အခန်း ၇၃
Vol. 8 Ch. 73
အခန်း (၇၃) ပြန့်ကျဲသွားသော အမှိုက်သရိုက်များ
"ဒီအမှိုက်တွေကို ရှင်းပစ်ရမယ် ဟုတ်လား၊ မရှင်းရင် ထွက်သွားရမယ်ပေါ့..."
ချူဟန်၏ လှောင်ပြုံး ပြုံးလိုက်သည်။ သူသည် စက္ကန့်နှင့်အမျှ အရောင်ပြောင်းနေသော ချန်ဇီဟောင်၏ မျက်နှာကို ဂရုပင်မစိုက်ဘဲ ကျောခိုင်းကာ ခြေလှမ်းကျဲကြီးများဖြင့် လှည့်ထွက်ခဲ့တော့သည်။
နှမြောစရာပင်။ ချန်ရှန်ကော်ကဲ့သို့ ထူးချွန်ပြီး သန်မာသော ယောက်ျားတစ်ယောက်သည် မိမိအတွက် အားကိုးရသည့် လက်ရုံးတစ်ဆူ ဖြစ်လာသင့်သည်မဟုတ်ပါလော။ ထိုလူ၏ သစ္စာရှိမှုကပင် ငါးဆယ်ရာခိုင်နှုန်းအထိ ရှိနေခဲ့ပြီ ဖြစ်သော်လည်း ညီဖြစ်သူက ဤမျှအသုံးမကျ ဖြစ်နေလိမ့်မည်ဟု မထင်ခဲ့မိချေ။
"မင်းကို ရပ်နေဖို့ ငါပြောနေတယ်လေ၊ ဘယ်သူက သွားခွင့်ပြုလို့လဲ။ မင်းကို ငါသေနတ်နဲ့ ပစ်မသတ်ရဲဘူး ထင်နေတာလား"
ချန်ဇီဟောင်သည် အရူးတစ်ယောက်ကဲ့သို့ ရမ်းကားအော်ဟစ်နေတော့သည်။ ချူဟန်၏ အေးစက်စက် အမူအရာနှင့် လုံးဝဥပေက္ခာပြုမှုတို့က သူ့အတွက်မူ သည်းခံနိုင်စရာမရှိသည့် အရှက်ခွဲမှုကြီးပင် ဖြစ်သည်။
သူသည် ဒေါသအလျောက် သေနတ်ကို အပေါ်သို့ မြှောက်လိုက်သည်။ ယခုချိန် ချန်ရှန်ကော်လည်း ဘေးတွင် မရှိတော့ရာ ဤနေရာ၌ပင် ထိုကောင်ကို သတ်ပစ်လိုက်မည်။ သတ်ပြီးမှသာ အကြောင်းပြချက် တစ်ခုခု ရှာကြံလိုက်တော့မည်ဟု တွေးတောရင်း ချက်ချင်းပင် မောင်းဖြုတ်လိုက်လေသည်။
ဒိုင်း...
မည်သည့် သတိပေးချက်မှ မရှိဘဲ သေနတ်သံ တစ်ချက်သည် သာယာသော ကောင်းကင်ယံကို ဖြတ်သန်းကာ ဟိန်းခနဲ မြည်ဟည်းသွားသည်။
သို့သော်လည်း ရှေ့မှ လျှောက်လှမ်းနေသော ချူဟန်သည် လုံး၀ ဂရုမစိုက်ချေ။ သေနတ်သံကို မကြားလိုက်ရသည့်အလား ခြေလှမ်းအရှိန်ကိုလည်း အနည်းငယ်မျှ မပြောင်းလဲဘဲ ပုဆိန်ကြီးကို ပခုံးပေါ် ထမ်းလျက် အေးအေးလူလူ ဆက်လက် လျှောက်လှမ်းနေသည်။
"ခွေးကောင်... ငါ့ဘော့စ်ကိုများ သေနတ်နဲ့ ချိန်ရဲတယ်ပေါ့လေ..."
