← Chapters

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁

Vol. 8 Ch. 71

အခန်း (၇၁) နားလည်မှုလွဲခြင်း

စားပွဲပေါ်၌ စာရင်းတစ်ခုကို ချထားလိုက်သည်။ ထိုစာရွက်ပေါ်တွင် စာသားများ အပြည့်ရေးသားထားသည်။

"ဒီပစ္စည်းတွေ အကုန်လိုတယ်"

ချူဟန်၏ အသံမှာ အလွန်တည်ငြိမ်နေပြီး စူပါမားကတ်မှ စျေးဝယ်စာရင်းကို ပေးလိုက်သည့်အလား ပေါ့ပါးနေသည်။

"ခင်ဗျားတို့က နေ့တိုင်း ပစ္စည်းရှာထွက်နေကြတာပဲ။ ဘယ်မှာရမလဲဆိုတာ သိမှာပေါ့"

ချန်ရှန်ကော်တို့ သုံးဦး၏ အကြည့်များက စာရွက်ပေါ်သို့ ကျရောက်သွားသည်။ ပြည့်နှက်နေသော ပစ္စည်းအမည်များနှင့် အရေအတွက်ကို မြင်လိုက်ရသည့်အခါ သူတို့ခေါင်းနားပန်းကြီးသွားကာ တစ်ကိုယ်လုံးမှ အင်အားများ ဆုတ်ယုတ်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

"နှစ်ရက်တည်းနဲ့လေ... ဒီလောက်အများကြီးကို ရှာရမှာလား"

ယွဲ့ဇီက အော်ဟစ်လိုက်သည်။ သူ၏ ခြေနှစ်ဖက်လုံး ရုတ်တရက် အားပျော့ခွေကျသွားမတတ် ခံစားလိုက်ရ၏။

"ပစ္စည်းများတာက ပြဿနာမရှိပါဘူး။ လူများများ စီစဉ်လိုက်ရင် ရတယ်။ ဒါပေမဲ့..." ချန်ရှန်ကော်မှာလည်း မျက်မှောင်ကြုတ်သွားပြီး နားမလည်နိုင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

"ဒါတွေက တကယ်ရော... အသုံးဝင်လို့လား"

"ဓာတ်ဆီလိုမျိုး တစ်ခုခုကိုများ တောင်းဆိုမလားလို့ ထင်နေခဲ့တာ... ဒါတွေကို စုဆောင်းခိုင်းလိမ့်မယ်လို့ မထင်ထားဘူးဗျာ" ယဲ့

ယဲ့ချန်က မျက်မှန်ကို ပင့်တင်လိုက်သည်။ သူ၏ ဉာဏ်ရည်ဖြင့် စဉ်းစားလျှင်ပင် ချူဟန်၏ ရည်ရွယ်ချက်ကို လုံးဝ လိုက်မမီနိုင်ဖြစ်နေသည်။

ချူဟန်၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ သဲ့သဲ့လင်းလက်သွားသည်။

"စွန့်ပစ်ပစ္စည်းတွေကို အကျိုးရှိရှိ ပြန်အသုံးချတယ်လို့ ခေါ်တာပေါ့"

"ဒါပေါ့... မင်းပြောသလိုပဲ ဒီလိုကမ္ဘာပျက်ကပ်ကြီးမှာ ဒီပစ္စည်းတွေက အမှိုက်တွေချည်းပဲလေ" ချန်ရှန်ကော်က လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး ချူဟန်အား အပြည့်အဝ ယုံကြည်သည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

"ဒီအမှိုက်တွေကို မင်းဘယ်လို အသုံးချမလဲဆိုတာ... ငါတို့ မျှော်လင့်စောင့်စားနေပါ့မယ်"

"အချိန်ကျရင် သိလာမှာပေါ့"

ချူဟန်က နှုတ်ခမ်းထောင့်ကို တွန့်ရုံမျှ ပြုံးလိုက်ပြီး ဆက်မပြောတော့ချေ။

"ကောင်းပြီလေ"

ချန်ရှန်ကော်မှာ အားရပါးရ ရယ်မောလိုက်သဖြင့် စောစောက ပျောက်ဆုံးသွားသော တက်ကြွမှုများ ပြန်လည်ရောက်ရှိလာသည်။ ထိုခဏ၌ သူတို့သုံးဦး၏ ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်လေး လင်းလက်သွားတော့သည်။

