အခန်း ၆၅
Vol. 7 Ch. 65
အခန်း (၆၅) ငါမသိဘူး
" နင့်ကို အမြဲ တွေ့ချင်နေခဲ့တာ "
ကျီချင်းလျို၏ ထိုစကားကြောင့် ဆူညံနေသော လူအုပ်ကြီးမှာ ချက်ချင်း တိတ်ဆိတ်သွားတော့သည်။ ထူးဆန်းသော စကားတစ်ခွန်းက လူများကြားတွင် တဖြည်းဖြည်း ပြန့်နှံ့သွားသည်။
'ဒီမိန်းမက ချူဟန်နဲ့ ဘယ်လို ပတ်သက်နေတာလဲ'
ချူဟန်သည် သူ၏ အင်္ကျီစကို အသေအလဲ ဆုပ်ကိုင်ထားသော လက်နှစ်ဖက်ကို ငုံ့ကြည့်လိုက်သည်။ သူမ ဆုပ်ကိုင်ထားသော နေရာမှာ သူ၏ တစ်ကိုယ်လုံးတွင် ဇွန်ဘီတို့၏ အညစ်အကြေးများ မပေကျံနေသော တစ်ခုတည်းသော နေရာဖြစ်သည်။ ထို့နောက် အကြည့်ကို ဖြည်းညင်းစွာ ပင့်တင်ကာ ရှေ့မှ မိန်းမကို စိုက်ကြည့်လိုက်သည်။ သူ၏ စိတ်ထဲတွင် ရေအိုင်တစ်ခုပမာ တည်ငြိမ်နေပြီး လှိုင်းဂယက်လေး တစ်ချက်ပင် ထနေခြင်း မရှိပေ။
ရုတ်တရက် အနောက်ဘက်ရှိ ကုန်တင်ကားဆီမှ ခြေသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ခေါင်မိုးပေါ်တွင် ရှိနေသော လူလေးဦး ခုန်ဆင်းလာခြင်း ဖြစ်သည်။ သူတို့၏ မျက်နှာပေါ်တွင် ပြောပြ၍မရနိုင်သော အမူအရာကိုယ်စီ ပေါ်လွင်နေကြသည်။
ချန်ရှောက်ရယ်မှာ ရယ်စရာကောင်းသော မျက်နှာကို ပို၍ရှုံ့မဲ့လိုက်ပြီး ကျီချင်းလျို၏ မည်းနက်ကာ အပုပ်နံ့ထွက်နေသော မျက်နှာကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။
'တောက်... ဒီမိန်းမက ဘာလဲဟ။ ဘောစ်က ဒီလောက်အထိ လူရွေးမညံ့လောက်ပါဘူး'
ပိုင်ယွန့်အာမှာ ထုံးစံအတိုင်း မည်သည့်အမူအရာမျှ မရှိပေ။ အေးစက်လှပသော ထိုမျက်နှာပေါ်တွင် သိမ်မွေ့သော သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းနေပြီး ပတ်ဝန်းကျင်မှ အံ့ဩတကြီး ကြည့်နေသော အကြည့်များကို လုံးဝ လျစ်လျူရှုထားသည်။ သူမ ကုန်တင်ကားနောက်ဖုံးကို မှီလျက် တစ်ကိုယ်တည်း ရပ်နေသည်။ ခေါင်းကို အနည်းငယ် စောင်းလိုက်သောအခါ ခါးအထိရှည်လျားသော ဆံကေသာနက်များက လေပြေအဝှေ့တွင် လွင့်လူးသွားသည်။ ထိုသွယ်လျသော ခန္ဓာကိုယ် ကောက်ကြောင်းနှင့် ပေါင်းစပ်လိုက်သောအခါ လူ့လောကပြင်ပမှ နတ်သမီးတစ်ပါးပမာ လှပလွန်းနေတော့သည်။
