အခန်း ၇၈
Vol. 8 Ch. 78
အခန်း (၇၈) လူသားတို့၏ ဂုဏ်သိက္ခာအတွက်
"မင်းတို့ ဘယ်လမ်းကိုရွေးချယ်မလဲ"
ချူဟန်၏ ပြတ်သားထက်မြက်သော အော်ဟစ်သံက ပဲ့တင်ထပ်နေသည့် ဇွန်ဘီများ၏ ဟိန်းသံကို ဖုံးလွှမ်းသွားကာ လူပေါင်းရှစ်ရာ၏ တုန်လှုပ်ချောက်ချားနေသော ရင်ခုန်သံများကိုပါ လွှမ်းမိုးသွားတော့သည်။
လူတို့၏ ရင်ထဲ၌ စိုးမိုးနေသော ကြောက်ရွံ့မှုနှင့် ဝေခွဲမရဖြစ်ခြင်းများကို ဓားဖြင့်မွှန်းလိုက်သကဲ့သို့ သူတို့အရှေ့တွင် လမ်းစတစ်ခု ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
သူရဲကောင်း ဖြစ်မလား။ လူဖျင်း ဖြစ်မလား။
ရွေးချယ်စရာ လမ်းနှစ်လမ်းသာ ရှိသည်။
လူအုပ်ကြီး၏ ရှေ့ဆုံးတွင် ရပ်နေသော ချူဟန်သည် အရပ်အမောင်း အလွန်အမင်း ထွားကျိုင်းသူမဟုတ်သော်လည်း သူ၏ ကျောပြင်၌ လူအများ၏ အကြည့်ကို ဆွဲဆောင်နိုင်သည့် အံ့ဖွယ်သြဇာအာဏာ ရှိနေသည်။
"ဂရား...ဂရား..."
ဝေးကွာသော အရပ်ဆီမှ မရေမတွက်နိုင်သော ဇွန်ဘီများ၏ အော်ဟစ်သံများက လေထဲတွင် လွင့်ပါလာသည်။ အမြင်အာရုံကို ပိတ်ဆို့ထားခြင်းမရှိသော ကွင်းပြင်ကြီး၏ တစ်ဖက်ခြမ်းတွင် မည်းမှောင်လာခဲ့ပြီ ဖြစ်သည်။ ၎င်းတို့၏ ခြေလှမ်းများက ယိမ်းထိုးနေသော်လည်း အသားစိမ်းများကို ဆာလောင်မွတ်သိပ်နေသည့်အရှိန်ကြောင့် ရွေ့လျားမှုမှာ အနည်းငယ်မျှ မနှေးကွေးချေ။ နောက်ထပ် တစ်နာရီမပြည့်မီ အချိန်အတွင်း ထိုမျှမက ဒုက္ခပေးမည့် ဇွန်ဘီလှိုင်းလုံးကြီး ဤနေရာသို့ ဆိုက်ရောက်လာတော့မည်။
မကြုံစဖူး ကပ်ဘေးကြီးက လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းလျက် လူတစ်ယောက်က ရှေ့သို့ ဦးစွာ ခြေလှမ်းလှမ်းလိုက်သည်။ သူက လက်နက်ဟုပင် ခေါ်ရန်မထိုက်တန်သော လယ်ယာသုံးပစ္စည်းများနှင့် သံပိုက်လုံးများကို မြှောက်ကိုင်လျက် အော်ဟစ်လိုက်တော့သည်။
"ဒီမိစ္ဆာကောင်တွေကို အပြတ်ရှင်းကြမယ်"
"သူတို့ခေါင်းတွေကို ရိုက်ခွဲပစ်ကြစမ်း"
"ငါတို့ဘဝတွေကို ဖျက်ဆီးတဲ့ကောင်တွေကို တန်ပြန်ချရမယ်"
"သေရင် အတူတူပေါ့ကွာ... ဘာကြောက်စရာရှိလဲ"
"ယောကျ်ားပဲ... မတ်တတ်ရပ်ရင်း သေပြလိုက်မယ်"
လူအုပ်ထဲမှ တစ်ယောက်ပြီးတစ်ယောက် လာရောက်ပူးပေါင်းကြပြီး ချူဟန်၏ ဘေးပတ်ပတ်လည်တွင် ဝိုင်းရံလာကြသည်။
