← Chapters

အခန်း ၈၇

Vol. 9 Ch. 87

အခန်း ၈၇

Vol. 9 Ch. 87

အခန်း (၈၇) ဘေးကင်းပါစေ

"မင်းတို့တွေ မေ့နေကြပြီလား။ ဒီမြို့မှာ ဇွန်ဘီ နှစ်သန်းကျော် ကျန်နေသေးတယ်ဆိုတာကိုလေ"

ချူဟန် အသံ၌ ရေခဲပမာ အေးစက်မှုတစ်ခု ရောယှက်နေသည်။

ဇွန်ဘီတစ်သောင်းရှစ်ထောင်ကို သတ်ဖြတ်လိုက်ရခြင်းက သူ့အတွက် မည်သည့် ခံစားချက်ကိုမျှ မဖြစ်ပေါ်ပေ။ အတိတ်ဘဝက ဖြတ်သန်းခဲ့ရသော ငရဲခန်းတမျှ စစ်ပွဲများနှင့် နှိုင်းယှဉ်လျှင် ဤအရေအတွက်မှာ သွေးပူလေ့ကျင့်ခန်းတစ်ခုမျှသာ ဖြစ်သည်။ ဂုဏ်ယူဝင့်ကြွားစရာလည်း မဟုတ်သလို ဂုဏ်သိက္ခာတစ်ခုဟုလည်း မမှတ်ယူထားပေ။

စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

ဆူညံနေခဲ့သော ကြွေးကြော်သံများမှာ အစအနပင် မကျန်တော့ဘဲ အသက်ရှင်ကျန်ရစ်သူ ခုနစ်ရာကျော် စုဝေးနေသည့် ကွင်းပြင်ကျယ်ကြီးမှာ အပ်ကျသံကြားရလောက်အောင် ငြိမ်သက်သွားလေသည်။

အောင်ပွဲအတွက် ဝမ်းသာပျော်ရွှင်နေသော လေထုမှာ တစ်ခဏချင်းအတွင်း လွင့်ပါးပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ မှန်ပေသည်။ ဤထုံမြို့ထဲတွင် ဇွန်ဘီကောင်ရေ နှစ်သန်းကျော် ပုန်းအောင်းနေဆဲပင်။ ယနေ့ ကြုံတွေ့ခဲ့ရသော တစ်သောင်းရှစ်ထောင်ဆိုသည်မှာ ရေခဲတောင်ကြီး၏ ထိပ်ဖျားလေးတစ်ခုမျှသာ ဖြစ်သည်။

ချန်ရှန်းကော် ရင်ခွင်ထဲတွင် ပြင်းထန်သော တုန်လှုပ်မှုတစ်ခုကို ခံစားလိုက်ရသော်လည်း ထိတ်လန့်မှုကို အလျင်အမြန် ဖုံးကွယ်လျက် အတင်းအကျပ် ပြုံးပြလိုက်သည်။

"ထားပါတော့ဗျာ။ ဒီလိုကြီးလည်း မပြောပါနဲ့။ တိုက်ပွဲကြီးက အခုလေးတင် ပြီးသွားတာလေ။ ရှေ့ဆက်ရမယ့်ကိစ္စကို နောက်မှပဲ တွေးကြတာပေါ့။ အခုဆို တစ်ကမ္ဘာလုံး ဇွန်ဘီတွေချည်းပဲလေဗျာ။ ဘယ်နေရာနေနေ အတူတူပဲ မဟုတ်ဘူးလား"

"ဒါပေါ့ဗျ"

ယွဲ့ဇီ ကလည်း စိတ်ကို ပြန်လည်စုစည်းကာ ထောက်ခံလိုက်သည်။

"ဒီနေ့တော့ အပိုတွေ မတွေးဘဲ အရင်ဆုံး အကြီးအကျယ် အောင်ပွဲခံလိုက်ကြရအောင်"

ချန်ရှန်းကော် နှင့် ယွဲ့ဇီ တို့၏ တက်ကြွသော စကားသံများက အေးခဲနေသည့် လေထုကို အနည်းငယ် ပြေလျော့သွားစေသည်။ စိုးရိမ်စရာကောင်းသည်မှာ မှန်သော်လည်း ချန်ရှန်းကော် ပြောသည်ကလည်း အကြောင်းပြချက် ခိုင်လုံနေပေသည်။ တစ်ကမ္ဘာလုံးတွင် ဇွန်ဘီများ ပြည့်နှက်နေသည် မဟုတ်ပါလော့ မည်သို့ပင်ဖြစ်စေ လူတိုင်း နေ့တဓူဝ အသက်ရှင်ရေးအတွက် ရုန်းကန်နေရသည်။ ထို့ကြောင့် ခေါင်းရှုပ်ခံ စဉ်းစားနေရန် မလိုတော့ချေ။