ယနေ့မွန်းလွဲပိုင်းက သူတို့အားလုံး ထိုနေရာ၌ အသက်စွန့်ရတော့မည်ဟု မျှော်လင့်ချက်မဲ့နေခဲ့ကြသည်။ သို့သော် ချူဟန်က သက်စွန့်ဆံဖျား ဝင်ရောက်ကယ်တင်ခဲ့ပြီး ဇွန်ဘီအုပ်ကြီးကို တားဆီးပေးခဲ့သည်။ သူတို့ ရောက်ရှိသွားချိန်တွင် ချူဟန်က ဇွန်ဘီ ငါးရာကျော်ကို ရှင်းလင်းကာ အံ့ဖွယ်ရာကို လုပ်ပြခဲ့ပြီးဖြစ်သည်။ ယခုတစ်ဖန် အကျပ်အတည်းနှင့် ထပ်မံရင်ဆိုင်နေရချိန်၌ သူတို့ ရင်ထဲတွင် မျှော်လင့်ချက်တစ်ခု ရှင်သန်လာခြင်းမှာ မဆန်းတော့ပေ။ ချူဟန်သာဆိုလျှင် နောက်ထပ် အံ့ဖွယ်အမှုတစ်ခုကို ထပ်မံလုပ်ပြနိုင်ဦးမည်ဟု သူတို့ ယုံကြည်နေကြသည်။

"ဒီည ကောင်းကောင်း အနားယူကြ။ မနက်ဖြန်ကျရင် အားလုံး စုပေါင်းပြီး ရှင်းလင်းရေး ထွက်လုပ်ကြမယ်"

ချန်ရှန်ကော်က အသံကျယ်ကြီးဖြင့် အားလုံးကို တက်ကြွလာစေရန် လှုံ့ဆော်လိုက်သည်။

"အိုကေ"

ယွဲ့ဇီမှာလည်း စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ဘဲ အားပါးတရ အော်ဟစ်လိုက်သည်။

"ကျွန်တော်လည်း အစွမ်းကုန် ကူညီပေးပါ့မယ်"

ပုံမှန်အားဖြင့် အေးတိအေးစက်နေတတ်သော ယဲ့ချန်၏ မျက်နှာပေါ်တွင်ပင် အပြုံးတစ်ခု ပေါ်လွင်နေသည်။

"ဒါဆိုရင် ငါတို့ သွားလိုက်ဦးမယ်"

ထိုသို့ပြောပြီးနောက် ချန်ရှန်ကော်က ချူဟန်ကို ရုတ်တရက် မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

ထို့နောက် ရှန်ကျိုတီနှင့် ပိုင်ယွန့်အာတို့ထံသို့ စနောက်သည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

သူ၏ လုပ်ရပ်ကို ချူဟန် နားမလည်နိုင်ဖြစ်နေစဉ် ချန်ရှန်ကော်က ချန်ရှောက်ရယ်နှင့် လော့ရှောင်ရှောင်တို့ဘက်သို့ ရုတ်တရက် လှည့်ကာ ပြောလိုက်သည်။

"မင်းတို့နှစ်ယောက်အတွက် သီးသန့် အခန်းတွေ စီစဉ်ပေးထားတယ်။ အခန်းတိုင်းမှာ ရေချိုးခန်း ပါပြီးသားပဲ။ မင်းတို့လည်း မြန်မြန်သွားနားကြတော့။ ဒီမှာ ချူဟန်တို့ကို အနှောင့်အယှက် မပေးကြနဲ့"

"ဟင်"

ချန်ရှောက်ရယ်မှာ ဘာမှန်းမသိသဖြင့် မျက်လုံးပြူးသွားသည်။

"နေပါဦး... ကျွန်တော် ကြမ်းပြင်မှာ အိပ်လို့ရ... အု"

