အခန်း ၈၃
Vol. 9 Ch. 83
အခန်း (၈၃) လှောင်ချိုင့်အတွင်းမှ အမဲလိုက်ခြင်း
မှန်ပြောင်းထဲတွင် မြင်တွေ့နေရသည့် ထိုစစ်မြေပြင်မြင်ကွင်းမှာ အလွန်ပင် ကြီးကျယ်ခမ်းနားလှသလို လုံးဝ လွှမ်းမိုးချုပ်ကိုင်ထားနေသည်။ ကတုံးနှင့်လူသည် စိတ်လှုပ်ရှားလွန်းသဖြင့် မိမိကိုယ်ပင် မထိန်းချုပ်နိုင်တော့ချေ။
ယဉ်ကျေးမှုထွန်းကားခဲ့သည့်ခေတ်က ရုပ်ရှင်ထဲတွင်သာ မြင်တွေ့ဖူးသည့် မြင်ကွင်းမျိုးသည် ယခုအခါ ရှောင်လွှဲ၍မရသော လက်တွေ့အရှိတရားအဖြစ် သူ၏မျက်မှောက်တွင် အမှန်တကယ် ဖြစ်ပျက်နေခြင်းပင် ဖြစ်သည်။
ရန်သူမှာ စုစုပေါင်း တစ်သောင်းရှစ်ထောင်ခန့်ရှိသည့် ဇွန်ဘီအုပ်ကြီး ဖြစ်သည်။ ဤမျှများပြားသော အရေအတွက်သည် တစ်ပြိုင်နက်တည်း တိုးဝှေ့ဝင်ရောက်လာပါက သံပြားများကိုပင် အစအနမကျန် ဝါးမြိုပစ်နိုင်စွမ်း ရှိသည်။ သို့သော် ယခုဖောက်ခွဲမှုကြောင့် ကျန်ရှိတော့သည်မှာ သုံးထောင်ခန့်သာ။ ထို့ပြင် ယခုအထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အသက်ရှင်ကျန်ရစ်သူများဘက်မှ တစ်ဦးတစ်ယောက်မျှ ဇွန်ဘီများရှေ့သို့ ထွက်မပြရသေးချေ။ ဆိုလိုသည်မှာ ဇွန်ဘီတစ်သောင်းငါးထောင်ကို သုတ်သင်ရှင်းလင်းခဲ့သည့် ထိုတပ်ဖွဲ့သည် လက်ရှိအချိန်အထိ ထိခိုက်ဒဏ်ရာရသူ လုံးဝမရှိ ခြင်း ဖြစ်သည်။
ဤမျှအထိ ကွာခြားလွန်းလှသော စစ်ရေးရလဒ်ကို မယုံကြည်နိုင်စရာ ဖြစ်နေတော့သည်။
မီးခိုးများ ဖုံးလွှမ်းနေသော စစ်မြေပြင်။ ဇွန်ဘီများနှင့် တိုက်ခိုက်နေသူများ၏ အတိအကျ အရေအတွက်ကိုလည်းကောင်း၊ ၎င်းတို့သည် စစ်တပ်လား သို့မဟုတ် အရပ်သား အသက်ရှင်ကျန်ရစ်သူအုပ်စုလား ဟူသည်ကိုလည်းကောင်း မည်သူမျှ မသိနိုင်ကြချေ။ မည်သည့်နေရာတွင် ပုန်းအောင်းနေကြသည်ကိုပင် လှမ်းမမြင်ရချေ။
သို့သော် တစ်ခုတည်းသော သေချာသည့်အရာမှာ ဤတပ်ဖွဲ့သည် အလွန်ပင် စည်းကမ်းသေသပ်ပြီး စနစ်ကျလှသလို ယခုတိုက်ပွဲသည်လည်း အပြစ်ဆိုဖွယ်ရာမရှိအောင် ပြီးပြည့်စုံသော စစ်ဗျူဟာအောက်တွင် ထိန်းချုပ်ခံထားရခြင်း ဖြစ်သည်။
ဤအစီအစဉ်ကို မည်သူက စဉ်းစားတွေးခေါ်ခဲ့နေသနည်း။
ဖောက်ခွဲမှုကိုယ်တိုင်က အဓိကမကျလှချေ။ အနှစ်သာရမှာ ဖောက်ခွဲရေးပွိုင့်များကို စေ့စပ်သေချာစွာ နေရာချထားခြင်းနှင့် သွေးရူးတန်းရူးနိုင်လောက်အောင် တိကျလှသော အချိန်ကိုက်မှုကို ဆုပ်ကိုင်ထားနိုင်ခြင်း၌သာ ရှိပေသည်။