"ဟုတ်တယ် အစ်ကိုကြီး"

လူတစ်ယောက်က ချက်ချင်း ဝင်ထောက်ခံလိုက်သည်။

"အဲဒီလောက်ကြီးလည်း အဆိုးမြင်မနေပါနဲ့"

"ဒါပေါ့။ ဒီနေ့ကတော့ သေချာပေါက် အောင်ပွဲခံရမယ့်နေ့ပဲ။ ကျုပ်မိန်းမကို အစ်ကိုကြီးအတွက် ဝက်သားနီချက် ချက်ခိုင်းလိုက်မယ်"

"ကျုပ်က အရင်က စားဖိုမှူးဗျ။ ဒီနေ့ ဟင်းလျာတွေအတွက် ကျုပ်ကိုသာ တာဝန်လွှဲထားလိုက်တော့"

လူအုပ်ကြီးမှာ ပြန်လည်သက်ဝင်လှုပ်ရှားလာတော့သည်။ စိတ်အပန်းဖြေလို ပါသော်လည်း ချူဟန် နှင့် အနည်းငယ်မျှဖြစ်စေ ပိုမိုရင်းနှီးချင်သော စိတ်ဆန္ဒက ပိုမိုလွှမ်းမိုးနေခြင်း ဖြစ်သည်။ ဤတုံ့ပြန်မှုမှာ လုံးဝကို ဗီဇသဖွယ် အလိုအလျောက် ဖြစ်ပေါ်နေခြင်းပင် ဖြစ်သည်။

သစ္စာရှိမှု စနစ်က ထိုသို့ ဖြစ်ပေါ်လာစေရန် ဖန်တီးပေးထားခြင်း ဖြစ်လေသည်။

ချူဟန်သည် လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး အောက်သို့ ဖိချသည့် ဟန်ပန်ဖြင့် အချက်ပြလိုက်သည်။

ထိုမျှလေးနှင့်ပင် လူအုပ်ကြီးမှာ အလိုအလျောက် ငြိမ်ကျသွားပြီး သူ၏ နောက်ဆက်တွဲ စကားကို စောင့်စားနေကြတော့သည်။

ချူဟန် မျက်နှာပေါ်တွင် မည်သည့် ခံစားချက် အရိပ်အယောင်မျှ မရှိဘဲ တင်းမာခက်ထန်သော အကြည့်တစ်စုံသာ ရှိနေသည်။

"တစ်ကမ္ဘာလုံး ဇွန်ဘီတွေချည်းပဲမို့ ဘယ်သွားသွား အတူတူပဲ ဟုတ်လား။ ထုံမြို့မှာ စစ်တပ်နယ်မြေ မရှိဘူး။ ဒီလို ကန့်သတ်ချက်တွေ ရှိနေတဲ့ လက်နက်ခဲယမ်းတွေနဲ့ မင်းတို့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မယ် ထင်နေလဲ"

ထိုအေးစက်ပြတ်သားသော စကားလုံးများကြောင့် အားလုံးမှာ ပြန်လည်ချေပရန် စကားရှာမရဘဲ ဆွံ့အသွားကြလေသည်။

"ဒါကြောင့်..."

တိတ်ဆိတ်နေသော လူအုပ်ကြီးကို အေးစက်စွာ စူးစိုက်ကြည့်ရင်း ချူဟန် က ညှာတာမှုကင်းမဲ့စွာ ပြောလိုက်သည်။

"ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာဖို့ အကြံပေးချင်တယ်။ ဥပမာ... အခုချက်ချင်းပေါ့။ ဇွန်ဘီလှိုင်းလုံးကြီးကို ရှင်းလင်းပြီးသွားပြီ။ အခုအချိန်ဆို ထုံမြို့ကနေ ထွက်သွားဖို့ လမ်းကြောင်း ပွင့်နေပြီပဲ"

"ထွက်သွားရမယ်။ အခုချက်ချင်းလား"

ချန်ရှန်းကော် မျက်လုံးပြူးသွားသည်။ ချူဟန်၏ စကားက သူတို့၏ အတွေးအခေါ်များကို အခြေခံမှစ၍ လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်ခြင်းပင် ဖြစ်သည်။

