← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

အခန်း (၇၅) မင်း သေလို့ရပြီ

တွမ်းမင်၏ အသံတွင် ညှာတာမှု အရိပ်အယောင် အနည်းငယ်မျှ မရှိပေ။ သူသာမက ဘေးပတ်ဝန်းကျင်ရှိ လူများပါ တစ်ယောက်ပြီးတစ်ယောက် အလုပ်များကို ရပ်တန့်လိုက်ကြကာ လွန်စွာ ရန်လိုသော အကြည့်များဖြင့် ချူဟန်ကို စိုက်ကြည့်လာကြသည်။

မှန်ပေသည်။ ဘာဖြစ်လို့ ဤကောင်တစ်ယောက်တည်း အလုပ်မလုပ်ဘဲ နေနိုင်ရသနည်း။

"ဟိုမှာ ဇွန်ဘီတွေ ဒီလောက် တိုးဝှေ့လာနေတာကို သူက ဇွန်ဘီလည်း မသတ်ဘူး၊ အလုပ်လည်း မလုပ်ဘူး... တကယ်ပဲ အလကား လာစားနေတာလား"

လူအုပ်ထဲတွင် ပုန်းကွယ်နေသူတစ်ဦးက ရုတ်တရက် အော်ပြောလိုက်သည်။

ထိုစကားတစ်ခွန်းကြောင့်ပင် ထိုနေရာရှိ လေထုမှာ တစ်ခဏချင်း၌ ပေါက်ကွဲလုနီးပါး ဖြစ်နေသော ယမ်းဂိုဒေါင်ကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။ လူအုပ်ထဲတွင် အလုပ်ရပ်လိုက်သူများ တဖြည်းဖြည်း ပိုမိုများပြားလာသည်။ သူတို့သည် ညစ်ပေနေသော မိမိတို့၏ အဝတ်အစားများနှင့် ချွေးနံ့ဆိုးများကို ငေးကြည့်မိကြသည်။ မျက်နှာသုတ်ရန်ပင် အချိန်မရလောက်အောင် ပင်ပန်းလှသည့်အပြင် အများစုမှာလည်း ဗိုက်ဆာနေကြသည်။

သို့သော် ချူဟန်ကတော့ ရေစိုခံ စစ်ဖိနပ်ကို စီးထားကာ အရည်အသွေးမြင့်ပြီး သန့်ရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။ တစ်ကိုယ်လုံးမှ သန့်ရှင်းလတ်ဆတ်သော အငွေ့အသက်များ ထွက်ပေါ်နေကာ ဘေးတွင်လည်း နောက်လိုက်နောက်ပါများနှင့် မိန်းမလှလေးများကို ခေါ်ဆောင်ထားသေးသည်။ ကြည့်ရသည်မှာ လာရောက်လည်ပတ်သူ ဧည့်သည်တစ်ဦးပမာပင်။

မတရားလှချေ။ အတူတူ ကမ္ဘာပျက်ကပ်ကြီးထဲမှ အသက်ရှင်ကျန်ရစ်သူများ ဖြစ်ကြပါလျက် အဘယ်ကြောင့် ချူဟန်တစ်ယောက်တည်း အလုပ်မလုပ်ဘဲ နေနိုင်ရသနည်း။

"ဒါတင်မကသေးဘူး... ငါတို့ကိုပါ ပြဿနာအကြီးကြီး ရှာပေးထားသေးတယ်"

နံနက်ပိုင်းတစ်ခုလုံး ပင်ပန်းတကြီး အလုပ်လုပ်ခဲ့ရသော ချန်ဇီဟောင်သည်လည်း နောက်ဆုံးတွင် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူက လူအုပ်ထဲမှ ထွက်လာကာ ချူဟန်ထံသို့ ဒေါသတကြီး တိုးကပ်သွားတော့သည်။

"မင်း ငါ့အစ်ကိုကြီးကို မြှောက်ထိုးပင့်ကော်လုပ်ပြီး ဒါတွေ ခိုင်းထားတာ ငါသိတယ်နော်။ ဘယ်ကမှန်းမသိတဲ့ အမှိုက်တွေကို အများကြီး သယ်ခိုင်းပြီး မနက်စောစောကတည်းက ငါတို့ကို သယ်ခိုင်းတယ်။ ပြီးတော့ စခန်းက ကားတွေအကုန်လုံးကို ဆွဲထုတ်ပြီး စက်ရုံပျက်ကြီးလို စီခိုင်းထားသေးတယ် တောက်... မင်း ရူးချင်ရင် တစ်ယောက်တည်း ရူးစမ်းပါ။ ငါတို့ကို လာမပတ်သက်နဲ့"

