အခန်း ၆၆
Vol. 7 Ch. 66
အပိုင်း (၆၆) အမြဲတမ်း တွေ့ချင်နေခဲ့တာ
ကျောင်းသားအများအပြားကို ဦးဆောင်ကာ ဤနေရာအထိ ထွက်ပြေးလာခဲ့ရစဉ် တစ်လျှောက်လုံး သူမ၏ စိတ်များကို အမြဲတမ်း တင်းမာထားခဲ့ရသည်။ တစ်နေ့နေ့တွင် မိမိကိုယ်တိုင် တောင့်မခံနိုင်ဘဲ ပြိုလဲသွားမည်ကို ရင်ထဲ၌ အမြဲကြောက်ရွံ့နေခဲ့သည်။
အတန်းခေါင်းဆောင် ဟူသော ဂုဏ်ပုဒ်မှာ ကြီးမားသော ကျောက်တုံးကြီးတစ်ခုပမာ သူမ၏ ပခုံးထက်ပေါ်တွင် ဖိစီးနေပြီး အသက်ရန်ပင် မွန်းကျပ်လှသည်။
သို့သော် ချူဟန်က တည့်တည့်မတ်မတ် လျှောက်လာကာ ပင်ပန်းသွားပြီနော် ဟု တိတ်ဆိတ်စွာ နှစ်သိမ့်ပေးခဲ့သည်။ ထိုစကားလေးက များပြားလှသော စားနပ်ရိက္ခာများကို ပေးအပ်လိုက်ခြင်းထက် သူမ၏ ရင်ကို ပိုမို ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။
သူမ ထမ်းထားရသော ဖိအားများနှင့် အခက်အနေများကို သူက နားလည်ပေးခဲ့သည်။ ထိုအချက်က တင်းရွယ်ကို နောက်ဆုံးတွင် အားကိုးရာနေရာ တစ်ခု ရှာတွေ့သွားပြီဟူသော လုံခြုံမှုကို ပေးစွမ်းနိုင်ခဲ့သည်။ အားလုံးထက် ပို၍ဝမ်းသာစရာကောင်းသည်မှာ ဤမျှလောက် ကြီးမားသော စွမ်းအားနှင့် ဩဇာအာဏာကို ပိုင်ဆိုင်ထားသော ချူဟန်က သူမကို ဤနေရာတွင် လျစ်လျူရှုခြင်း၊ အေးစက်စွာ တွန်းဖယ်ခြင်းများ မလုပ်ခဲ့ခြင်းပင် ဖြစ်သည်။
သူမသည် အသံထွက်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။ စီးကျလာသော မျက်ရည်များကို ရပ်တန့်နိုင်စွမ်း မရှိတော့ပေ။
သူမ၏ တုန်ရီနေသော ခန္ဓာကိုယ်ကို ခံစားမိလိုက်သောအခါ ချူဟန်သည် တစ်ခဏမျှ တွေဝေသွားသော်လည်း ချက်ချင်းပင် နူးညံ့စွာ ပြုံးလိုက်ပြီး ပိန်ပါးသော ကျောပြင်လေးကို ပုတ်ကာ ချော့လိုက်သည်။
သူ၏ ရင်ထဲတွင် အလွန်လွမ်းဆွတ်ဖွယ်ကောင်းပြီး နွေးထွေးသော ခံစားချက်တစ်ခု ပေါ်ထွက်လာသည်။
ဆယ်နှစ်... ယခင်ဘဝကိုပါ ထည့်တွက်မည်ဆိုလျှင် သူသည် တင်းရွယ်ကို မတွေ့ရသည်မှာ ဆယ်နှစ်ပင် ရှိခဲ့ပြီ ဖြစ်သည်။
'ဩော်... သူမလည်း ထုံမြို့ကို ထွက်ပြေးလာတဲ့ ဒီအဖွဲ့ထဲမှာ ပါနေခဲ့တာကိုး။ ဒါကြောင့်မလို့ အရင်ဘဝတုန်းက သူမနဲ့ တစ်ခါမှ မဆုံခဲ့ရတာပေါ့'
သိကျွမ်းဖူးသူများဖြစ်သည်။ တက္ကသိုလ် အတန်းဖော်ဖြစ်သည်။ သူတို့အားလုံး အသက်ရှင်နေကြဆဲ ဖြစ်သည်။