"သတ္တဝါဆန်းပဲ... ကြောက်စရာကောင်းတဲ့ ပါရမီရှင်ပဲဗျာ။ ကျွန်တော့်ရဲ့ အိုင်ဒေါကလွဲရင် ခင်ဗျားက ကျွန်တော် အလေးစားဆုံးလူပဲ"
ကတုံးနှင့်လူသည် စိတ်လှုပ်ရှားမှု အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ယခုချက်ချင်းပင် ပျံသန်းသွားကာ ဤတိုက်ပွဲကို ကွပ်ကဲနေသည့်လူ၏ မျက်နှာကို သွားရောက်ကြည့်ရှုလိုစိတ်များ တားမရဆီးမရ ဖြစ်ပေါ်လာတော့သည်။
ဝင်္ကပါဧရိယာ၏ ရှေ့မျက်နှာစာတွင် ပြင်းထန်စွာ တောက်လောင်နေသော မီးလျှံကြီးများသည် တဖြည်းဖြည်း လျော့ပါးလာချေပြီ။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် အဏုမြူဗုံး ပေါက်ကွဲသွားသည့် အက်ကြောင်းကြီးပမာ စုတ်ပြတ်သတ်နေတော့သည်။ ကောင်းကင်ယံသို့ ထိုးတက်နေသည့် ဇွန်ဘီများ၏ အော်ဟစ်မြည်တမ်းသံများသည်လည်း ဆက်တိုက်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုအရှိန်ကြောင့် ရုတ်တရက် လျော့ပါးသွားပြီး ယခုအခါ လေထဲတွင် လွင့်ပါးပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ။
ယခင်က ဆူညံသံများ ရှိခဲ့ဖူးသည်မှာ မဟုတ်သည့်အလား စစ်မြေပြင်တစ်ခုလုံးတွင် ခြောက်ခြားဖွယ်ကောင်းသော တိတ်ဆိတ်မှုက လွှမ်းမိုးသွားပြီး အသားများ လောင်ကျွမ်းသည့် စက်ဆုပ်ဖွယ် အသံများသာ တဖြည်းဖြည်း ထွက်ပေါ်နေတော့သည်။
ဖုံးလွှမ်းနေသော မီးခိုးများသည် ဖြည်းညင်းစွာ လွင့်ပါးသွားသည်။ နီရဲတောက်နေသော ကားတန်းကြီးတွင် နှာခေါင်းရှုံ့ချင်စရာ ညှော်နံ့များကို ထုတ်လွှတ်နေသည့် အနက်ရောင် ပြာခဲများနှင့် ပျစ်ချွဲလှသော အမည်မသိ အရည်များ ကပ်ငြိနေသည်။ ၎င်းတို့မှာ ဇွန်ဘီအသားစများပင် ဖြစ်သည်။
မည်သည့်ကားမျှ မူလဆေးရောင်ကို ခွဲခြား၍မရတော့ချေ။ ဇွန်ဘီအလောင်းများ၊ ပုပ်ပွနေသော အသားစများနှင့် အရိုးစုများဖြင့် လုံးဝဖုံးလွှမ်းသွားပြီး သင်္ချိုင်းပမာ စက်ဆုပ်ဖွယ် အသားပုံကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
