အခန်း ၇၆
Vol. 8 Ch. 76
အခန်း (၇၆) မင်းနာမည် ဘယ်လိုခေါ်လဲ
ကျိုးစုန့်လိ၏ အလောင်းမှာ မြေပြင်ပေါ်တွင် လဲကျနေကာ ဒဏ်ရာမှ ပန်းထွက်လာသော သွေးများက လူများ၏ အမြင်အာရုံကို ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။
လူအများအပြားမှာ ချက်ချင်းပင် ထွက်ပြေးချင်စိတ်များ ပေါ်လာသော်လည်း ကြောက်ရွံ့မှုကြောင့် တစ်လှမ်းမျှပင် မရွေ့နိုင်ကြပေ။ သူတို့သည် ယခင်က ခြိမ်းခြောက်ခံရခြင်းနှင့် သေနတ်သံများကြောင့် ထိတ်လန့်ခဲ့ဖူးသော်လည်း ဤစခန်း၌ လူသတ်ခြင်းကို တိုက်ရိုက် မြင်တွေ့ရခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
တစ်ခဏချင်း၌ပင် ချူဟန်၏ တည်ရှိမှုသည် သူတို့၏ စိတ်ထဲတွင် ဇွန်ဘီများကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
"ဒီအလောင်းကို ဇုန် A ထဲ ပစ်ထည့်လိုက်"
ချူဟန်၏ အသံမှာ လွန်စွာ တည်ငြိမ်နေသည်။ သူ ခုလေးတင် သတ်လိုက်သည်မှာ အသက်ရှင်နေသော လူတစ်ယောက် မဟုတ်ဘဲ ကြက်၊ ဘဲတစ်ကောင်မျှသာ ဖြစ်သည့်အလားပင်။
ချန်ရှောက်ရယ်က ချက်ချင်းပင် ကျိုးစုန့်လိ၏ အလောင်းကို ထမ်းကာ ချူဟန် ညွှန်ကြားသော နေရာသို့ လျှောက်သွားတော့သည်။
တောက်တောက်ကျနေသော သွေးစက်များက ကွင်းပြင်ထဲရှိ လူအားလုံး၏ နှလုံးသားကို လုံးဝ အေးခဲသွားစေသည်။ လူပေါင်း ရှစ်ရာကျော်ရှိသော ဤနေရာကျယ်ကြီးထဲတွင် အသက်ရှူသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။
ချန်ရှန်ကော်၊ ယဲ့ချန်နှင့် ယွဲ့ဇီတို့ သုံးယောက်မှာလည်း အံ့အားသင့်သွားကြသည်။ သူတို့သည် ဇွန်ဘီများကို သတ်ခဲ့ဖူးသလို အခြားသော အသက်ရှင်ကျန်ရစ်သူ အဖွဲ့များနှင့်လည်း ပဋိပက္ခ ဖြစ်ခဲ့ဖူးသည်။ သို့သော် အမှန်တကယ် လူသတ်ခြင်းမျိုးကို မပြုလုပ်ခဲ့ဖူးပေ။ ကမ္ဘာပျက်ကပ်ကြီး ကျရောက်လာသည်မှာ တစ်လသာ ရှိသေးသည်။ အနည်းငယ်မျှ ရဲရင့်မှု ရှိပါက စားနပ်ရိက္ခာရှာဖွေရန် မခက်ခဲသလို နေထိုင်ရန်နေရာလည်း အခက်အခဲ မရှိပေ။ လူသားအချင်းချင်း သွေးချောင်းစီးအောင် သတ်ဖြတ်ရမည့် အဆင့်သို့ မရောက်သေးချေ။
ချန်ဇီဟောင်သည် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်ကာ အကွယ်အကာတစ်ခု၏ နောက်သို့ ပုန်းကွယ်သွားတော့သည်။ ကျိုးစုန့်လိ တစ်ယောက် တုံ့ဆိုင်းမှုမရှိဘဲ သတ်ဖြတ်ခံလိုက်ရမည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
ဘယ်လိုလုပ်ရမလဲ။ ရှေ့ဆက်ပြီး ဘာလုပ်ရမလဲ။ အစီအစဉ်ကို ဒီအတိုင်း ဆက်လုပ်ရမှာလား။
မင်ချူးတက္ကသိုလ်မှ ကျောင်းသားများမှာလည်း ဝိညာဉ်လွင့်ထွက်သွားမတတ် ထိတ်လန့်တုန်လှုပ်နေကြသည်။ တင်းရွယ်သည် မယုံကြည်နိုင်သောအရာကို မြင်လိုက်ရသကဲ့သို့ ပါးစပ်ကိုအုပ်ကာ မျက်လုံးများ ပြူးကျယ်သွားသည်။
လူသတ်တယ်။ ဒီလိုကိစ္စမျိုး သူမ လုံးဝ စိတ်ကူးမယဉ်ဖူးပေ။ ခလုတ်ဆွဲလိုက်သည့်အချိန်တွင် မျက်တောင်တစ်ချက်မျှ မခတ်ဘဲ မျက်နှာပေါ်သို့ သွေးများ စင်လာသည်ကိုပင် မသုတ်ဖယ်သော ရှေ့ကယောက်ျားမှာ တကယ်ပဲ ချူဟန်ကော ဟုတ်ပါရဲ့လား။
ဒေါက်... ဒေါက်...
