အခန်း ၁၃၅
Vol. 10 Ch. 135
အခန်း ၁၃၅ - အလွန်ကောင်းမွန်သော ဘေးကင်းလုံခြုံရေးအိမ် (၂)
"အဲ့ဒီခံတပ်ကို ကမ်းရိုးတန်းမြို့ တစ်ခုမှာ ဆောက်ထားတာ ဒီကနေ သိပ်မဝေးဘူးလို့ ကျွန်တော် မှတ်မိတယ် ဒါပေမဲ့ တောင်ပေါ်မှာ ဆောက်ထားတာဆိုတော့ နည်းနည်းတော့ ခေါင်တယ်"
"အဲ့ဒီမှာ လူသိပ်မရှိဘူး သခင်လေးဝမ်က ဒီခံတပ် အတွက်ပဲ တောင် တစ်တောင်လုံးကို ဝယ်ထားသလိုပဲ ဘာလို့လဲဆိုတော့ မြို့လယ်ခေါင်မှာ ဒီလိုမျိုး ဆောက်ဖို့ သူ့အဖေက ခွင့်မပြုဘူး ဆောက်ရင် အိမ်ကနေ နှင်ထုတ်ခံရမယ်လို့ သူ့ကို ပြေားဖူးတယ်လို့ ကျွန်တော်တို့ကို ပြောဖူးသလိုပဲ"
"ဒီကနေ ကားနဲ့ ၃-၄ နာရီလောက်ပဲ မောင်းရမယ် ထင်တယ် သိပ်မဝေးပါဘူး ဒါပေမဲ့ ခင်ဗျား အခု တကယ် သွားကြည့်ချင်တယ်ဆိုရင် လွယ်တော့ မလွယ်လောက်ဘူး"
"ခင်ဗျားမှာ သယ်ယူ ပို့ဆောင်ရေးယာဉ် ရှိတယ်လို့ ကျွန်တော် မှတ်မိသေးတယ် နှင်းတော်မောင်း မော်တော်ဆိုင်ကယ် မဟုတ်လား အရင်တုန်းက သူတို့နဲ့အတူ အပြင်ထွက်တုန်းက ခင်ဗျားကို မြင်ဖူးသလိုပဲ ဒါပေမဲ့ နှင်းတောမောင်း မော်တော်ဆိုင်ကယ် မောင်းသွားရင်တောင် အဲ့ဒီကိုသွားဖို့ မလွယ်ဘူး ဟိုဘက်က လမ်းတွေက တော်တော်လေး သွားရခက်တယ်"
"ဟုတ်တယ် ပြီးတော့ ဟိုဘက်မှာ လမ်းကျဉ်းလေးတွေပဲ ရှိသလိုပဲ ကားလမ်းမကြီး မရှိဘူး"
ရဲ့ရှင်းချန် ပိုနားထောင်လေ ပိုဝမ်းသာလေပင် ဖြစ်နေချေတော့သည်။ တောင်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည့် အပြင် စည်ကားသောမြို့နှင့် ဝေးကွာခြင်း တိုက်ရိုက်သွားနိုင်သည့် လမ်းမရှိခြင်း ၎င်းသည် သူ၏ စံပြအိပ်မက် တစ်ခုပင် မဟုတ်ပါလား။
မည်သို့ပင် ဖြစ်စေ ကမ္ဘာပျက်ကပ်ကြီး အပြီးတွင် လူတို့၏ အဆိုးရွားဆုံး ကိုယ်ရည် ကိုယ်သွေးများ ထွက်ပေါ်လာလိမ့်မည် ဖြစ်သည်။ ဤနည်းအားဖြင့် လူအုပ်စုနှင့် ဝေးဝေးနေခြင်းသည် အမှန်တကယ်တွင် အလုံခြုံဆုံး ဖြစ်သည်။
သို့သော် သူ မည်သို့ တိုက်ခိုက်ရမည်အား အချိန်ယူ၍ အသေအချာ စဉ်းစားရအုန်းမည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် အကယ်၍ ရဲ့ရှင်းချန် တိုက်ခိုက်မည်ဆိုပါက သူ၏ ဘေးကင်း လုံခြုံရေးဇုန်မှ ထွက်ခွာပြီး သူ လုံးဝမသိသော အလွန် ဝေးကွာလှသည့် နေရာတစ်ခုသို့ သွားရမည် ဟု ဆိုလိုခြင်း ဖြစ်ကာ ထိုနေရာသည် ပြိုင်ဘက်၏ နယ်မြေ ဖြစ်နေပြန်သည်။