ထိုမြင်ကွင်းကို ကြည့်ပြီး မင်ချိုးတက္ကသိုလ်ကျောင်းသားများမှာလည်း မျက်ရည်ဝဲလာကြသည်။ တစ်ချိန်တည်းမှာပင် ကျီချင်းလျိုနှင့် တွမ်းမင်တို့အပေါ် ရွံရှာမုန်းတီးမှုများလည်း ပိုမိုပြင်းထန်လာကြသည်။
ထိုနှစ်ဦးမှာ ထွက်ပြေးလာစဉ် တစ်လျှောက်လုံး ပြဿနာမျိုးစုံကို အမြဲရှာခဲ့ကြသည်။ စားနပ်ရိက္ခာကို အများဆုံး တောင်းဆိုလေ့ရှိသော်လည်း အလုပ်ကိုတော့ အနည်းဆုံးသာ လုပ်ကြသည်။ အန္တရာယ်ကြုံလာလျှင် မည်သူ့ထက်မဆို အမြန်ဆုံး ထွက်ပြေးတတ်ကြသည်။
ယင်းနှင့် နှိုင်းယှဉ်လျှင် ချူဟန်ကကော မည်သို့ရှိသနည်း။
ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် ဇွန်ဘီအမြောက်အမြားကို သတ်ဖြတ်နိုင်ခဲ့ရုံသာမက ဤစခန်း၏ ခေါင်းဆောင်ကပင် အထင်ကြီးလေးစားရသော ဆက်ဆံရေးမျိုး ရှိနေသည် မဟုတ်လား။
"အာ..."
လော့ရှောင်ရှောင်က တမင်သက်သက် အော်ဟစ်လိုက်ပြီး ထူးဆန်းသော မျက်နှာထားဖြင့် ရှန်ကျိုတီ၏ ခါးကို လက်ညှိုးဖြင့် တို့လိုက်သည်။
"နင့်ယောက်ျားက တခြားမိန်းမကို ဖက်ထားတာတောင် နင်က ဒေါသမထွက်ဘူးလား"
"လော့ရှောင်ရှောင်"
ရှန်ကျိုတီက အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။ ယခုချက်ချင်းပင် ဤပါးစပ်သရမ်းသော ကလေးမလေးကို တံတားအောက်သို့ ပစ်ချလိုက်ချင်စိတ်များ ပေါက်လာတော့သည်။
ထိုသို့ ပြောလိုက်သော်လည်း ရှန်ကျိုတီမှာ ချူဟန်ရှိရာသို့ ခိုးကြည့်လိုက်ပြီး စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။
ဒီလောက်ကြာကြာ ဖက်ထားတာတောင်...မဝသေးဘူးလား'
တင်းရွယ်လည်း ပတ်ဝန်းကျင်၏ အခြေအနေကို ရိပ်မိသွားပုံရကာ အလျင်အမြန်ပင် ချူဟန်နှင့် ကိုယ်ကို ခွာလိုက်သည်။ မျက်နှာတစ်ခုလုံး နီရဲသွားကာ မျက်ရည်များကို သုတ်လိုက်သော်လည်း နှလုံးခုန်သံများမှာ မြန်ဆန်နေဆဲ ဖြစ်သည်။
'သွားပါပြီ... ချူဟန်နဲ့ ပြန်တွေ့ရလို့ အရမ်းဝမ်းသာသွားပြီး စိတ်လွတ်ကိုယ်လွတ် ဖက်မိသွားတာ... နည်းနည်းများ လွန်သွားပြီလား'
"ကဲ...အားလုံးပဲ"
ချန်ရှန်ကော်က အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။
"အန္တရာယ်ကင်းသွားပြီ။ စခန်းကို ပြန်ပြီး အောင်ပွဲခံကြမယ်"