ဤနေရာတွင် နေထိုင်လာခဲ့သည်မှာ အချိန်အတိုင်းအတာ တစ်ခုအထိ ရှိနေပြီ ဖြစ်သည်။ သူတို့အနေဖြင့် ဤအခြေစိုက်စခန်းအပေါ် သံယောဇဉ် တွယ်နေကြပြီး လွယ်လွယ်နှင့် စွန့်ပစ်သွားရန် မဖြစ်နိုင်ပေ။

"ဇွန်ဘီကောင်ရေ နှစ်သန်းကျော် ရှိနေတာက ဒီမြို့တစ်မြို့လုံးကို အကြွင်းမဲ့ ဖျက်ဆီးပစ်ဖို့ လုံလောက်တယ်။ ငါ ခြိမ်းခြောက်နေတာ မဟုတ်ဘူး။ အမှန်တရားကို ပြောပြနေတာ"

မိမိအပေါ် သစ္စာစောင့်သိကြသူများအပေါ် နောက်ဆုံး သနားညှာတာမှု တစ်ခုအနေဖြင့် ချူဟန် သတိပေးစကား ဆိုလိုက်သည်။

"စစ်တပ်နယ်မြေ ရှိတဲ့နေရာကို သွားကြ။ ဒါဆိုရင် အနည်းဆုံးတော့ အခုထက် ပိုပြီး အသက်ရှည်ရှည် နေရလိမ့်မယ်"

စကားဆုံးသည်နှင့် သူ လှည့်ထွက်ကာ ချန်ရှောက်ရယ် ကို အမိန့်ပေးလိုက်သည်။

"G55 နဲ့ ငါတို့ရဲ့ ကုန်တင်ကားကို ယူခဲ့။ ကားနှစ်စီးနဲ့ အခုချက်ချင်း ထွက်မယ်"

အချိန်ဆွဲနေ၍ မရတော့ချေ။ ဤနေရာမှ ချက်ချင်း ထွက်ခွာမှ ဖြစ်မည်။ ထုံမြို့ မည်မျှ အန္တရာယ်ကြီးမားနေသည်ကို လက်ရှိအချိန်၌ သူ တိတိကျကျ မခန့်မှန်းနိုင်ပေ။ ဇွန်ဘီလှိုင်းလုံးကြီးနှင့် နောက်တစ်ကြိမ် ထပ်မံ ရင်ဆိုင်ရမည့် အခြေအနေမျိုးကို သူ လုံးဝ အလိုမရှိတော့ချေ။

ချန်ရှောက်ရယ် တစ်ခဏမျှ ကြောင်အသွားသော်လည်း အခြေအနေကို ချက်ချင်း သဘောပေါက်သွားသည်။

"ဟင်.. အာ.. ဟုတ်ကဲ့ပါ့ဗျာ့"

"အခုသွားတော့မလို့လား"

ချန်ရှန်းကော် က အချက်အလက်များ ထပ်မံ မေးမြန်းရန် ပြင်လိုက်သော်လည်း

ထိုစကားများ နှုတ်ဖျားမှ မထွက်လာခင်မှာပင်...

၀ူး...

ရုတ်တရက် လူနေအဆောင်ဘက်မှ ကားအင်ဂျင်စက်သံကြီး ဟိန်းထွက်လာသည်။ နောက်တစ်ခဏ၌ စားနပ်ရိက္ခာများ အပြည့်တင်ထားသော ကုန်တင်ကားတစ်စီးက အရှိန်အဟုန်ပြင်းစွာဖြင့် ထိုးထွက်လာတော့သည်။

ထိုကုန်တင်ကားသည် ပြန့်ကျဲနေသော ဇွန်ဘီအလောင်းများနှင့် မှောက်ခုံဖြစ်နေသော ကားများကို တစ်စီးပြီးတစ်စီး ဝင်တိုက်ကာ မျက်စိတစ်မှိတ်အတွင်း လမ်းကြောင်းရှင်းလင်းလျက် မောင်းနှင်ထွက်ပြေးသွားလေသည်။

"ချန်ဇီဟောင် ..."

