အခန်း ၇၂
Vol. 8 Ch. 72
အခန်း (၇၂) အသုံးမကျသော အမှိုက်သရိုက်များ
တံခါးဖွင့်လိုက်ရာ လော့ရှောင်ရှောင်နှင့် ချန်ရှောက်ရယ်တို့ ရပ်နေကြသည်။
"အိပ်လိုက်တာများ အားရပါးရပဲ။ နေတောင် အတော်မြင့်နေပြီ။ မနေ့က ဘယ်နှစ်ချီတောင် ကြမ်းလိုက်တာလဲ"
လော့ရှောင်ရှောင်က အခန်းထဲဝင်ဝင်ချင်းပင် ထုံးစံအတိုင်း မပြောသင့်မပြောထိုက်သော စကားများကို ဗုံးပေါက်ကွဲသကဲ့သို့ ပြောချလိုက်သည်။
ယဲ့ချန်မှာ တံခါးပေါက်ကြားမှနေ၍ ကမန်းကတမ်း ပြေးထွက်သွားတော့သည်။ ထိုသို့ ပြေးသွားသည့်တိုင် ချူဟန်ကို လက်မထောင်ပြသွားရန် မမေ့ခဲ့ချေ။
ချန်ရှောက်ရယ်မှာ ဘာမှန်းမသိဘဲ ယဲ့ချန် ထွက်သွားသည်ကို ကြည့်နေမိသည်။ သို့သော် ရုတ်တရက် တစ်စုံတစ်ခုကို သတိထားမိသွားကာ ချက်ချင်းပင် မျက်နှာပေါ်၌ ညစ်ကျယ်ကျယ် အပြုံးတစ်ခု ပေါ်လာပြီး ချူဟန်ကို ကြည့်လိုက်သည်။
"ဘော့စ်... ခင်ဗျား တကယ် မိုက်တယ်ဗျာ"
လော့ရှောင်ရှောင်မှာမူ စိတ်လှုပ်ရှားလွန်းသဖြင့် လက်တွေခြေတွေပင် ဂဏာမငြိမ်ဖြစ်နေပြီး အိပ်ခန်းထဲသို့ ပြေးဝင်ကာ သေချာစစ်ဆေးတော့မည့်ဟန် ရှိနေသည်။
သူတို့သုံးဦး၏ ထူးဆန်းသော တုံ့ပြန်မှုများကြောင့် ဘေးတွင်ရပ်နေသော ရှန်ကျိုတီမှာ နားမလည်နိုင်ဖြစ်သွားကာ ခေါင်းယမ်းလိုက်မိသည်။ သူမ၏ ဝတ်စားဆင်ယင်မှုကို အပေါ်မှအောက်သို့ အကြိမ်ကြိမ် ပြန်လည်စစ်ဆေးကြည့်သော်လည်း အားလုံး ပုံမှန်ပင်ဖြစ်သည်။ အင်္ကျီကြယ်သီးများ ပြုတ်ထွက်နေခြင်းမျိုးလည်း မရှိပေ။
ပိုင်ယွန့်အာမှာ မျက်နှာသေနှင့်ပင် ရှိနေဆဲဖြစ်သည်။ သူမက အမြဲတမ်း အေးတိအေးစက်နိုင်လှပြီး မည်သည့်အရာကိုမျှ ဂရုစိုက်လေ့မရှိပေ။
ချူဟန်မှာ မျက်လုံးပြူးသွားပြီး အစားအသောက်မက်သော ထိုသူနှစ်ဦးကို ဆက်လက်ရှင်းပြရန် လက်လျှော့လိုက်တော့သည်။ မိန်းကလေးနှစ်ဦး တစ်ချိန်တည်း ဓမ္မတာလာနေခြင်းဖြစ်ပြီး ထိုသို့ဖြစ်ရသည်မှာလည်း အချိန်အခါ မသင့်လွန်းသော တိုက်ဆိုင်မှုတစ်ခုဖြစ်ကြောင်း ရှင်းပြနေလျှင်လည်း အလကားပင် ဖြစ်ပေလိမ့်မည်။
ချူဟန်က သူတို့တွင် ကျန်ရှိနေသော ကျည်အနည်းငယ်ကို စစ်ဆေးလိုက်ပြီးနောက် တည်ငြိမ်သော အသံဖြင့် မေးလိုက်သည်။
"ချန်ရှန်ကော်တို့ ပစ္စည်းရှာ ထွက်သွားကြပြီလား"
"မနက်စောစောကတည်းက ထွက်သွားကြပြီ။ ချန်ရှန်ကော်က စာရင်းထဲက ပစ္စည်းတွေကို ခွဲဝေပေးပြီးတော့ ကားဆယ်စီးလောက်နဲ့ စခန်းကနေ တစ်ပြိုင်တည်း ထွက်သွားကြတာပဲ"
ချန်ရှောက်ရယ်က ချက်ချင်း ပြန်ဖြေသည်။
"ယွဲ့ဇီလည်း ပါသွားတယ်။ ယဲ့ချန်ကတော့ စခန်းကို ကြည့်ဖို့ ကျန်ခဲ့တယ်"
ချူဟန်၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ ယဲ့ချန်က အခြေအနေကို ကောင်းကောင်း နားလည်သည်။ ဤစခန်းကို သေချာစွာ မထိန်းသိမ်းပါက သေချာပေါက် ပြဿနာတက်ပေလိမ့်မည်။
ညနေခင်း...
