အခန်း ၈၅
Vol. 9 Ch. 85
အခန်း (၈၅) ထိတ်လန့်ဖွယ်ရာ စွမ်းရည်အဆင့်
ချူဟန်၏ ခြေရင်းတွင် လဲပြိုနေသော ဇွန်ဘီအလောင်းများမှာ စက်ဝိုင်းပုံစံ ဆင့်ကဲထပ်လျက် အလိုအလျောက် တောင်ငယ်တစ်ခုပမာ ဖြစ်နေလေပြီ။ တိုက်ပွဲစတင်ကတည်းက ယခုအထိ ချူဟန်သည် ထိုနေရာမှ ခြေတစ်လှမ်းမျှ မရွေ့ခဲ့ပေ။ သူသည် မျက်နှာကိုပင် မလွှဲဘဲ မျက်စိမှိတ်ထားလျှင်တောင် ဇွန်ဘီဦးခေါင်းများကို တိတိကျကျ ရိုက်ခွဲနိုင်လောက်သည့်အထိ အစွမ်းထက်လှသည်။
အဝေးမှ ကြားနေရသော ပြင်းထန်သည့် တိုက်ပွဲသံများမှာလည်း တဖြည်းဖြည်း တိတ်ဆိတ်လာရာ တိုက်ပွဲသည် အဆုံးသတ်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ နောက်ကွယ်ရှိ ကုန်တင်ကားပေါ်တွင် နေရာယူထားသူများသည်လည်း ချူဟန်ကို ကူညီပစ်ခတ်ပေးရန် အချိန်ရလာကြပေသည်။ သူ တိုက်ခိုက်နေသော လမ်းကြောင်းမှာ အန္တရာယ်အရှိဆုံး ဖြစ်နေသောကြောင့် ဖြစ်သည်။ သို့သော် ၎င်းတို့ လှည့်ကြည့်လိုက်သည့် ခဏ၌ လူတိုင်း ကျောက်ရုပ်ပမာ မှင်သက်သွားကြတော့သည်။ အချို့မှာ အလွန်အမင်း တုန်လှုပ်သွားသဖြင့် လက်ထဲမှ သေနတ်ပင် လွတ်ကျလုနီးပါး ဖြစ်သွားရသည်။
ခဏတာအတွင်းမှာပင် ချူဟန်၏ ခြေရင်း၌ ဧရာမ အလောင်းပုံကြီး ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။ မော့ကြည့်ရလောက်အောင် မြင့်မားလှသော ထိုစက်ဆုပ်ဖွယ် မြင်ကွင်းရှိ အလောင်းအားလုံးမှာ တူညီသော သေဆုံးမှုပုံစံဖြင့် တူညီသော နေရာ၌ပင် အပိုင်းပိုင်း ကြေမွနေကြသည်။ ချူဟန်မှာ ပုဆိန်ကို ဆက်လက် လွှဲရမ်းနေဆဲပင်။ သူ၏ အနေအထားမှာ ပျက်ယွင်းခြင်းမရှိသလို ခြေလှမ်းတစ်လှမ်းပင် မရွေ့လျားခဲ့ပေ။ ဘယ်လိုလုပ်ပြီး ဤမျှအထိ စွမ်းဆောင်နိုင်ရသနည်း။
မူလက ချူဟန်ကို ကူညီရန် ပြင်ဆင်ထားသည့် လော့ရှောင်ရှောင်မှာ ရိုင်ဖယ်သေနတ်ကို ပစ်ချထားခဲ့သည်မှာ ကြာလှပြီ။ သူမသည် ကုန်တင်ကား ခေါင်မိုးပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် နေကြာစေ့ကို ပေါ့ပါးစွာ ဝါးစားနေတော့သည်။ နေကြာစေ့ခွံများကို တဖြည်းဖြည်း ထွေးထုတ်ရင်း ပွဲကြည့်ပရိသတ်တစ်ဦးပမာ အေးဆေးစွာ စောင့်ကြည့်နေတော့သည်။
