← Chapters

အခန်း ၈၁

Vol. 9 Ch. 81

အခန်း ၈၁

Vol. 9 Ch. 81

အခန်း (၈၁) ငါ့ရဲ့အိုင်ဒေါထက် ပိုမိုက်တဲ့ကောင်

‘ပါးစပ်ပိတ်ထားစမ်း’

ချူဟန် စိတ်ထဲမှနေ၍ ကျယ်လောင်စွာ ‌ကြိမ်းမောင်းလိုက်သည်။

‘စနစ်သတိပေးသံကို ပိတ်ပစ်ချင်ပါသလား’

စနစ်၏ စက်ရုပ်သံကြီးမှာ ယခင်ကဲ့သို့ပင် မည်သည့်ခံစားချက်မှ မပါဝင်ဘဲ ရေခဲတမျှ အေးစက်နေသည်။

‘ပိတ်မယ်၊ အခုချက်ချင်း ပိတ်လိုက်’

ချူဟန်၏ နဖူးပေါ်တွင် ဒေါသကြောင့် သွေးကြောများ ထောင်ထလာသည်။

ခေါင်းထဲတွင် ပြန်လည်တိတ်ဆိတ်သွားသည်။ သို့သော် ယခုအချိန်၌ သူ၏လက်အောက်တွင် လူမည်မျှက သစ္စာခံသွားပြီလဲဆိုသည်ကို စစ်ဆေးနေရန် အချိန်မရှိပေ။ သူ၏အကြည့်များက ရှေ့တည့်တည့်ရှိ ကွင်းပြင်ဆီသို့ တရဟော ပြေးဝင်လာနေသော ဇွန်ဘီအုပ်ကြီးထံတွင်သာ စူးစိုက်နေသည်။

အချိန်မလုံလောက်သဖြင့် သူတို့စုဆောင်းနိုင်ခဲ့သော လီသီယမ်ဘက်ထရီ အရေအတွက်မှာ အလွန်နည်းပါးလှသည်။ ခုနစ်ကြိမ်တည်းသော ပေါက်ကွဲမှုဖြင့် ဇွန်ဘီရှစ်ထောင်နီးပါးကို ရှင်းလင်းနိုင်ခဲ့ခြင်းက အံ့ဖွယ်တစ်ရပ်ဟုပင် ဆိုရမည်။ ယင်းမှာ ချူဟန်၏ အချိန်ကိုက်တွက်ချက်နိုင်မှုနှင့် ပေါက်ကွဲမည့်နေရာများကို တိကျစွာ ချထားနိုင်မှုတို့ကြောင့်သာ ဖြစ်သည်။

သို့သော် အန္တရာယ်က မပြီးဆုံးသေးပေ။

သူ ချထားခဲ့သော ပေါက်ကွဲမည့်နေရာ နှစ်နေရာသာ ကျန်တော့သည်။ အခြားတစ်ဖက်တွင် ဇွန်ဘီကောင်ရေ တစ်သောင်းခန့် ကျန်ရှိနေသေးသည်။

ထုံမြို့၊ အိတ်စ်စီ (XC) ခရိုင်။

ထိုနေရာသည် ရှန်းကော်စခန်းနှင့် သိပ်မဝေးလှသော အခြားအသက်ရှင်ကျန်ရစ်သူများ ခိုလှုံရာစခန်းတစ်ခု ဖြစ်သည်။ ဤနေရာသည်လည်း ခေါင်းဆောင်အချို့က ကိုယ်တိုင်ဦးစီး၍ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း ရှန်းကော်စခန်းနှင့် ကွဲပြားသည့်အချက်တစ်ခု ရှိနေသည်။ ယင်းမှာ စခန်းကို အထပ်ခုနစ်ဆယ်ကျော်ရှိသော မိုးမျှော်အဆောက်အအုံကြီးတစ်ခုတွင် တည်ဆောက်ထားခြင်းပင် ဖြစ်သည်။