မြေပြင်ကို တုန်ဟိန်းစေသော အော်ဟစ်သံများက စိတ်ဓာတ်များစွာကို မြှင့်တင်ပေးလိုက်သည်။ ယောကျ်ား၊ မိန်းမ၊ လူကြီး၊ လူငယ်မရွေး လက်ထဲတွင် လက်နက်များကို တင်းကျပ်စွာ ကိုင်ဆောင်ထားကြပြီး မျက်လုံးထဲတွင်လည်း ပြင်းထန်သော အရိပ်အယောင်များ ထွက်ပေါ်နေသည်။
ချူဟန်ကို ယုံကြည်စမ်း။
ဤသည်မှာ အသက်နှင့်လဲရမည့် တိုက်ပွဲပင်။
လူသားတို့၏ ဂုဏ်သိက္ခာအတွက် သေချင်သေ၊ ရှင်ချင်ရှင် အစွမ်းကုန် တိုက်ခိုက်ကြရမည်။
ချန်ရှန်ကော်သည် အံ့အားသင့်သော မျက်လုံးများဖြင့် ချူဟန်ကို စိုက်ကြည့်နေမိသည်။ သူ၏ နုပျိုလွန်းသော ဘေးတိုက်မျက်နှာပြင်ကို အကြိမ်ကြိမ် ငေးမောနေမိသည်။
"ဒီကောင်လေးက အသက်နှစ်ဆယ်ဝန်းကျင်ပဲ ရှိသေးတာကို... ဒီလို ငရဲကမ္ဘာကြီးထဲမှာ ဤမျှလောက်အထိ လုပ်နိုင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
"မင်းထက်စာရင် သူက ပိုပြီး ခေါင်းဆောင်ကောင်း ပီသတာပေါ့"
ယဲ့ချန်၏ မျက်မှန်နောက်ကွယ်မှ မှေးစင်းထားသော မျက်လုံးများက စူးရှစွာ တောက်ပနေသည်။
"အင်း... မဟာမိတ်ဖွဲ့ရတာ တန်ပါတယ်ဗျာ။ ငါ သူ့ကို တကယ် လေးစားသွားပြီ"
ချန်ရှန်ကော်၏ အသံထဲတွင် နက်ရှိုင်းသော ခန့်ညားလေးစားမှုများ ရောယှက်နေခဲ့ပြီ ဖြစ်သည်။
ချူဟန်၏ အနောက်တွင် ရပ်နေသော ရှန်ကျိုတီနှင့် ပိုင်ယွန့်အာတို့လည်း ရှုပ်ထွေးသော စိတ်ခံစားချက်များဖြင့် ထိုကျောပြင်ကို ငေးကြည့်နေကြသည်။
ဤမျှလောက် ကြီးမားသော ဖိအားနှင့် ကပ်ဘေးကြီး၏ ရှေ့မှောက်တွင် အနည်းငယ်မျှ ယိမ်းယိုင်ခြင်းမရှိသော တည်ငြိမ်မှု။ ထို့ပြင် အုပ်စုကွဲနေသော လူအုပ်ကြီးကို တစ်ခဏချင်းအတွင်း တစ်စုတစ်စည်းတည်းဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့သဖြင့် အသက်ရှင်သန်နိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးနိုင်ခဲ့သည်။ လူအနည်းငယ်နှင့် လူပေါင်း ခုနစ်ရာတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ အခြေခံအားဖြင့် ကွာခြားလှသည် မဟုတ်ပါလော။
ဤယောက်ျားက သမားရိုးကျ အတွေးအခေါ်များကို ဘယ်လောက်အထိ ဖြိုခွင်းဦးမည်နည်း။
"ဒါဆိုရင် အခုကစပြီး ငါ့အမိန့်ကို နာခံကြရမယ်"
ချူဟန်က အသံကျယ်ကြီးဖြင့် အော်လိုက်သောအခါ ဆူညံနေသော လူအုပ်ကြီးမှာ ချက်ချင်း ငြိမ်သက်သွားတော့သည်။
"သေနတ်ရှိတဲ့သူတွေ အားလုံး အပိုကျည်ကတ်တွေ ယူပြီး အနောက်မှာ ရပ်ထားတဲ့ ထရပ်ကား နှစ်တန်းရဲ့ နောက်ခန်းထဲကို တက်ကြ"