ကာယကံရှင် ချူဟန်မှာ ပတ်ဝန်းကျင်ရှိ လူများ ဤမျှအထိ အံ့ဩနေကြသည်ကို သတိမပြုမိချေ။ သူ့အတွက် တစ်ကောင်ချင်းစီ ချဉ်းကပ်လာသော ဇွန်ဘီများမှာ မည်သည့် ခြိမ်းခြောက်မှုမျှ မရှိတော့ချေ။ တစ်ကောင်ချင်းစီ ဤမျှ နှေးကွေးစွာ လာမည်ဆိုပါက အရေအတွက် ရှစ်ရာမက နောက်ထပ် ရှစ်ရာ ထပ်မံရောက်ရှိလာလျှင်ပင် အေးဆေးစွာ သုတ်သင်နိုင်စွမ်း ရှိသည်။ အကြောင်းမူကား သူသည် ယခုအခါ [ တိကျမှု ] ဟူသော စွမ်းရည်အသစ်ကို ရရှိထားသောကြောင့် ဖြစ်သည်။
ဤ [ တိကျမှု ] စွမ်းရည်မှာ စွမ်းရည်အားလုံးထဲတွင် စနစ်ပွိုင့် အများဆုံး တောင်းဆိုသည့် စွမ်းရည်ဖြစ်ပြီး အရေအတွက် ရှစ်ရာခန့်အထိ အသုံးပြုခဲ့ရသည်။ သို့သော် ထိုမျှ ပေးဆပ်ရကျိုး လုံးဝနပ်လှသည်။ အဆင့်တစ်ခုမျှသာ ရှိသေးသော်လည်း သတ်မှတ်ထားသော အကွာအဝေးအတွင်း ရှိနေပါက ပစ်မှတ်ထားသော နေရာကို မုချမှန်ကန်အောင် ခုတ်ပိုင်းနိုင်စွမ်းသည် ခန္ဓာကိုယ်၌ ဗီဇသဖွယ် စိမ့်ဝင်သွားတော့သည်။ ချိန်ရွယ်နေရန် မလိုသလို ရန်သူ၏ လှုပ်ရှားမှုကို စောင့်ကြည့်နေရန်လည်း မလိုချေ။ ပုဆိန်ကို လွှဲရမ်းလိုက်ရုံဖြင့် မုချ ထိမှန်ပေလိမ့်မည်။
ယခင် ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့စဉ်ကတည်းက ချူဟန်၏ စနစ်ပွိုင့်မှာ ၂၀၀၀ အထိ ရှိနေခဲ့ပြီ ဖြစ်သည်။ ဇွန်ဘီများကို ဖောက်ခွဲသုတ်သင်ရာမှ ရရှိသော စနစ်ပွိုင့်မှာ ယခုတစ်ကြိမ်တွင် တစ်ကောင်လျှင် ၀.၅ ပွိုင့် မဟုတ်ဘဲ ၀.၁ ပွိုင့်အထိ လျော့နည်းသွားခဲ့သည်။ သို့သော် ချူဟန်သည် နှမြောခြင်း သို့မဟုတ် အံ့ဩခြင်း လုံးဝမရှိချေ။ ဖောက်ခွဲမှု အောင်မြင်ခြင်းမှာ သူတစ်ဦးတည်း၏ စွမ်းအားကြောင့် မဟုတ်သလို လစ်သီယမ်ဘက်ထရီများကို စုဆောင်းခဲ့သည်မှာလည်း သူကိုယ်တိုင် မဟုတ်ချေ။ ထို့ကြောင့် တစ်ကောင်လျှင် ၀.1 ပွိုင့် ရရှိခြင်းက သူ့အတွက် လုံလောက်လှပြီ ဖြစ်သည်။
ထို့ပြင် ချူဟန်သည် [တိကျမှု] စွမ်းရည်အပြင် အခြားသော စွမ်းရည်တစ်ခုကိုလည်း ရရှိထားခဲ့သေးသည်။ ၎င်းကား [ခွန်အား] စွမ်းရည်ပင် ဖြစ်သည်။
ဤသည်မှာ ချူဟန်အနေဖြင့် အားစိုက်ထုတ်ထားပုံမရဘဲ ဇွန်ဘီများ မမှတ်မိနိုင်လောက်အောင် အပိုင်းပိုင်း ကြေမွသွားရသည့် အကြောင်းရင်းပင် ဖြစ်တော့သည်။ ခွန်အားစွမ်းရည်ကို ရယူရန်အတွက် ပွိုင့် ၅၀၀ လိုအပ်ခဲ့သည်။