ကားဆယ်စီးကျော်သည် နောက်ကြောင်းပြန်လှည့်ကာ တံတားပေါ်မှ ဖြည်းညင်းစွာ ထွက်ခွာသွားကြသည်။ လာစဉ်က တင်းမာနေသော အခြေနေနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်ကာ အပြန်လမ်းတွင် လူတိုင်း၏ မျက်နှာထက်တွင် စိတ်အေးလက်အေးဖြစ်ကာ ပေါ့ပါးရွှင်လန်းနေကြသည်။ ဤမျှလောက် များပြားလှသော ဇွန်ဘီများကို ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ရာ လာမည့် ရက်အနည်းနေ့အတွင်း သတိထားနေစရာ လိုတော့မည် မဟုတ်ပေ။
အဖြူရောင် ကုန်တင်ကားနောက်ခန်းတွင် ထိုင်နေသော ချူဟန်သည် ဖြတ်သန်းသွားသော မြင်ကွင်းများကို ငေးကြည့်နေသည်။ သူ၏ အကြည့်များမှာ အဝေးတစ်နေရာသို့ ရောက်ရှိနေသည်။ တံတားတစ်ဖက်ကမ်းရှိ မြို့ကြီးမှာ မည်သည့်အရာမျှ မဖြစ်ပွားခဲ့သကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေပြီး သာယာလှပနေသည်။
သို့သော် အစစ်အမှန် ဇွန်ဘီလှိုင်းလုံးကြီးက မကြာမီ ရောက်ရှိလာတော့မည်ကို သူ ကောင်းကောင်း သိနေခဲ့သည်။
ရှန်းကော်စခန်း။
ဤနေရာမှာ မူလက သန့်ရှင်းသပ်ရပ်နေသော သာမန် ကွန်ဒိုတိုက်ခန်းတစ်ခု ဖြစ်သည်။
ထိုအထဲတွင် ဒုခေါင်းဆောင်ချန်ဇီဟောင်က ပရိဘောဂအစုံအလင်ရှိသည့် အကောင်းဆုံး သီးသန့်အခန်းကြီးတွင် နေထိုင်သည်။ ခုတင်နှင့် ဆိုဖာကဲ့သို့သော အခြေခံပစ္စည်းများသာမက သန့်ရှင်းသော အိပ်ရာခင်းများနှင့် အဝတ်အစားများပါ ရှိနေသည်။
ယခုအချိန်တွင် သူသည် ဆိုဖာပေါ်၌ မှီထိုင်နေပြီး ရေခဲရေစိမ်ထားသော မျက်နှာသုတ်ပုဝါကို ပါးပြင်ပေါ်တွင် ကပ်ထားသည်။ ချန်ရှန်ကော်၏ ရိုက်နှက်မှုကို ခံထားရသော မျက်နှာတစ်ခြမ်းမှာ မီးလောင်ထားသည့်အလား စပ်ဖျင်းဖျင်း နာကျင်နေသည်။ သူသည် စိတ်တိုတိုဖြင့် ဆေးလိပ်ကို ဖွာရှိုက်လိုက်ပြီး တိုးညင်းသောအသံဖြင့် အဆက်မပြတ် ဆဲရေးတိုင်းထွာနေတော့သည်။
ထိုစဉ် သူ၏ ခေါင်းထဲတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု ပေါ်လာသည်။
'အစ်ကိုကြီး ဒီအတိုင်း သေသွားရင် ကောင်းမှာပဲ။ ဘယ်တော့မှ ပြန်မလာရင် ပိုကောင်းတယ်'
သို့သော် တစ်ဖက်တွင်လည်း ချန်ရှန်ကော် မရှိတော့ပါက ရိက္ခာပြဿနာကို မဖြေရှင်းနိုင်တော့မည်ကို စိုးရိမ်မိပြန်သည်။ ခေါင်းဆောင်ချန်ရှန်ကော်သည် နေ့စဉ် အပြင်ထွက်ကာ ပစ္စည်းများ သွားရောက်စုဆောင်းလေ့ရှိသည်။ စားနပ်ရိက္ခာဖြစ်စေ၊ နေ့စဉ်သုံးပစ္စည်းဖြစ်စေ သူက ကုန်တင်ကားအပြည့် သယ်ဆောင်လာပေးသောကြောင့်သာ မိမိအနေဖြင့် ကပ်ဘေးမတိုင်မီကကဲ့သို့ ဇိမ်ကျကျ နေထိုင်နိုင်ခြင်း ဖြစ်သည်။