၎င်းသည် ထုံမြို့၌ အမြင့်ဆုံးအဆောက်အအုံလည်း ဖြစ်သည်။ မြို့လယ်ခေါင်တွင် မဟုတ်ဘဲ ရှုခင်းအလွန်လှပသော ဇိမ်ခံဟိုတယ်ကြီးတစ်ခုဖြစ်ကာ အနောက်ဘက်သို့ ဆက်သွားပါက ထုံမြို့၏ အထင်ရှားဆုံးသော ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ရာနေရာနှင့် ဆက်သွယ်ထားသည်။ သို့သော် ယခုလိုခေတ်ပျက်ကြီးထဲတွင် အပန်းဖြေချင်စိတ်ရှိသူ တစ်ယောက်မှ မရှိတော့ပေ။

ဟိုတယ်ထဲတွင် အသက်ရှင်ကျန်ရစ်သူ နှစ်ထောင်ကျော် နေထိုင်ကြသည်။ လူအများစုမှာ အောက်ထပ်များရှိ အခန်းတစ်ခန်းတည်း၌ပင် လူပေါင်းများစွာ ပြွတ်သိပ်ကာ ကျပ်ညပ်စွာ နေထိုင်ကြရသည်။ စွမ်းဆောင်ရည်ရှိသူများသာလျှင် သီးသန့်အခန်းများရရှိပြီး ရှုခင်းလှပသော အပေါ်ထပ်များတွင် နေထိုင်ခွင့်ရှိသည်။

ထိုဟိုတယ်၏ အပေါ်ထပ်၊ အကောင်းဆုံးနှင့် အကျယ်ဝန်းဆုံး လသာဆောင်တစ်ခု၌ ဖြစ်သည်။

လူတချို့က ထိုင်ခုံများတွင် ထိုင်နေကြသည်။ စားပွဲပေါ်၌ တန်ဖိုးကြီးဝိုင်ပုလင်းများစွာကို စီတန်းချထားပြီး ရေလိုသဘောထားကာ မော့သောက်နေကြသည်။ ထို့အပြင် အသားဟင်းလျာမျိုးစုံကိုလည်း ခင်းကျင်းထားကာ အငမ်းမရ စားသောက်နေကြသည်။

"အောက်ထပ်က အသုံးမကျတဲ့ကောင်တွေက တကယ့်ကို သတ္တိကြောင်တဲ့ကောင်တွေချည်းပဲ။ သူတို့ကို မောင်းထုတ်ပစ်လိုက်ရင် အကောင်းသား။ ငါတို့ အပင်ပန်းခံရှာထားတဲ့ စားနပ်ရိက္ခာတွေလည်း အလကားမဖြစ်တော့ဘူးပေါ့"

အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ဦးက မထီမဲ့မြင် ပြောလိုက်သည်။ သို့သော် သူ၏ခန္ဓာကိုယ်မှာ တောင့်တင်းခိုင်မာပြီး မျက်နှာတွင်လည်း မုတ်ဆိတ်မွေးများ ပေါက်နေသည်။

"ဟုတ်ပါ့ကွာ။ ဒီမြို့ရဲ့ နေရာတိုင်းမှာ စားစရာတွေ ကျန်နေသေးတာကို ဒီအလကားကောင်တွေက အပြင်ကို ခြေတစ်လှမ်းတောင် မထွက်ရဲကြဘူး"

အခြားလူတစ်ယောက်ကလည်း ထောက်ခံလိုက်ရင်း အနီးတွင် ရပ်ကာ အဝေးသို့ ငေးကြည့်နေသော လူငယ်တစ်ဦးထံ အကြည့်ရောက်သွားသည်။

"မုယဲ့...မင်း ဘာတွေကြည့်နေတာလဲ"

"ဟိုမှာလေ... ဘာလို့ မီးခိုးတွေ ထွက်နေတာလဲ"

မုယဲ့ဟုခေါ်သော လူငယ်က မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်သည်။