လော့ရှောင်ရှောင်က သူ့ပါးစပ်ကို အလန့်တကြား လှမ်းပိတ်လိုက်သည်။ ဒီသောက်၀တုတ် ဟု ပြောချင်နေသည့် မျက်နှာထားဖြင့် စိတ်ပျက်စွာ ကြည့်လိုက်သည်။ သူမက မတ်တတ်ထရပ်လိုက်ပြီး ချန်ရှောက်ရယ်၏ ဖိုင့်ကားနေသော တင်ပါးကို အားကုန်ကန်ချလိုက်ကာ ချူဟန်ကို ကြည့်၍ စပ်ဖြဲဖြဲ ပြုံးပြလိုက်သည်။

"ကိုကိုချူဟန် သမီးနဲ့ ဒီဝက်တုတ်က အနှောင့်အယှက် မပေးတော့ဘူးနော် နွေဦးညလေးက ရွှေသေတ္တာတစ်လုံးထက်တောင် တန်ဖိုးရှိတယ်ဆိုတဲ့ စကားလည်း ရှိတယ်မလား"

"လာ... သွားမယ် သွားမယ်"

စကားဆုံးသည်နှင့် တစ်ပြိုင်နက် လော့ရှောင်ရှောင်က ချန်ရှောက်ရယ်ကို အတင်း ဆွဲခေါ်သွားတော့သည်။ တင်ပါးကို ပွတ်ကာ အော်ဟစ်နေသော ချန်ရှောက်ရယ်ကို လျစ်လျူရှု၍ အခန်းအပြင်သို့ တရွတ်တိုက် ဆွဲထုတ်သွား၏။

"သမီးတို့ ချက်ချင်း ထွက်သွားပေးမယ်။ စိတ်ချလက်ချ ရဲရဲတင်းတင်းနဲ့သာ ကြမ်းပစ်လိုက်တော့နော်။ သမီးတို့နှစ်ယောက် ဒီည ဒီကို လုံးဝ မလာတော့ဘူး"

ဘုန်း…

တံခါးကြီးက အသံကျယ်လောင်စွာ ပိတ်သွားပြီးနောက် အခန်းတွင်း၌ ချက်ချင်း တိတ်ဆိတ်သွားတော့သည်။ အခန်းထဲတွင် ချူဟန်နှင့် မိန်းကလေးနှစ်ဦးသာ ကျန်ရစ်ခဲ့သည်။

သူတို့နှစ်ဦးမှာ ပုံစံချင်း လုံးဝကွဲပြားသော်လည်း နှစ်ဦးစလုံးမှာ ပြိုင်စံရှား အလှပိုင်ရှင်များ ဖြစ်ကြသည်။ တစ်ဦးက ပြည့်ဖြိုးလှပပြီး ဆွဲဆောင်မှုအပြည့်ရှိသော ရင့်ကျက်သည့် မိန်းမချောလေးဖြစ်သည်။ နောက်တစ်ဦးမှာမူ အေးစက်စက်နှင့် တည်ငြိမ်လှကာ ချဉ်းကပ်ရန်ခက်ခဲသော မိန်းမပျိုလေးဖြစ်သည်။ လှုပ်ရှားယိမ်းနွဲ့နေသော ဖယောင်းတိုင်မီးရောင်အောက်တွင် သူတို့နှစ်ဦး၏ ကိုယ်ခန္ဓာ ကောက်ကြောင်းများနှင့် မျက်နှာသွင်ပြင်များမှာ အလွန်တရာ ညို့ငင်နိုင်စွမ်း ရှိနေလေသည်။

ရှန်ကျိုတီ၏ မျက်နှာမှာ သွေးထွက်မတတ် နီရဲနေသည်။ သူမသည် ခေါင်းငုံ့ထားရာမှ တစ်ကိုယ်လုံး တောင့်တင်းနေပြီး လက်နှစ်ဖက်ကို မည်သည့်နေရာတွင် ထားရမှန်းပင် မသိတော့ဘဲ ထိုင်နေသည်။ ရုတ်တရက် သတိဝင်လာသောအခါ ရှန်ကျိုတီက ချူဟန်ရှိရာဘက်သို့ အလန့်တကြား ခိုးကြည့်လိုက်သည်။

ရှူး... ရှူး...