'ဒါဆို ငါကပဲ အစ်ကိုကြီးနေရာကို လုယူလိုက်ရင်ကော ဘယ်လိုလဲ'
ထိုအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိန်းချုပ်၍မရသော တပ်မက်မှုအဖြစ် ပြောင်းလဲသွားကာ ချန်ဇီဟောင်၏ တစ်ကိုယ်လုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ရီသွားတော့သည်။
ဟုတ်တယ်။ ငါက အစ်ကိုကြီးနေရာကို အစားထိုးမယ်။ ငါက ဒီနေရာရဲ့ ခေါင်းဆောင် ဖြစ်ရမယ်။
အစ်ကိုကြီးက အပြင်ထွက်ပြီး ပစ္စည်းရှာရတာ၊ လူတွေကို ကယ်ရတာ ကြိုက်တယ်မလား။ ဒါဆိုလည်း တစ်သက်လုံး အဲဒီအလုပ်ပဲ လုပ်ခိုင်းထားလိုက်မယ်။ စခန်းမှာ လူများလေ ပိုကောင်းလေပဲ။ လုပ်အားတွေ များလာရင် ငါ ဘာမှလုပ်စရာမလိုဘဲ အပေါ်စီးကနေ စံစားနေလိုက်ရုံပဲ။
စခန်းသူစခန်းသားများ၏ နေထိုင်ရေးနှင့် စားနပ်ရိက္ခာ ပြဿနာများမှာ ချန်ဇီဟောင်၏ ခေါင်းထဲတွင် နည်းနည်းလေးမျှ မရှိပေ။ သူတစ်ပါး၏ အသက်အတွက် တာဝန်ယူပေးလိုစိတ်လည်း မရှိချေ။ သူ အလိုချင်ဆုံးမှာ ဩဇာအာဏာ နှင့် ရာထူး သာ ဖြစ်သည်။
သူသည် အကြင်နာကင်းမဲ့သော အကြည့်များဖြင့် ရှေ့ရှိ ဓာတ်ပုံဘောင်ကို စိုက်ကြည့်လိုက်သည်။ ထိုဓာတ်ပုံထဲတွင် သူနှင့် ချန်ရှန်ကော်တို့ နှစ်ဦးတွဲ ရိုက်ထားသော ပုံလေး ရှိနေသည်။ ရယ်မောနေသော အစ်ကိုဖြစ်သူက သူ၏ ခေါင်းပေါ်သို့ လက်တစ်ဖက်ကို တင်ထားသော ပုံလေးဖြစ်သည်။
ခွမ်း…
ချန်ဇီဟောင်က ဓာတ်ပုံဘောင်ကို အားကုန်လွှဲရိုက်လိုက်သည်။
'ခွေးကောင် အစစအရာရာ ငါ့ကို အထင်သေးနေတာပဲ'
"ဒုတိယခေါင်းဆောင် ဒုတိယခေါင်းဆောင်"
ရုတ်တရက် လက်အောက်ငယ်သားတစ်ဦး အလျင်စလို ပြေးဝင်လာသည်။ သူ၏ အသံတွင် ဝမ်းမြောက်မှုများ ပြည့်နှက်နေသည်။
"အစ်ကိုကြီးတို့ ပြန်ရောက်လာပြီ"
"ပြန်ရောက်လာပြီ ဟုတ်လား"
အရမ်းမြန်လွန်းနေသည်။ ချန်ဇီဟောင်မှာ အနည်းငယ် အံ့ဩသွားပြီး ချက်ချင်း မေးလိုက်သည်။
"ဒါနဲ့ လူဘယ်နှယောက် သေလဲ။ ဒဏ်ရာရတဲ့လူ ဘယ်လောက်ရှိလဲ။ အစ်ကိုကြီးရော လက်တွေခြေတွေ ပြတ်သွားသေးလား"
"ဗျာ"
သတင်းလာပို့သော အမျိုးသားမှာ ကြောင်အမ်းသွားပြီး အူကြောင်ကြောင် မျက်နှာဖြင့် ခေါင်းခါပြလိုက်သည်။