အနောက်ဘက်ဆီမှ ချန်ရှောက်ရယ်၏ ဒေါသတကြီး ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။ ချန်ဇီဟောင်၏ ခြေဖျားနားဆီမှ မီးခိုးဖြူများ အလိပ်လိုက် တက်လာသည်။
ဆံခြည်မျှင်ခန့်သာ လိုတော့သည်။ အကယ်၍ အနည်းငယ်မျှ ရွေ့သွားပါက သူ၏ ခြေထောက်တစ်ဖက်သည် တစ်စစီ ပွင့်ထွက်သွားမည် ဖြစ်သည်။ ချန်ဇီဟောင်တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရင်လာပြီး လက်ထဲမှ သေနတ်သည်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
ကုန်ပစ္စည်းများ ချနေကြသည့် လူစုလူဝေးအားလုံးသည် ပါးစပ်အဟောင်းသား ဖြစ်သွားကြရင်း ချူဟန်၏ တည်ငြိမ်လွန်းလှသော ကျောပြင်ကို ကြည့်ကာ ငေးမောကျန်ရစ်ခဲ့ကြသည်။
အကယ်၍ ချန်ရှောက်ရယ်သာ ပြန်မပစ်ခဲ့ပါက ချန်ဇီဟောင်က သေချာပေါက် ခလုတ်ဆွဲမည် ဖြစ်သည်။ သို့ပါလျက် ထိုလူက အဘယ်ကြောင့် အနည်းငယ်မျှ တုန်လှုပ်ခြင်း မရှိရသနည်း။
ကျွီ...
ထိုစဉ် ပစ်ကပ်ကားတစ်စီးသည် လူအုပ်ကြီး၏ ရှေ့မှောက်သို့ အရှိန်အဟုန်ဖြင့် မောင်းနှင်လာကာ ရပ်တန့်လိုက်သည်။
ချွေးများနှင့် ရွှံ့နွံများ ပေကျံနေသော ချန်ရှန်ကော်သည် ကားပေါ်မှ ဆင်းလာပြီး အားမာန်ပါသော အသံဖြင့် အမိန့်ပေးညွှန်ကြားလိုက်တော့သည်။
"ကဲ... ပစ္စည်းတွေ မြန်မြန်ချကြ။ ညကျရင် နောက်တစ်ခေါက် ထပ်သွားရဦးမယ်..."
သို့သော် သူ၏ စကားလုံးများသည် လေထဲတွင်ပင် ရုတ်ခြည်း ရပ်တန့်သွားခဲ့သည်။
မြေပြင်ပေါ်တွင် ဖင်ထိုင်လျက် လဲကျနေသော ချန်ဇီဟောင်နှင့် သူ၏အနီးတွင် ပြုတ်ကျနေသည့် သေနတ်။ ချန်ရှန်ကော်သည် အလိုလိုနေရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
"ဘာဖြစ်တာလဲ"
"အစ်ကိုကြီး..."
ချန်ဇီဟောင်သည် ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။ ထိုအသံထဲတွင် ထိတ်လန့်တုန်လှုပ်မှုနှင့် ပြင်းထန်သော ဒေါသတို့ ရှုပ်ထွေးစွာ ရောနှောနေသည်။
"အစ်ကိုကြီးက ကျွန်တော်အပစ်ခံရတော့မယ့်ဟာကို ဒီအတိုင်း ကြည့်နေတော့မလို့လား။ အစ်ကိုကြီး ခေါ်လာတဲ့ ကောင်တွေက ကျွန်တော့်ကို သတ်မလို့ လုပ်နေကြတာဗျ"
ချန်ရှန်ကော်သည် မျက်မှောင်ကို တင်းတင်းကျပ်ကျပ် ကုတ်လိုက်ကာ ခပ်လှမ်းလှမ်းတွင် သေနတ်ကိုင်ထားသော ချန်ရှောက်ရယ်ထံသို့ လှမ်းကြည့်လိုက်သည်။ ချူဟန်၏ ပုံရိပ်သည် အတော်ပင် ဝေးကွာသွားပြီ ဖြစ်သလို ချန်ရှောက်ရယ်သည်လည်း ဤနေရာသို့ တိုးကပ်လာမည့် အရိပ်အယောင် မရှိချေ။
ထိုအနေအထားမှာ နောက်တန်းမှနေ၍ အကာအကွယ်ပေးထားသည့် ပုံစံမျိုး ဖြစ်ကြောင်း ရှင်းလင်းစွာ သိသာနေသည်။ ချန်ရှောက်ရယ်က ချူဟန်ကို နောက်ကွယ်ကနေ အကာအကွယ် ပေးနေတာလား...။
အဘယ်ကြောင့် ချန်ရှောက်ရယ်သည် ဤစခန်းကို ဤမျှအထိ စိုးရိမ်တကြီး သတိထားနေပြီး ချူဟန်၏ ဘေးအန္တရာယ်ကို ပူပန်နေရသနည်း။ ယခုနေရာသည် ဇွန်ဘီများ သောင်းကျန်းနေသည့် ပြင်ပကမ္ဘာ မဟုတ်ချေ။ ဇွန်ဘီလှိုင်းလုံးကြီးများ မကျရောက်လာသရွေ့ ဤနေရာ၌ လူသားများသာ ရှိနေသင့်သည် မဟုတ်ပါလော။
စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ချန်ရှန်ကော်သည် မျက်စိရှေ့မှ အခြေအနေမှာ ညီဖြစ်သူ ပြောနေသည့် စကားများနှင့် လုံးဝ ခြားနားနေကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိမြင်လိုက်သည်။
"တော်စမ်း..."