ရှန်းကော်စခန်း၏ နယ်မြေ အပြင်ဘက်၌ ပစ်ကပ်ကား ဆယ်စီးကျော်ခန့် ရပ်နားထားပြီး ပစ္စည်းများ ချနေကြသည်။ ဆက်တိုက်ချနေသော သေတ္တာများကို အမျိုးအစားခွဲခြားကာ တစ်နေရာတည်းတွင် စုပုံထားသည်။ ကားများ ပြန်ရောက်လာသည်နှင့် ပစ္စည်းချပြီး ချက်ချင်းပင် ပြန်လည်ထွက်ခွာကြသည်။ ပစ္စည်းရှာထွက်သူများမှာ မျက်နှာပေါ်ရှိ ချွေးများကို သုတ်ရန် အချိန်မရကြပေ။
ချန်ဇီဟောင်သည် ပူပြင်းလှသော အငွေ့အသက်များ ဖုံးလွှမ်းနေသည့် လူအုပ်ကြားတွင် လမ်းလျှောက်နေပြီး သူ၏ မျက်နှာထားမှာ အလွန်တရာ ဆိုးရွားနေလေသည်။
မနေ့က နံနက်ပိုင်းမှစ၍ ချန်ရှန်ကော်ကို မတွေ့ရတော့ဘဲ လူအများအပြားကို ခေါ်ဆောင်ကာ ပစ္စည်းရှာထွက်သွားခဲ့သည်။ ယနေ့တွင်တော့ ကောင်းမွန်သော ပစ္စည်းတစ်ခုခု ပါလာလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း တကယ်တမ်း မြင်လိုက်ရသည့်အခါတွင်တော့...
ဘာတွေလဲ ဒါတွေက။ နောက်နေတာလား။
"ဒီ အချောင်ခိုတဲ့ကောင်တွေ"
ချန်ဇီဟောင်က ဘာကိုမှ ဂရုမစိုက်တော့ဘဲ အော်ဟစ်ဆဲဆိုလိုက်ပြီး ပစ္စည်းချနေသူများ၏ နှာခေါင်းဝသို့ လက်ညှိုးထိုးလိုက်သည်။
"ဘယ်သူက ဒီအမှိုက်တွေကို ယူလာခိုင်းတာလဲ။ အခုက ကမ္ဘာပျက်ကပ်ကြီးလေ။ ဒါတွေက ဘာအသုံးကျမှာလဲ။ မင်းတို့ကောင်တွေ ဘာတွေ သယ်လာလဲဆိုတာ သိရဲ့လား။ တောက်... ဒီလောက်အများကြီး ကားနဲ့အပြည့် သယ်လာရအောင် ဒါတွေက စားလို့ရလို့လား။ ရူးနေကြတာလား။ ဒီအမှိုက်တွေကို စုဆောင်းဖို့ ဘယ်သူက ခွင့်ပြုထားတာလဲ"
"ဒါ... ဒါက ခေါင်းဆောင်ကြီးရဲ့ အမိန့်ပါ"
တစ်ယောက်က အဆဲခံရသဖြင့် မကျေမနပ်ဖြစ်ကာ ထစ်အထစ်အဖြင့် ပြန်ဖြေလိုက်သည်။
"ငါ့အစ်ကိုကလား"
ချန်ဇီဟောင်၏ မျက်နှာ မှုန်ကုပ်သွားပြီး ဒေါသများ တစ်ဟုန်ထိုး ပေါက်ကွဲထွက်လာတော့သည်။
"ငါ့အစ်ကိုက ဦးနှောက်မရှိတာလား ဒါမှမဟုတ် မင်းတို့ကောင်တွေကပဲ ဦးနှောက်မရှိတာလား"
ပစ္စည်းများချပြီးနောက် ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေကြသူအချို့ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်မိကြသည်။ ဤပစ္စည်းများ၏ အသုံးဝင်ပုံကို သူတို့ မသိသော်လည်း ချန်ရှန်ကော်မှာ ဦးနှောက်မရှိသူဟုတော့ မထင်ကြချေ။
"ချူဟန်က ခေါင်းဆောင်ကြီးကို စုဆောင်းခိုင်းတာပါ။ ဒါတွေ ဘာအသုံးကျမလဲဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူး"
တစ်ယောက်က မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်သော်လည်း လက်ထဲမှ အလုပ်ကိုတော့ မရပ်နားခဲ့ပေ။
"ချူဟန်... ဟုတ်လား"
ချန်ဇီဟောင်၏ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ဒီကောင် ချူဟန်ပဲလား။ ဒီကောင်လေး နောက်တစ်ကြိမ် ထပ်ရောက်လာပြန်ပြီလား။
"ဟားဟားဟား..."