ဤအစွမ်းထက်လှသော စွမ်းရည်နှစ်ခုကို ဆက်တိုက် ရရှိသွားခဲ့သဖြင့် ချူဟန်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆမတန် မြင့်မားသွားခဲ့သည်။ ခန္ဓာကိုယ် အဆင့်အတန်းမှာ ပထမအဆင့် ပြောင်းလဲသူအဖြစ်သာ ရှိနေသေးသော်လည်း သူ၏ စစ်မှန်သော စွမ်းရည်မှာ သာမန် ပထမအဆင့် ပြောင်းလဲသူများထက် အဝေးကြီး ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ စွမ်းရည်နှစ်ခုလုံးကို ရယူပြီးနောက်တွင်ပင် ပြန်လည်စတင်ခြင်းစနစ် ထဲ၌ စနစ်ပွိုင့် ၁၀၀၀ ကျန်ရှိနေသေးသည်။ သို့သော် ဤအရာများကို ဆက်လက် ထိန်းသိမ်းထားရန် သူ ဆုံးဖြတ်ခဲ့သည်။ ခန္ဓာကိုယ်အဆင့်အတန်းကို ဒုတိယအဆင့်သို့ မြှင့်တင်ရန်အတွက် စနစ်ပွိုင့် နှစ်ထောင် လိုအပ်သောကြောင့် ဖြစ်သည်။
ဗုန်း...
ချူဟန်၏ ရှေ့မှောက်ရှိ နောက်ဆုံးဇွန်ဘီ၏ ဦးခေါင်းမှာ ပေါက်ကွဲထွက်သွားပြီး ဝင်္ကပါအတွင်း၌ ခြောက်ခြားဖွယ်ကောင်းသော တိတ်ဆိတ်မှုက လွှမ်းမိုးသွားတော့သည်။ သူသည် အလောင်းပုံကြီး၏ ထိပ်ဖျားတွင် ငြိမ်သက်စွာ ရပ်တန့်နေသည်။ အနည်းငယ် မြင့်မားသော ထိုနေရာမှကြည့်လျှင် ဝင်္ကပါ၏ တည်ဆောက်ပုံ တစ်ခုလုံးကို ရှင်းလင်းစွာ မြင်တွေ့ရသည်။
တိုက်ပွဲဝင်ခဲ့ကြသူများ၏ မျက်နှာတွင် အံ့ဩမှင်သက်မှု အရိပ်အယောင်များ ထင်ဟပ်နေကြသည်။ သူတို့အတွက် ဤတိုက်ပွဲမှာ အလွန်ပင် လွယ်ကူလွန်းလှသည်။ မိမိတို့ ဘာမျှမလုပ်ခဲ့ရဘဲနှင့် အလိုအလျောက် အောင်ပွဲရရှိသွားသကဲ့သို့ ခံစားချက်မျိုးပင် ဖြစ်သည်။
ချူဟန်သည် တစ်ဦးတည်းဖြင့် ဇွန်ဘီအရေအတွက် ရှစ်ရာခန့်ကို သုတ်သင်ခဲ့ပြီး ကျန်ရှိသော နှစ်ထောင်ကျော်မှာ ဝင်္ကပါအတွင်း လုံးဝ လူစုကွဲသွားခဲ့ကြသည်။ သူတို့ လုပ်ဆောင်ခဲ့ရသည်မှာ တစ်ဦးလျှင် ဇွန်ဘီ သုံး၊ လေးကောင်ခန့်ကိုသာ ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ ထို့ပြင် ထိုဇွန်ဘီများမှာလည်း တစ်ကောင်ချင်းစီသာ ထွက်ပေါ်လာပြီး ကားကြားရှိ ကွာဟချက်ထဲသို့ ဦးခေါင်းများကို အတင်းအကြပ် ထိုးသွင်းရင်း လက်နက်အကွာအဝေးအတွင်းသို့ မိမိတို့ဘာသာ ဝင်ရောက်လာကြခြင်း ဖြစ်သည်။ ဤမျှလောက် လွယ်ကူသော အရာမျိုး ရှိပါဦးမလား။