အသက်ရှင်ကျန်ရစ်သော ဇွန်ဘီသုံးထောင်ခန့်၏ အစိတ်အပိုင်းအများစုမှာ ဖောက်ခွဲမှုဒဏ်ကို တိုက်ရိုက်မခံခဲ့ရသော်လည်း ပေါက်ကွဲအားလှိုင်းနှင့် မီးလျှံများကြောင့် ဇွန်ဘီအုပ်ကြီးမှာ လုံးဝ တကွဲတပြား ဖြစ်သွားခဲ့ရသည်။ ၎င်းတို့သည် တစ်ကောင်ပြီးတစ်ကောင် ကုန်းကုန်းကွကွဖြင့် အကာအကွယ်တံတိုင်း၏ အကြွင်းအကျန်များကို ဖြတ်ကျော်လာကြသည်။ ယိုင်တိုင်တိုင် ခြေလှမ်းများဖြင့် တွန့်ဆုတ်တွန့်ဆုတ် ရှိနေသော်လည်း မုချပင် ဝင်္ကပါထဲသို့ စတင်ကျူးကျော် ဝင်ရောက်လာကြသည်။ စစ်ကြောင်းလည်းမရှိ၊ စနစ်လည်းမရှိဘဲ မိမိတို့၏ အသိစိတ်မဲ့ ဗီဇအတိုင်းသာ တစ်ကောင်ချင်းစီ အတွင်းသို့ တိုးဝင်လာကြခြင် ဖြစ်သည်။
အမြင့်တွင် ရပ်နေသော ချူဟန် နှုတ်ခမ်းဖျား၌ အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
'အခြေအနေ ကောင်းတယ်။ အမှန်တကယ်ပဲ သုံးထောင်ပဲ ကျန်တော့တာပဲ'
ဤဝင်္ကပါ၏ တည်ဆောက်ပုံမှာ လက်တွေ့တွင် အလွန်ပင် ရိုးရှင်းလှသည်။ ကျယ်ဝန်းသော အဝင်ဝတစ်ခု ရှိပြီး ဗဟိုတွင် တည့်တည့်သွားသော လမ်းမကြီးတစ်ခု တည်ရှိသည်။ ထိုနေရာမှနေ၍ သစ်ကိုင်းများပမာ လမ်းခွဲများစွာ ဝဲယာနှစ်ဖက်သို့ လမ်းခွဲသွားခြင်း ဖြစ်သည်။ လမ်းကြောင်းအားလုံးကို စေ့စပ်စွာ တွက်ချက်ထားသည့် အကျယ်အဝန်းဖြင့် တည်ဆောက်ထားသောကြောင့် တစ်ကြိမ်လျှင် တစ်ကောင် သို့မဟုတ် နှစ်ကောင်သာ ဖြတ်သန်းနိုင်သည်။ ဇွန်ဘီများ အုပ်စုလိုက် တစ်ပြိုင်နက်တည်း တိုးဝှေ့ဝင်ရောက်ရန် မဖြစ်နိုင်သော တည်ဆောက်ပုံမျိုး ဖြစ်ပေသည်။
ဇွန်ဘီများ၏ အကြီးမားဆုံးသော အားနည်းချက်မှာ ၎င်းတို့တွင် ဉာဏ်ရည်ဉာဏ်သွေး လုံးဝမရှိခြင်းပင် ဖြစ်သည်။
ကြိုတင်ပြင်ဆင်ထားသော ဝင်္ကပါကြောင့် ဟာလာဟင်းလင်းဖြစ်နေသော မြေကွက်လပ်ကြီးသည် ခိုင်ခံ့လှသော ခံတပ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။ ချူဟန်သည် အသုံးချနိုင်သမျှသော ပတ်ဝန်းကျင် အခြေအနေအားလုံးကို အသုံးပြု၍ ဇွန်ဘီများ၏ ချီတက်မှုကို ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းကား သားကောင်ကို မျှားခေါ်သည့် ထောင်ချောက်ပင်။ ဗီဇအတိုင်းသာ လှုပ်ရှားတတ်သော ကူးစက်ခံရသူများကို ရည်ရွယ်ချက်ရှိရှိ လူစုခွဲစေပြီး သတ်မှတ်ထားသော လမ်းကြောင်းများဆီသို့ လမ်းညွှန်ခေါ်ဆောင် သွားတော့သည်။
ဉာဏ်ရည်မရှိသော ဇွန်ဘီများအတွက် ရွေးချယ်မှုဟူသော အယူအဆ မရှိချေ။ အဝင်ဝမှနေ၍ လမ်းမကြီးထဲသို့ တိုးဝင်လာသော ဇွန်ဘီအုပ်ကြီးသည် မိမိတို့၏ ဗီဇအတိုင်းသာ ရှေ့ဆက်တိုးလာကြပြီး လမ်းခွဲများသို့ ရောက်ရှိသည့်အခါတိုင်း အလိုအလျောက် လူစုကွဲသွားကြတော့သည်။