ချူဟန်၏ ညွှန်ကြားချက်က သွက်လက်မြန်ဆန်သော်လည်း စကားလုံးတိုင်းက ပြတ်သားလှသည်။
"သေနတ်မရှိတဲ့သူတွေက လက်နက်ကိုင်ပြီး ဆယ့်ငါးယောက်တစ်စု စစ်ကြောင်းအဖြစ် ဖွဲ့စည်းလိုက်ကြ။ ငါသတ်မှတ်ပေးတဲ့ နေရာတွေကို ချက်ချင်း သွားရောက် နေရာယူကြစမ်း"
"သတိထား... ငါ အချက်မပေးမချင်း ဘယ်သူမှ ကိုယ့်သဘောနဲ့ကိုယ် မလှုပ်ရှားနဲ့။ တိုက်ပွဲစတာနဲ့ တစ်ပြိုင်နက် တစ်ချက်ကလေးတောင် ညှာတာဖို့ မလိုဘူး။ အဲ့ဒီ ခွေးကောင်တွေရဲ့ ခေါင်းကို မညှာမတာ ဖြတ်ပစ်ကြ"
ချူဟန်၏ စစ်ဗျူဟာမှာ တစ်ချက်ကြည့်ရုံဖြင့် ရိုးရှင်းပြီး အနည်းငယ် လျော့ရဲနေသည်ဟု ထင်ရသော်လည်း ၎င်း၏ စစ်မှန်သော ရည်ရွယ်ချက်ကိုမူ သူကိုယ်တိုင်မှလွဲ၍ မည်သူမျှ မသိရှိနိုင်ချေ။
"ငါ့ကို ယုံကြည်စမ်း။ အားလုံး အတူတူ အသက်ရှင်ကျန်ရစ်စေရမယ်"
ထို့နောက် မိနစ်သုံးဆယ် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဇွန်ဘီလှိုင်းလုံးကြီးမှာ တံတားကို ဖြတ်ကျော်လာခဲ့ပြီဖြစ်ကာ အရှိန်အဟုန်ပြင်းစွာဖြင့် တိုးဝှေ့လာနေသည်။ မိုးကုတ်စက်ဝိုင်းတစ်ခုလုံးကို ဖုံးလွှမ်းထားသော ဇွန်ဘီလှိုင်းကြီးကို ကြည့်ရသည်မှာပင် အသည်းယားစရာ ကောင်းလှသည်။
လေထုကို တုန်ခါစေသော ဟိန်းဟောက်သံများက တဖြည်းဖြည်းနှင့် ပိုမို နီးကပ်လာခဲ့ပြီ ဖြစ်သည်။ ရှေ့မှောက်သို့ ရောက်ရှိလာသော ကမ္ဘာပျက်ကပ်ကြီးက ဤမြို့၏ အနာဂတ်ကို ဖော်ပြနေသည့်အလား... ဤနေရာသည် သေမင်းမြို့တော် ဖြစ်သွားခဲ့ပြီ။
လူအုပ်ကြီး၏ နေရာယူမှုများ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ သေနတ်နှင့် ကျည်ဆန်များကို အဓိကထား၍ ခွဲဝေပေးခဲ့သော်လည်း ရရှိသော သေနတ်မှာ အလက်ငါးဆယ်သာ ရှိသည်။ ကျန်ရှိသော အသက်ရှင်ကျန်ရစ်သူများ အားလုံးကို ဆယ်ယောက်တစ်စုအဖွဲ့များအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ကာ အဖွဲ့တိုင်းတွင် အနည်းဆုံး အရွယ်ရောက်ပြီးသူ ယောကျ်ားနှစ်ဦး ပါဝင်စေသည်။
ပုဆိန်ကဲ့သို့သော အစွမ်းထက်သည့် လက်နက်များမှာ ချက်ချင်းပင် ကုန်ဆုံးသွားခဲ့သဖြင့် လက်နက်မရရှိသူ အများစုမှာ သံပိုက်လုံး၊ မြက်ခုတ်ဓား သို့မဟုတ် လယ်ထွန်ရန် သုံးသော ပေါက်တူးများကို တင်းကျပ်စွာ ကိုင်ဆောင်ထားကြရသည်။
