ကလေး
Vol. 019 Ch. 922
ဝမ်လင်းသည် မိုးကြိုးကန်နှင့် လူးလားသွားနေသည့် မိုးကြိုးစိတ်ဝိညာဉ်ကို ကြည့်နေ၏။အနည်းဆုံးတော့ လူသားစမ်းသပ်မှုသည် အခက်အခဲ အချို့ ရှိသေး၏။သို့သော် မြေကြီးစမ်းသပ်မှုမှာမူ…။ ဝမ်လင်း၏မျက်လုံးထဲရှိ ထူးဆန်းမှုကပို၍ အားကောင်းလာသည်။
ရှီဇီဖန်က သူမ၏ အောက်နှုတ်ခမ်းကို ကိုက်ကာ ဝမ်လင်းကို ကြည့်၏။ထို့နောက် သူမက မိုးကြိုးကန်ကို ကြည့်မိသည်။သူမ၏စိတ်ထဲရှိ ပူပန်မှုက မြင့်တက်လာတော့သည်။သူမက သိုလှောင်အိတ်ကို ထိကာ အံတင်းတင်းကြိတ်ထားသည်။သူမ၏ ပါးပြင်ထက်ရှိ နီမြန်းနေမှုကို လစ်လျူရှုကာ လေထဲသို့ လိပ်ပြာလေးတစ်ကောင်ကဲ့သို့ ပျံသန်းတက်သွားသည်။သူမက ပြိုင်ပွဲဝင်သူများထံသို့ ပျံသန်းလာသည့်အခါ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် အံ့အားသင့်သွားကြသည်။
သူမက ဝမ်လင်းထံသို့ ဦးတည်သွားခြင်းပင်။သူမက ခေါင်းငုံ့ကာ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူ၏။ထို့နောက် သူမသည် ညင်သာတိုးညင်းစွာ ပြောလိုက်၏။ “ဒါ…ဒါကို နင့်ရှိ ပေးမယ်…” သူမက ဝမ်လင်းထံသို့ ကျောက်စိမ်းပြားကို လက်ကမ်းပေးပြီးနောက် နီမြန်းသောမျက်နှာနှင့် နောက်သို့ ပြန်၍ ပျံသန်းသွားသည်။
သူမနေရာသို့ ပြန်ရောက်သည့်အခါ၌ သူမ၏နှလုံးခုန်သံသည် ခုန်ပေါက်နေတော့၏။ သူမ ပြန်ရောက်လာပြီးနောက် သူမသည် ခေါင်းငုံ့နေတော့သည်။
ရှီမိသားစုဘိုးဘေးက ထိုအဖြစ်ကို ကြည့်ကာ စိတ်ထဲ၌ သက်ပြင်းချမိ၏။
“မိုးကြိုးကန်ထဲ ဝင်ကြ…” ထိုအခိုက်၌ အရှင်မီးတောက်၏အသံက ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထာလာ၏။သူအသံက မိုးကြိုးကန်ကို ကြီးမားစွာ ပြောင်းလဲသွားစေ၏။မိုးကြိုးကန် အလယ်ရှိ ပွင့်ဟနေသော နေရာလွတ်သည် ရုတ်တရက် မိုးကြိုးများနှင့် ပြည့်လာခဲ့ကာ ကွင်းပြင်တစ်ခုလုံးသည် အစစ်အမှန်မိုးကြိုးကန်အလား ဖြစ်လာတော့သည်။
မိုးကြိုးကန်ထဲ၌ မိုးကြိုးလှိုင်းများ လှုပ်ခတ်နေရင်း ဖိအားတစ်ခု ဖြစ်ပေါ်လာ၏။ယင်းဖိအားသည် ကျင့်ကြံသူအများစု၏ ဦးရေပြားကိုပင် တင်းကြပ်သွားစေသည်။
မိုးကြိုးစိတ်ဝိညာဉ်မှာ မိုးကြိုးကန်ထဲပ မြွေတစ်ကောင်အလား လှုပ်ရှားသွားလာနေသည်။