ထိုလမ်းခွဲများ၏ အဆုံးသတ်တွင် ဆီးကြိုနေသည့်အရာမှာ ကားများဖြင့် ဝိုင်းရံထားပြီး လူဆယ်ဦးမှ တစ်ဆယ့်ငါးဦးခန့်ဖြင့် ဖွဲ့စည်းထားသော အသက်ရှင်ကျန်ရစ်သူ တပ်စိတ် များပင် ဖြစ်သည်။ ၎င်းတို့သည် မြင့်မားစွာ စီထားသော ကားတံတိုင်းကြီးများကြောင့် စက်ဝိုင်းအလယ်တွင် ပိတ်မိနေကြသည်။ ကားတစ်စီးနှင့်တစ်စီးကြားရှိ အနည်းငယ်သော ကွာဟချက်မှာ လှောင်အိမ်၏ လေဝင်ပေါက်ပမာ ဖြစ်နေသည်။
ဤအတွင်း၌ ရှိနေသူများသည် လှောင်အိမ်ထဲတွင် ပိတ်မိနေပြီး သားရဲတိရစ္ဆာန်များ ရောက်လာမည်ကို စောင့်ဆိုင်းနေရသည့် သားကောင် များပမာပင် ဖြစ်သည်။
ထို့ပြင် ၎င်းတို့၏ နောက်ကွယ်၊ နှစ်တန်းစီထားသော ကုန်တင်ကားကြီးများ၏ ကုန်တင်ခန်းပေါ်မှနေ၍ လက်နက်မျိုးစုံကို အသင့်ပြင်ကာ ငုံ့ကြည့်နေကြသည့် လူငါးဆယ်ခန့်ရှိသော အထူးတပ်ဖွဲ့ဝင်များမှာ မုဆိုး များ ဖြစ်ကြသည်။
၎င်းကား ပုစဉ်းရင်ကွဲကို ဖမ်းရန် ကြိုးစားနေသည့် ပုစဉ်းကောင်ကို နောက်ကွယ်မှနေ၍ စာဗူးတောင်းငှက်က ချောင်းမြောင်းနေသည့် ကြားလူက အကျိုးအမြတ်ရရှိမည့် စစ်ဗျူဟာပင် ဖြစ်သည်။
အမြင့်မှနေ၍ ဤစစ်မြေပြင်တစ်ခုလုံးကို ငုံ့ကြည့်မည်ဆိုပါက အလွန်ပင် ရက်စက်လွန်းလှပြီး ဤထက်ပို၍ တိကျသော ဖော်ပြချက်မျိုး မရှိနိုင်တော့ချေ။
တိုက်ခန်းထဲတွင် ပုန်းအောင်းနေပြီး တိုက်ပွဲတွင် ပါဝင်ခြင်းမရှိကြသူများသည် စိတ်သက်သာရာရမှုနှင့် လှောင်ပြောင်လိုသော မျက်ဝန်းများဖြင့် အောက်ခြေသို့ ငုံ့ကြည့်နေကြသည်။ အထူးသဖြင့် ချန်စုန့်လိသည် ပြတင်းပေါက် ဘောင်ကို မှီလျက် ဗိုက်ကိုနှိပ်ကာ ကျယ်လောင်စွာ ရယ်မောနေတော့သည်။
"ဟားဟားဟား။ ဒီကောင်တွေ တကယ် ရူးနေတာပဲ။ ချူဟန် ပြောသမျှကို ဘယ်လိုတောင် ယုံကြည်နိုင်ကြတာလဲမသိဘူး"
သူသည် ရယ်မောရင်း နဖူးပြင်မှ စီးကျလာသော ချွေးစေးများကို သုတ်လိုက်သည်။
"ငါ တိုက်ပွဲမှာ မပါဝင်ခဲ့တာ တကယ် မှန်သွားတယ်။ မဟုတ်ရင် ငါပါ အဲဒီလှောင်အိမ်ကြီးထဲမှာ ယဇ်ပူဇော်ခံ နေရတော့မှာ"
သူ၏ မျက်ဝန်းထဲတွင် ချူဟန်၏ စစ်ဗျူဟာကို လုံးဝ ကွင်းကွင်းကွက်ကွက် မြင်တွေ့နေရသည်။