အမောတကော ဖြစ်နေသော ယဲ့ချန်သည် လူနေဆောင်ဘက်မှ ပြေးဝင်လာခဲ့သည်။ သူသည် ဒုတိယထပ် ပြတင်းပေါက်မှ အလုံးစုံကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ အလောတကြီး ဆင်းလာခဲ့သော်လည်း အခြေအနေကမူ လွန်စွာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ယဲ့ချန်သည် သူ၏မျက်မှန်ကို အသာပင့်တင်လိုက်ရင်း ချက်ချင်းပင် အမိန့်ပေးလိုက်တော့သည်။
"ဒီမှာ ရပ်ကြည့်နေတဲ့လူတွေ အကုန်လုံး ကုန်ချတဲ့အလုပ် ပြန်လုပ်ကြ။ ချန်ဇီဟောင်... မင်းကတော့ ဒီရက်ပိုင်းအတွင်း အခန်းထဲကနေ အပြင်မထွက်နဲ့"
ဤအမိန့်သည် အခြေအနေကို ငြိမ်းချမ်းစွာ ထိန်းသိမ်းရန်အတွက်သာ ဖြစ်သည်။ ချန်ဇီဟောင်မှာ သူ၏ အချစ်ဆုံး သူငယ်ချင်း၏ ညီဖြစ်နေသလို ချူဟန်တို့ အုပ်စုသည်လည်း လွန်စွာ စွမ်းအားကြီးမားလွန်းလှသဖြင့် ယဲ့ချန်အနေဖြင့်လည်း ကိုင်တွယ်ရ ခက်ခဲနေခြင်း ဖြစ်သည်။
သို့သော်လည်း ယဲ့ချန်သည် ချူဟန်ကို ဖြစ်စေ၊ သေနတ်ပစ်လိုက်သည့် ချန်ရှောက်ရယ်ကို ဖြစ်စေ အနည်းငယ်မျှ အပြစ်မဆိုဘဲ ချန်ဇီဟောင်ကိုသာ အကျယ်ချုပ် အပြစ်ပေးခဲ့သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ချန်ရှန်ကော်၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားတော့သည်။ အစဉ်အမြဲ တည်ငြိမ်လှသော ယဲ့ချန်က ဤသို့ ဆုံးဖြတ်ချက်ချလိုက်သည်ဆိုလျှင် ထင်ရှားသော အကြောင်းပြချက် ရှိပေလိမ့်မည်။ ယနေ့ ပြဿနာ၏ တရားခံမှာ ဧကန်မုချ ချန်ဇီဟောင်သာ ဖြစ်ပေလိမ့်မည်။
"မင်း... နောက်တစ်ခါ ထပ်ပြီး ဘာတွေ လျှောက်လုပ်ပြန်ပြီလဲ..."
ချန်ရှန်ကော်သည် ဒေါသတကြီးဖြင့် ညီဖြစ်သူကို အော်ဟစ်ကြိမ်းမောင်းလိုက်တော့သည်။
"ကျွန်တော်က ဘာလုပ်ရမှာလဲ အစ်ကိုကြီးက ကျွန်တော့်ကို အဲဒီစကား မေးရဲတယ်ပေါ့..."
ချန်ဇီဟောင်သည် မယုံကြည်နိုင်စရာ ကောင်းလှသော မျက်နှာပေးဖြင့် အော်ဟစ်လိုက်။
"အစ်ကိုကြီးက ငါ့အစ်ကို အစစ်ကော ဟုတ်ရဲ့လား။ အဲဒီကောင်တွေရဲ့ မှော်ဝင်တိုက်ခိုက်မှုကို ခံလိုက်ရလို့ စိတ်ပြောင်းသွားတာလား။ မနေ့က ကျွန်တော် ပုဆိန်နဲ့ အသတ်ခံရမလို ဖြစ်တုန်းကလည်း ဘာမှမလုပ်ပေးခဲ့ဘဲနဲ့၊ ဒီနေ့ သေနတ်နဲ့ အပစ်ခံရတော့မယ့် အချိန်မှာလည်း ကျွန်တော့ကိုပဲ လာဆူနေတယ်ပေါ့လေ..."