သူက ရုတ်တရက် အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ပြီး ခန္ဓာကိုယ်ကို ရှေ့နောက် ယိမ်းထိုးကာ ဗိုက်နှိပ်၍ ရယ်လေတော့သည်။
"ခန္ဓာကိုယ်ကသာ ကြီးထွားပြီး ဦးနှောက်မရှိတဲ့ကောင်တွေပဲ။ အဲ့ကောင် ဘယ်လို အရှက်ကွဲမလဲဆိုတာ ကြည့်ရတာပေါ့။ ဒီလောက် အမှိုက်တွေ အများကြီး စုဆောင်းထားပြီးတော့ အရေးပေါ်အချိန်ကျ ဘာမှအသုံးမဝင်ရင် သူ ဘယ်လို တာဝန်ယူမလဲ"
ချန်ဇီဟောင်၏ ရယ်သံမှာ အရိုင်းအစိုင်းဆန်လှသည်။ လူသူကင်းမဲ့နေသော နေထိုင်ရာနယ်မြေ အဝင်ဝ၌ နတ်ဆိုးတစ်ကောင်၏ ကြောက်မက်ဖွယ် အော်ဟစ်သံကြီးကဲ့သို့ ပဲ့တင်ထပ်သွားသည်။
လူအများ၏ စကားပြောသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ သို့သော် ထိုသို့ဖြစ်ရခြင်းမှာ ချန်ဇီဟောင်၏ အသံက သူတို့ကို ဖုံးလွှမ်းသွားသောကြောင့် မဟုတ်ပေ။ အလိုအလျောက် တုံ့ပြန်မှု တစ်ခုခုကြောင့်သာ ဖြစ်သည်။ သူတို့အားလုံး တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ပြီး တစ်နေရာတည်းကို စိုက်ကြည့်နေကြသည်။
"ဟားဟားဟား..."
ချန်ဇီဟောင်မှာ ရယ်မောနေဆဲပင် ဖြစ်သည်။ အချိန်အတန်ကြာမှ ကျယ်ဝန်းသော နေရာကြီးထဲတွင် သူ၏ အသံသာ ပဲ့တင်ထပ်နေကြောင်း သတိပြုမိသွားပြီး တစ်စုံတစ်ခု မှားယွင်းနေပြီဟု ခံစားလိုက်ရသည်။ ရှေ့မှလူများက သူ့ကို လှောင်ပြောင်နေသည့် အကြည့်များဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသောအခါ ချန်ဇီဟောင်မှာ အလျင်အမြန် လှည့်ကြည့်လိုက်တော့သည်။
ထိုနေရာသည် သူတို့နေထိုင်ရာနယ်မြေ၏ ထွက်ပေါက်ဖြစ်သည်။ ညနေဆည်းဆာကို ကျောခိုင်းထားသော လူတစ်ယောက်၏ အရိပ်တစ်ခု ရပ်နေသည်။
ကြီးမားလေးလံလှသော သံပုဆိန်ကြီးကို ပခုံးပေါ်တွင် ပေါ့ပေါ့ပါးပါး ထမ်းထားပြီး ထိုပုဆိန်ကြီး၏ ကြောက်မက်ဖွယ် အရွယ်အစားမှာ တစ်ချက်ကြည့်ရုံဖြင့်ပင် အလေးချိန်ကို ခံစားသိရှိနိုင်ပေသည်။ အေးစက်လှသော ပုဆိန်သွားက အလင်းရောင်ကို ရောင်ပြန်ဟပ်နေပြီး နေရောင်ကို ကျောခိုင်းထားသဖြင့် လူ၏ မျက်နှာသွင်ပြင်ကို သဲသဲကွဲကွဲ မမြင်ရသော်လည်း အရိပ်က ရှည်လျားစွာ ကျရောက်နေလေသည်။