တိတ်ဆိတ်နေသော နေရာကျယ်ကြီးထဲတွင် စစ်ဖိနပ်၏ မြေပြင်ကို နင်းလိုက်သော အသံသည် စည်းချက်ကျကျနှင့် လေးလံစွာ ထွက်ပေါ်လာသည်။
ချူဟန်၏ ကျောပြင်မှာ မတ်မတ်ရပ်နေကာ မျက်နှာပေါ်တွင် ယိမ်းယိုင်မှုမရှိသော သြဇာအာဏာများ အပြည့်အဝ ရှိနေသည်။ သူ၏ ကြီးမားလှသော ဖိအားကြောင့် လူအုပ်ကြီးမှာ အလိုအလျောက် နောက်ဆုတ်ချင်စိတ်များ ဖြစ်ပေါ်လာကြသည်။
သူက လူအုပ်ကြီး၏ ဘယ်ဘက်အစွန်မှနေ၍ လျှောက်လာကာ အသက်အရွယ်၊ ရုပ်ရည် မတူညီသော သူစိမ်းများ၏ မျက်နှာကို တစ်ယောက်ချင်းစီ လိုက်လံ ကြည့်ရှုသွားတော့သည်။ ယောကျ်ား၊ မိန်းမ၊ လူကြီး၊ လူငယ်၊ ဆယ်နှစ်မှ ငါးဆယ်အထိ အမျိုးမျိုးသော မျက်နှာများ ရှိနေသည်။
လွန်စွာ ရှုပ်ထွေးသော အစုအဖွဲ့တစ်ခုပင် ဖြစ်သည်။ ပြောဆိုရန် ခက်ခဲသလို ထိန်းချုပ်ရန်လည်း အလွန် ခက်ခဲလှသည်။
လူပေါင်း ရှစ်ရာလုံး တစ်ယောက်မျှ အသံမထွက်ရဲကြပေ။ ရှေ့မှ ယောက်ျား ဘာလုပ်မည်ကို မည်သူမျှ မသိကြချေ။
"မင်းတို့တွေက ကံကောင်းတယ်။ ပြည့်စုံတဲ့ နေ့ရက်တွေကို ဖြတ်သန်းရပြီး စားစရာလည်း မပူရဘူး။ အသက်ရှင်ဖို့အတွက် အပြင်ထွက်ပြီး ဇွန်ဘီတွေကိုလည်း သတ်စရာ မလိုခဲ့ဘူး"
ရုတ်တရက် ချူဟန်၏ အသံ ထွက်ပေါ်လာသည်။ ထိုအသံမှာ အလွန် ရှင်းလင်းပြတ်သားပြီး နောက်ဆုံးတန်းမှ လူများ၏ နားထဲသို့ပင် ရှင်းလင်းစွာ ရောက်ရှိသွားသည်။ တစ်ချိန်တည်းမှာပင် စစ်ဖိနပ်၏ ခြေသံများလည်း ရုတ်တရက် ရပ်တန့်သွားတော့သည်။
"ဒါပေမဲ့... မင်းတို့ ဘာမှနားမလည်ကြဘူး"
ချူဟန်၏ အသံက ရုတ်တရက် ဒေါသတကြီး အော်ဟစ်သံအဖြစ် ပြောင်းလဲသွားတော့သည်။
သူ၏ နုပျိုသော အသံမှာ အသက်နှစ်ဆယ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ယောက်၏ အသံ ဖြစ်သော်လည်း အသံထဲတွင် ပါဝင်နေသော သြဇာအာဏာမှာ သေရေးရှင်ရေး တိုက်ပွဲပေါင်းများစွာကို ဖြတ်ကျော်လာခဲ့သော စစ်သူကြီးတစ်ဦးနှင့် တူနေသည်။ သူက လက်ကို မြှောက်လိုက်ကာ ခပ်လှမ်းလှမ်းရှိ တံတားတစ်ဖက်ခြမ်းသို့ တိကျစွာ လက်ညှိုးထိုးပြလိုက်သည်။