ရှန်ကျိုတီမှာ အောက်သို့ ခုန်ဆင်းလိုက်သည်နှင့် ချက်ချင်း လှည့်ကာ သူမဘာသာ မဆင်းနိုင်သော လူကောင်သေးသေးလေး လော့ရှောင်ရှောင်ကို ပွေ့ချီရန် လက်နှစ်ဖက်ကို ဆန့်တန်းပေးလိုက်သည်။ ဆွဲဆောင်မှုရှိသော သူမ၏ ကျောပြင်လေးမှာ ကြည့်ရုံဖြင့်ပင် အမျိုးသားများ၏ စိတ်ကူးယဉ်မှုများကို လှုံ့ဆော်ပေးနိုင်ရုံတင်မကဘဲ သူမ လှည့်ကြည့်လာသော မျက်နှာသွင်ပြင်လေးကလည်း အသက်ရှူမှားလောက်အောင် ဆွဲဆောင်မှုရှိလွန်းလှသည်။
ပြိုင်ဘက်ကင်း အလှတရားများကို ပိုင်ဆိုင်ထားသော မိန်းမပျိုနှစ်ဦး၏ ထွက်ပေါ်လာမှုကြောင့် ပတ်ဝန်းကျင်မှာ ပိုမို၍ ထူးခြားဆန်းကြယ်လာတော့သည်။ ပိုင်ယွန့်အာနှင့် ရှန်ကျိုတီတို့မှာ တကယ်ကို အံ့မခန်း လှပကြသည်။ ထို့ပြင် တစ်ဦးနှင့်တစ်ဦး လုံးဝကွဲပြားခြားနားသော ဆွဲဆောင်မှုများကို ပိုင်ဆိုင်ထားကြသည်။ ဤမိန်းမလှနှစ်ဦးကို တစ်ပြိုင်နက်တည်း အနားတွင် ခစားခိုင်းထားနိုင်ခြင်းမှာ ယောက်ျားတစ်ယောက်အနေဖြင့် ဒီထက် ပိုမိုလိုလားစရာ မရှိတော့ပေ။
ထိုအရာနှင့် ဆန့်ကျင်ဘက်အနေဖြင့် ချူဟန်၏ အင်္ကျီစကို ဆုပ်ကိုင်ထားသော ကျီချင်းလျို၏ အသွင်အပြင်မှာ ဤမျှပြင်းထန်သော နှိုင်းယှဉ်မှုရှေ့တွင် အလွန်ကြည့်ရဆိုးနေတော့သည်။
ကျီချင်းလျိုကိုယ်တိုင်လည်း ပိုင်ယွန့်အာနှင့် ရှန်ကျိုတီတို့၏ အသွင်အပြင်ကို မြင်သောအခါ သိသိသာသာ စကားများ ဆွံ့အသွားခဲ့သည်။ ရွှံ့များပေကျံနေသော သူမ၏ အဝတ်အစားများနှင့် အဘွားအိုတစ်ဦးပမာ ခြောက်သွေ့နေသော လက်များကို မျက်လုံးထောင့်မှ တစ်ချက် ကြည့်လိုက်မိသည်။ ပြင်းထန်သော နောင်တနှင့် မနာလိုမှုများက ရင်ထဲတွင် ကြီးထွားလာသည်ကို ခံစားလိုက်ရသည်။
ပိုင်ယွန့်အာနှင့် ရှန်ကျိုတီတို့ နှစ်ဦးစလုံး လက်ထဲတွင် သေနတ်ကိုယ်စီ ကိုင်ဆောင်ထားကြသည်။ သူမတို့၏ ဟန်ပန်မှာ သပ်ရပ်ပြီး ခန့်ညားတည်ကြည်လှသည်။
ထိုမိန်းမလှနှစ်ယောက်နှင့် ယှဉ်လိုက်လျှင် သူမက မည့်သည့်အစွမ်းအစမှ မရှိသူသာ ဖြစ်နေသည်။
ဘာအစွမ်းအစမှ မရှိတော့သည့်အပြင် တစ်ခုတည်းသော ဂုဏ်ယူစရာဖြစ်ခဲ့သည့် အလှတရားကိုပင် ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။
"ကိုကိုချူဟန်"