မုယဲ့၏စကားကြောင့် အားလုံးမှာ စားသောက်နေသည်ကို ရပ်တန့်လိုက်ကြသည်။ ထို့နောက် သူ၏အကြည့်နောက်သို့ လိုက်ကာ အဝေးဆီမှ ကောင်းကင်ယံကို လှမ်းကြည့်လိုက်ကြသည်။

"အဲဒါ ဟိုအသုံးမကျတဲ့ ရှန်းကော်စခန်းဘက်က မဟုတ်ဘူးလား"

လူတစ်ယောက်က ရုတ်တရက် အသံထွက်လာသည်။

"ရှူး..."

မုယဲ့က ရုတ်တရက် အားလုံးကို တားမြစ်လိုက်သည်။

"နားထောင်ကြည့်စမ်း၊ အဲဒီအသံကို"

ဝုန်း... ဝုန်း... ဝုန်း...

မုယဲ့၏စကားဆုံးသည်နှင့် မိုးချုန်းသံကဲ့သို့ မြေကြီးတုန်ဟည်းသွားသော အသံကြီး ထွက်ပေါ်လာသည်။ အလှမ်းဝေးနေသဖြင့် အသံက သိပ်မပီပြင်သော်လည်း တိတ်ဆိတ်နေသော အပေါ်ထပ်ရှိ သူတို့၏နားထဲသို့ ရှင်းလင်းစွာ ကြားလိုက်ရသည်။ အားလုံးက အံ့အားသင့်စွာဖြင့် မျက်လုံးပြူးသွားကြသည်။

ထို့နောက် မကြာမီမှာပင်...

အုန်း... အုန်း... အုန်း...

ပေါက်ကွဲသံကြီး ထပ်မံထွက်ပေါ်လာပြန်သည်။ ယခုတစ်ကြိမ်တွင် ယခင်ကထက် ပိုမိုကျယ်လောင်သွားပြီး အသံပမာဏမှာ နှစ်ဆနီးပါး မြင့်တက်သွားသည်။ အဝေးမှ တက်လာသော ယမ်းခိုးများမှာလည်း ပို၍ မည်းမှောင်လာသည်။

မုယဲ့၏ စူးရှသော မျက်လုံးများက အဝေးရှိ ရှုခင်းကို ထိုးဖောက်မတတ် စိုက်ကြည့်နေသည်။

"မှန်ပြောင်း ယူခဲ့စမ်း"

သူ၏အသံက ရုတ်တရက် စူးရှကျယ်လောင်သွားသည်။ ပေးလာသော မှန်ပြောင်းဖြင့် လှမ်းကြည့်လိုက်သည်နှင့် ရှန်းကော်စခန်းဘက်မှ ပိုမိုပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

အုန်း... ဝုန်း...

အနုမြူဗုံး ပေါက်ကွဲသွားသည့်အလား ပြင်းထန်သော လှိုင်းလုံးကြီး။ မုယဲ့မှာ မှန်ပြောင်းထဲမှတစ်ဆင့် ကြီးမားသော ပေါက်ကွဲမှုလှိုင်းကြီး ထတက်လာကာ ဇွန်ဘီမြောက်မြားစွာကို လွင့်စင်သွားစေပြီး တစ်စစီဖြစ်သွားစေသည့် မြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

"ဘာတွေဖြစ်နေတာလဲဟ"

ဘေးနားရှိ လူတစ်ယောက်က မျက်လုံးပြူးကာ မေးလိုက်သည်။

"ဇွန်ဘီအုပ်ကြီးကွ"

မုယဲ့၏အသံတွင် ရှားရှားပါးပါး တုန်လှုပ်မှုအချို့ ပါဝင်နေသည်။

"တစ်ခုခု အကြီးအကျယ် ပေါက်ကွဲသွားတယ်။ အဲဒီနားတစ်ဝိုက်က ဇွန်ဘီတွေအကုန်လုံး လွင့်စင်သွားပြီ"