ချူဟန်က ခြေလှမ်းများကို ရပ်တန့်လိုက်ကာ ရှေ့မှလူအုပ်ကြီးကို ငြိမ်သက်စွာ စိုက်ကြည့်လိုက်သည်။

အမှန်တကယ်ပင် ခွန်အားကုန်ခမ်းနေကြသော အသက်ကြီးသူများနှင့် ကလေးသူငယ် နှစ်ရာခန့်မှလွဲ၍ စခန်းရှိ လူပေါင်း ရှစ်ရာလုံး ဤနေရာ၌ စုဝေးနေကြခြင်း ဖြစ်သည်။ သူတို့သည် ချွေးတလုံးလုံးဖြင့် ချန်ရှန်ကော်၊ ယဲ့ချန်နှင့် ယွဲ့ဇီတို့၏ အမိန့်များကြောင့် မနားတမ်း အလုပ်လုပ်နေခဲ့ကြရသည်။ ထိုသုံးယောက်၏ ပုံမှန်မဟုတ်သော ပူပန်သောကရောက်မှုမှာ အနောက်မှ ဇွန်ဘီများ လိုက်လံတိုက်ခိုက်နေသည့်အလား ထင်မှတ်ရသဖြင့် လူအုပ်ကြီးမှာ လုံးဝ နားမလည်နိုင် ဖြစ်နေကြသည်။

တစ်ချိန်တည်းမှာပင် သူတို့သည် ဤအမိန့်ကို ပေးခဲ့သော တရားခံဖြစ်သူ ချူဟန်အပေါ် အတိုင်းအဆမရှိ နက်ရှိုင်းသော မုန်းတီးမှုများလည်း တိုးပွားနေခဲ့ကြပြီ ဖြစ်သည်။

ချန်ဇီဟောင်၏ စကားများက စနက်တံတစ်ခု ဖြစ်သွားခဲ့သည်။ မီးပွင့်သွားသည့် တစ်ခဏချင်း၌ပင် လူအားလုံးနီးပါး အလုပ်များကို ပစ်ချလိုက်ကြကာ ချူဟန်ကို အရှင်လတ်လတ် ဝါးမြိုပစ်တော့မည့် မုန်းတီးမျက်လုံးများဖြင့် စိုက်ကြည့်လာကြတော့သည်။

"မင်းက ကစားချင်နေတာလား"

"စခန်းထဲမှာ အဝအပြဲ သောက်စားပြီး မိန်းမတွေ ခြံရံထားတဲ့အပြင် ငါတို့ကိုကျ မင်းအတွက် အလုပ်လုပ်ခိုင်းနေတာလား"

"ကားတွေနဲ့ ကျောက်ခဲတွေကို အဲ့ဒီလို စီထားတာက အနုပညာလို့ ထင်နေတာလားကွ"

"ဒီလို စမတ်ဖုန်းတွေ လက်တော့ပ်တွေက ဘာအဓိပ္ပာယ် ရှိမှာလဲ"

"ငါတို့ရဲ့ စခန်းကို အမှိုက်ပုံကြီး လုပ်ချင်နေတာလား"

"အမှိုက်တွေနဲ့ ဆော့ချင်ရင် တစ်ယောက်တည်း သွားဆော့စမ်း"

ဒိုင်း... ဒိုင်း... ဒိုင်း...