လူကြီးများ၏ ရှုပ်ထွေးသော ကိစ္စရပ်များကို နားမလည်သော လော့ရှောင်ရှောင်လေးက တတောက်တောက် ပြေးလာပြီး ချူဟန်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ၏ လက်တွင် ဇွန်ဘီတို့၏ အသားစများ ပေကျံနေသည်ကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။ မိန်းမငယ်လေးသည် မိသားစုဝင်ကို ကာကွယ်သည့်အလား ချစ်စရာကောင်းသော မျက်နှာလေးကို မှုန်ကုပ်ကုပ် ရှုံ့မဲ့လျက် မေးလိုက်သည်။
"ဒီအန်တီကြီးက ဘယ်သူလဲ"
ကျီချင်းလျိုသည် အားကိုးတကြီး အကြည့်များဖြင့် ချူဟန်ကို စိုက်ကြည့်လိုက်သည်။ ငွေကြေးပြဿနာကြောင့် နောက်ဆုံးတွင် လမ်းခွဲခဲ့ရသည် ဆိုသော်လည်း အနည်းဆုံးတော့ အတိတ်က ချစ်ခြင်းမေတ္တာများ ကျန်ရှိနေသင့်သေးသည် မဟုတ်လား။ ချူဟန်က သူမအပေါ် အဲဒီလောက်တောင် အလိုလိုက်ခဲ့တာပဲ။ သူမအတွက် အသေအလဲ အချိန်ပိုင်းအလုပ်တွေလုပ်ကာ သူနဲ့မတန်တဲ့ တန်ဖိုးကြီး လက်ကောက်လေးကိုတောင် လက်ဆောင်ပေးခဲ့သေးတာပဲ။
‘ ဟုတ်သားပဲ။ အဲဒီလက်ကောက် ဘယ်ရောက်သွားပါလိမ့်။ ချီးပဲ စိတ်တိုပြီး လွှင့်ပစ်လိုက်ခဲ့တာပဲ ’
ချူဟန်၏ နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာသည်။
သူက ဖြည်းညင်းစွာ လက်လှမ်းလိုက်ပြီး မိမိ၏ အင်္ကျီစကို ဆုပ်ကိုင်ထားသော ကျီချင်းလျို၏ လက်နှစ်ဖက်ကို အေးစက်စွာ ဖယ်ရှားပစ်လိုက်သည်။ ထို့နောက် လှောင်ပြောင်မှုအနည်းငယ် ပါဝင်နေသော အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
"ငါ မသိတဲ့ မိန်းမပါ"
"မသိတဲ့ မိန်းမလား"
လော့ရှောင်ရှောင်က အလျင်အမြန် ဝင်ပြောလိုက်သည်။ သူမက ကျီချင်းလျိုဘက်သို့ လှည့်ကာ တံတွေးထွေးသည့် ဟန်အမူအရာ လုပ်ပြလိုက်သည်။
"မသိဘဲနဲ့ ကိုကိုချူဟန်ကို လာမထိနဲ့လေ။ ကြိုပြောထားမယ်၊ ကိုကိုချူဟန်က ရှင်လိုလူမျိုးကို လှည့်တောင်ကြည့်မှာ မဟုတ်ဘူး"
ထိုသို့ပြောရင်း မိန်းမငယ်လေးသည် ပိုင်ယွန့်အာနှင့် ရှန်ကျိုတီတို့ဘက်သို့ တမင်တကာ လက်ညှိုးထိုးပြလိုက်သည်။ ထိုနေရာတွင် ယောကျ်ားသားများ၏ ဆန္ဒများကို ပုံဖော်ထားသည့်အလား လှပလွန်းလှသော ပိုင်ယွန့်အာနှင့် ရှန်ကျိုတီတို့ ရပ်နေကြလေသည်။
"တွေ့လား။ အဲဒီအစ်မနှစ်ယောက်က နောင်တစ်ချိန်ကျရင် သမီးရဲ့ မရီး တွေ ဖြစ်လာမှာ။ နင်က သူတို့ကို ယှဉ်နိုင်မယ် ထင်နေတာလား။ အိပ်မက်ထဲမှာ သွားယဉ်စမ်းပါ"