ယဲ့ချန် ၏ အသံတွင် အံ့အားသင့်မှုနှင့်အတူ အနည်းငယ် ဒေါသများပါ ရောယှက်နေသည်။

"ဇီဟောင်"

ချန်ရှန်းကော် မှာ အလန့်တကြားဖြင့် ကုန်တင်ကားနောက်သို့ ပြေးလိုက်သွားတော့သည်။ သို့သော် ကုန်တင်ကားမှာ ရပ်တန့်သွားမည့်အစား အရှိန်ပိုတင်သွားပြီး လူအများ၏ အမြင်အာရုံမှ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေသည်။

"အဲဒီကောင်... ခွေး…"

ယွဲ့ဇီ က ရိုင်းစိုင်းစွာ ဆဲရေးတိုင်းထွာရန် ပြင်လိုက်သော်လည်း ချန်ရှန်းကော်

မျက်နှာကြောင့် စကားများကို မြိုချလိုက်ရသည်။

ချူဟန် က တစ်ချက်မျှသာ လှမ်းကြည့်ပြီး စိတ်ဝင်စားမှု ကင်းမဲ့သွားသည်။ အလုခံရသည်မှာ သူ၏ ကုန်တင်ကားသာ မဟုတ်လျှင် မည်သူက ဘာလုပ်လုပ် သူ့စိတ်မဝင်စားပေ။

ချန်ရှောက်ရယ်၊ ရှန်ကျိုတီ နှင့် ပိုင်ယွန့်အာ တို့ သုံးယောက်မှာ ကားနှစ်စီးကို အနီးအနားသို့ မောင်းနှင်လာခဲ့ကြပြီ ဖြစ်သည်။

"ဟိုလေ... ကျွန်တော်တို့လည်း အစ်ကိုကြီးတို့နဲ့ လိုက်ခဲ့လို့ မရဘူးလား"

ရုတ်တရက် လူတစ်ယောက်က ထအော်လိုက်သည်။

"ထုံမြို့က အသက်ရှင်ဖို့ မလုံခြုံတော့ဘူးဆိုရင် အစ်ကိုကြီးနဲ့အတူ လုံခြုံတဲ့ နေရာတစ်ခုကို လိုက်ရှာခွင့်ပြုပါလား"

"ခင်ဗျားကို ကျွန်တော်တို့ရဲ့ ခေါင်းဆောင် ဖြစ်စေချင်တယ်"

"ဟုတ်တယ်ဗျ။ ခင်ဗျားသွားမယ့် နေရာဆို ဘယ်နေရာဖြစ်ဖြစ် ကျွန်တော်တို့ လိုက်မယ်"

လူအုပ်ကြီး၏ မျက်ဝန်းများတွင် မျှော်လင့်ချက် အရိပ်အယောင်များ ပြည့်နှက်နေသည်။ ၎င်းတို့သည် မသိစိတ်ကပင် ချူဟန် နောက်သို့ လိုက်ပါလိုနေကြသည်။ ၎င်းမှာ စားနပ်ရိက္ခာကြောင့် လုံးဝမဟုတ်ပေ။ ယခင်က ချန်ရှောက်ရယ်၊ ရှန်ကျိုတီ နှင့် လော့ရှောင်ရှောင် တို့ ဖြစ်တည်ခဲ့သကဲ့သို့ စစ်မှန်သန့်စင်လှသော သစ္စာရှိမှု သက်သက်ကြောင့်သာ ဖြစ်လေသည်။

‘ငါ့နောက်ကို လိုက်မယ် ဟုတ်လား...’

ချူဟန် ရင်ထဲ၌ ခါးသီးစွာ ပြုံးလိုက်မိသည်။ မိမိတွင် အရေးတကြီး လုပ်ဆောင်ရမည့် တာဝန်သာ မရှိခဲ့လျှင် ဤမျှကောင်းမွန်လှသော အခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။ ရာနှင့်ချီသော လူများထံမှ ရရှိလာမည့် သစ္စာရှိမှုဆိုသည်မှာ ဧရာမ ရတနာသိုက်ကြီး တစ်ခုပင် ဖြစ်သည်။

သို့သော် လုံးဝ မဖြစ်နိုင်ချေ။

ငြိမ်းချမ်းသော ယခင်ခေတ်ကာလတွင် သူသည် အမြဲတစေ ကိုယ့်ကိုယ်ကိုယ် အသုံးမကျသူဟု ခံစားခဲ့ရသည်။ မိမိသည် ဘာကြောင့် ဤမျှ အစွမ်းအစမဲ့ရသနည်း ဟု အကြိမ်ကြိမ် တွေးတောခဲ့ဖူးသည်။