အသက်ရှင်ကျန်ရစ်သူ ခြောက်ရာငါးဆယ်ခန့်ကို လှောင်အိမ်ထဲတွင် ပိတ်လှောင်ထားပြီး ဇွန်ဘီများ လူစုကွဲကာ ဝင်ရောက်လာသည့်အခါ နောက်ကွယ်ရှိ ကုန်တင်ကားပေါ်မှလူများက အပေါ်စီးမှနေ၍ တစ်ပြိုင်နက်တည်း ပစ်ခတ်ကာ ဇွန်ဘီများကို ချေမှုန်းပစ်မည် ဖြစ်သည်။ ဤသို့ဆိုလျှင် ဇွန်ဘီများ နီးကပ်လာသဖြင့် ထိတ်လန့်ခြောက်ချား စရာမလိုတော့သလို အေးဆေးစွာ ချိန်ရွယ်ပစ်ခတ်ရန် အချိန်ကိုလည်း ရရှိနိုင်ပေသည်။
အကယ်၍ ဇွန်ဘီသုံးထောင်ခန့်က တစ်ပြိုင်နက်တည်း အတင်းအကြပ် ဝင်ရောက်လာပါက သေနတ်ပစ်ရန် အချိန်ရလိမ့်မည်မဟုတ်ချေ။ ထိုမျှမက ထိုကုန်တင်ကားကြီးများကိုပင် အင်အားသုံး၍ တွန်းလှန်ပစ်နိုင်စွမ်း ရှိသည်။
"သောက်ရူးတွေ... ဇွန်ဘီတွေဆီမှာ အစအနမကျန် ဝါးမြိုခံလိုက်ကြစမ်း"
ချန်စုန့်လိသည် အေးစက်စွာ လှောင်ပြောင်ရယ်မောရင်း ကားပေါ်တွင် ရပ်နေသော ချူဟန်ကို မကျေမနပ် စူးစိုက်ကြည့်လိုက်သည်။
"ဇွန်ဘီတွေကို ရှင်းလင်းရင်း စခန်းရဲ့ လူဦးရေကိုလည်း လျှော့ချပစ်တာပေါ့။ ဒါဆိုရင် မင်းက ပိုပြီးတော့ များပြားတဲ့ ရိက္ခာတွေကို တစ်ဦးတည်း သိမ်းပိုက်နိုင်မှာ မဟုတ်လား။ ဟင်း... ဒါပေမဲ့လည်း လှပတဲ့ မိန်းမတချို့ကိုတော့ မင်းနားမှာ ချန်ထားသေးတာပဲ"
ကုန်တင်ကား ခေါင်မိုးပေါ်ရှိ လူငါးဆယ်ကို လှမ်းကြည့်လိုက်လျှင် ရှန်ကျိုတီ၊ ပိုင်ယွန့်အာ အပြင် တင်းရွယ်နှင့် ချူးရှား တို့ကိုပါ မြင်တွေ့ရသည်။ အမှန်တကယ်ပင် အမျိုးသမီး အချိုးအစားက ထူးဆန်းစွာ မြင့်မားနေခဲ့သည်။
အဝေးရှိ တိုက်ပေါ်တွင် ရှိနေသော ကတုံးနှင့်လူသည် နောက်တစ်ခဏ၌ အံ့ဩမှင်သက်စွာဖြင့် မျက်ဝန်းအစုံ ပြူးကျယ်သွားတော့သည်။
သူသည် မယုံကြည်နိုင်စရာ ကောင်းလှသည့်အလား ရှေ့မျက်နှာစာရှိ အမြင့်တွင် ရပ်နေသော ပုံရိပ်ကို စူးစိုက်ကြည့်နေမိသည်။ မှန်ပြောင်း၏ ပစ်မှတ်ကို အဆုံးစွန်အထိ ချိန်ညှိလိုက်ရာ သူ၏ အသံသည် စိတ်လှုပ်ရှားမှုကြောင့် ပြင်းထန်စွာ တုန်ရင်လာတော့သည်။
"အိုင်ဒေါ... မဟုတ်နိုင်တာ။ ဘာလို့ အဲဒီလူက ငါ့ရဲ့ အိုင်ဒေါနဲ့ တစ်ပုံစံတည်း တူနေရတာလဲ"
သို့သော် မှန်ပြောင်းထဲတွင် မြင်တွေ့နေရသည့် မြင်ကွင်းက ပိုမိုရှင်းလင်းလာလေလေ၊ ထိုလူ၏ မျက်နှာမှာ သွေးရောင်များ ဆုတ်ခွာသွားလေလေ ဖြစ်သည်။ သူ၏ အသံသည် ယခင်အတိုင်း တုန်ရင်နေဆဲပင်။ သို့သော် ယခုတစ်ကြိမ်တွင်မူ စိတ်လှုပ်ရှားမှုကြောင့် မဟုတ်ဘဲ အဆုံးစွန်သော ခြောက်ခြားမှုကြောင့် ဖြစ်သည်။