ရှုထင်က အေးစက်စက်နှာခေါင်းရှုံ့ကာ မိုးကြိုးကန်ထံသို့ လှမ်းလျှောက်သွားသည်။သူက ကန်ထဲသို့ ခြေချသည့်အခိုက်၌ မရေမတွက်နိုင်သောမိုးကြိုးများသည် သူ့ခြေထောက်ကြားသို့ တိုးဝင်လာကာ ချက်ခြင်းပင် သူ့ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့၏။သူက မိုးကြိုးများနှင့် ဝန်းရံခြင်း ခံလိုက်ရသည်။
ရှုတင်၏ခန္ဓာကိုယ်က တုန်ယင်သွား၏။သူက အသက်ဝဝရှိုက်သွင်းသည်။ထို့နောက် သူသည် ရှေ့သို့ ခြေလှမ်းငါးလှမ်းလောက် ဆက်သွားပြီး ကြာပွင့်သဏ္ဌာန်ထိုင်ချသည်။
သူပြီးသည့်နောက် ရှန်ကုန်းဟူက ခြေချလာ၏။သူ့ကျင့်ကြံမှုက မိုးကြိုးနှင့် ပတ်သတ်သည့်အတွက် သည်လိုနေရာမျိုးကို မကြာခဏ သွားရောက်ဖူးပေ၏။သူက တည်ငြိမ်လျက် ရှိကာ မိုးကြိုးကန်ထဲသို့ ဝင်ရောက်ပြီးနောက် ကြာပွင့်သဏ္ဌာန်ထိုင်ချသည်။
သိပ်မကြာခင်တွင် အခြားသူများသည်လည်း မိုးကြိုးကန်ထဲသို့ ဝင်ရောက်ကြ၏။သို့ရာတွင် ကျင့်ကြံခြင်းအားနည်းသည့် အနည်းငယ်သောလူများအဖို့ ဝင်ရောက်သည်နှင့် သူတို့၏ခန္ဓာကိုယ်သည် တုန်ယင်ကာ နောက်သို့ အလျင်အမြန် ဆုတ်ရသည်။သူတို့၏ မျက်နှာပင် ဒဏ်ရာရသွားသကဲ့သို့ ဖြူရောကုန်သည်။
ဝမ်လင်းက ရှီဇီဖန် သူ့ကို ပေးခဲ့သော ကျောက်စိမ်းပြားကို ကိုင်ထားကာ စစ်ကြည့်လိုက်သည်။ထို့နောက် သူက မျက်နှာနီမြန်းနေသော ရှီဇီဖန်ကို လှမ်းကြည့်သည်။သူမကမူ ဝမ်လင်းကို ပြန်မကြည့်ဝံ့ပေ။နတ်ဘုရားအာရုံဖြင့် တစ်ချက် ဝှေ့ကြည့်ရုံနှင့် သည်ကျောက်စိမ်းပြားသည် မိုးကြိုးများကို ခုခံနိုင်သည့် အစွမ်းပါဝင်နေကြောင်း ဝမ်လင်းက သိပေသည်။ထိုရတနာသည် သူမ ပိုင်ဆိုင်သည့် အရေးကြီးသော အကာအကွယ်ရတနာတစ်ခု ဖြစ်မည်မှာ သိသာနေပေ၏။
ဝမ်လင်းက စဉ်းစားနေရင်း ကျောက်စိမ်းပြားကို သူ့ဝတ်ရုံထဲသို့ ထည့်သိမ်းကာ မိုးကြိုးကန်ထဲသို့ လှမ်းလျှောက်သွားသည်။
ရှီဇီဖန်က ခေါင်းငုံ့ထားသော်လည်း ဝမ်လင်း ဘာလုပ်သည်ကို တွေ့မြင်နေရ၏။သူမက ဝမ်လင်း သူမ၏ကျောက်စိမ်းပြားကို သူ့ဝတ်ရုံထဲသို့ ထည့်သိမ်းသည်ကို တွေ့မြင်သည့်အခါ သူမ၏နှလုံးခုန်သံသည် ပိုမို မြန်ဆန်လာတော့သည်။
သို့သော် ထိုအခိုက်အတန့်၌ သူမသည် သူမ၏ ဝမ်းကွဲအစ်ကို ဖြစ်သူ အပြာရောင်ဝတ်စုံနှင့် ချောမောသည့်သူကို မတွေ့မြင်ပေ။ထိုသူက ဝမ်လင်း မိုးကြိုးကန်ထဲသို့ ဝင်သွားသည်ကို ကြည့်နေသည်။သူ့အကြည့်ထဲ၌ ရန်လိုမှုတစ်ခု ဖုံးကွယ်နေချေသည်။