"ထုံမြို့... မင်းတို့တွေ မွေးဖွား၊ ပညာသင်၊ အလုပ်လုပ်၊ အိမ်ထောင်ပြုပြီး ကလေးမွေး၊ ပြီးတော့ အိုမင်းရင့်ရော်သွားမယ့် နေရာလေ။ ဒီထုံမြို့ရဲ့ လူဦးရေက ဘယ်လောက်လဲ။ ဒီမှာနေပြီး ဒီမှာကြီးပြင်းလာတဲ့ ဒေသခံတွေဖြစ်တဲ့ မင်းတို့က အသိဆုံး ဖြစ်ရမှာပေါ့။ ဖြေစမ်း။ လူဘယ်နှစ်ယောက် ရှိလဲ"
သူ၏ အသံမှာ စကားတစ်ခွန်း ပြောထွက်လိုက်တိုင်း ပိုမို ကြီးမားလာကာ ပို၍ အားကောင်းလာသည်။ ထိုပေါက်ကွဲလုမတတ် ဖိအားကြီးမှာ သံကြိုးကို ဆွဲဖြတ်လိုက်သော သားရဲကြီးတစ်ကောင်ပမာ သွေးဆာနေသော ရိုင်းစိုင်းမှုများ ပြည့်နှက်နေသည်။
မည်သူမျှ မဖြေနိုင်ကြပေ။
ချူဟန်၏ ရုတ်တရက် ကြီးမားလှသော ဖိအားကြောင့် အားလုံးမှာ ငြိမ်သက်သွားကြသည်။ သူတို့သည် ရှေ့မှ ချူဟန်ကိုသာ မှင်သက်စွာ ငေးကြည့်နေနိုင်ကြတော့သည်။
ဤနေရာတွင် ရှိနေသော လူကြီးအများစုထက် ငယ်ရွယ်ပြီး အနည်းငယ်မျှပင် ရင့်ကျက်မှု မရှိသေးသော အသက်နှစ်ဆယ်အရွယ် တက္ကသိုလ် ဒုတိယနှစ် ကျောင်းသားလေး။ လူမှုအသိုင်းအဝိုင်းထဲသို့ မဝင်ရသေးသလို အလုပ်အကိုင် အတွေ့အကြုံလည်း မရှိသေးသော လူငယ်လေး။ သို့သော် ယခု သူသည် ရှေ့မှ လူပေါင်း ရှစ်ရာကျော်ကို တစ်ခွန်းမျှ မဟရဲအောင် လွှမ်းမိုးထားနိုင်ခဲ့ပြီ ဖြစ်သည်။
"သုံးသန်းကွ"
တိတ်ဆိတ်နေသော ကွင်းပြင်ကြီးထဲတွင် မီးတောင်ပေါက်ကွဲသကဲ့သို့ ဒေါသတကြီး အော်ဟစ်သံကြီး ဟိန်းထွက်လာသည်။
ချူဟန်က လူအုပ်ကြီး၏ အရှေ့တွင် ရပ်ကာ နက်မှောင်သော မျက်လုံးများဖြင့် သူတို့ကို စိုက်ကြည့်လိုက်သည်။
"ဒီမြို့မှာ လူဦးရေ သုံးသန်း ရှိတယ်။ ဒါဆိုရင် ဇွန်ဘီအရေအတွက်က ဘယ်လောက်လောက် ရှိမလဲ"
"ဖြေကြည့်စမ်း"
ချူဟန်က လူအုပ်ကြီးကို တည့်တည့် စိုက်ကြည့်လိုက်သည်။ ထိုပေါက်ကွဲလုမတတ် အသံထဲတွင် ဒေါသထွက်နေသော ခြင်္သေ့ကြီးတစ်ကောင် ပုန်းကွယ်နေသည့်အလားပင်။
"ဖြေစမ်း။ ဘယ်နှစ်ကောင် ရှိလဲ"
လုံးဝ တိတ်ဆိတ်သွားသည်။ မည်သူမျှ ပါးစပ် မဟရဲကြပေ။ အားလုံးက အသက်နှစ်ဆယ်အရွယ် လူငယ်လေးကိုသာ မှင်သက်စွာ ငေးကြည့်နေနိုင်ကြတော့သည်။
မဖြေနိုင်ခြင်း မဟုတ်ပေ။ ဖိအားကြောင့် အံ့အားသင့်သွားကာ အတွေးများ တစ်ခဏချင်း၌ပင် ရပ်တန့်သွားခြင်း ဖြစ်သည်။ သူတို့၏ အမြင်အာရုံထဲတွင် ထိုနက်မှောင်သော မျက်လုံးများကိုသာ မြင်တွေ့နေရသည်။ လူပေါင်း ရှစ်ရာ၏ အကြည့်များက ချူဟန်ထံသို့သာ စူးစိုက်နေကြပြီး မည်သူမျှ မျက်လုံးမလွှဲရဲကြချေ။