"မဟုတ်ဘူး... သေဆုံးဒဏ်ရာရတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ ဘယ်သူမှ ဒဏ်ရာ အသေးအမွှားလေးတောင် မရခဲ့ဘူးဗျ"
"ဘာ...ဒဏ်ရာရသူ တစ်ယောက်မှ မရှိဘူး ဟုတ်လား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ချန်ဇီဟောင်က ခေါင်းကို ဆတ်ခနဲ မော့လိုက်သည်။ သူ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ပေါ်လွင်နေသော်လည်း ဝမ်းသာသည့် အရိပ်အယောင် မြူတစ်မှုန်စာမျှ မရှိပေ။ ပြင်းထန်သော မကျေနပ်မှုနှင့် စိတ်ပျက်မှုများသာ ရှိနေသည်။
"ဟုတ်တယ်ဗျ၊ တကယ်ပြောတာပါ။ မြန်မြန် သွားကြိုရအောင်"
ချန်ဇီဟောင်၏ ပုံမှန်မဟုတ်သော တုံ့ပြန်မှုကို သတိမပြုမိသော တပည့်ဖြစ်သူက ဆက်လက်ပြောဆိုလေသည်။
"ကြားရသလောက်တော့ တကယ့်ကို အံ့မခန်း စစ်ပွဲရလဒ်ကို ရခဲ့တာတဲ့။ လူသစ်တွေလည်း ပါလာသေးတယ်တဲ့။ ဒီည အောင်ပွဲခံကြမယ်တဲ့ဗျ""
'အောင်ပွဲခံမယ် ဟုတ်လား။ စားနပ်ရိက္ခာသွားမရှာဘဲနဲ့တောင် အောင်ပွဲခံဖို့ အချိန်ရနေသေးတယ်ပေါ့လေ'
"သွားမယ်"
ချန်ဇီဟောင်သည် ပူထူနေသော ပါးပြင်ကို ကိုင်လျက် မတ်တတ်ရပ်လိုက်ပြီး အပြင်ဘက်သို့ စိုက်ကြည့်လိုက်သည်။
' ဘယ်ကောင်တွေကြောင့်များ အောင်ပွဲခံတာလဲဆိုတာ သွားကြည့်ရသေးတာပေါ့'
ရှန်းကော်စခန်းမှ စခန်းသူစခန်းသားများသည် အဆောက်အအုံ၏ မြေညီထပ် တစ်ခုလုံးကို ရှင်းလင်းကာ ဧရာမ စားသောက်ဆောင်ကြီးအဖြစ် အသုံးပြုနေကြသည်။
စခန်းသူစခန်းသားများမှာ နေ့စဉ် ဤနေရာသို့ လာရောက်ကာ စားနပ်ရိက္ခာ ခွဲတမ်းများကို ထုတ်ယူကြသည်။ ယခုအခါ ထမင်းစားခန်းထဲတွင် လူများဖြင့် ပြည့်လျှံနေသည်။ လူတိုင်းက စိတ်လှုပ်ရှားနေသော အမူအရာများဖြင့် စားပွဲတွင် နေရာယူထားကြပြီး ဟိုမှဒီမှ စကားပြောသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။
"ဒီနေ့ ညစာ ခွဲတမ်းပိုရမယ်ဆိုတာ တကယ်လား"
"အေးလေ...ဒီနေ့ တကယ့်ကို အထူးအစီအစဉ်လို့ ကြားတယ်။ စောစောက မီးဖိုချောင်ထဲ ခိုးကြည့်လိုက်တာ ဝက်နံရိုးကြီးတွေ တွေ့ခဲ့တယ်ကွ"
"ကြားရသလောက်တော့ တော်တော်အစွမ်းထက်တဲ့လူတွေ ရောက်လာတယ်လို့ပြောတာပဲ"
"ဘယ်လောက်တောင် အစွမ်းထက်လို့လဲ။ ခေါင်းဆောင်က ငါတို့အားလုံးကို ဟင်းကောင်းတွေ ကျွေးရလောက်တဲ့အထိ"
"ငါ သိတယ်ကွ"