လော့ရှောင်ရှောင်၏ စကားများမှာ အမြဲတမ်း တိုက်ရိုက်ကျပြီး ကြမ်းတမ်းလှသည်။ ရှေ့တွင်ရှိနေသော ကျီချင်းလျို၏ ခံစားချက်ကို နည်းနည်းလေးမျှ ထည့်သွင်းစဉ်းစားခြင်း မရှိပေ။ ပြောပြီးသည်နှင့် သူမက ချူဟန်ကို မော့ကြည့်ကာ ချက်ချင်းပင် မျက်နှာတစ်ခုလုံး ပြုံးဖြီးသွားတော့သည်။
"ဟုတ်တယ်မလား၊ ကိုကိုချူဟန်"
ဘေးတွင်ရှိနေသော ရှန်ကျိုတီ၏ မျက်နှာမှာ ရုတ်တရက် နီရဲသွားတော့သည်။
'ဒီလော့ရှောင်ရှောင်... ဘာဖြစ်လို့ ဒီလောက် ရှက်စရာကောင်းတဲ့ စကားကို ပေါ်တင်ကြီး ပြောနေရတာလဲ'
ပိုင်ယွန့်အာမှာ မျက်နှာအမူအရာ တစ်ချက်မျှ မပြောင်းလဲပေ။ သူမက အခြားသူများ၏ စကားကို အစကတည်းက ဂရုမစိုက်တတ်သူဖြစ်ပြီး လောကီရေးရာ ကိစ္စရပ်များသည် သူမအတွက်တော့ အရေးမပါသော အရာများသာ ဖြစ်သည်။
လော့ရှောင်ရှောင်၏ သနားညှာတာမှုကင်းမဲ့သော လှောင်ပြောင်မှုများကြောင့် ကျီချင်းလျိုမှာ ယခုချက်ချင်း တွင်းတူးပြီး ဝင်ပုန်းချင်စိတ်ပေါက်သွားလောက်အောင် အရှက်ရသွားသည်။ ပြင်းထန်သော နောင်တတရားက သူမကို နှိပ်စက်နေသည်။ ဘာဖြစ်လို့များ အဲဒီတုန်းက ချူဟန်ပေးခဲ့တဲ့ လက်စွပ်ကို လွှင့်ပစ်ခဲ့မိတာလဲ။ အကယ်၍သာ ပြန်စခွင့်ရမယ်ဆိုရင် သူ့ဘေးနားမှာ အမြဲတမ်း နေခဲ့မှာပေါ့။ ဒါဆိုရင် အခုလောက်ဆို သူ့ဘေးနားမှာ ပြုံးနေတဲ့ အလှမယ်က ငါပဲဖြစ်နေရမှာ။ လှလှပပ ဝတ်စားရမယ်၊ သန့်ရှင်းတဲ့ အစားအစာတွေ စားရမယ်၊ ဇွန်ဘီတွေကို ကြောက်လန့်နေစရာလည်း မလိုသလို ငတ်မွတ်မှုဒဏ်ကိုလည်း ခံစားရမှာ မဟုတ်ဘူးလေ။
ပတ်ဝန်းကျင်မှ လှောင်ပြောင်မှုများနှင့် မထီမဲ့မြင် အကြည့်များက ကျီချင်းလျိုကို ပို၍ ဆိုးသွားစေသည်။ မရေမတွက်နိုင်သော ဓားသွားများဖြင့် နှလုံးသားကို အမွှမ်းခံရသကဲ့သို့ နာကျင်လှသည်။
'ကျက်သရေမရှိလိုက်တာ။ ဒီချူဟန်ဆိုတဲ့ကောင်၊ အရင်တုန်းက ငါ့အပေါ် အလိုလိုက်ခဲ့တာတွေ အားလုံးက အလကားပဲလား။ ဒါမှမဟုတ်ရင် ဘယ်လိုလုပ်ပြီး မပတ်သက်ခဲ့တဲ့မိန်းမ လို့ ဒီလိုအေးစက်တဲ့ စကားမျိုးကို ထွက်ရက်ရတာလဲ။ ငါ ဒီလောက်တောင် သနားစရာကောင်းနေတာကို နည်းနည်းလေးတောင် သနားစိတ် မပေါ်ဘူးလား'