တစ်နေ့ထက်တစ်နေ့ အိုမင်းလာသော မိဘများ မိုးလင်းမှ မိုးချုပ် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်နေရသည်ကို ရပ်ကြည့်နေရုံမှလွဲ၍ မိမိဘက်မှ ဘာတစ်ခုမျှ မကူညီနိုင်ခဲ့ချေ။

အတိတ်ဘဝ ကမ္ဘာပျက်ကပ် စတင်ချိန်၌ သူသည် ကြီးမားလှသော အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့မိသည်။ ထိုအမှားကြောင့် ဆယ်နှစ်တိတိ အပြစ်ရှိစိတ်ဖြင့်သာ အသက်ဆက်ခဲ့ရလေသည်။

ဘာကြောင့် ငါက ဒီလောက် အသုံးမကျတဲ့ ကမ္ဘာကြီးထဲမှာ ရှင်သန်နေရတာလဲ။ နေ့စဉ်ရက်ဆက် မိမိကိုယ်ကိုယ် ပြန်လည်မေးခွန်းထုတ်နေခဲ့ရသည်။ လုံးဝ လက်မခံနိုင်ခဲ့ပေ။

သို့သော် ယခုတော့ မတူတော့ချေ။ အရာရာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ယခုအခါ သူသည် အလွန်တရာ အစွမ်းထက်နေပြီ ဖြစ်သည်။ ဇွန်ဘီ ရာဂဏန်းကို တစ်ဦးတည်း အလွယ်တကူ ချေမှုန်းနိုင်ရုံသာမက ဇွန်ဘီ တစ်သောင်းရှစ်ထောင်ကိုပင် ဉာဏ်ပညာဖြင့် အမြစ်ပြတ် သုတ်သင်နိုင်လောက်သည့်အထိ သာမန်ထက် လွန်ကဲစွာ အစွမ်းထက်နေခဲ့ပြီ ဖြစ်သည်။

အတိတ်ဘဝက နောင်တများကို အဆုံးသတ်နိုင်ပြီ ဖြစ်သည်။ မိမိသည် အစွမ်းအစမဲ့သူ မဟုတ်တော့ပေ။ ဇွန်ဘီများကိုဖြစ်စေ၊ ဤကမ္ဘာပျက်ကပ်ကြီးကိုဖြစ်စေ သူ အနည်းငယ်မျှပင် ကြောက်ရွံ့နေမည် မဟုတ်တော့ချေ။

သို့သော် သူ အမှန်တကယ် စိုးရိမ်ကြောက်ရွံ့နေမိသည့်အရာက... ဘဝကို အသစ်ပြန်လည် စတင်ခွင့် ရရှိထားပါလျက်နှင့် အတိတ်က အမှားဟောင်းကို ထပ်မံ ကျူးလွန်မိမည်ကိုပင် ဖြစ်လေသည်။

လူဆိုသည်မှာ တစ်ကိုယ်ကောင်းဆန်သော သတ္တဝါများသာ ဖြစ်သည်။ ချူဟန် အနေဖြင့် မျက်မှောက်ရှိ လူများအပေါ် တာဝန်ယူပေးရန် ဆန္ဒမရှိပေ။ သူ၏ ပထမဦးစားပေး ပစ်မှတ်မှာ သူ၏ မိဘများသာ ဖြစ်သည်။ အသက်ရှင်နေသည်ဖြစ်စေ သေဆုံးသွားသည်ဖြစ်စေ မည်သည့်နေရာတွင် ရှိနေပါစေ မုချ ရှာဖွေတွေ့ရှိအောင် လုပ်ဆောင်ရမည် ဖြစ်သည်။

ထို့ကြောင့်ပင်...

"တောင်းပန်ပါတယ်"

ချူဟန် ၏ အသံ ထွက်ပေါ်လာသည်။ အနည်းငယ် နှမြောတသဖြစ်ဟန် ရှိသော်လည်း သူ၏ ဆုံးဖြတ်ချက်က ခိုင်မာပြတ်သားနေသည်။

"မင်းတို့ကို ငါ ခေါ်မသွားနိုင်ဘူး။ မင်းတို့ရဲ့ ခေါင်းဆောင်လည်း မလုပ်ပေးနိုင်ဘူး"

"ဘာဖြစ်လို့လဲ..."