"မင်းတို့ ဘာမှနားမလည်ကြဘူး"
ချူဟန်၏ မျက်လုံးများထဲတွင် မသိမသာ ခွန်အားမဲ့မှုနှင့် ဝမ်းနည်းမှု အရိပ်အယောင်များ ပေါ်လာသည်။
"ဒီမြို့က ဘယ်လောက် အန္တရာယ်များလဲဆိုတာကို နည်းနည်းလေးတောင် ဂရုမစိုက်ကြဘူး။ အပေါ်ယံလောက်ပဲ လုံခြုံတဲ့ ဒီစခန်းထဲကနေ ခြေတစ်လှမ်းတောင် အပြင်မထွက်ရဲကြဘူး။ မင်းတို့ လုံးဝ နားမလည်ကြဘူး။ ဒီလူဦးရေ သုံးသန်းရှိတဲ့ မြို့ကြီးမှာ ၈၀ ရာခိုင်နှုန်းသော လူတွေက ဇွန်ဘီအဖြစ် ပြောင်းလဲသွားပြီဆိုတဲ့ အမှန်တရားကိုလေ"
၈၀ ရာခိုင်နှုန်း ဟုတ်လား။
ချူဟန်၏ ပါးစပ်မှ ထွက်ပေါ်လာသော အံ့သြဖွယ်ကောင်းသော ကိန်းဂဏန်းကြောင့် အားလုံးမှာ မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။ ရပ်တန့်နေသော အတွေးများ ပြန်လည် အလုပ်လုပ်လာသည်။ ထိုအရာက ချွန်ထက်သော ဓားတစ်လက်ဖြင့် နှလုံးသားကို နက်နက်ရှိုင်းရှိုင်း ထိုးစိုက်လိုက်သည့်အလား ပြင်းထန်သော ရိုက်ခတ်မှုပင် ဖြစ်သည်။
ချူဟန်က ထပ်မံ လျှောက်လာပြန်ကာ ရှေ့မှ မျက်နှာများကို တစ်ယောက်ချင်းစီ လိုက်ကြည့်ရင်း မပြောင်းလဲသော ခိုင်မာသည့် အသံဖြင့် စကားဆက်ပြောလိုက်သည်။
"မင်းတို့ ဂရုစိုက်နေတာက ဒီနေ့ ညစာ ဘာဟင်းလဲဆိုတာပဲ။ ချန်ရှန်ကော်တို့ ပစ္စည်းတွေ ဘယ်လောက် ယူလာခဲ့လဲဆိုတာပဲ။ ဘေးခန်းက မိန်းမ ဘယ်အချိန် ရေချိုးမလဲဆိုတာပဲ။ အသစ်ရောက်လာတဲ့ သူတွေထဲမှာ ချစ်စရာကောင်းတဲ့ မိန်းကလေး ပါ၊ မပါ ဆိုတာပဲ"
ချူဟန်က ခြေလှမ်းများကို ရပ်တန့်လိုက်ကာ ရှေ့တွင်ရှိနေသော အသက်ဆယ့်ငါးနှစ်အရွယ်ခန့် မိန်းကလေးတစ်ဦးကို တည့်တည့် ငုံ့ကြည့်လိုက်သည်။ သူ၏ အသံက ရုတ်တရက် အေးချမ်းသွားတော့သည်။
"မင်း နာမည် ဘယ်လိုခေါ်လဲ"
"ချူးရှား၊ ချူးရှား... ပါ"
ရွှံ့များ ပေကျံနေသော မိန်းကလေးမှာ ဖိအားကြောင့် ကြောက်ရွံ့တုန်လှုပ်နေရင်း အလိုအလျောက် ပြန်ဖြေလိုက်မိသည်။
"ချူးရှား ဟုတ်လား"
ချူဟန် ပြုံးလိုက်သည်။
"နာမည်လေးကလှတာပဲ။ အထက်တန်းကျောင်းသူလား"
"မဟုတ်ပါဘူး။ အလယ်တန်းကျောင်း ပြီးခါစပါ"