ထိုစဉ် ခပ်လှမ်းလှမ်းဆီမှ ပြင်းထန်သော သေတ္တာသံများ ထပ်မံ ဟိန်းထွက်လာကာ ဟောက်သံပေးနေသော ဇွန်ဘီများ တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ ဝေးကွာသော မြေပြင်ပေါ်တွင် ဇွန်ဘီအလောင်းများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။ နံနက်ပိုင်းမှ ယခုအချိန်အထိ ပေါ်လာသော ဇွန်ဘီအရေအတွက်မှာ သုံးရာကျော်နေခဲ့ပြီ ဖြစ်သည်။ ဤအချက်က လူအုပ်ကြီး၏ စိတ်အာရုံကို ပိုမို နှိုးဆွပေးလိုက်သလို ဖြစ်သွားတော့သည်။

"ဟိုမှာ ဇွန်ဘီတွေ ဒါဇင်နဲ့ချီပြီး စုပြုံလာနေတာကို မင်းက ဒီမှာ လမ်းလျှောက်ထွက်နေတာလား"

"ဇွန်ဘီတွေကို ခုတ်နိုင်တယ်မလား။ ဒါဆိုလည်း သွားခုတ်လေဗျာ"

"ဒီစခန်းတော့ မင်းကြောင့် ပျက်စီးရတော့မှာပဲ"

ဒေါသတကြီး အော်ဟစ်သံများနှင့် ဆဲဆိုသံများက လှိုင်းလုံးကြီးများပမာ တစ်ခုပြီးတစ်ခု တိုးဝှေ့လာကြသည်။

"တိတ်တိတ်နေကြစမ်း။ စိတ်အေးအေးထားကြပါ"

ယွဲ့ဇီက အသံချဲ့စက်ကို ကိုင်ကာ အော်ဟစ်နေပြီး ဘေးရှိ ယဲ့ချန်ကလည်း ကောင်းကင်သို့ ချိန်၍ သတိပေးသေနတ်သံ အကြိမ်ကြိမ် ပစ်ဖောက်လိုက်သည်။ သို့သော် လုံးဝ ထိရောက်မှုမရှိပေ။ ဒေါသပုန်ထနေသော လူအုပ်ကြီး၏ ဟိန်းဟောက်သံများက သေနတ်သံများကို အလွယ်တကူပင် ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။

သူတို့သည် ချူဟန်ကို ဝိုင်းရံထားသည့်အလား လှုပ်ရှားလာကြကာ လက်ထဲတွင် ရှိနေသော အရာများကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ကြသည်။ အော်ဟစ်ရင်း တစ်လှမ်းချင်း၊ တစ်လှမ်းချင်း ချူဟန်ထံသို့ တိုးကပ်လာကြသည်။ ယခုပင် ဤမုန်းတီးဖွယ်ကောင်းသော ယောက်ျားကို တစ်စစီ ဆွဲဖြဲပစ်တော့မည့်အလား ဖြစ်နေသည်။

အခြေအနေများက တစ်ခဏချင်း၌ပင် ထိန်းချုပ်မရနိုင်အောင် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သူတို့သည် ဆာလောင်နေသော ဇွန်ဘီများထက်ပင် ပိုမို ရက်စက်ကြမ်းကြုတ်နေကြသည်။ ဆိုးရွားသော စိတ်ခံစားချက်များ လွှမ်းမိုးခံထားရသော လူအုပ်ကြီးသည် တစ်ခါတစ်ရံတွင် ဇွန်ဘီများထက်ပင် ပို၍ ဆိုးရွားသော လုပ်ရပ်များကို ပြုလုပ်တတ်ကြသည်။

ချန်ဇီဟောင်သည် စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။ ယခုပင် ပြေးဝင်၍ ချူဟန်ကို တစ်စစီ ဆွဲဖြဲပစ်ချင်သော်လည်း လူအုပ်ကြီး၏ နောက်ဆုံးတန်းတွင်သာ တည်ရှိနေခဲ့သည်။ မိမိကိုယ်မိမိ ဒုတိယခေါင်းဆောင်ဟူသော ရာထူးကို နက်ရှိုင်းစွာ သတိပြုမိသောကြောင့်ပင်။ မိမိကိုယ်တိုင် လက်ဖျားထိရန် မည်သည့် အကြောင်းပြချက် ရှိသနည်း။

တစ်ဖက်တွင် တွမ်းမင်က ရှေ့ဆုံးမှ ဦးဆောင်နေသည်။ သူက ဤနေ့ရက် ရောက်လာမည့်အချိန်ကို အမြဲတမ်း စောင့်မျှော်နေခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ချူဟန် လူအုပ်ကြီး၏ ဒေါသကို ခံရမည့် အချိန်ကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ လူပေါင်း ရှစ်ရာရှိနေလျှင် ချူဟန်ကို သနားစရာကောင်းသော သူတောင်းစားတစ်ယောက်အဖြစ် ဆွဲချရန် လုံလောက်လှပေသည်။