"လှောင်အိမ်ထဲက မဲဆွယ်မှုကြီးလား... အိုင်ဒေါ... ခင်ဗျားက ဒီလိုမျိုး လူမဆန်တဲ့ လုပ်ရပ်ကို လုပ်ဝံ့တဲ့လူ ဖြစ်နေတာလား"
ဝုန်း...
ကတုံးနှင့်လူသည် ပြင်းထန်သော ဒေါသတရားများကို ထုတ်ဖော်ပြသရင်း မြေပြင်ကို အားပြင်းစွာ နင်းခြေလိုက်တော့သည်။
"ရက်စက်လိုက်တဲ့ကောင်။ လူအစစ် ခြောက်ရာကျော်ကို သားကောင်အဖြစ် အသုံးပြုတယ်... ရော်... ငါ့မျက်လုံးတွေ ကန်းခဲ့တာပဲ"
ဝင်္ကပါအတွင်းသို့ ဇွန်ဘီများ တဖွဲဖွဲ ဝင်ရောက်လာနေပြီ။
ခန့်မှန်းခြေအားဖြင့် ဇွန်ဘီတစ်ထောင်ခန့်သည် ဝင်္ကပါထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ လမ်းခွဲအချို့တွင် ဇွန်ဘီနှစ်ဆယ်ခန့်စီ ပိတ်ညှပ်နေကြသည်။ ၎င်းတို့သည် လမ်းကြောင်း၏ အဆုံးသတ်သို့ အမြန်ဆုံး ရောက်ရှိရန် အရူးအမူး အလျင်လိုနေကြသည်။ ထိုရှေ့မျက်နှာစာမှနေ၍ အလွန်ပင် လတ်ဆတ်လှသော လူသားတို့၏ အနံ့အသက်များ လွင့်ပျံလာသောကြောင့် ဖြစ်သည်။ ၎င်းကား အလွန်ပင် ချိုမြိန်လှပြီး တွန်းလှန်ရန် ခက်ခဲလှသော မျှားခေါ်မှုပင် ဖြစ်သည်။
အရှေ့ဆုံးမှ ဇွန်ဘီသည် စက်ဝိုင်းပုံစံ အကာအကွယ် တံတိုင်းတစ်ခုဆီသို့ ရောက်ရှိလာခဲ့ပြီ။ လက်သည်းများကို ထောင်ကာ သွားများကို ဖြဲလျက် ကားများဆီသို့ ခုန်အုပ်လိုက်ကြသည်။
မီးခိုးများကြောင့် မည်းမှောင်နေသော မျက်နှာပေါ်တွင် မှုန်ဝါးနေသော အဖြူရောင် မျက်ဝန်းအစုံသည် ကြောက်မက်ဖွယ်ကောင်းစွာ တောက်လောင်နေသည်။ ပုပ်ပွနေသော လက်မောင်းကို ဆန့်တန်းထားသည့် ထိုခန္ဓာကိုယ်မှနေ၍ အလောင်းကောင်အနံ့နှင့် ဓာတ်ဆီညှော်နံ့များ ပြင်းထန်စွာ ထွက်ပေါ်နေတော့သည်။
ဂျောက်…ဂျောက်…ဂျောက်…
နှစ်တန်းစီထားသော ကုန်တင်ကားများ၏ ကုန်တင်ခန်းပေါ်မှနေ၍ သေနတ်မောင်းတင်သံများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာတော့သည်။ စနစ်မကျဘဲ ကစဉ့်ကလျား ဖြစ်နေသော သတ္တုသံများ။
စစ်မြေပြင်၏ လေထုကြီးသည် တစ်ခဏချင်းအတွင်း ခဲယဉ်းသွားပြီး ကျန်ရှိတော့သည်မှာ ဇွန်ဘီများ၏ စက်ဆုပ်ဖွယ် အော်ဟစ်သံများနှင့် ကုန်တင်ကားပေါ်တွင် စီတန်းထားသည့် အနက်ရောင် သေနတ်ပြောင်းဝများသာ ဖြစ်တော့သည်။
အုန်း...