"အကယ်လို့ ခံတပ်ရဲ့ ယေဘုယျ တည်ဆောက်ပုံကို မင်းတို့ သိတယ်ဆိုရင် ဆွဲပြပါ အသေးစိတ် ပိုသိလေ ဆုလာဘ် ပိုရလေပဲ"
ရဲ့ရှင်းချန်သည် စားပွဲပေါ်ရှိ အစားအစာပုံအား ပုတ်လိုက်လေတော့သည်။
"သူတို့ဆီမှာ ဘယ်လို ကာကွယ်ရေး ပစ္စည်းတွေ လက်နက်တွေ ရှိတယ်ဆိုတာ မင်းတို့ သိလား"
ရဲ့ရှင်းချန် ဤမေးခွန်းအား မေးလိုက်သောအခါ ဝမ်ဟောက် တစ်ယောက် ချက်ချင်း အခက်တွေ့သွားတော့သည်။
"ပြောရခက်တယ် ကာကွယ်ရေးကတော့ သေချာပေါက် အရမ်းကောင်းမှာပဲ ဘာပဲဖြစ်ဖြစ် သူက ပိုက်ဆံတွေ အများကြီး အကုန်အကျ ခံထားတာကိုး သေနတ် နည်းနည်းပါးပါးတော့ ရှိတယ် ဒါပေမဲ့ ကျန်တာတော့ ကျွန်တော် မသိဘူး ဘာလို့လဲဆိုတော့ သခင်လေးဝမ်ရဲ့ ခံတပ်က ဆောက်ပြီး လနည်းနည်း လောက်ပဲ သူ့အတွက် ပျော်စရာဖြစ်ခဲ့တာလေ သူက ခံတပ်ထဲမှာ ရေကူးကန်ပါတီ ပွဲနည်းနည်း လုပ်ပြီး နောက်ပိုင်း အဲ့ဒီကို တစ်ခါမှ မသွားဖြစ်တော့ဘူး"
"ဘာပဲဖြစ်ဖြစ် သူ့မိသားစုက ကျင်းဟွာမြို့မှာ ရှိတာ ခင်ဗျားလည်း သိမှာပါ ဒီကနေဆို နည်းနည်း ဝေးတယ် သူက ဒီကို ကစားဖို့ တစ်ခါတလေမှ ပြန်လာတာ ဒါပေမဲ့ ခင်ဗျား သိတဲ့အတိုင်းပဲ အသစ်အဆန်းဖြစ်မှု ပျောက်သွားတာနဲ့"
ဝမ်ဟောက်သည် သူ၏ စကားများအား အများအပြား ရှင်းရှင်းလင်းလင်း မပြောသော်လည်း ရဲ့ရှင်းချန် နားလည်ပေသည်။ ကမ္ဘာပျက်ကပ်ခံ ခံတပ်တစ်ခု တည်ဆောက်ရန် ဝမ်မင်ချုံး ငွေအမြောက်အမြား အကုန်အကျ ခံခဲ့ခြင်းထက် မပိုပေ။ နောက်ဆုံးတွင် အသစ်အဆန်း ဖြစ်မှု ပျောက်ကွယ် သွားပြီးနောက် သူသည် ၎င်းအား ဘေးဖယ် ထားလိုက်ခြင်းသာ ဖြစ်သည်။
ရဲ့ရှင်းချန် အနည်းငယ် စကားစ ပိတ်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။ သူကိုယ်သူ မဆင်းရဲ ဟု ထင်ထားခဲ့သော်လည်း ဝမ်မင်ချုံး၏ ဘဝအား ကြည့်ရှု ပြီးနောက် ရဲ့ရှင်းချန် ရုတ်တရက် လူမွဲ တစ်ယောက်ကဲ့သို့ ခံစားလိုက်ရတော့သည်။ သူ၏ မိသားစု ပိုင်ဆိုင်မှုများ ကုမ္ပဏီနှင့် စူပါမားကတ်များအား ရောင်းချခြင်းမှ ရရှိသောငွေမှာ ဝမ်မင်ချုံး ဤကဲ့သို့ ပေါ့ပေါ့ဆဆ ဖြုန်းတီးရန် အတွက် လုံလောက်လိမ့်မည် မဟုတ်ပေ။
"ခင်ဗျားက သခင်လေးဝမ်ရဲ့ ခံတပ်ကို တိုက်ခိုက်ချင်နေတာတော့ မဟုတ်ပါဘူးနော်"
ထိုအချိန်တွင် ဝမ်ဟောက် နောက်ဆုံးတွင် သဘောပေါက် သွားခဲ့တော့သည် မဟုတ်လျှင် ရဲ့ရှင်းချန်သည် ခံတပ်၏ ယေဘုယျ တည်ဆောက်ပုံအား အဘယ်ကြောင့် ဆွဲခိုင်းရမည်နည်း။ ခံတပ်၏ ကာကွယ်ရေးနှင့် လက်နက်ဖွဲ့စည်းပုံ အကြောင်းကိုပင် သူတို့အား မေးမြန်းခဲ့သေးသည် မဟုတ်ပါလား။