ချူဟန်သည် အစကတည်းက အရာအားလုံးကို ပြီးပြည့်စုံစွာ အမြော်အမြင်ရှိရှိ တွက်ချက်ထားခဲ့ခြင်း ဖြစ်သည်။ အသေးအဖွဲ ကိစ္စရပ်များအထိ လုံးဝ စေ့စပ်သေချာစွာ စီမံထားခဲ့ခြင်း ဖြစ်သည်။
အသက်ရှင်ကျန်ရစ်သူများသည် ကားစက်ဝိုင်းတံတိုင်းအတွင်းမှနေ၍ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့ကြသည်။ ဝင်္ကပါ၏ လမ်းပိတ်များထဲမှ ထွက်လာကြသော ၎င်းတို့သည် တစ်ဦးထံတစ်ဦး ပြေးဝင်ကြပြီး မိသားစုဝင်များ၊ သူငယ်ချင်းများနှင့် ချစ်သူများ၏ ဘေးကင်းမှုကို အလုအယက် အတည်ပြုနေကြတော့သည်။ ချူဟန်က စစ်အင်အားကို ညီတူညီမျှ ခွဲဝေထားခဲ့သောကြောင့် လူအများစုမှာ မိမိတို့ ချစ်ခင်ရသူများနှင့် ခွဲခွာနေခဲ့ရခြင်း ဖြစ်သည်။
ယခုအချိန်တွင် အမှောင်ရိပ်ထဲမှ ဇွန်ဘီများ ရုတ်တရက် ခုန်အုပ်လာမည်ကို စိုးရိမ်ပူပန်နေသူ မရှိတော့ချေ။ လုံး၀ တိတ်ဆိတ်သွားသော ဇွန်ဘီများ၏ ဟိန်းဟောက်သံများက ၎င်းတို့ အားလုံး အမြစ်ပြတ် သုတ်သင်ခံလိုက်ရပြီဖြစ်ကြောင်းကို အထင်ရှားဆုံး သက်သေပြနေသောကြောင့် ဖြစ်သည်။
"အစ်ကိုကြီး"
"အမေ... အဖေ"
ဝင်္ကပါနေရာအနှံ့မှနေ၍ ဝမ်းမြောက်ဝမ်းသာ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။ ပြင်းထန်သော တိုက်ပွဲဒဏ်ရာများ ကျန်ရစ်သည့် ပျက်စီးနေသော ဝင်္ကပါအတွင်း၌ ၎င်းတို့သည် တစ်ဦးကိုတစ်ဦး ဖက်လဲတကင်းဖြင့် ဝမ်းသာအားရ ငိုကြွေးနေကြတော့သည်။ ဤကဲ့သို့သော အံ့ဖွယ်အခြေအနေမျိုး အမှန်တကယ် ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သူမျှ မယုံကြည်နိုင်ခဲ့ကြပေ။
မကြာမီမှာပင် ၎င်းတို့သည် လမ်းမကြီးပေါ်သို့ စုဆုံလာကြပြီး ချူဟန် ရှိရာဆီသို့ ပြိုင်တူ ပြေးဝင်လာကြတော့သည်။ လူတိုင်း၏ မျက်နှာတွင် ဝမ်းသာမျက်ရည်များဖြင့် ပြည့်နှက်နေကြသည်။ စကားလုံးဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားလှသော ကျေးဇူးတင်ရှိမှုနှင့် ဝမ်းမြောက်မှုတို့သည် ရင်ထဲမှနေ၍ အရှိန်အဟုန်ဖြင့် ကူးစက်လာကြသည်။