ယွဲ့ဇီ မှာ လုံးဝ လက်မခံနိုင်သဖြင့် လူတိုင်း၏ ရင်တွင်းစကားကို ကိုယ်စားပြုကာ မေးခွန်းထုတ်လိုက်သည်။

"အိမ်ပြန်ပြီး ငါ့မိဘတွေကို ရှာရဦးမယ်"

အကြောင်းပြချက်မှာ အလွန်ပင် ရိုးရှင်းလှသည်။ သို့သော် ယိမ်းယိုင်သွားခြင်း မရှိသော ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ခု စိမ့်ဝင်နေလေသည်။

အားလုံးမှာ တစ်ခဏမျှ ကြောင်အသွားကြပြီး ချူဟန် ၏ မျက်နှာကိုသာ တိတ်ဆိတ်စွာ စူးစိုက်ကြည့်နေမိကြသည်။

ယခုအချိန်ကျမှသာ ဤအံ့မခန်း အဖြစ်အပျက်များကို ဖန်တီးခဲ့သော သတ္တဝါဆန်းကြီးမှာ အသက် နှစ်ဆယ်အရွယ် လူငယ်လေးတစ်ဦးသာ ဖြစ်သေးကြောင်း အားလုံး ရေရေရာရာ သဘောပေါက်သွားကြလေသည်။

"အစ်ကိုကြီး မိဘတွေက... ဘယ်မှာရှိနေတာလဲ"

လူတစ်ယောက်က တုံ့ဆိုင်းဆိုင်းဖြင့် မေးလိုက်သည်။

"အန်းလော်မြို့မှာ"

ချူဟန် အသံမှာ တည်ငြိမ်နေသည်။ ထိုစကားလုံးများက ပတ်ဝန်းကျင်ကို မည်မျှအထိ တုန်လှုပ်သွားစေမည်နည်း ဆိုသည်ကို သူ အာရုံမထားချေ။

အန်းလော်မြို့ကို သွားမယ်။ မိဘတွေကို သွားရှာမယ် ဟုတ်လား။

အလွန်တရာ အဓိပ္ပာယ်မရှိဘဲ ယုံကြည်နိုင်စရာ မရှိသော အကြောင်းပြချက်ပင် ဖြစ်သည်။

သို့သော် လူအုပ်ကြီး၏ ရင်ထဲတွင် အကြောင်းပြချက်မရှိသော ခံစားချက်တစ်ရပ်က ပျံ့နှံ့သွားလေသည်။

အန်းလော်မြို့သည် မည်မျှ ကွာဝေးကြောင်း ဤနေရာရှိ လူတိုင်း သိရှိကြသည်။ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသော ဤကမ္ဘာပျက်ကပ်ကြီးအတွင်း၌သာမက လောကကြီး မပျက်စီးခင် ငြိမ်းချမ်းသော ကာလ၌ပင် သွားလာရေး အလွန်ခက်ခဲသော ဒေသတစ်ခု ဖြစ်သည်။

သို့ပါလျက်နှင့် ချူဟန် က ကီလိုမီတာ ထောင်ပေါင်းများစွာ ကွာဝေးသော ခရီးကြမ်းကြီးကို ဖြတ်သန်းပြီး မိဘများကို သွားရောက်ရှာဖွေမည် တဲ့လား။ လူအများစုမှာ မိမိကိုယ်ပိုင် အသက်ရှင်သန်ရေးအတွက်ပင် အနိုင်နိုင် ရုန်းကန်နေရသော ဤငရဲခန်းကဲ့သို့ ကမ္ဘာကြီးထဲတွင် မိဘကျေးဇူးသိတတ်မှုသည် အလွန်အမင်း မွန်မြတ်လွန်းလှပေသည်။

"မင်းတို့အားလုံးလည်း ဂရုစိုက်ကြဦး။ အကယ်၍ နောင်တစ်ချိန်မှာ အသက်ရှင်လျက် ပြန်ဆုံတွေ့ကြမယ်ဆိုရင် အတူတကွ တိုက်ပွဲဝင်ကြတာပေါ့ကွာ"

နှုတ်ဆက်စကား ဆိုပြီးနောက် ချူဟန် က လှည့်ထွက်သွားပြီး ကုန်တင်ကား ခေါင်မိုးပေါ်ရှိ လော့ရှောင်ရှောင် ကို ပွေ့ချကာ ကားရှိရာဆီသို့ လျှောက်သွားလေသည်။ ဤနေရာတွင် နောက်ထပ် တစ်ရက်မျှပင် ဆက်လက် နေထိုင်ရန် သူ့၌ အစီအစဉ် မရှိတော့ပေ။

All Chapters