အရှေ့ဆုံးမှ ဇွန်ဘီအချို့သည် စက်ဝိုင်းထဲသို့ ခန္ဓာကိုယ်ကို အတင်းအကြပ် တိုးဝင်ရန် ကြိုးစားနေကြသည်။ ထိုနေရာကား ဝင်္ကပါအဝင်ဝနှင့် အနီးဆုံးရှိ တပ်စိတ်၏ ဧရိယာ ဖြစ်သည်။
ကားနှစ်စီး၏ ကွာဟချက်ထဲသို့ ဇွန်ဘီများ တစ်ဟုန်ထိုး တိုးဝှေ့ဝင်ရောက်လာကြသော်လည်း တစ်ကောင်နှင့်တစ်ကောင် အလုအယက် တိုးဝှေ့နေကြသဖြင့် ချက်ချင်း အတွင်းသို့ မဝင်နိုင်ကြချေ။ ရလဒ်အနေဖြင့် ကားနှစ်စီးကြားတွင် ညှပ်နေကြပြီး လှောင်အိမ်ထဲရှိ အသက်ရှင်ကျန်ရစ်သူများဆီသို့ ခြေလက်များကို အရူးအမူး လွှဲရမ်းကာ ဟာလာဟင်းလင်း ဖြစ်နေသော လေထုကို ပြင်းထန်စွာ ကိုက်ခဲနေကြတော့သည်။
ဝင်္ကပါ အောက်ခြေ၊ လှောင်အိမ်ထဲတွင် စောင့်ဆိုင်းနေကြသည့် အသက်ရှင်ကျန်ရစ်သူများထဲတွင် မည်သူမျှ အသံမထွက်ကြချေ။ လှုပ်ရှားသူပင် မရှိချေ။ ၎င်းတို့သည် ကုန်တင်ကား ခေါင်မိုးပေါ်တွင် ရပ်နေသော ချူဟန် ထံသို့သာ မျက်ဝန်းအစုံကို ပုံအောထားကြသည်။
မျက်ဝန်းအစုံ ရာပေါင်းများစွာတွင် ခြောက်ခြားမှု အရိပ်အယောင် လုံးဝမရှိချေ။ ဆုတ်ခွာမည့် အမူအရာလည်း မရှိချေ။ ထိုနေရာတွင် ရှိနေသည်မှာ စင်စစ်အားဖြင့် သန့်စင်လှသော မျှော်လင့်ချက် သာ ဖြစ်သည်။
"အားလုံးပဲ... အမိန့်ကို နာခံကြစမ်း"
ချူဟန်၏ အသံသည် အသံချဲ့စက်မှတစ်ဆင့် စစ်မြေပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ ဆူညံသံများ ကင်းမဲ့သွားသော ကွက်လပ်ကြီးထဲတွင် ထိုအသံသည် အလွန်ပင် ရှင်းလင်းပြတ်သားစွာဖြင့် ကျယ်လောင်စွာ ဟိန်းထွက်သွားသည်။
"တိုက်ပွဲ စတင်ပြီ။ တစ်ကောင်မကျန်... သုတ်သင်ရှင်းလင်းပစ်ကြစမ်း"