"ရှန်းကော်စခန်းက ကောင်တွေ လုပ်တာများလား"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ချန်ရှန်းကော်တို့လို ကောင်တွေက ဒီလိုမျိုး လုပ်နိုင်စွမ်းမှ မရှိတာ"

မုယဲ့က မှန်ပြောင်းကို ချကာ ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

"အခြေအနေသွားကြည့်ရအောင်"

ထုံမြို့၏ အခြားတစ်ဖက်။ ထိုနည်းတူ မိုးမျှော်အဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်တွင် ကတုံးနှင့်လူတစ်ယောက် ပျင်းရိပျင်းတွဲ ထိုင်ကာ ဘီယာသောက်နေသည်။

ဝုန်း... ခွမ်း...

ရုတ်တရက် ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

"ဖူ..."

ထိုလူက ပါးစပ်ထဲငုံထားသော ဘီယာများကို အရှိန်ပြင်းပြင်းဖြင့် မှုတ်ထုတ်လိုက်သည်။

"အဟွတ်... အဟွတ်... သောက်ကျိုးနည်း၊ ဘယ်က ရူးကြောင်ကြောင်ကောင်က ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ မီးရှူးမီးပန်းတွေ ဖောက်နေတာလဲကွ"

အုန်း... အုန်း...

ထပ်မံ၍ ကြီးမားသော ပေါက်ကွဲသံကြီးများ ဆက်တိုက် ထွက်ပေါ်လာပြန်သည်။

"တကယ်ကြီးလားဟ။ ဆက်လုပ်နေတုန်းပဲလား"

ကတုံးနှင့်လူက စုတ်ပြတ်နေသော အဝတ်အိတ်ထဲမှ မှန်ပြောင်းတစ်ခုကို ထုတ်ယူလိုက်သည်။ ယင်းမှာ အလွန်ထူးဆန်းသော ပုံစံရှိသော်လည်း သေသပ်လှပသော ယန္တရားများ ပါဝင်နေသည်ကို ခံစားရသည်။ ထိုလူက မှန်ပြောင်းကို ဖြစ်သလိုချိန်လိုက်ပြီး ဘီယာသောက်ရင်း အဝေးမှ မြင်ကွင်းကို လှမ်းကြည့်လိုက်သည်။

"ဖူ... အဟွတ်... အဟွတ်... မိုက်တယ်ဟေ့... တကယ်ကို မိုက်တယ်ကွ"

သူက ဘီယာများကို ထပ်မံ၍ ပြင်းထန်စွာ မှုတ်ထုတ်မိပြန်သည်။ ထိုလူက ဘီယာဘူးကို လွှင့်ပစ်လိုက်ပြီး မှန်ပြောင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အာရုံစိုက် ကြည့်ရှုတော့သည်။ သူ၏မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေပြီး ပါးစပ်မှလည်း တတွတ်တွတ် ရေရွတ်နေသည်။

"ဒီနတ်ဘုရားလိုကောင်က ဘယ်သူလဲကွ။ ငါ့ရဲ့အိုင်ဒေါထက်တောင် ပိုမိုက်နေသေးတယ်။ အရမ်းလန်းလွန်းတယ်။ ဇွန်ဘီဒီလောက်အများကြီးကို တစ်ပြိုင်တည်း ရှင်းထုတ်ပစ်လိုက်တာပဲ"

တစ်ဖက်တွင် ရှန်းကော်စခန်း၌...