ချန်ရှန်ကော်သည် ခေါင်းငုံ့သွားမိပြီး ပြင်းထန်သော စိတ်ဒွိဟဖြစ်မှုတို့ကြောင့် မျက်နှာပျက်သွားသည်။ ရင်ထဲ၌ ကြီးမားသော အပြစ်ရှိစိတ်တို့ တိုးဝှေ့တက်လာသည်။ ဤကောင်သည် မိမိကိုယ်တိုင် လက်ပွန်းတတီး ကျွေးမွေးစောင့်ရှောက် လေ့ကျင့်ပေးခဲ့ရသည့် ညီအရင်းခေါက်ခေါက် မဟုတ်ပါလော။
"ပြီးတော့... မင်းကောပဲ..."
ချန်ဇီဟောင်သည် ရုတ်တရက် ယဲ့ချန်ကို စူးစိုက်ကြည့်လိုက်သည်။
"မင်းက ငါ့အစ်ကိုကြီးရဲ့ အမြီးဆွဲကောင် သက်သက်ပဲလေ။ ငါ့ကို အမိန့်ပေးဖို့ ဘာအခွင့်အရေး ရှိလို့လဲ။ အခန်းထဲကနေ အပြင်မထွက်ရဘူး ဟုတ်လား၊ ငါ့ကို အကျယ်ချုပ် ချချင်တာလား။ ခွေးကောင်... မင်းက ဟောဒီက အပြင်လူ ချူဟန်နဲ့ တစ်ဖွဲ့တည်း ဖြစ်နေတာကိုး။ ပြောစမ်း... ချူဟန်တို့လို ခွေးကောင်တွေနဲ့ပေါင်းပြီး ဒီစခန်းကို သိမ်းပိုက်ချင်နေတာ မဟုတ်လား"
"စခန်းကို သိမ်းပိုက်ချင်တယ်... ဟုတ်လား..."
ယဲ့ချန်သည် မိမိနှင့် လုံးဝ စိမ်းသက်သွားသည့် လူစိမ်းတစ်ယောက်ပမာ ဖြစ်နေသော လူငယ်ကို ကြည့်ကာ ဆွံ့အမှင်တက်သွားမိတော့သည်။
သူသည် ချန်ရှန်ကော်နှင့် ငယ်သူငယ်ချင်းများ ဖြစ်ကြပြီး ချန်ဇီဟောင်ကိုလည်း ညီအရင်းကဲ့သို့ပင် ဂရုတစိုက် စောင့်ရှောက်ခဲ့သည်။ သို့ပါလျက်နှင့် ထိုလူငယ်သည် ယခုအခါ မိမိကို ဘာစကားများ ပြောဆိုလိုက်သနည်း။
ချန်ဇီဟောင်သည် ပြောလေလေ ဒေါသအဟုန်က ခေါင်းသို့ ဆောင့်တက်လေလေ ဖြစ်လာပြီး ကားပေါ်မှ ချခါစ သေတ္တာတစ်လုံးကို အားကုန် လွှဲကန်ပစ်လိုက်တော့သည်။
ခွမ်း...
ပြင်းထန်သော ရိုက်ခတ်မှုကြောင့် သေတ္တာထဲမှ ပစ္စည်းများသည် မြေပြင်ပေါ်သို့ ဖရိုဖရဲ လွင့်စင်ထွက်ကုန်သည်။
"ကြည့်ကြစမ်း... ဒါတွေက ဘာတွေလဲဆိုတာ မင်းတို့ သိကြလား..."
ချန်ဇီဟောင်သည် ရူးသွပ်မတတ် အော်ဟစ်လိုက်တော့သည်။
"မင်းတို့တွေ စိတ်ရူးပေါက်ကုန်ကြပြီ ထင်တယ်၊ တစ်နေ့ခင်းလုံး အပင်ပန်းခံပြီး သွားသယ်လာကြတာ ဒါတွေလား။ ရူးနေကြတာလား။ ကမ္ဘာပျက်ကပ်ထဲမှာ ဒီလိုအရာတွေက ဘာအသုံးဝင်မှာလဲ။ ပြည့်တန်ဆာမ တစ်ယောက်ကမှ အသုံးဝင်ဦးမယ်..."