မှန်ပေသည်။ အားလုံးက သူရဲကောင်း မဖြစ်နိုင်ကြပေ။ လူပေါင်း တစ်ရာကျော်ခန့်မှာ တိတ်တဆိတ်ဖြင့် နေထိုင်ရာ အဆောက်အအုံများ၏ အနောက်ဘက်သို့ ဆုတ်ခွာသွားကြသည်။ သူတို့က တိုက်ခိုက်ရန် ငြင်းဆန်ခဲ့ကြပြီး မိမိတို့၏ ကံကြမ္မာကို အခြားသူများ၏ လက်ထဲသို့သာ အပ်နှံရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
ထိုလူဖျင်းများထဲတွင် ချန်ဇီဟောင်နှင့် တွမ်းမင်တို့လည်း ပါဝင်နေသည်။
မိမိ ညီအရင်း၏ ရွေးချယ်မှုကြောင့် ချန်ရှန်ကော်၏ မျက်ဝန်းထဲတွင် နက်ရှိုင်းသော စိတ်ပျက်မှုများ ထွက်ပေါ်လာသည်။ သို့သော် သူက တားဆီးခြင်း မပြုဘဲ အေးစက်စက်ဖြင့်သာ အကြည့်လွှဲလိုက်တော့သည်။
ထူးခြားသည်မှာ မင်ချူးတက္ကသိုလ်မှ ကျောင်းသားများထဲတွင် ကျောခိုင်းထွက်ပြေးသူမှာ တွမ်းမင် တစ်ယောက်တည်းသာ ရှိခြင်းပင်။ ကျန်ရှိနေသော ကျောင်းသားများ အားလုံးက တွမ်းမင်ကို ကြည့်ကာ မုန်းတီးမှုနှင့် လှောင်ပြုံးများကို ဖုံးကွယ်မထားကြပေ။
သူတို့အကြည့်များကို ချူဟန်ထံသို့ ပြန်ပို့လိုက်သည်။ သူက အနည်းငယ်မျှ တုန်လှုပ်ခြင်းမရှိဘဲ တိုက်ပွဲဝင်မည့်သူများကို တစ်ယောက်ပြီးတစ်ယောက် နေရာချပေးနေသည်။ ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်နေသော်လည်း ထွက်မပြေးဘဲ ကျန်ရစ်ခဲ့သော မိန်းမများနှင့် ကလေးသူငယ်များကို တွေ့ရှိသောအခါ ချူဟန်က အနားသို့ လျှောက်သွားကာ သူတို့၏ ပုခုံးကို ပုတ်၍ စကားမပြောဘဲ စိတ်ဓာတ်မြှင့်တင်ပေးခဲ့သည်။
"ဟေ့... ချူဟန်"
နေထိုင်ရာ နေရာသို့ ဆုတ်ခွာကာ လူဖျင်းပေါင်း တစ်ရာနှင့်အတူ ပုန်းကွယ်ရန် ကြိုးစားနေသော တွမ်းမင်က ရုတ်တရက် လှမ်းအော်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှု အနည်းငယ်မျှ မရှိဘဲ လှောင်ပြုံးတစ်ခုသာ ဖြစ်ပေါ်နေသည်။
"ငါ အပေါ်ထပ် ပြတင်းပေါက်ကနေ မင်း သနားစရာကောင်းလောက်အောင် ရှုံးနိမ့်သွားတာကို အကောင်းဆုံး နေရာကနေ စောင့်ကြည့်နေမယ်။ ဇွန်ဘီတွေက မင်းကို အရှင်လတ်လတ် ဝါးမြိုပြီး အရိုးထဲက ရိုးတွင်းအဆီအထိ စုပ်စားသွားမယ့် ပုံစံကိုပေါ့ကွာ"
တိတ်ဆိတ်နေသော လေထုထဲတွင် ချန်ရှောက်ရယ်က ရုတ်တရက် လှည့်ကြည့်လိုက်ကာ ဒေါသတကြီး ဟောက်လိုက်တော့သည်။
"ငါ့ဘော့စ်က ရှုံးမှာ မဟုတ်ဘူးကွ။ ဒီအောင်ပွဲက ငါတို့အပိုင်ပဲ"
"ဟားဟားဟား..."