ဝမ်လင်းက ပုံမှန်အတိုင်း မိုးကြိုးကန်ထဲသို့ အေးဆေး လှမ်းလျှောက်သွားသည်။သူ့ ညာခြေထောက်က မိုးကြိုးနှင့် ထိမိသည်နှင့် အားကောင်းသော မိုးကြိုးက သူ့ကိုယ်ထဲသို့ တိုးဝင်လာသည်ကို ခံစားမိသည်။
အလွန်သက်တောင့်သက်သာ ဖြစ်မှုက သူ့ထံ၌ ဖြစ်ပေါ်လာ၏။သို့သော်လည်း ထိုခံစားမှုကို သူ့မျက်နှာပေါ်၌ မပြသပေ။ သူက လျှောက်လှမ်းလာရင်း မိုးကြိုးများက သူ့အား လွှမ်းခြုံလာတော့သည်။
နေရာလွတ်တစ်ခု ရှာပြီးနောက် ဝမ်လင်းက ကြာပွင့်သဏ္ဌာန်ထိုင်ချသည်။
“ဒုတိယစမ်းသပ်မှု စပြီ။ ဗုံသံက အချိန်ကို တိုင်းတာ ပေးလိမ့်မယ်…” အရှင်မီးတောက်၏ စကားဆုံးသည့်အခါ တမန်တော်နှစ်ယောက်သည် ချက်ခြင်း ရောက်လာ၏။ထိုနှစ်ယောက်၏ ကြားတွင် ဗုံကြီးတစ်ခု ပေါ်လာသည်။
“ဒုန်း…” ဗုံသံဿည် ကောင်းကင်နှင့်မြေကြီးကြားတွင် မြည်ဟီးလာ၏။ ဗုံသံတစ်ချက်သည် အသက်ရှုစာကြာချိန်တစ်ခု ဖြစ်လေ၏။
မိုးကြိုးကန်အတွင်း၌ ကျင့်ကြံသူ နှစ်ရာနီးပါး ရှိနေကြသည်။ပထမဆုံး ဗုံသံ မြည်ဟီးလာချိန်၌ မိုးကြိုးကန်အတွင်းရှိ မိုးကြိုးသည် လှုပ်ခတ်လာသည့်အလား မြေပြင်ထက်မှ သုံးလက်မခန့် မြင့်တက်လာတော့သည်။မိုးကြိုးတုန်ဟီးသံများ မြည်နေပြီး အဆုံးမဲ့မိုးကြိုးတန်းများသည် တလက်လက် တဖျပ်ဖျပ် ဖြစ်နေရင်း မိုးကြိုးမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။
ထိုမုန်တိုင်းအတွင်း၌ မိုးကြိုးစိတ်ဝိညာဉ်သည် လှုပ်ရှားနေကာ မိုးကြိုးခွန်အားကို ထုတ်လွှတ်သည်။ထိုအဖြစ်က မိုးကြိုးကန်ကို တုန်လှုပ်ဖွယ် ပြောင်းလဲမှုတစ်ခု ဖြစ်ပျက်သွားစေသည်။
မိုးကြိုးမြောက်များစွာသည် ကျင့်ကြံသူမျိုးစုံ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကြတော့၏။ အချို့သည် ရတနာများ ထုတ်ယူကာ သူတို့ကိုယ်သူတို့ ကာကွယ်ရန် ပြင်၏။သည်အခိုက်၌ မိုးကြိုးကန်သည် တောက်ပနေတော့သည်။
ရှုထင်၏ပတ်လည်၌ မြူနက်များ ဝန်းရံထားရင်း သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည့်မိုးကြိုးကို ကာကွယ်သည်။အခြားကျင့်ကြံသူများကလည်း သူတို့၏ ကိုယ်ပိုင်နည်းလမ်းများသုံးကာ ခုခံကာကွယ်ကြတော့သည်။
ဝမ်လင်းက သူ့အား ဖြတ်ကျော်ကာ တဝီဝီ မြည်နေသည့် မိုးကြိုးများကြားတွင် ထိုင်နေရင်း သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် မိုးကြိုးများသည် သူ့မူလစိတ်ဝိညာဉ်ကို အားဖြစ်နေစေတော့သည်။ထိုအဖြစ်က အစောပိုင်း လောစုနှင့် တိုက်ပွဲတွင် ရရှိခဲ့သော ဒဏ်ရာများကို မြန်ဆန်စွာ ပြန်ကောင်းမွန်လာစေသည်။