ဇွန်ဘီအုပ်ကြီးက တစ်စက္ကန့်ပြီးတစ်စက္ကန့် ပို၍ နီးကပ်လာနေသည်။

ချူဟန်က ကွပ်ကဲရေးစင်မြင့်ပေါ်တွင် မတ်တတ်ရပ်ကာ အဝေးဆီသို့ တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ မည်သည့်အမိန့်မှ မပေးဘဲ အချိန်ကိုသာ နှုတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ ပတ်ဝန်းကျင်ရှိ လူများမှာလည်း မည်သူကမျှ အသံမထွက်ရဲကြပေ။ ရင်ထဲတွင် မေးခွန်းပေါင်းများစွာ ပြည့်နှက်နေသော်လည်း အားလုံးက မနည်းမျိုသိပ်ထားကြရသည်။ သူတို့က ချူဟန်၏ အစီအစဉ်ကို မသိကြပေ။ သူ့ကို ယုံကြည်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

ဝင်္ကပါနယ်မြေ၏ ရှေ့ဘက်ရှိ ပန်းခြံမှာ စုတ်ပြတ်သတ်ကာ ပျက်စီးနေပြီ ဖြစ်သည်။ ဗွက်ထနေသော မြေပြင်က ဇွန်ဘီများ၏ အရှိန်ကို သိသိသာသာ ဟန့်တားထားသည်။

ဇွန်ဘီအများအပြား ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ပုပ်ဟောင်နေသော သွေးများ ရောနှောနေသည့် ရွှံ့ညွန်ငယ်လေးများထဲတွင် ခြေကျွံသွားကြသည်။ ခြေထောက်နှစ်ဖက်ကို ဆွဲနှုတ်၍မရတော့ဘဲ တဖြည်းဖြည်းနှင့် ရွှံ့ညွန်အောက်သို့ နစ်မြုပ်သွားကာ နောက်ဆုံးတွင် မြေပြင်ပေါ်၌ မှောက်လျက်သားဖြင့် လုံးဝ လှုပ်ရှား၍မရတော့ပေ။

ထိုနေရာသည် စခန်းရှိ အသက်ရှင်ကျန်ရစ်သူများ ကိုယ်တိုင် ဖန်တီးထားသော အထူးမြေပြင် ဖြစ်သည်။ ထွန်ယက်ထားသော မြေဆီလွှာများပေါ်တွင် ပုပ်ပွနေသော အသားစများနှင့် သွေးနက်များ အမြောက်အမြား ရောနှောထားသဖြင့် ဤတစ်ဝိုက်မှာ အလွန်စေးကပ်သော ရွှံ့ညွန်တောအဖြစ် ပြောင်းလဲနေခြင်း ဖြစ်သည်။

ရွှံ့ထဲတွင် ခြေကျွံသွားသော ဇွန်ဘီများ ဆက်တိုက် များပြားလာသဖြင့် ဇွန်ဘီအုပ်ကြီး၏ အရှိန်မှာ တဖြည်းဖြည်း နှေးကွေးသွားတော့သည်။ သို့သော် လမ်းလျှောက်နေသော အလောင်းကောင်များက အရှေ့ဘက်ရှိ သူတို့အချင်းချင်း၏ အလောင်းများကို တွန်းဖယ်ကာ ပျားအုံကို တုတ်နှင့်ထိုးလိုက်သည့်အလား ဝင်္ကပါဆီသို့ တရကြမ်း ပြေးဝင်လာကြသည်။

သို့သော် ထိုသို့ ခေတ္တမျှ နှေးကွေးသွားခြင်းကပင် တွက်ချက်မှုတစ်ခု ဖြစ်နေခဲ့သည်။ ပေါက်ကွဲမှုကြောင့် ပြန့်ကျဲသွားသော ဇွန်ဘီများက ဤသို့ ခေတ္တနှောင့်နှေးသွားမှုကြောင့် နေရာတစ်ခုတည်း၌ စုပြုံသွားကာ တွန့်လိမ်လှုပ်ရှားနေသော အသားနံရံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဝင်္ကပါ၏ အနက်ရှိုင်းဆုံးနေရာရှိ အချက်အချာကျသော နေရာများကို ကာကွယ်နေသည့် အသက်ရှင်ကျန်ရစ်သူများက သူတို့လက်ထဲရှိ လက်နက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြသည်။ တဖြည်းဖြည်း နီးကပ်လာနေသော ဇွန်ဘီအုပ်ကြီးရှေ့တွင် တင်းမာမှုများက အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