တွမ်းမင်က ကျယ်လောင်စွာ ရယ်မောလိုက်ကာ နောက်ထပ် ဆဲဆိုစကားများ ပြောရန် ပါးစပ်ဟလိုက်သည်။
"တစ်ခု သတိရလာပြီ"
ချူဟန်က မည်သည့် ခံစားချက်မျှ မရှိသော မျက်နှာဖြင့် ထိုစကားကို ဖြတ်ပြောလိုက်ကာ ရုတ်တရက် အဆက်အစပ်မရှိသော စကားကို ဆိုလိုက်သည်။
"မင်း မိဘတွေက မင်းကို နာမည်ကောင်း ပေးထားတာပဲ"
"ဟင်... ဘာပြောတာလဲ"
တွမ်းမင်က အံ့အားသင့်ကာ မျက်လုံးများ ပြူးကျယ်သွားသည်။ သူသာမက ဘေးပတ်ဝန်းကျင်ရှိ လူများပါ ချူဟန်၏ ရည်ရွယ်ချက်ကို နားမလည်နိုင် ဖြစ်သွားကြသည်။
"အသက်တိုတာ (တွမ်းမင်) တဲ့..."
ရုတ်တရက် လော့ရှောင်ရှောင်၏ နောက်ပြောင်သော အသံ ထွက်ပေါ်လာသည်။
"အဟဟ... တွမ်းမင် ဆိုတာက တကယ့်ကို အသက်တိုတာ ပဲ မဟုတ်လား။ အကောင်းဆုံး နာမည်ပဲ ဟုတ်တယ်မလား"
"ခွေးမလေး... နင် ငါ့ကို ကျိန်ဆဲနေတာလား"
တွမ်းမင်က ရူးသွပ်နေသူပမာ လော့ရှောင်ရှောင်ထံသို့ လှမ်းအော်တော့သည်။ သူ၏ မျက်ကွင်းများမှာ ညိုမည်းနေကာ နှုတ်ခမ်းများမှာလည်း သွေးမရှိသည့်အလား ဖြူဖျော့နေပြီး ခန္ဓာကိုယ်မှာလည်း ပုံမှန်မဟုတ်လောက်အောင် ပိန်ချုံးနေခဲ့ပြီ ဖြစ်သည်။
ချူဟန်၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ သူ၏ နှုတ်ခမ်းထက်တွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်လာကာ စကားလုံးတိုင်းကို သေချာစွာ ပြောလိုက်တော့သည်။
"ဇွန်ဘီရဲ့ အသားကို စားရင်... သေချာပေါက် ကူးစက်မှာပေါ့"
ထိုနေရာရှိ လူအားလုံး၏ ဦးနှောက်ထဲတွင် ပြင်းထန်သော ရိုက်ခတ်မှုတစ်ခု ဖြစ်ပေါ်သွားတော့သည်။
ဇွန်ဘီရဲ့ အသားကို စားခဲ့တယ် ဟုတ်လား။
တွမ်းမင်သည် တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်လာကာ မျက်လုံးထဲတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုများနှင့် အံ့အားသင့်မှုများ ပြည့်နှက်သွားတော့သည်။
ဘာဖြစ်လို့လဲ။ ချူဟန်က ဤအမှန်တရားကို ဘယ်လိုလုပ် သိနေရတာလဲ။
"မဖြစ်နိုင်ဘူး။ မဟုတ်ဘူး"
သူက စိတ်ရူးပေါက်နေသူပမာ အော်ဟစ်လိုက်တော့သည်။ ကြောက်ရွံ့မှုကြောင့် သူ၏ အသံထဲတွင် အသိတရားများ လုံးဝ ပျောက်ဆုံးနေခဲ့ပြီ ဖြစ်သည်။
"မင်း ဒါကို သိစရာ အကြောင်းမရှိဘူး။ ဘာဖြစ်လို့... ဘာဖြစ်လို့ သိနေရတာလဲ"
"ဝေါ့... အု..."