"ဒီငတုံးကောင်... မင်းမှာ ဘာအခွင့်အရေးရှိလို့ ငါတို့ကို လာအမိန့်ပေးနေတာလဲ။ မင်းကိုယ်မင်း ဘာကောင်ထင်နေလဲ"

တွမ်းမင်က အော်ဟစ်ရင်း စိတ်ကယောင်ချောက်ခြားဖြစ်စွာဖြင့် ချူဟန်ထံသို့ ပြေးဝင်သွားတော့သည်။ မျက်ကွင်းညိုနေသော သူ၏ မျက်နှာပေါ်တွင် ရူးသွပ်မှုများ လွှမ်းမိုးနေသည်။

ဒိုင်း...

ချန်ရှောက်ရယ်က ညှာတာမှုမရှိဘဲ လူအချို့၏ ခြေရင်းသို့ ချိန်ရွယ်ကာ ပစ်လိုက်သည်။ ပုံမှန်အချိန်တွင် သဘောကောင်းတတ်သော သူဖြစ်သော်လည်း ချူဟန် ခြိမ်းခြောက်ခံရသည့် အချိန်တွင် ချက်ချင်းပင် ဒေါသတကြီး ဖြစ်နေသော သားရဲကြီးတစ်ကောင်အသွင် ပြောင်းလဲသွားတော့သည်။

"နောက်တစ်ခါ ငါ့ဘော့စ်ကို စော်ကားတဲ့စကား ထပ်ပြောရင် မင်းတို့ကို သတ်ပစ်မယ်"

ချူဟန်က ချန်ရှောက်ရယ်ကို ကြည့်လိုက်သည်။ သစ္စာရှိမှု ဆိုသည်မှာ တကယ်ပင် ဆန်းကြယ်လှသော အရာပင်။ ပုံမှန်အချိန်တွင် ချန်ရှောက်ရယ်သည် လော့ရှောင်ရှောင်၏ နှိပ်စက်မှုကို ခံရလျှင်ပင် တစ်ခွန်းမျှ ပြန်မပြောရဲသူ မဟုတ်ပါလော။

"သေနတ်နဲ့ ပစ်တယ် ဟုတ်လား"

ဒေါသထွက်နေသော လူအုပ်ထဲမှ ပိုမို မြှောက်ထိုးပင့်ကော်လုပ်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြန်သည်။

"ငါတို့မှာ သေနတ်လည်းမရှိ၊ လက်နက်လည်းမရှိလို့ နှိမ်နေတာကွ။ ဒါ သာဏာရှင်တွေရဲ့ လုပ်ရပ်ပဲ။ အားလုံးပဲ... မကြောက်ကြနဲ့။ ငါ့နောက်ကို လိုက်ခဲ့ကြ။ အဲ့ဒီကောင်တွေကို တစ်စစီ ဆွဲဖြဲပစ်ကြစမ်း"

မြှောက်ထိုးပင့်ကော်လုပ်ခံရသော လူအုပ်ကြီးမှာ ထပ်မံ တိုးဝှေ့လာကြပြန်သည်။ ထိုရှုပ်ထွေးမှုမှာ ဇွန်ဘီလှိုင်းလုံးကြီးများ ပေါ်ပေါက်လာခြင်းနှင့် အနည်းငယ်မျှ ကွာခြားခြင်း မရှိတော့ပေ။

ချူဟန်က တိုးဝှေ့လာသော လူများကို စိုက်ကြည့်ရင်း သူ၏ မျက်ဝန်းများက မသိမသာ တောက်ပသွားသည်။ ထို့နောက် ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်ထားသော ဘယ်ဘက်လက်ကို ငြိမ်သက်စွာ ဆွဲထုတ်လိုက်ကာ မျက်စိတစ်မှိတ်အတွင်း သေနတ်ကို အလျားလိုက် ချိန်ရွယ်ရင်း ခလုတ်ဆွဲလိုက်တော့သည်။

ဒိုင်း...