ချူဟန်က အရိပ်ထဲမှနေ၍ တစ်လှမ်းချင်း ထွက်လာခဲ့သည်။ ယနေ့ သူ ထွက်လာခဲ့ခြင်းမှာ မြေပြင်အနေအထားနှင့် ပစ္စည်းအရေအတွက်ကို စစ်ဆေးရန်သာ ဖြစ်သောကြောင့် မည်သူ့ကိုမျှ ခေါ်မလာခဲ့ပေ။ သူက ဘေးဘီသို့ပင် မကြည့်ဘဲ ကားပေါ်မှချထားသော သေတ္တာများရှေ့သို့ ဦးတည်လျှောက်သွားလိုက်သည်။
လမ်းတွင် ချန်ဇီဟောင်၏ ဘေးမှ ဖြတ်သွားသော်လည်း သူ၏ ခြေလှမ်းများ ပြောင်းလဲမသွားသကဲ့သို့ အကြည့်တစ်ချက်မျှပင် မပေးခဲ့ပေ။ ဤနေရာရှိ လူများနှင့် ကိစ္စရပ်များကို သူ ဂရုမစိုက်ချေ။ သူ၏ ရည်ရွယ်ချက်မှာ တစ်ခုတည်းသာရှိသည်။ ထိုဇွန်ဘီအုပ်ကြီးကို အကုန်အစင် သတ်ဖြတ်ကာ ပိတ်ဆို့ခံနေရသော ထွက်ပေါက်ကို ဖောက်ထွက်ပြီး ဤနေရာမှ ထွက်ခွာသွားရန်ပင် ဖြစ်သည်။
သူ၏ ရည်မှန်းချက်မှာ အမြဲတမ်း တစ်ခုတည်းသာဖြစ်သည်။ အန်းလော်မြို့သို့ ပြန်သွားပြီး မိဘများကို ရှာဖွေရန် ဖြစ်သည်။
ချူဟန်၏ လျစ်လျူရှုခံလိုက်ရမှုကြောင့် ချန်ဇီဟောင်မှာ အလွန်တရာ အရှက်ရသွားသည်။ ဒေါသနှင့် မုန်းတီးမှုများ လွှမ်းမိုးသွားသောကြောင့် မနေ့က ထမင်းစားဆောင်တွင် ကြုံတွေ့ခဲ့ရသော လူသတ်ချင်စိတ်ပေါက်လောက်သည့် ပြင်းထန်သော တိုက်ခိုက်မှုကို ယာယီ မေ့လျော့သွားတော့သည်။
"ရပ်လိုက်စမ်း"
ချန်ဇီဟောင်က နားကွဲမတတ် အော်ဟစ်လိုက်သည်။
ချူဟန်မှာ သိသာထင်ရှားလှသော ဒေါသသံကြောင့် မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး လှည့်ကြည့်လိုက်သည်။ နားမလည်နိုင်သည့် အကြည့်ဖြင့် ချန်ဇီဟောင်ကို စိုက်ကြည့်လိုက်သည်။
ပစ္စည်းချနေသူများအားလုံး လက်ထဲမှ အလုပ်များကို ရပ်တန့်လိုက်ကြသည်။ ချူဟန်နှင့် ချန်ဇီဟောင်တို့ကြား အပြန်အလှန် ကြည့်နေကြသော သူတို့၏ အကြည့်များတွင် စပ်စုချင်စိတ်များ အပြည့်အဝ ပါဝင်နေသည်။ နေ့စဉ်နေ့တိုင်း တစ်ပုံစံတည်း လုပ်ငန်းဆောင်တာများကို ထပ်တလဲလဲ လုပ်ဆောင်နေရသဖြင့် စိတ်လှုပ်ရှားစရာ တစ်ခုခုကို ရှာဖွေနေကြခြင်းဖြစ်သည်။
စခန်းသို့ အသစ်ရောက်လာသော ဤကောင်လေးမှာ တကယ့် ပြဿနာကောင်လေးပင်။ မနေ့က ပုဆိန်တစ်ချက်တည်းနှင့် ချန်ဇီဟောင်ကို ဘောင်းဘီထဲ သေးထွက်ကျသွားစေခဲ့ပြီး မျက်နှာကို လုံးဝ အိုးမည်းသုတ်ပစ်ခဲ့သည်။ ယနေ့တွင်လည်း သူတို့နှစ်ဦး ထပ်မံဆုံတွေ့ကြပြန်ပြီး မီးပွင့်မတတ် အခြေအနေ ဖြစ်နေပြန်သည်။ ထို့အပြင် ယခုအချိန်တွင် ချန်ရှန်ကော်ကလည်း မရှိချေ။
ဟီးဟီး... စိတ်ဝင်စားစရာပဲ။