လူအုပ်ထဲတွင် အတူတူရှိနေသော တွမ်းမင်လည်း မျက်နှာပျက်နေရှာသည်။ မနာလိုမှုနှင့် အရှက်ရမှုတို့ကြောင့် နဂိုကတည်းက ရွှံ့တွေပေနေသော မျက်နှာမှာ ပို၍ပင် အရုပ်ဆိုးသွားတော့သည်။ သူ၏ အကြည့်များက ရှန်ကျိုတီနှင့် ပိုင်ယွန့်အာတို့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသည်။
'ဘာဖြစ်လို့ ဟိုငမွဲကောင် ချူဟန်ဆီကို ဒီလို မိန်းမလှလေးတွေ စုဝေးနေရတာလဲ။ ဟိုကောင်က ပိုက်ဆံမှ မရှိတာ။ ယွမ်ငါးထောင်တန် လက်ကောက်လေးတစ်ကွင်း ဝယ်ဖို့တောင် အတော်လေး ရုန်းကန်ရတဲ့ အောက်ခြေသိမ်း အမှိုက်ကောင် မဟုတ်ဘူးလား'
'အခုကျမှ ဘာဖြစ်လို့ သူက ဒီလောက်တောင် လက်ဖွာနေပြီး မိန်းမလှလေးတွေကိုပါ ဘေးမှာ ခစားခိုင်းထားနိုင်ရတာလဲ။ ဒါနဲ့ယှဉ်ရင် သူဌေးသားဖြစ်တဲ့ ငါကျတော့ ဘာဖြစ်လို့ ဘာလို့ ဒီလောက်အထိ စုတ်ပြတ်သတ်တဲ့ အခြေအနေကို ရောက်သွားရတာလဲ။ အဆိုးဆုံးက ငါ့ရဲ့ ချစ်သူဖြစ်ခဲ့တဲ့ ကျီချင်းလျိုကတောင် အဲ့ကောင့်ဆီ ပြန်သွားဖို့ ကြိုးစားနေရတာလဲ'
ချူဟန်ကို ဝိုင်းရံထားသော တက္ကသိုလ်ကျောင်းသားများအားလုံး စိုးရိမ်တကြီးဖြင့် ချွေးများ ပြန်နေကြသည်။
ချူဟန်၊ ကျီချင်းလျိုနှင့် တွမ်းမင် သုံးယောက်ကြားတွင် ဘာတွေဖြစ်ခဲ့သည်ကို သူတို့အားလုံး သိထားကြသည်။
ထို့ပြင် ယခုအချိန်တွင် အခြေအနေများမှာ လုံးဝ ပြောင်းပြန်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ချူဟန်၏ အေးစက်လှသော အမူအရာကို မြင်လိုက်ရသဖြင့် သူတို့မှာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာကြသည်။ ချူဟန်က သူတို့ကို ကူညီပေးပါ့မလား။ ဒါမှမဟုတ် ကျီချင်းလျိုကို ဆက်ဆံသကဲ့သို့ လုံးဝ လျစ်လျူရှုထားမည်လား။
အတန်းခေါင်းဆောင် တင်းရွယ် သည် လူအုပ်ကြီး၏ နောက်ဆုံးတွင် ရပ်နေသည်။ သူမကိုယ်တိုင်လည်း သက်သောင့်သက်သာ ဘဝကို ဖြတ်သန်းခဲ့ရသည် မဟုတ်သော်လည်း ကျီချင်းလျိုကဲ့သို့ စားနပ်ရိက္ခာအတွက် ရူးသွပ်မတတ် ဖြစ်ရသည်အထိ အောက်တန်းမကျခဲ့ပေ။ သူမက မူလကတည်းက စိတ်ဓာတ်ခိုင်မာသော မိန်းကလေးတစ်ဦးဖြစ်သည်။
သို့သော် ရှေ့မှမြင်ကွင်းကို ကြည့်ပြီး သူမ၏ စိတ်ထဲတွင်လည်း အကြောက်တရားများ ပေါက်ဖွားလာခဲ့သည်။ ရှေ့ထွက်ရန် သတ္တိမရှိပေ။ ချူဟန်ကို စကားလှမ်းမပြောရဲပေ။