ဘေးပတ်ဝန်းကျင်ရှိ လူအချို့မှာ ပြင်းထန်သော ရွံရှာမှုကြောင့် ထိုနေရာ၌ပင် အန်ဖတ်များ ထွက်လာကြတော့သည်။ ထိုကဲ့သို့သော မကောင်းဆိုးဝါး၏ အသားကို စားသည်မှာ ပုံမှန်လူတစ်ယောက် လုပ်မည့် လုပ်ရပ်မဟုတ်ချေ။
ချူဟန်က ပြန်မဖြေဘဲ ဘေးပတ်ဝန်းကျင်ရှိ စစ်သည်များကိုသာ အေးစက်စက် ကြည့်လိုက်သည်။
"အားလုံး... သတ်မှတ်ထားတဲ့ နေရာတွေကို သွားကြ။ တိုက်ပွဲအတွက် ပြင်ဆင်ကြစမ်း"
ချူဟန်၏ အမိန့်ပေးသံက လူတို့၏ အတွေးများကို လက်တွေ့ကမ္ဘာသို့ ပြန်လည် ခေါ်ဆောင်လာခဲ့သည်။ တွမ်းမင် ကူးစက်ခံရသည်ဖြစ်စေ၊ ဇွန်ဘီအသားကို စားခဲ့သည်ဖြစ်စေ လက်ရှိအချိန်တွင် သူတို့နှင့် မသက်ဆိုင်ပေ။ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားသူများမှာ ချက်ချင်းပင် ပြေးထွက်သွားကြကာ ချူဟန် ခိုင်းစေသော ကာကွယ်ရေး စစ်ကြောင်းများထံသို့ အပြေးအလွှား သွားကြတော့သည်။
တွမ်းမင်မှာမူ ကြောက်ရွံ့မှုကြောင့် မျက်နှာ ပျက်ယွင်းနေရင်း လူးလဲကာ နောက်ဆုတ်သွားတော့သည်။ ဘေးပတ်ဝန်းကျင်ရှိ လူဖျင်းများ၏ မျက်လုံးထဲတွင်လည်း ယခုအခါ သူ့အပေါ် ပြင်းထန်သော သတိထားမှုနှင့် ရွံရှာမှု အရိပ်အယောင်များ ပေါ်နေခဲ့ပြီ ဖြစ်သည်။ သူက ရုတ်တရက် သားရဲတစ်ကောင်ပမာ အော်ဟစ်လိုက်ကာ အနောက်ဘက်ရှိ နေထိုင်ရာ အဆောက်အအုံဆီသို့ အသက်လု၍ ပြေးထွက်သွားတော့သည်။
ချူဟန်က တွမ်းမင်ကို တစ်ချက်မျှပင် ပြန်လှည့်မကြည့်တော့ပေ။ သူ၏ စိတ်ထဲတွင် ယခုပင် အတူတူ အသက် စွန့်စားတိုက်ခိုက်မည့် ရဲဘော်ရဲဘက်များသာ ရှိတော့သည်။
တွမ်းမင် ဇွန်ဘီအသားကို စားခဲ့ခြင်းနှင့် ပတ်သက်၍ ဤဘဝတွင် မြင်တွေ့ခဲ့ခြင်း မဟုတ်ပေ။ သို့သော် အတိတ်ဘဝတုန်းက ငတ်မွတ်မှုကို မခံနိုင်ဘဲ ဇွန်ဘီအသားကို စားကာ ပျက်စီးသွားခဲ့သော လူသားများ၏ ပုံရိပ်ကို သူ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ မှတ်မိနေခြင်း ဖြစ်သည်။