ချူးရှားဟု ခေါ်သော မိန်းကလေးက တွေဝေသွားသော်လည်း တိုးတိတ်သော အသံဖြင့် ပြန်ဖြေလိုက်သည်။
"အလယ်တန်းကျောင်း ပြီးခါစ ကျောင်းသူလေးပေါ့"
ချူဟန်က ပိုမို ပြုံးလိုက်ကာ ရုတ်တရက် အသံကျယ်ကြီးဖြင့် အော်လိုက်သည်။
"ချူးရှား... သူတို့ကို ပြောပြလိုက်စမ်း။ ဒီလူကြီးတွေကို ပြောပြလိုက်စမ်း။ လူဦးရေ သုံးသန်းရဲ့ ၈၀ ရာခိုင်နှုန်း။ ဇွန်ဘီ အရေအတွက်က စုစုပေါင်း ဘယ်လောက် ဖြစ်မလဲ"
"နှစ်သန်းလေးသိန်း... ပါ"
လွယ်ကူသော တွက်ချက်မှုတစ်ခုပင်။ မိန်းကလေး၏ ရှင်းလင်းပြတ်သားသော အသံ ထွက်ပေါ်လာပြီးနောက် သူမ လန့်ဖြတ်သွားကာ ပါးစပ်ကို လက်နှစ်ဖက်ဖြင့် အုပ်လျက် တဆတ်ဆတ် တုန်ယင်လာတော့သည်။
"နှစ်သန်းလေးသိန်းရှိတဲ့ ဇွန်ဘီတွေ..."
နှစ်သန်းလေးသိန်းရှိတဲ့ ဇွန်ဘီတွေ။
"နှစ်သန်းလေးသိန်းကွ။ ဆယ်ကျော်သက် ကျောင်းသူလေးတောင် ချက်ချင်း တွက်နိုင်တဲ့ ကိန်းဂဏန်းကို မင်းတို့ လုံးဝ နားမလည်ခဲ့ကြဘူး။ လူကြီးတွေ ဖြစ်ပြီး သနားစရာကောင်းလိုက်တာကွာ"
ချူဟန်က ဒေါသတကြီးဖြင့် ကျောပြင်ကို မတ်မတ်ထားကာ ထပ်မံ လျှောက်သွားပြန်သည်။
စစ်ဖိနပ်က မြေပြင်ကို နင်းလိုက်သော အသံများ ထွက်ပေါ်လာသည်။ သူက ဖြတ်သန်းသွားသော လူတစ်ယောက်ချင်းစီ၏ အံ့အားသင့်နေသော မျက်နှာများကို ဆက်လက် စိုက်ကြည့်နေခဲ့သည်။
"မင်း"
ချူဟန်က လူငယ်တစ်ယောက်ရှေ့တွင် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
"မင်း နာမည် ဘယ်လိုခေါ်လဲ"
"မုထျန် ပါ"
လူငယ်လေးမှာ မှင်သက်နေသော်လည်း ပြန်လည် စိုက်ကြည့်လိုက်သည်။
"မုထျန်"
ချူဟန်၏ နှုတ်ခမ်းထက်တွင် ပေါ်လာသော အပြုံး၌ အနည်းငယ်မျှ နွေးထွေးမှု မရှိပဲ အေးစက်နေသည်။
"အထက်တန်းကျောင်းသားလား"
"ဟုတ်ကဲ့... ဒုတိယနှစ်ပါ"
မုထျန်က ကြည်လင်သော မျက်လုံးများထဲတွင် မေးခွန်းများ ပေါ်လာရင်း ပြန်ဖြေလိုက်သည်။
"အထက်တန်း ဒုတိယနှစ် ကျောင်းသားပေါ့"
ချူဟန်က ခေါင်းမော့လိုက်ကာ လူအုပ်ကြီးကို ထပ်မံ ကြည့်ရှုလိုက်သည်။ မျက်မှောင်ကြုတ်လိုက်ရင်း ပြင်းထန်သော အသံကြီး ထွက်ပေါ်လာပြန်သည်။
"မုထျန်... မင်း သူတို့ကို ပြောပြလိုက်စမ်း။ ဒီရှန်းကော် စခန်းမှာ လူဘယ်နှစ်ယောက် ရှိလဲ"