သေနတ်သံ ဟိန်းထွက်သွားပြီးနောက် ချက်ချင်းပင် လူအုပ်ထဲမှ နာကျင်စွာ အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာကာ သွေးစက်များကြောင့် မြေပြင်ပေါ်တွင် ချက်ချင်းပင် နီရဲသွားတော့သည်။ သောင်းကျန်းသူများပမာ ဖြစ်နေသော လူအုပ်ကြီးမှာ ဦးခေါင်းမှနေ၍ ရေအေးဖြင့် လောင်းချခံလိုက်ရသည့်အလား လုံးဝ တိတ်ဆိတ်သွားကြတော့သည်။

မည်သူမျှ သေနတ်ကျည်ဆန်၏ သားကောင် မဖြစ်ချင်ကြပေ။ ရှေ့မှ ယောက်ျားက မဆိုင်းမတွဘဲ ပထမဆုံးတစ်ချက်ကို ပစ်ဖောက်ခဲ့လျှင် နောက်ထပ် တစ်ချက်ကိုလည်း သေချာပေါက် ပစ်ဖောက်မည်သာ ဖြစ်သည်။

ခလုတ်ဆွဲလိုက်သော ချူဟန်က နောက်ထပ် ဆက်လက် ပစ်ခတ်ခြင်း မရှိတော့ပေ။ ပြန့်ကျဲသွားသော လူအုပ်ကြီး၏ အလယ်ဗဟိုသို့ လွန်စွာ အေးစက်သော ခြေလှမ်းများဖြင့် လျှောက်လှမ်းသွားတော့သည်။ ထိုနေရာတွင် လူတစ်ယောက် လဲကျနေသည်။ ညာဘက်ခြေထောက်ကို သေနတ်ကျည်ဆန် ဖောက်ထွက်သွားသဖြင့် သွေးများစွာ စီးကျနေခဲ့ပြီ ဖြစ်သည်။

"မင်းကို ငါအမြဲတမ်း သတိထားမိနေတာကြာပြီ"

ချူဟန်၏ အသံက တည်ငြိမ်နေသည်။

"မင်း ငါ့ကို ရည်ရွယ်ပြီး လူတွေကို အမြဲတမ်း မြှောက်ပေးနေတာပဲ။ ဒါပေမဲ့... ငါတို့ တစ်နေရာရာမှာ ဆုံခဲ့ဖူးလို့လား"

သွေးအိုင်ထဲတွင် လဲကျနေသူမှာ ကျိုးစုန့်လိ ဖြစ်သည်။

သူက ရူးသွပ်မှုနှင့် မုန်းတီးမှုများကြောင့် မျက်နှာ ပျက်ယွင်းနေကာ ချူဟန်ကို စိုက်ကြည့်လိုက်သည်။

"ခွေးကောင်... မင်းက ငါ့ကို မသိဘူး ဟုတ်လား"

ချူဟန်က မျက်မှောင်ကြုတ်လိုက်သည်။ ရှေ့တွင် အော်ဟစ်နေသော စိတ်မနှံသူကဲ့သို့သော ယောက်ျားကို သူ လုံးဝ မမှတ်မိပေ။

"ငါက အေးအေးလူလူ နေထိုင်နေခဲ့တာကွ"

ကျိုးစုန့်လိက ရုတ်တရက် ရူးသွပ်စွာဖြင့် အော်ဟစ်တော့သည်။ မြေပြင်ပေါ်တွင် တွားသွားရင်း ချူဟန်ထံသို့ အသည်းအသန် ချဉ်းကပ်ရန် ကြိုးစားနေသည်။

"မင်းသာ အဲ့စူပါမားကတ်ကို သိမ်းပိုက်ခြင်းမရှိရင် ငါ အရာအားလုံးကို ဆုံးရှုံးရမှာ မဟုတ်ဘူး။ အဲ့စူပါမားကတ်က ငါ့အပိုင်ကွ။ Mercedes benz G55 ကလည်း ငါ့အပိုင်ပဲ။ အရာအားလုံးက ငါ့အပိုင်တွေချည်းပဲ။ ဒါကို မင်းက ငါ့ဆီကနေ လုယူသွားတယ်။ ဒါတင်မကသေးဘူး... ဇွန်ဘီတွေကို တစ်ဝက်ပဲ ရှင်းလင်းသွားလို့ ငါက လူသားတွေရဲ့ သွေးကို သုံးပြီး ဇွန်ဘီတွေကို ဆွဲဆောင်ခဲ့ရတာကွ"