ချန်ဇီဟောင် အော်ဟစ်ပြီးနောက် သူကိုယ်တိုင်လည်း ငြိမ်သက်သွားသည်။ သို့သော် ချူဟန်၏ မည်သည့်ခံစားချက်မျှ မရှိသော မျက်လုံးများကို မြင်လိုက်ရသည့်အခါ ရင်ထဲ၌ ဖော်ပြ၍မရနိုင်သော ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။
ဒီ ခပ်တည်တည် မျက်နှာထားကြီးကို ထပ်မြင်ရပြန်ပြီ။ ဘာကိုမှ ဂရုမစိုက်သလို မောက်မာနေတဲ့ အမူအရာမျိုး။
မနေ့က လူအများရှေ့တွင် သေးထွက်ကျသွားခဲ့ရသည်ကို ပြန်တွေးမိသောအခါ ချန်ဇီဟောင်၏ ရင်ဘတ်တစ်ခုလုံး တစ်စုံတစ်ခုနှင့် ပြင်းပြင်းထန်ထန် အထိုးခံလိုက်ရသကဲ့သို့ နာကျင်သွားသည်။ ဘေးပတ်လည်ရှိ လူများ၏ လှောင်ပြောင်နေသော အကြည့်များကို သူ ရှင်းရှင်းလင်းလင်း သိမြင်နေသည်။
ဒီခွေးကောင်လေးကတော့...
"မင်းကို ငါ သွားခွင့်ပြုတယ်လို့ ပြောလိုက်လို့လား"
ချန်ဇီဟောင်က သူ၏ ဂုဏ်သိက္ခာကို အပူတပြင်း ပြန်လည်ဆယ်ယူရန် ကြိုးစားလိုက်သည်။
"လူသစ်... မင်း နည်းနည်းပါးပါး အရည်အချင်းရှိရုံနဲ့ မမေ့နဲ့ဦး။ ငါက ဒီစခန်းရဲ့ ဒုတိယခေါင်းဆောင်ကွ"
ချူဟန်က ခေါင်းစောင်းလိုက်သည်။
"အဲ့တော့...ဘာဖြစ်လဲ"
ပေါ့ပေါ့ပါးပါး ထွက်ပေါ်လာသော ချူဟန်၏ စကားတစ်ခွန်းက ချန်ဇီဟောင်၏ မျက်နှာကို ဆိုးရွားစွာ ပျက်ယွင်းသွားစေသည်။ ထိုရက်စက်ကြမ်းကြုတ်သော မျက်နှာပေါ်တွင် ဒေါသများ အထင်းသား ပေါ်လွင်နေသည်။
"မင်းက ငါ့အမိန့်ကို နာခံရမယ်လေ။ ဒီအမှိုက်တွေ အကုန်လုံးက မင်း စုဆောင်းခိုင်းတာလား။ ငါ ပြောလိုက်မယ်နော်... မင်း ဒီမှာ အချောင်လာစားနေတာကိုတောင် ငါ ခွင့်လွှတ်ပေးထားသေးတယ်။ ဒါပေမဲ့ လူအများကြီးကို ခေါ်သွားပြီး အမှိုက်ကောက်ခိုင်းဖို့ ကြိုးစားနေတာလား။ ဒီအမှိုက်တွေ အကုန်လုံးကို သန့်ရှင်းရေးလုပ်ပစ်။ မနက်ဖြန် ဒီအမှိုက်တွေကို နည်းနည်းလေး တွေ့ရရင်တောင် မင်းကို ဒီစခန်းမှာ ဆက်နေခွင့်မပေးတော့ဘူး"
အမှိုက်... သန့်ရှင်းရေးလုပ်ပစ်ရမယ် ဟုတ်လား။
ချူဟန်က မြေပြင်ပေါ်ရှိ သေတ္တာများကို ကြည့်လိုက်သည်။ ပွင့်နေသော ကတ်ထူပုံးများထဲတွင် ပစ္စည်းသေးသေးမွှားမွှားလေးများ ပြန့်ကျဲနေသည်။ ဤပစ္စည်းများသည် ကမ္ဘာပျက်ကပ်ကြီးတွင် အမှိုက် ဟု ခေါ်ဆိုရန် အမှန်တကယ်ပင် ထိုက်တန်လှသည်။
သို့သော် မနက်ဖြန်တွင်တော့ ထိုသို့ ဖြစ်တော့မည်မဟုတ်ချေ...