သူ့အတွက် အတော်လေး နေလို့ထိုင်လို့ ကောင်းလှ၏။သူက မျက်လုံးမှိတ်ထားလိုက်ကာ အခြားလူများကို ကြည့်ပင် မကြည့်တော့ပေ။
“ဒုန်း…” ဒုတိယဗုံမည်သံသည် ပဲ့တင်ထပ်လာ၏။ထို့နောက် မိုးကြိုးကန်ထဲရှိ မိုးကြိုးသည် ပိုမို အားကောင်းလာတော့သည်။မိုးကြိုးစိတ်ဝိညာဉ်သည် မာန်ဖီကာ မိုးကြိုးကျာပွတ်တစ်ခုကို စတင် ဝှေ့ယမ်းတော့၏။၎င်းက ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာချိန်တိုင်း သူတို့ကို တုန်ယင်စေသည်။
ဗုံသံသည် မြည်ဟီး၏။ တတိယအကြိမ်၊စတုတ္ထအကြိမ်…။ ဆယ်ခုမြောက်မြည်သံ ထိမြည်ဟီးလာသည့်အခါ မိုးကြိုးကန်ထဲရှိ မိုးကြိုးများသည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိလာတော့သည်။မရေမတက်နိုင်သောမိုးကြိုးများသည် ပေသုံးဆယ်ထိ မြင့်မားလာသည်။
တောင်ပိုင်းနယ်မြေမှ ကျင့်ကြံသူတစ်ယောက်၏ မျက်နှာသည် ချက်ခြင်း ဖြူလျောလာကာ သွေးအန်လိုက်ရ၏။သူက ပြင်းထန်သော အားတစ်ခု ရိုက်ခတ်ခြင်း ခံလိုက်ရသကဲ့သို့ သူ့ခန္ဓာကိုယ်သည် မိုးကြိုးများနှင်အတူ ပျံသန်းလာသည်။သူ့ခန္ဓာကိုယ်ကနေ သွေးများစီးကျလာ၏။သူက ဒဏ်ရာ ရရှိသွားပေပြီ။
ရှုထင်၏ပတ်လည်ရှိ မြူထုက ပို၍ အားကောင်းလာ၏။သူ့အသွင်က ပုံမှန်အတိုင်း ရှိနေကာ ဝမ်လင်းကို စူးစိုက်ကြည့်နေသည်။သူက ဝမ်လင်း မိုးကြိုးကန်ထဲသို့ ဝင်လာကတည်းက သူ့အား လေ့လာကြည့်နေ၏။ဝမ်လင်း၏ လုပ်ဆောင်မှုများက ထူးဆန်းလွန်းနေလေသည်။
“ဒီရှုမူက ဘာခုခံမှု၊ ဘာလက်နက်ရတနာမှာ မသုံးဘူးပဲ။သူက ဒိအတိုင်း တည်တည်ငြိမ်ငြိမ် ထိုင်နေပြီး မိုးကြိုးကန်ထဲမှ ကျင့်ကြံနေတယ်။ထူးဆန်းတာက သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားတဲ့ မိုးကြိုးတွေဟာ သူ့ဟာသူ တကယ် ပျောက်ကွယ်သွားနေတာလား…”
ရှုမူက ပို၍ တွေးနေလေလေ ပိုမို တုန်လှုပ်မိလေလေ ဖြစ်နေသည်။သို့သော် သူက ဘယ်လောက်တွေးတွေး ဝမ်လင်းနှင့် ပတ်သတ်၍ အဖြေမရ ဖြစ်နေ၏။
ကောင်းကင်ထက်၌ တမန်တော်များထဲမှ တစ်ယောက်သည် သူ့လက်ကို ဝှေ့ယမ်းကာ အနက်ရောင်ဗုံကို တီးခတ်၏။ဆယ့်တစ်ကြိမ်မြောက် ဗုံသံသည် ရုတ်တရက် မိုးကြိုးကန်ထဲ၌ ပဲ့တင်ထပ်လာတော့သည်။
