ်… တော်တော် ဆိုးတာပဲ။ ပိုင်ယွန့်အာရဲ့ သစ္စာစောင့်သိမှုကို မြှင့်တင်ဖို့က တကယ့်ကို အရေးတကြီး လိုအပ်နေပြီ'
ရှန်းကော်စခန်းရှိ အစွမ်းအထက်ဆုံး တိုက်ခိုက်နိုင်စွမ်းရှိသူများမှာ ချန်ရှန်ကော်၊ ယဲ့ချန် နှင့် ယွဲ့ဇီတို့ သုံးဦးဖြစ်သည်။ ထိုသုံးဦးက ချူဟန်အပေါ် ဆက်ဆံသည့် အပြုအမူကို ကြည့်ပြီး ပတ်ဝန်းကျင်ရှိ လူများမှာလည်း အခြေအနေကို စတင်ရိပ်မိလာကြသည်။
အကယ်၍ ဤလူငယ်သာ စခန်းသို့ ဝင်ရောက်လာပါက သူ၏ ရာထူးနေရာမှာ ဒုတိယခေါင်းဆောင်ဖြစ်သော ချန်ဇီဟောင်ထက် အဆပေါင်းများစွာ သာလွန်သွားမည်ဖြစ်ပြီး ခေါင်းဆောင်ဖြစ်သူ ချန်ရှန်ကော်နှင့်ပင် ပခုံးချင်းယှဉ်နိုင်လာလိမ့်မည်ဟု တွေးတောလိုက်ကြသည်။
ထို့အပြင် ဤမျှ ကြီးမားလှသော တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားကာ ဘေးနားတွင်လည်း မနာလိုဖြစ်လောက်အောင် လှပသော အလှပိုင်ရှင်လေးများ ခြံရံနေသေးသည်။
ဤသည်က ကပ်ဘေးကမ္ဘာကြီးပင် ဖြစ်သည်။ အသန်မာဆုံးသူသာလျှင် အကြွင်းမဲ့ အုပ်စိုးသူ ဖြစ်လာမည့် ကမ္ဘာကြီးဖြစ်သည်။
ချက်ချင်းပင် လူများက ချူဟန်၏ ဘေးသို့ စုပြုံရောက်ရှိလာကြပြီး တစ်ယောက်တစ်ပေါက် မြှောက်ပင့်ပြောဆိုကြတော့သည်။
"မိုက်လှချည်လား၊ ငယ်ငယ်လေးရှိသေးတာပဲ"
"ညီလေး မင်းက စစ်တပ်ကလား။ လှုပ်ရှားမှုတွေက တကယ်ကို ကြောက်စရာကောင်းတာပဲ "
တစ်ဖက်တွင် မင်ချိုးတက္ကသိုလ်မှ ကျောင်းသားများမှာ အဝေးမှနေ၍ ရပ်ကြည့်နေကြသည်။
သူတို့၏ မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှု၊ ဝမ်းမြောက်မှုနှင့် ပြင်းထန်သော အားကျမှုစသည့် ရှုပ်ထွေးသော ခံစားချက်များ ရောယှက်နေသည်။
အဲဒါ ချူဟန်လေ။
မင်ချူးတက္ကသိုလ်က ကျောင်းသား၊ အတန်းဖော်၊ သူငယ်ချင်းဖြစ်ပြီး သူတို့၏ အပေါင်းအပါပင်ဖြစ်သည်။
"ချူဟန်... မင်း တကယ်မိုက်တယ်ကွာ"
မင်ချူးတက္ကသိုလ်ကျောင်းသားများ တစ်ပြိုင်နက် တိုးဝှေ့လာကြပြီး စိတ်လှုပ်ရှားစွာ
အော်ဟစ်လိုက်ကြသည်။
"ချူဟန်... ချူဟန်... သူငယ်ချင်း ငါတို့ပါဟ"
ရုတ်တရက် ကျီချင်းလျိုသည် ရူးသွပ်နေသူတစ်ဦးအလား လူအုပ်ကြီးကို တိုးဝှေ့ကာ ထွက်လာလေသည်။
ဆံပင်များ ဖရိုဖရဲဖြစ်နေပြီး ဇွန်ဘီထက်ပင် ရုပ်ဆိုးသော အသွင်အပြင်သို့ ရောက်ရှိနေသော်လည်း သူမက သနားစရာကောင်းသော အမူအရာကို အတင်းလုပ်ယူလိုက်သည်။ ချူဟန်၏ အင်္ကျီစကို တင်းကျပ်စွာ ဆွဲကိုင်လိုက်ပြီး ညှိုးငယ်လိုသော အကြည့်များဖြင့် ချွဲနွဲ့ကာ ပြောလိုက်သည်။
" ချူဟန်... ငါ့ကို မှတ်မိသေးလား။ ငါလေ... နင့်ကို အမြဲ တွေ့ချင်နေခဲ့တာ... "