ပုံမှန်ရှူရှိုက်နေသော အသက်ရှူသံသဲ့သဲ့ကို ကြားလိုက်ရသည်။ ချူဟန်သည် ဆိုဖာပေါ်တွင် လှဲလျောင်းရင်း အိပ်မောကျနေပြီ ဖြစ်သည်။

'တကယ်ကြီးလား'

ရှန်ကျိုတီမှာ စိတ်ထဲမှနေ၍ အော်ဟစ်လိုက်သည်။

'ဒီလိုအခြေအနေကြီးမှာတောင် အိပ်ပျော်အောင် အိပ်နိုင်သေးတယ်ပေါ့'

"အိပ်မယ်..."

အမိန့်ပေးသံကဲ့သို့ ပိုင်ယွန့်အာ၏ အေးစက်စက် အသံလေးက ရှန်ကျိုတီ၏ နားထဲသို့ ဝင်ရောက်လာသည်။

"အိပ်မှာပေါ့"

ရှန်ကျိုတီမှာ စိတ်တိုသွားဟန်ဖြင့် ဆောင့်အောင့်ထရပ်လိုက်ပြီး အိပ်ခန်းထဲသို့ ခပ်သုတ်သုတ် ဝင်သွားတော့သည်။

ဘုန်း...

မိန်းကလေးနှစ်ဦး အိပ်ခန်းထဲ ဝင်သွားပြီး တံခါးပိတ်သံ ထွက်ပေါ်လာပြီးနောက်...

ဆိုဖာပေါ်တွင် လှဲနေသော ချူဟန်က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သူ၏ နဖူးမှ ချွေးစေးများ တောက်တောက်ကျနေသည်။

'တော်သေးလို့'

ဉာဏ်ပြေးစွာဖြင့် အိပ်ချင်ယောင်ဆောင်လိုက်သော မိမိကိုယ်ကိုယ်သာ ချီးကျူးချင်စိတ် ပေါက်သွားသည်။ အကယ်၍သာ သူ နိုးနေခဲ့လျှင် ပိုင်ယွန့်အာ၏ အကျင့်အရ သူ့အား တစ်စစီ ဆွဲဖြဲပစ်မည်မှာ အသေအချာပင်။

နောက်တစ်နေ့နံနက်...

ချူဟန် တရေးတမော နိုးလာချိန်တွင် အပြင်ဘက်၌ လုံးဝ လင်းထိန်နေပြီဖြစ်သည်။ ကောင်းကင်ကို ဖုံးလွှမ်းထားသော အနီရောင် မြူခိုးများကြောင့် နေရောင်ခြည်မှာ သိပ်မပြင်းထန်သော်လည်း ကြည့်ရသည်မှာ နေ့လယ်ပိုင်းသို့ပင် ရောက်နေပြီဖြစ်သည်။ ချူဟန် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။

ဤမျှ အချိန်ကြာကြာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခဲ့သည်မှာ သတိလစ်သွားသကဲ့သို့ပင် ဖြစ်သည်။ မနေ့က ဇွန်ဘီအမြောက်အမြားကို သတ်ဖြတ်ခဲ့ရသဖြင့် အလွန်အမင်း ပင်ပန်းသွားခဲ့ခြင်းများလား။

ချူဟန်သည် တင်းကျပ်စွာ ပိတ်ထားသော အိပ်ခန်းတံခါးကို တစ်ချက် ကြည့်လိုက်သည်။

ရှန်ကျိုတီနှင့် ပိုင်ယွန့်အာတို့ မနိုးကြသေးဘူးလား။

ပြတင်းပေါက်အပြင်ဘက်ရှိ ကောင်းကင်ကို ထပ်မံကြည့်လိုက်ပြီး ချူဟန် မျက်မှောင်ကြုတ်လိုက်သည်။ ထူးဆန်းနေသည်။ ပုံမှန်ဆိုလျှင် သူမတို့ ဒီအချိန်အထိ အိပ်နေမှာ မဟုတ်ပေ။

ဒေါက်... ဒေါက်... ဒေါက်...

ထို့နောက် အလွန် အချိန်ကိုက်လွန်းလှစွာဖြင့် တံခါးခေါက်သံတစ်ခု ထပ်မံထွက်ပေါ်လာပြန်လေသည်။

"ချူဟန်... ကျွန်တော်ပါ"

ယဲ့ချန်၏ အသံဖြစ်သည်။

ချူဟန်က လျှောက်သွားကာ တံခါးကို ဖွင့်လိုက်ပြီး ပြုံးလျက် အထဲသို့ ခေါ်လိုက်သည်။

ကျွီ...