သောင်းသောင်းဖျဖျ ကြွေးကြော်သံများ မစဲသေးချေ။ နောက်ကွယ်ရှိ ကုန်တင်ကားပေါ်မှ လူငါးဆယ်လုံးလည်း အောက်သို့ ခုန်ဆင်းလာကြပြီး ချူဟန် ရှိရာဆီသို့ အစွမ်းကုန် ပြေးဝင်လာကြတော့သည်။ ၎င်းကား နတ်ဘုရားတို့၏ စွမ်းပကားပင်။ သူသည် သူရဲကောင်း ဖြစ်ပေသည်။
ဤသည်မှာ ချူဟန် တစ်ဦးတည်းဖြင့် ဖန်တီးပေးခဲ့သော စစ်မြေပြင်၏ အဆုံးသတ် ရလဒ်ပင် ဖြစ်သည်။ လူခုနစ်ရာခန့်ဖြင့် ဇွန်ဘီအရေအတွက် တစ်သောင်းရှစ်ထောင်ကို အမြစ်ပြတ် ချေမှုန်းပစ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ဤမျှ ကြီးမားလှသော ဇွန်ဘီလှိုင်းလုံးကြီးကို ရင်ဆိုင်ခဲ့ရသော်လည်း မျှော်လင့်ချက်မဲ့လှသော ဇွန်ဘီအုပ်ကြီးနှင့် တိုက်ခိုက်ခဲ့ရသော်လည်း သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဇွန်ဘီကိုက်ခံရခြင်း မရှိသည့်အပြင် အစက်အပြောက် ဒဏ်ရာတစ်ခုမျှပင် မရရှိခဲ့ပေ။
"ချူဟန်... ငါတို့ နိုင်သွားပြီနော်"
ရှန်ကျိုတီ ၏ ကြည်လင်လှသော အသံ ထွက်ပေါ်လာသည်။ သူမသည် အလွန်ပင် စိတ်လှုပ်ရှားသွားသဖြင့် ချူဟန်၏ ခန္ဓာကိုယ်တွင် ဇွန်ဘီအသားစများနှင့် အနက်ရောင် သွေးကွက်များ ပေကျံနေသည်ကိုပင် ဂရုမစိုက်အားဘဲ သူ၏ ရင်ခွင်ထဲသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လိုက်တော့သည်။
ပိုင်ယွန့်အာ နှင့် လော့ရှောင်ရှောင် တို့မှာ လူအုပ်ကြီးအတွင်းသို့ တိုးဝင်ခြင်းမရှိကြချေ။ ပိုင်ယွန့်အာ မှာ မွေးရာပါ အေးစက်သော စရိုက်ကြောင့် ဖြစ်သည်။ သို့သော်လည်း သူမ၏ ရင်ခုန်သံမှာ ယခင်ကထက် အနည်းငယ် ပိုမိုမြန်ဆန်နေခဲ့သည်။
လော့ရှောင်ရှောင်မှာ ကုန်တင်ကား၏ ကုန်တင်ခန်းမှာ မြင့်မားလွန်းသဖြင့် အောက်သို့ ခုန်မဆင်းရဲခြင်းသာ ဖြစ်နေသည်။ သူမသည် မကျေမနပ်ဖြင့် ကားခေါင်မိုးပေါ်တွင် ခြေဆောင့်နေတော့သည်။ အကယ်၍ အောက်သို့ ဆင်းနိုင်ပါက ရှန်ကျိုတီ ထက်မံစော၍ ချူဟန်၏ ရင်ခွင်ထဲသို့ မုချ ခုန်အုပ်မိမှာ သေချာလှသည်။
ချန်ရှောက်ရယ်မှာ စိတ်လှုပ်ရှားနေသော လူအုပ်ကြီး၏ တွန်းထုတ်ခြင်းကို ခံလိုက်ရသဖြင့် လူအုပ်ပြင်ပမှနေ၍သာ စိုးရိမ်ပူပန်စွာဖြင့် စောင့်ကြည့်နေရတော့သည်။
‘တကယ်ပဲ ငါ့ရဲ့ ဘောစ့်ပဲဗျာ... အစွမ်းထက်လွန်းတယ်’
" ချူဟန်..."