"ဒါပေမဲ့ ခင်ဗျား တိုက်ခိုက်မယ် ဆိုရင်တောင် အသုံးမဝင်ပါဘူး"
ဝမ်ဟောက်သည် မျက်မှောင်ကြုတ်လျှက် ပြောလိုက်သည်။
"အများဆုံးက နေစရာနေရာ ပိုကျယ်သွားတာပဲ ရှိမှာ အထဲက အဆောက်အအုံတွေက ပိုပြီး ပြည့်စုံတယ် ဒါပေမဲ့ ပစ္စည်းတွေကတော့"
အဘယ်ကြောင့်ဆိုသော် ဝမ်မင်ချုံးသည် ထိုအချိန်တွင် အပျော်သက်သက် ဆောက်ခဲ့ခြင်း ဖြစ်သည့် အတွက် ဖြစ်သည်။ ပါတီပွဲ အနည်းငယ် လုပ်ပြီးနောက်တွင် ဧည့်ခန်းကျယ်ကြီး အနည်းငယ်နှင့် ရေကူးကန် အနည်းငယ်ကိုသာ သူ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ အများဆုံး သိုလှောင်ထားသည့် အရာများမှာ ဝိုင်မြေအောက်ခန်းများရှိ ဝိုင်များသာ ဖြစ်လောက်သည်။
‘အစားအစာနဲ့ နေ့စဉ်သုံးပစ္စည်းတွေလား’
ဝမ်မင်ချုံးသည် ရာသီဥတု ပူအိုက်သည့် အချိန်မှသာ ထိုနေရာသို့ ကစားရန် လာလေ့ ရှိသဖြင့် အထဲရှိ အဝတ်အစား အများစုမှာ ရေကူးဝတ်စုံများနှင့် ရေကူး ဘောင်းဘီတိုများသာ ဖြစ်သည်။ ရေချိုးဝတ်စုံ အိပ်ရာဝင်ဝတ်စုံနှင့် ညဝတ်ဂါဝန် အမျိုးမျိုးလည်း ရှိသေးသည်။ အထူအဝတ်အစား တစ်ထည်မျှ မရှိပေ။
အစားအစာများ နှင့် ပတ်သက်၍ မူ
ဝမ်မင်ချုံးသည် ထိုနေရာတွင် အမှန်တကယ် အခြေချ နေထိုင်ခြင်း မဟုတ်ချေ။ သူ မလာခင် အစေခံများအား ကြိုပြောထားတတ်ကာ အစေခံများမှသာ အစားအစာ ပြင်ဆင်ပေးလေ့ ရှိသည်။ ယခင်တွင် သိုလှောင်ထားသည့် ဝက်ပေါင်ခြောက်နှင့် ဒိန်ခဲများ ဆိုလျှင် ရှိခဲ့လျှင်ပင် သက်တမ်း ကုန်သွားသည် မှာ ကြာလောက်ပြီ ဖြစ်သည်။
"အင်း ကိစ္စမရှိပါဘူး မင်းတို့ သွားမဲ့နေရာကို ဆွဲပေးဖို့ပဲ လိုတယ် ငါ့မှာ တခြား အစီအစဉ်တွေ ရှိတယ်"
အမှန်တွင် ရဲ့ရှင်းချန်သည် ဤနေရာမှ ပြောင်းရွှေ့ချင်နေသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ လင်းစစ်ကျားသည်ပင်လျှင် ယခင်တွင် ထိုအကြောင်း ပြောဖူးသေး၏။
သို့သော်လည်း သူတို့ တစ်ကြိမ်မှ မပြောင်းရွှေ့နိုင်ခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဤမျှလောက် သက်သောင့်သက်သာ နေနိုင်ရခြင်း၏ အကြောင်းရင်းမှာ လက်ရှိ အိမ်ကြောင့် ဖြစ်သည် ဆိုသည်အား သူတို့အားလုံး သိထားကြ၍ ဖြစ်သည်။