ထိုအချိန်၌ပင် အိပ်ခန်းတံခါး ပွင့်လာသည်။ ရှန်ကျိုတီနှင့် ပိုင်ယွန့်အာတို့ နှစ်ဦး တစ်ပြိုင်နက်တည်း ထွက်လာကြပြီး စကားတစ်ခွန်းမျှ မဆိုဘဲ စားပွဲဆီသို့ လျှောက်သွားကာ နံနက်စာ စားကြတော့သည်။ သို့သော် ထူးဆန်းသည်မှာ မနေ့က ကြာရှည်စွာ အိပ်စက်ထားခဲ့ပါလျက်နှင့် သူတို့နှစ်ဦးစလုံး၏ မျက်နှာများမှာ ဖြူဖျော့နေပြီး ခြေလှမ်းများမှာလည်း အနည်းငယ် ယိုင်နဲ့နေလေသည်။

ချူဟန်က သူတို့နှစ်ဦးကို တစ်ချက်ကြည့်လိုက်သော်လည်း သိပ်ပြီး ဂရုမစိုက်နေတော့ဘဲ ယဲ့ချန်ထံမှ အခြေအနေကို မေးမြန်းလိုက်သည်။

"စာရင်းထဲက ပစ္စည်းတွေ အကုန်ရပြီလား"

"စိတ်ချပါ... စောစောကပဲ သတင်းလာပို့တယ်... ပစ္စည်းတွေ အများကြီး ရထားပါတယ်"

ယဲ့ချန်က ဆိုဖာဆီသို့ လျှောက်သွားရင်း တက်ကြွစွာ အစီရင်ခံလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်၌ပင် သူ၏ ခြေလှမ်းများ ရပ်တန့်သွားကာ အလွန်အမင်း အနေရခက်သွားသည့် မျက်နှာဖြင့် နောက်သို့ နှစ်လှမ်း သုံးလှမ်းခန့် ဆုတ်လိုက်မိသည်။

"တောင်းပန်ပါတယ်။ ကျွန်တော်... လာတဲ့အချိန် မှားသွားပုံရတယ်"

ချူဟန်က ဘာမှန်းမသိဘဲ သူ့ကို စိုက်ကြည့်လိုက်သည်။ ယဲ့ချန် ဘာကို ပြောနေသနည်းဆိုတာ ချက်ချင်း နားမလည်နိုင်ဖြစ်သွားသည်။

"တကယ်ကို တောင်းပန်ပါတယ်။ က... ကျွန်တော်... ကျွန်တော် နောက်မှ ပြန်လာခဲ့ပါ့မယ်ဗျာ"

ယဲ့ချန်မှာ အနေရခက်လွန်းသဖြင့် စကားများပင် ထစ်အသွားသည်။ သူ၏ အကြည့်များက အိပ်ခန်းအတွင်းသို့ ခိုးကြည့်နေလျက်ရှိသည်။ မမြင်အပ်သော ရှက်ဖွယ်ရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည့်အလား ထူးဆန်းနေလေသည်။

ဘာတွေ ဖြစ်ကုန်တာလဲ။

ချူဟန်က ယဲ့ချန်၏ အကြည့်နောက်သို့ လိုက်ကာ သူ့ကို အနေရခက်စေသော အကြောင်းရင်းဖြစ်သည့် အိပ်ခန်းအတွင်းသို့ လှမ်းကြည့်လိုက်သည်။ အတွင်းဘက်၌ သာမန်အတိုင်းပင် ဖြစ်သည်။ မနေ့က မိန်းကလေးနှစ်ဦး အိပ်ခဲ့သည့် ကုတင်တစ်လုံးသာ ရှိလေသည်။

သို့သော် ထိုဖြူလွှလွှ အိပ်ရာခင်းပေါ်တွင်...

"သောက်ကျိုးနည်း"

ချူဟန်မှာ မသိမသာပင် ကျိန်ဆဲလိုက်မိတော့သည်။

ဒေါက်... ဒေါက်... ဒေါက်...

ထို့နောက် အလွန် အချိန်အခါမဟုတ်စွာပင် တံခါးခေါက်တစ်ခု ထပ်မံ ထွက်ပေါ်လာပြန်တော့သည်။

All Chapters