အမျိုးသားတစ်ဦး မတ်တတ်ရပ်လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
"အဲဒီ လူသစ်အဖွဲ့က ဇွန်ဘီကောင်ရေ ငါးရာကျော်ကို အကုန်သတ်ပစ်ခဲ့တာကွ။ ဒါတင်မကသေးဘူး...ခေါင်းဆောင် ယဲ့ချန်နဲ့ ယွဲ့ဇီတို့ရဲ့ အသက်ကိုပါ ကယ်ခဲ့တာတဲ့"
"တကယ်ကြီးလား။ သူတို့အဖွဲ့မှာ လူဘယ်နှယောက်များ ရှိလို့လဲ။ စစ်တပ်က တပ်စုတစ်စုစာလောက်များ ရှိနေတာလား"
ဘေးပတ်ဝန်းကျင်မှ လူများက စိတ်ဝင်တစားဖြင့် ဝိုင်းအုံလာကြသည်။
"ပေါက်ကရတွေ လူငါးယောက်တည်းပါကွ"
"ဘာ... မဖြစ်နိုင်တာတွေ လာမပြောနဲ့။ နောက်နေတာလား လူငါးယောက်တည်းနဲ့ ဒီလောက်များတဲ့ ဇွန်ဘီတွေကို သတ်နိုင်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"တကယ်ပြောတာ။ ငါ ကိုယ်တိုင် မျက်စိနဲ့တပ်အပ် မြင်ခဲ့ရတာကွ"
အမျိုးသားက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"ဒီနေ့မွန်းလွဲပိုင်းက ခေါင်းဆောင်နဲ့အတူ လူသွားကယ်တော့ ဇွန်ဘီဆိုလို့ တစ်ကောင်မှတောင် မကျန်တော့ဘူး။ တံတားပေါ်မှာ အလောင်းတွေက တောင်လိုပုံနေတာ။ အခုထိတောင် ရှင်းလို့ မပြီးလောက်သေးဘူး"
"မြန်မြန်ပြောစမ်းပါ။ အဲဒီငါးယောက်က ဘယ်လိုလုပ် သတ်လိုက်တာလဲ။ ရော့ကတ်လောင်ချာတွေများ ပါလာလို့လား"
"ရော့ကတ်လောင်ချာတွေ ဘာတွေ မပါပါဘူးကွာ။ ပါတာဆိုလို့ သေနတ်လေးလက်ပဲ ရှိတာ... အံ့ဩစရာကောင်းတာက အဲဒါမဟုတ်ဘူးဟ...ဇွန်ဘီ အများစုကို လူတစ်ယောက်တည်းက ပုဆိန် နဲ့ ခုတ်သတ်ခဲ့တာကွ။ သေနတ်တောင်မသုံးဘဲ ပုဆိန်တစ်လက်တည်းနဲ့ ရာနဲ့ချီတဲ့ ဇွန်ဘီတွေကိုခုတ်သတ်နေတာ"
ထိုမြင်ကွင်းကို ပြန်တွေးမိပြီး အမျိုးသား၏ မျက်နှာပေါ်တွင် နက်ရှိုင်းသော ကိုးကွယ်ယုံကြည်မှုများ ပေါ်လွင်လာသည်။ ချူဟန်အနောက်ဘက်တွင် စုပုံနေသော အလောင်းပုံကြီးမှာ လူတိုင်း၏ နှလုံးသားကို တုန်လှုပ်ချောက်ချားမှုများ ပေးစွမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
"လိမ်မနေစမ်းပါနဲ့ကွာ။ အပိုတေပြောမနေနဲ့’’
သို့သော် ပတ်ဝန်းကျင်ရှိ မည်သူကမျှ ယုံကြည်ခြင်း မရှိကြပေ။
"ဘယ်ကောင် ပုဆိန်တစ်လက်တည်းနဲ့ ဇွန်ဘီတွေကို ခုတ်သတ်ခဲ့တာလဲ"
ရုတ်တရက် ချန်ဇီဟောင်၏ အေးစက်လှသော အသံကြီးက စားသောက်ဆောင် တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားတော့သည်။