ယခုလက်ရှိ ချူဟန်သည် ဘာသာရပ်တိုင်း ကျရှုံးကာ စာမေးပွဲပင် လာမဖြေခဲ့သော ယခင်က ပြဿနာကောင်လေး မဟုတ်တော့ပေ။
ယခုအချိန်တွင် သူသည် အလွန်ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ လူတိုင်း၏ အကြည့်များကို တစ်ကိုယ်တည်း သိမ်းပိုက်ထားပြီး ဘေးတွင်လည်း လှပသော မိန်းမလှများနှင့် သစ္စာစောင့်သိသော အစွမ်းထက်သည့် အပေါင်းအပါများ ရှိနေသည်။
သူတို့နှင့်ယှဉ်လျှင် အတန်းခေါင်းဆောင် ဟူသော ခေါင်းစဉ်မှာ မည်သည့် အဓိပ္ပာယ်မျှ မရှိတော့ချေ။
ချူဟန်သည် တစ်စုံတစ်ခုကို သတိပြုမိသွားသည့်အလား ရုတ်တရက် အကြည့်ကို ပင့်တင်လိုက်သည်။ သူ၏ အကြည့်က အနောက်ဆုံးတွင် မှင်သက်စွာ ရပ်နေသော အတန်းခေါင်းဆောင် တင်းရွယ်ထံ့သို့ ကျရောက်သွားတော့သည်။
သူက ဖြည်းညင်းစွာ ခြေလှမ်းလိုက်သောအခါ ရှေ့တွင်ရှိနေသော လူများမှာ အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြသည်။ ချူဟန်က တစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းလာကာ တင်းရွယ်၏ ရှေ့တည့်တည့်တွင် ရပ်တန့်လိုက်သည်။
ရွှံ့များပေကျံနေသော သူမ၏ အသွင်အပြင်ကို အထက်မှအောက်သို့ စေ့စေ့စပ်စပ် ကြည့်လိုက်ပြီးနောက်... သူက ရုတ်တရက် သွားဖြူဖြူလေးများ ပေါ်လာသည်အထိ ပြုံးပြလိုက်သည်။
"အတန်းခေါင်းဆောင်... ပင်ပန်းသွားပြီနော်"
ထို စကားတစ်ခွန်းတည်းဖြင့်ပင်။
တင်းရွယ်၏ မျက်လုံးများထဲမှ မထိန်းချုပ်နိုင်သော မျက်ရည်ပေါက်ကြီးများ တသွင်သွင် စီးကျလာတော့သည်။ သူမက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ချူဟန်၏ ခါးကို တင်းကျပ်စွာ ဖက်တွယ်လိုက်သည်။
ကျီချင်းလျိုကဲ့သို့ ချူဟန်၏ အင်္ကျီတွင် ကပ်ညိနေသော အသားပုပ်များနှင့် သွေးမည်းများကို ရှောင်ရှားရန် မကြိုးစားခဲ့ပေ။ ထိုအညစ်အကြေးများမှာ ယခုလက်ရှိ သူမအတွက် အရေးမပါတော့ချေ။
ဘေးပတ်ဝန်းကျင်မှ အံ့အားသင့်နေသော အကြည့်များကို ဂရုမစိုက်ဘဲ ချူဟန်၏ ရင်ခွင်ထဲသို့ မျက်နှာအပ်ကာ ကလေးတစ်ယောက်ပမာ အသံထွက်၍ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။