မိုးကြိုးကန်ထဲရှိ မိုးကြိုးများအားလုံးက တုန်ခါလာပြီး တစ်နေရာတည်းတွင် စုစည်းလာသည်ဟု ထင်မှတ်ရ၏။ခဏအကြာတွင် ပေတစ်ထောင်ခန့် ရှည်သည့် မြွေတစ်ကောင် ဖြစ်ပေါ်လာ၏။၎င်းက မြွေတစ်ကောင်သာ ဖြစ်သော်လည်း နဂါးတစ်ကောင်နှင့်တူကာ မိုးကြိုးကနေ ဖြစ်ပေါ်လာခြင်းသာ။၎င်း၏ခန္ဓာကိုယ် ခေါင်းစခြေအဆုံးကနေ မိုးကြိုးဖိအားကို ပေးစွမ်းနေသည်။
၎င်းက မိုးကြိုးစိတ်ဝိညာဉ်ပင်။
ဝေါင်း…။ မိုးကြိုးစိတ်ဝိညာဉ်က ပုံဏ္ဌာန်ဖြစ်ပေါ်လာပြီးနောက် ဟိန်းသံ ပေးလာ၏။ထိုဟိန်းသံသည် ပဲ့တင်ထပ်ကာ ရှေးဟောင်းအချိန်က မိုးကြိုးမည်ဟိန်းသံ အဖြစ်သို့ ပြောင်းလဲသွား၏။ယင်းအသံက ကျင့်ကြံသူအားလုံး၏ စိတ်ကို လှုပ်ခါစေလေ၏။
ရှုထင်ပတ်လည်ရှိ မြူနက်ထုပင် ပျက်စီးလုနီးပါး ဖြစ်သွား၏။သူမျက်လုံးထဲ၌ တုန်လှုပ်သည့် အငွေ့အသက် ဖြစ်ပေါ်လာရင်း သူ့မျက်ခုံးနှစ်ခုကြားမှ မြူနက်များ ပိုမို ထွက်ပေါ်လာသည်။
ရှုထင်ပင် ထိုသို့ ဖြစ်နေပါက ကျန်သည့်ကျင့်ကြံသူများအဖို့တော့ ပြောစရာပင် မလိုတော့ပေ။ ထိုတုန်လှုပ်ဖွယ်မိုးကြိုးဟိန်းသံ အောက်၌ ကျင့်ကြံသူဆယ်ယောက်ကျော်သည် သွေးအန်ထုတ်ကာ လွင့်စင်သွားရလေ၏။
ဆယ့်နှစ်ကြိမ်၊ဆယ့်သုံးကြိမ်၊ ဆယ့်လေးကြိမ် ဗုံမြည်သံများ မြည်ဟိန်းလာသည်။မိုးကြိုးစိတ်ဝိညာဉ်၏ ဟိန်းသံက ပို၍ ပြင်းထန်လာ၏။နောက်ဆုံးတွင် ဆယ့်ငါးကြိမ်မြောက် မိုးကြိုးသံ ထွက်ပေါ်လာပြီးနောက် မိုးကြိုးစိတ်ဝိညာဉ်သည် ထိုးထွက်လာတော့သည်။၎င်းက ၎င်း၏ပါးစပ်ကိုဟကာ မိုးကြိုးများစွာကို ထွေးထုတ်၏။
တုန်ဟီးသံက ကောင်းကင်ကိုပါ အရောင်ပြောင်းသွားစေသည်။ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏အသွင်အပြင်ပင် ပြောင်းလဲသွားကြ၏။သူတို့က အပြင်ဘက်တွင်သာ ရှီသော်လည်း မိုးကြိုးကန်အတွင်းရှိ မိုးကြိုးခွန်အား၏စွမ်းအားကို ခံစားမိရသည်။
ထိုဖိအားသည် စုစည်းလာကာ မိုးကြိုးစိတ်ဝိညာဉ် ထွေးထုတ်ချိန်၌ အထွတ်အထိပ်သို့ ရောက်လာတော့၏။ သည်တစ်ကြိမ်၌ ကျင့်ကြံသူ ဆယ့်နှစ်ယောက်တို့သည် သွေးအန်ထုတ်ကာ လွင့်စင်သွားရတော့၏။သူတို့မျက်လုံးထဲရှိ ကြောက်ရွှံ့မှုမှာ တုန်လှုပ်ဖွယ်အဆင့်သို့ပင် ရောက်နေတော့သည်။
ရှန်ကုန်းဟူက ခါးသက်စွာ ရုန်းကန်နေ၏။အတိတ်တုန်းက သူ့အကန့်အသတ်သည် အသက်ရှုချိန် ဆယ့်ငါးကြိမ် ဖြစ်၏။ခုချိန်၌ သူ့စိတ်ထဲ၌ ယုံကြည်မှုတစ်ခုကို ဆွဲကိုင်ထားသည့်အတွက် သူက ဆက်၍ တောင့်ခံထားနိုင်သေးသည်။