ချန်ရှန်းကော်မှာ အံ့ဩတုန်လှုပ်မှု ဒဏ်ကို အချိန်အတော်ကြာ ခံစားခဲ့ရသဖြင့် မည်သည့် စကားလုံးမျှ ထွက်မလာတော့ချေ။ နာရီအနည်းငယ်ခန့် ပြင်းထန်လှသော တင်းမာမှုကြောင့် တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲရွှဲစိုနေခဲ့သည်။ သို့သော် အရာအားလုံး ပြီးဆုံးသွားပြီး အေးဆေးစွာ အောင်ပွဲရရှိသွားသည့် အချိန်ကျမှ ချူဟန် စွမ်းဆောင်ခဲ့သည့် အရာများ၏ ထူးဆန်းမှုကို သူ သတိပြုမိတော့သည်။
ရုတ်တရက် ရောက်ရှိလာသော ဇွန်ဘီလှိုင်းလုံးကြီးမှ စတင်ကာ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သော ဖောက်ခွဲမှုများ။ လစ်သီယမ်ဘက်ထရီနှင့် ဓာတ်ဆီများကြောင့် ဖြစ်ပေါ်လာသည့် တစ်ခါမျှမကြုံဖူးသော ဖောက်ခွဲမှုစွမ်းအား။ ဇွန်ဘီအရေအတွက်မှာ အကြိမ်ကြိမ် လျော့နည်းသွားခဲ့ပြီး နောက်ဆုံးတွင် တစ်ဦးလျှင် ဇွန်ဘီ သုံး၊ လေးကောင်ခန့်ကိုသာ ရင်ဆိုင်ရုံဖြင့် ပြီးဆုံးသွားခဲ့သည်။ တဖြည်းဖြည်းနှင့် အရာအားလုံးသည် ရှေ့မှောက်ရှိ ဤလူငယ်၏ စီမံကိန်းအတိုင်း ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ထို့ထက် ပို၍ မယုံကြည်နိုင်စရာ ကောင်းသည်မှာ ဤမျှ ကြီးမားလှသော တိုက်ပွဲကြီးတွင် မိမိတို့ဘက်မှ တစ်ဦးတစ်ယောက်မျှ သေဆုံးမှုမရှိခြင်းပင် ဖြစ်သည်။
ထိခိုက်မှု လုံးဝမရှိခဲ့ပေ။
ဤသည်မှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော ကိန်းဂဏန်း ဖြစ်နေလိမ့်မည်နည်း။
"ချူဟန်... ချူဟန်..."
မည်သူက စတင်၍ အော်ဟစ်လိုက်သည်ကိုမူ မသိရချေ။ လူတိုင်း၏ မျက်နှာတွင် အပြုံးများဖြင့် လက်နှစ်ဖက်ကို မြှောက်ကာ သူ၏ နာမည်ကို ပြိုင်တူ ကြွေးကြော်နေကြတော့သည်။ ရင်ထဲမှနေ၍ အလိုအလျောက် ထွက်ပေါ်လာသော သန့်စင်လှသော ကြည်ညိုကိုးကွယ်မှု စိတ်ဓာတ်ပင် ဖြစ်သည်။ ထိုအသံသည် အလွန်ပင် ညီညာလှပြီး လေထုကြီးကို တုန်ခါစေလောက်အောင် ကျယ်လောင်လှသည်။ တသားတည်း ဖြစ်ပေါ်လာသော ကြွေးကြော်သံများသည် ထိုဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး တိတ်ဆိတ်နေသော ဝင်္ကပါအတွင်း၌ မုန်တိုင်းပမာ အရှိန်အဟုန်ဖြင့် လှည့်ပတ်နေတော့သည်။