ကန်ချခံလိုက်ရသော သေတ္တာထဲမှ ထွက်ကျလာသည့် ပစ္စည်းများမှာ စမတ်ဖုန်း အမြောက်အမြား ဖြစ်နေလေသည်။
ပြောင်လက်နေသော ဖုန်းကျောပြင်များနှင့် မျက်နှာပြင်များသည် ကွန်ကရစ်မြေပြင်နှင့် ရိုက်မိကုန်ကြပြီး ဆိုးရွားလှသော ကွဲအက်ရာများစွာ ထင်ကျန်သွားတော့သည်။
ခွမ်း...
ချန်ဇီဟောင်သည် နောက်ထပ် သေတ္တာတစ်လုံးကိုလည်း ထပ်မံ ကန်ပစ်လိုက်ပြန်သည်။
အတွင်းမှ လိမ့်ထွက်လာသည်မှာ လက်တော့ပ် ကွန်ပျူတာ အများအပြား ဖြစ်သည်။ ၎င်းတို့သည်လည်း မြေပြင်နှင့် ပွတ်တိုက်မိကာ နက်ရှိုင်းသော ခြစ်ရာများ စွဲထင်ကုန်ကြသည်။
တစ်ကမ္ဘာလုံးကို လွှမ်းခြုံသွားခဲ့သော ခြောက်နာရီကြာ မှောင်မိုက်ခြင်း ဖြစ်ရပ်ကြီး။ ထိုအချိန်မှစ၍ ဤစမတ်ပစ္စည်းများ အားလုံးသည် လုံးဝ အသုံးမဝင်တော့ချေ။
အဘယ်ကြောင့် ဤသို့ ဖြစ်ရသည်ကို မည်သူမျှ မသိကြချေ။ လူသားများ သိရှိထားသည်မှာ စမတ်ဖုန်းများနှင့် ကွန်ပျူတာများသည် ပါဝါဖွင့်၍ မရတော့ဘဲ မျက်နှာပြင်များမှာ အမြဲတစေ မှောင်မိုက်နေတော့သည်ဟူသော အချက်သာ ဖြစ်သည်။ လျှပ်စစ်ပစ္စည်း ကျွမ်းကျင်သူများပင်လျှင် ယင်း၏ အကြောင်းရင်းကို ရှာမတွေ့နိုင်ခဲ့ကြချေ။
အတည်ပြုနိုင်သည့် တစ်ခုတည်းသော အချက်မှာ ယခင်က လူနေမှုဘဝ၏ မရှိမဖြစ် လိုအပ်ချက်များ ဖြစ်ခဲ့သော ထိုပစ္စည်းများသည် ယခု ကမ္ဘာပျက်ကပ်ကြီးထဲတွင် လုံးဝ အသုံးမဝင်သည့် အမှိုက်များ ဖြစ်သွားခဲ့ပြီ ဟူသော အမှန်တရားသာ ဖြစ်သည်။
"ဖုန်းတွေ... ကွန်ပျူတာတွေ ဟုတ်လား...။ အစ်ကိုကြီးရဲ့ ဦးနှောက်က တကယ်ပဲ ပုပ်ပွသွားပြီလား..."
ချန်ဇီဟောင်၏ ဒေါသသည် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ မိမိ ကိုယ်တိုင် မှားယွင်းနေသည်ဟု သူ အနည်းငယ်မျှ မတွေးမိချေ။
"ဒီလိုအရာတွေက အမှိုက် သက်သက်ပဲဗျ၊ ဘာမှ သုံးစားလို့မရတဲ့ အပိုပစ္စည်းတွေ။ ဒါကို ဟိုချူဟန်ဆိုတဲ့ကောင်က လူအင်အား အများကြီးသုံးပြီး ဒီအမှိုက်တွေကို လိုက်သိမ်းခိုင်းနေတာ။ ဒါက ဦးနှောက်မရှိတဲ့ လူအ ပါးစပ်က ထွက်တဲ့ အလုပ်မျိုးပဲ..."
ချန်ဇီဟောင်၏ စကားလုံးများကြောင့် ချန်ရှန်ကော်၏ နှလုံးသားသည် ဓားဖြင့် အမွှန်းခံလိုက်ရသည့်အလား ပြင်းထန်စွာ နာကျင်သွားရသည်။
'ဦးနှောက် ပုပ်ပွသွားပြီ ဟုတ်လား...’