"အဲ့ဒီရလဒ်ကြောင့် ပိုမိုများပြားတဲ့ ဇွန်ဘီတွေ စုပြုံလာခဲ့ရတယ်။ စားစရာတွေ၊ မိန်းမတွေ အကုန်လုံး ပျက်စီးသွားပြီ။ ငါ အခုလို သနားစရာကောင်းတဲ့ အခြေအနေကို ရောက်နေရတာ အကုန်လုံး မင်းကြောင့်ပဲ။ ဒါကို မင်းက ငါ့ကို မသိဘူးလို့ ပြောရဲတယ် ဟုတ်လား"

ကျိုးစုန့်လိ၏ ကျိုးကြောင်းဆင်ခြင်မှုမှာ လုံးဝ ပျက်စီးနေခဲ့ပြီ ဖြစ်သော်လည်း ချူဟန်က စကား၏ အဓိကအချက်ကို ဖမ်းဆုပ်မိလိုက်သည်။

လူသားတွေရဲ့ သွေးနဲ့ ဇွန်ဘီတွေကို ဆွဲဆောင်ခဲ့တယ် ဟူသော စကားနှင့် စူပါမားကတ် ဟူသော စကားလုံးကို ကြားလိုက်ရသည့် တစ်ခဏချင်း၌ ချူဟန်၏ မျက်လုံးများက စူးရှစွာ ပွင့်သွားတော့သည်။

ဇွန်ဘီလှိုင်းလုံးကြီးများ ပေါ်ပေါက်လာရသည့် အရင်းအမြစ်မှာ သူ ကိုယ်တိုင် ရှင်းလင်းခဲ့သော ထိုစူပါမားကတ်ကြီး ဖြစ်နေခြင်း ဖြစ်သည်။ ထို့ပြင် G55 ဟူသော စကားလုံးကြောင့် ချူဟန် အရာအားလုံးကို နားလည်သွားခဲ့ပြီ ဖြစ်သည်။

သြော်...ဒီကောင် ဖြစ်နေတာကိုး။ ဇွန်ဘီလှိုင်းလုံးကြီးများမှာ လူသားများကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ချူဟန်က ဖြည်းညင်းစွာ ဆောင့်ကြောင့်ထိုင်ချလိုက်ရင်း ရူးသွပ်နေသော ကျိုးစုန့်လိ၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်လိုက်သည်။

"မင်းက လူသားတွေရဲ့ သွေးကို သုံးပြီး ဇွန်ဘီတွေကို ဆွဲဆောင်ခဲ့လို့ ဇွန်ဘီလှိုင်းလုံးကြီးတွေ ဖြစ်ပေါ်လာခဲ့တာပေါ့ ဟုတ်လား"

ကျိုးစုန့်လိက တစ်ခဏမျှ မှင်သက်သွားပြီးနောက် အော်ဟစ်လိုက်တော့သည်။

"အဲ့ဒါ ဘာဖြစ်လဲ။ အကုန်လုံး မင်းကြောင့်ပဲ။ အဲ့ဒီအတွက်ကြောင့် ငါ ထုံမြို့ထဲကနေ ထွက်လို့မရတော့ဘူး။ ထွက်လို့မရတော့ဘူးကွ"

"အင်း... ကောင်းပြီ။ ငါ သေချာ နားလည်သွားပြီ"

ချူဟန်၏ မျက်နှာမှာ တစ်ခဏချင်း၌ပင် ရက်စက်ကြမ်းကြုတ်စွာ ပျက်ယွင်းသွားကာ သေနတ်ပြောင်းဝကို ကျိုးစုန့်လိ၏ မျက်ခုံးကြားသို့ ပြင်းထန်စွာ ဖိကပ်လိုက်တော့သည်။

"ဒါဆိုရင်တော့... မင်း ဒီမှာပဲ သေလိုက်တော့"

ဒိုင်း...

သွေးစက်များ လွင့်စင်သွားကာ ရူးသွပ်နေသော ဟောက်သံကြီးမှာလည်း ရုတ်တရက် ရပ်တန့်သွားတော့သည်။

All Chapters