ကျန်ကုန်းလီက အသက်ဝဝရှုကာ အံတင်းတင်းကြိတ်၍ မိုးကြိုးဖိအားကို တောင့်ခံနေသည်။
လက်ခြောက်ချောင်းကျင့်ကြံသူနှင့် ခေါင်းကြီးကောင်လေးတို့သည်လည်း တူတူသာ ဖြစ်၏။သို့သော်လည်း သူတို့က သူတို့၏စွမ်းအားကုန် မသုံးစွဲရသေးသည်မှာ ထင်ရှားကာ အခြားလူများထက် ပို၍ သက်တောင့်သက်သာ ရှိနေ၏။သို့သော် သူတို့၏ သက်သောင့်သက်သာ ဖြစ်မှုက ဝမ်လင်းနှင့် ယှဉ်ပါက ဘာမှ မဟုတ်တော့ပါ။
ဝမ်လင်းက ထိုင်နေရင်း မိုးကြိုးများစွာက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ သူ့မူလစိတ်ဝိညာဉ်ကို အားဖြည့်ပေးနေ၏။သူအစောပိုင်းက ရရှိခဲ့သော ဒဏ်ရာများပင် အရှင်း ကောင်းမွန်လာခဲ့လေပြီ။
မိုးကြိုးစိတ်ဝိညာဉ်၏ ဟိန်းသံက မိုးကြိုးခွန်အား ပါဝင်နေကာ ဝမ်လင်း၏နားထဲသို့ တိုးဝင်လာ၏။ ၎င်းအသံ သူ့နားထဲသို့ တိုးဝင်လာသည့်အခါ ကလေးငယ်တစ်ယောက် သူ့ကို မာန်ဟိန်းနေသည်နှင့်ပင် တူနေသေး၏။ထိုခံစားချက်က ထူးဆန်းသော်လည်း သူက ထိုအတိုင်းအမှန်တကယ် ခံစားမိနေ၏။
ထိုကလေးငယ်သည် အခြားလူများ၏ အမြင်၌ အလွန်အမင်း စွမ်းအားကြီးမည် ဖြစ်သော်လည်း ဝမ်လင်းအမြင်တွင်မူ ကလေးသာသာပဲ ရှိသေး၏။
ဝမ်လင်းအသွင်က ပုံမှန်အတိုင်းသာ ရှိနေပြီး သူ့ပတ်လည်ရှိ အရာအားလုံးကို လစ်လျူရှုထား၏။သူက မျက်လုံးမှိတ်ကာ မိုးကြိုးများ စုပ်ယူခြင်းပေါ်တွင်သာ အာရုံစိုက်ထားသည်။ထိုအဖြစ်က မိုးကြိုးနဂါးမူလစိတ်ဝိညာဉ်ကို တဖြည်းဖြည်း ပို၍ သန်မာလာစေ၏။
ဗုံသံဆယ့်ငါးကြိမ် ပြီးသည့်နောက် မိုးကြိုးစိတ်ဝိညာဉ်ပေါ်ရှီ အတားအဆီးသည် ပြေလျော့သွားတော့၏။၎င်းက ဟိန်းသံပြုရင်း သည်ဧရိယာတွင် သိမ်းကြုံး လှုပ်ရှားကာ မိုးကြိုးလှိုင်းများကို ဖြစ်စေတော့၏။ကျင့်ကြံသူဆယ်ယောက်ကျော်က ယင်းမိုးကြိုးနှင့် ထိမှန်သည်။သူတို့၏ မျက်နှာက ဖြူရောသွားကာ လွင့်စင်သွားရတော့သည်။
မိုးကြိုးစိတ်ဝိညာဉ်က ဟိန်းသံပေးရင်း လှုပ်ရှားနေရင်း ပျော်ရွှင်နေသည့်ပုံပင်။သည်တစ်ကြိမ်၌ သူက ဝမ်လင်းပါဝင်သော အုပ်စုအပေါ်သို့ ဝှေ့ယမ်းလာ၏။
မိုးကြိုးစိတ်ဝိညာဉ် ခြုံလွှမ်းသွားသည့်အခိုက်၌ ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့်လာကာ မိုးကြိုးစိတ်ဝိညာဉ်ကို စူးစိုက်ကြည့်သည်။သူ့အကြည့်က အရွယ်ရောက်ပြီးသား လူတစ်ယောက်သည် ဆော့ကစားနေသည့်အပြစ်ကင်းစင်သည့် ကလေးငယ်တစ်ယောက်ကို ကြည့်နေသည့် အကြည့်မျိုးပင်။
***