သူ့ကို အမြဲတစေ ကျွေးမွေးစောင့်ရှောက်ခဲ့သော အစ်ကိုအရင်းကိုမှ ဤသို့သော စကားလုံးမျိုးကို အဘယ်ကြောင့် ပြောရက်ရသနည်း။
တစ်နေ့ခင်းလုံး လယ်ကွင်းထဲတွင် အလုပ်လုပ်ခဲ့ကြသဖြင့် ရွှံ့များ ပေကျံလျက် ပြန်လာကြသော လူနေဆောင်မှ လူများသည်လည်း ထိုနေရာသို့ ရောက်ရှိလာကြသည်။ ထိုလူများထဲတွင် မင်ချူးတက္ကသိုလ်မှ ကျောင်းသားများလည်း ပါဝင်နေသည်။
၎င်းတို့သည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ပစ္စည်းများကို ကြည့်ကာ အံ့အားသင့်သွားကြပြီး ချက်ချင်းပင် မကျေနပ်မှုများနှင့် စူးရှသော မျက်လုံးများဖြင့် ချန်ဇီဟောင်ထံသို့ လှမ်းကြည့်လိုက်ကြတော့သည်။
"ငါတို့က နေ့တိုင်း ချွေးတလုံးလုံးနဲ့ လယ်ထွန်ပြီး ဝက်တွေကို ပြုစုနေရတာ။ မင်းတို့ကတော့ အပြင်မှာ ဒီလိုအမှိုက်တွေကို လိုက်ကောက်နေတာလား..."
"စားစရာတွေကော ဘယ်မှာလဲ၊ ငါတို့က စားစရာ လိုအပ်နေတာကွ..."
"ကွန်ပျူတာတွေ၊ ဖုန်းတွေဆိုတာ အခုအချိန်မှာ အမှိုက် သက်သက်ပဲမဟုတ်လား..."
"ခေါင်းဆောင်ကြီး... ကျုပ်ဖြင့် ခေါင်းဆောင်ကြီးကို တကယ် စိတ်ပျက်မိပြီ..."
"ဟို ချူဟန်ဆိုတဲ့ကောင်ကို ဘာလို့ ဒီလောက်တောင် ယုံကြည်နေရတာလဲ၊ သူ ခိုင်းသမျှ အကုန်လုပ်နေတာပဲ..."
"ဒုတိယခေါင်းဆောင် ပြောတာ မှန်တယ်၊ ချူဟန်ဆိုတဲ့ကောင်က လူကသာ ထွားတာ ဉာဏ်မရှိတဲ့ လူအပဲ။ ဒီအမှိုက်တွေကို မြန်မြန် လွှင့်ပစ်လိုက်စမ်းပါ..."
"ကြည့်ရတာတင် စိတ်ပျက်ဖို့ကောင်းတယ်၊ ဘာမှလည်း သုံးလို့မရဘဲနဲ့..."
လူအုပ်ထဲတွင် ရှိနေသော တွမ်းမင်သည် စိတ်လှုပ်ရှားမှုကြောင့် တိတ်တဆိတ် တုန်ယင်နေသည်။
ဟားဟား... ချူဟန်ဆိုတဲ့ ငတုံးကောင်။ ဒီကောင်က ဒီလိုအမှိုက်တွေကို လူတွေကို လိုက်ကောက်ခိုင်းနေတာလား။ တကယ့် ငတုံးပဲ။ အဲ့ဒီလို ငကြောင်ကောင်မျိုးက နှင်ထုတ်ခံရမှာ သေချာနေပြီ။ မဟုတ်သေးဘူး... နှင်ထုတ်ရုံနဲ့ မလုံလောက်ဘူး။ အဲ့ဒီကောင်ကို မိလ္လာကျင်းတွေ သွားဆေးခိုင်းပြီး ချေးပဲ ကျွေးလိုက်ရမှာ။
ထို့အတူ တစ်နေ့ခင်းလုံး အလုပ်လုပ်ခဲ့ရသည့် တင်းရွယ်သည်လည်း မျက်နှာတွင် အံ့အားသင့်သွားသော အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။
ချူဟန်က ဒီအရာတွေကို ဘာအတွက်များ အသုံးပြုဖို့ ရည်ရွယ်ထားတာလဲ...