တွမ်းမင် မည်သို့သော နိဂုံးနှင့် ရင်ဆိုင်ရမည်ကို သူ မသိသော်လည်း ထိုမျှလောက် အားအင်ကုန်ခမ်းနေသော ခန္ဓာကိုယ်အခြေအနေအရ ဇွန်ဘီအသားကို တစ်လုပ်မျှ စားခဲ့လျှင်ပင် ကူးစက်မှုကို ရှောင်လွှဲနိုင်မည် မဟုတ်ချေ။
အရှင်လတ်လတ် အကိုက်ခံရခြင်း၊ အကုတ်ခံရခြင်းများထက် ကူးစက်မှု အရှိန်အဟုန် လွန်စွာ နှေးကွေးသော်လည်း အချို့မှာ ရက်ပိုင်းအတွင်း ဖြစ်ပေါ်တတ်ကာ အချို့မှာမူ တစ်လခန့် ပုန်းကွယ်နေတတ်သည်။
တစ်ခုတည်းသော သေချာသည့် အချက်မှာ ဗိုင်းရပ်စ်သည် လုံးဝ ပျောက်ကွယ်သွားမည် မဟုတ်ဟူသော အချက်ပင် ဖြစ်သည်။
ချူဟန်သည် ယွဲ့ဇီထံမှ ယူထားသော အသံချဲ့စက်ကို ကိုင်ဆောင်လျက် အနောက်ဘက် အကျဆုံးနေရာတွင် ရှိသော ထရပ်ကားကြီး၏ အမိုးပေါ်သို့ တစ်ယောက်တည်း ခုန်တက်လိုက်သည်။
ဤနေရာသည် သူ အထူး ပြင်ဆင်ထားသော အမြင့်ဆုံး ကွပ်ကဲမှု နေရာပင် ဖြစ်သည်။ ဤနေရာမှဆိုလျှင် စခန်း၏ အပြင်ဘက်တွင် ကျယ်ပြန့်နေသော စစ်တလင်းကြီးတစ်ခုလုံးကို အပေါ်စီးမှ မြင်တွေ့နိုင်ပေသည်။
သူ၏ ဘေးတစ်ဖက်စီတွင် ကားချင်း ထိစပ်နေသော ထရပ်ကားတန်းကြီး ရှိနေသည်။ ထိုအမိုးပေါ်တွင် စစ်သည်ပေါင်း ငါးဆယ်ကျော်က ရိုင်ဖယ်သေနတ်များကို ကိုင်ဆောင်လျက် ငြိမ်သက်စွာ ချူဟန်၏ အမိန့်ကို စောင့်ဆိုင်းနေကြသည်။
ရှေ့သို့ ထပ်မံ ကြည့်လိုက်လျှင် စခန်း၏ အပြင်ဘက် ကွင်းပြင်ကြီး ရှိနေသည်။
တစ်ခါက ဘာမှမရှိသော ကွင်းပြင်ကြီး ဖြစ်သော်လည်း ယခုအခါတွင်မူ မရေမတွက်နိုင်သော ကားများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။ ရှေ့နှင့်နောက်ကို အနည်းငယ်မျှ ကွာဟချက်မရှိစေဘဲ ထပ်ဆင့် ချိတ်ဆက်ထားသော ကားအုပ်ကြီး။
ထိုအရာများက ရှုပ်ထွေးစွာ ကွေ့ကောက်နေလျက်... ကြီးမားလှသော ဝင်္ကပါ ကြီးတစ်ခုကို ဖန်တီးထားတော့သည်။