မကြာမီတွင် ဇွန်ဘီလှိုင်းလုံးကြီးက ဝင်္ကပါ၏ ဝင်ပေါက်သို့ ရောက်ရှိလာသည်။ ထိုနေရာမှာ စက်ဝိုင်းခြမ်းပုံသဏ္ဌာန်ရှိပြီး သားကောင်များ ကိုယ်တိုင်ဝင်လာမည့်အချိန်ကို စောင့်ဆိုင်းနေသော ဧရာမသားရဲကြီးတစ်ကောင်၏ ပါးစပ်နှင့် တူလှသည်။ ဤနေရာသည်လည်း ပျက်စီးနေသော ကားများကို စီတန်းကာ ပြုလုပ်ထားသည့် အကာအကွယ်အတားအဆီးတစ်ခု ဖြစ်သည်။

သို့သော် ဝင်္ကပါအဆုံးရှိ ခိုင်ခံ့သော ဧရာမ ကားကြီးများနှင့် မတူဘဲ ဝင်ပေါက်တွင် အသုံးပြုထားသည်မှာ စုတ်ပြတ်နေသော ကားအိုကားဟောင်းများသာ ဖြစ်သည်။ ကားများထဲတွင်လည်း အလေးချိန်စီးစေမည့် မည်သည့်ပစ္စည်းကိုမျှ တင်မထားပေ။ ဇွန်ဘီတစ်သောင်းခန့်က တစ်ပြိုင်နက်တည်း အတင်းတိုးဝင်လာပါက များစွာ အားစိုက်စရာမလိုဘဲ အလွယ်တကူ ကျိုးပေါက်သွားနိုင်လောက်အောင် အားနည်းလွန်းလှသည်။

သို့သော် ဤအရာကပင် ချူဟန် ချမှတ်ထားသော ဗျူဟာထဲတွင် အရေးအကြီးဆုံး အကွက်တစ်ကွက် ဖြစ်နေခဲ့သည်။

သူက အသံချဲ့စက်ကို ပါးစပ်နားသို့တေ့ထားကာ မျက်တောင်ခတ်ရန်ပင် မေ့လျော့နေသည့်အလား အဝေးဆီသို့ စူးစိုက်ကြည့်နေသည်။ အချိန်ကိုက်ကို ပြီးပြည့်စုံစွာ ဆုပ်ကိုင်နိုင်ရမည်။ အခွင့်အရေးက တစ်ကြိမ်သာ ရှိသည်။ အကယ်၍ ဇွန်ဘီတစ်သောင်းက သူတို့ မျှော်မှန်းထားသည်ထက် ပိုစော၍ ဝင်ရောက်လာပါက သူတို့၏ ကြိုးစားအားထုတ်မှုများနှင့် ဗျူဟာများအားလုံး သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။

ဇွန်ဘီများက ရေစီးကြောင်းကြီးတစ်ခုလို တဟုန်ထိုး ဝင်ရောက်လာကြသည်။ မိုးနှင့်မြေကို တုန်လှုပ်စေနိုင်လောက်သော ဟိန်းဟောက်သံကြီးများက နားကွဲမတတ် ဆူညံနေသည်။

အကွာအဝေးမှာ မျက်စိရှေ့သို့ ရောက်နေပြီ ဖြစ်သည်။ ပထမအဆင့် ကိုယ်ကာယစွမ်းရည် ရှိနေသော ချူဟန်၏ မျက်လုံးထဲတွင် တရွေ့ရွေ့ တိုးကပ်လာနေသော ဇွန်ဘီများ၏ ကြောက်မက်ဖွယ်ကောင်းလှသော ရုပ်သွင်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

တစ်စက္ကန့်...

နှစ်စက္ကန့်...

သုံးစက္ကန့်...

"ဖောက်ခွဲလိုက်တော့"

ချူဟန်၏ အမိန့်သံ ထွက်ပေါ်လာတော့သည်။

All Chapters