ရဲ့ရှင်းချန်မှ ဤအိမ်၏ အထပ်တိုင်းအား သီးခြား အခန်းငယ်လေးများ အဖြစ် ဖြိုချပြီးနောက် သူ့ရဲ့ နေရာလွတ် အတွင်း ထည့်ကာ ယူသွား၍ ရမရပင်လျှင် လေ့လာ ကြည့်ခဲ့သေးသည်။ သို့သော် ထိုကုမ္ပဏီမှ ဆောက်ပေးထားသည့် အိမ်သည် အလွန် ခိုင်မာလွန်းလှပေသည်။ သူ ယူသွားချင်လျှင် ဖြိုချ၍ မရသကဲ့သို့ ယူသွား၍လည်း မရချေ။
သို့သော် သူတို့ ယခု ပြောဆိုနေသည့် ထိုကဲ့သို့ နေရာမျိုးသာ အမှန်တကယ် ရှိနေပြီး ထိုခံတပ်အား ရဲ့ရှင်းချန် အောင်မြင်စွာ တိုက်ယူနိုင်ခဲ့မည် ဆိုလျှင် သူ၏ ဘေးကင်းလုံခြုံမှု အဆင့်သည် အဆပေါင်းများစွာ တိုးသွားနိုင်လိမ့်မည် မဟုတ်ပါလား။
ဤအဆင့်တွင် အန္တရာယ်များ အားလုံးသည် လူအများ ဆီမှ လာသည်အား သိထားရမည် ဖြစ်သည်။
"ငါ မင်းတို့ကို လောလောဆယ် အနှောင့်အယှက် မပေးတော့ဘူး ငါ မင်းတို့ အားလုံးကို သူငယ်ချင်းအဖြစ် အက်လိုက်ပြီး သွားပြီ သတင်း တစ်ခုခုရရင် ဖုန်းကနေတစ်ဆင့် ငါ့ကို ပြောလိုက်"
ဝမ်မင်ချုံး၏ ကမ္ဘာပျက်ကပ်ခံ ခံတပ် ပြီးစီးသွား ပြီးနောက် ထိုအကြောင်းအား ဆောင်းပါး ရေးချင်သူများ ရှိပုံရသော်လည်း အားလုံး ငြင်းပယ်ခံခဲ့ရခြင်း ဖြစ်သည်။ ဝမ်မင်ချုံးသည် မီဒီယာများအား ငြင်းဆိုခဲ့သောကြောင့် ကမ္ဘာပျက်ကပ်ခံ ခံတပ် ရှိနေကြောင်းအား လူအများအပြား မသိခဲ့ကြပေ။
ဘေးကင်း လုံခြုံရေးအိမ် တည်ဆောက်ရေး ကုမ္ပဏီမှ လူသည် ရဲ့ရှင်းချန်အား မပြောပြခဲ့လျှင် ဘေးကင်းလုံခြုံရေးအိမ် တည်ဆောက်ရန် လိုအပ်နေသူများ လူ့အဖွဲ့အစည်းတွင် ဤမျှ များပြားစွာ ရှိနေကြောင်း ရဲ့ရှင်းချန် သိခဲ့လိမ့်မည် မဟုတ်ပေ။
ကျောက်ဟောင်၏ အိမ်မှ ထွက်လာ ပြီးနောက် ရဲ့ရှင်းချန်သည် သူ၏ နှင်းလျှောစီး ဘုတ်ပြားအား ကိုင်ကာ အိမ်သို့ ပေါ့ပါးသော ခြေလှမ်းများဖြင့် ပြန်လာခဲ့တော့သည် သူ အလွန်အမင်း စိတ်လှုပ်ရှားနေလျှက်ရှိကာ ထို အခွင့်ရေးအား မျှော်လင့်နေလေတော့သည်
ရဲ့ရှင်းချန် အိမ်ထဲ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ဟောက်သည် သူ့ထံ တည်နေရာ တစ်ခု ပို့ပေးလာခဲ့သည်။ ဝမ်ဟောက်၏ အဆိုအရ ထိုတည်နေရာသည် ဝမ်မင်ချုံး၏ ကမ္ဘာပျက်ကပ်ခံ ခံတပ်၏ တည်နေရာ ဖြစ်သည် ဟု ဆိုသည်။
"တောက် ဒီနေရာက တကယ်ကို ခေါင်တာပဲ"
ရဲ့ရှင်းချန်သည် အဝတ်အစားများ လဲရင်းဖြင့် ရေရွတ်လိုက်မိသည်။ ဝမ်ဟောက်၏ ကားဖြင့် သုံးလေးနာရီ မောင်းရသည် ဆိုသည်မှာ အနည်းငယ် လျှော့ပြောထားခြင်း ဖြစ်နိုင်လောက်ပေသည်။ ရဲ့ရှင်းချန်သည် ဂျီပီအက်စ် အား ကြည့်ပြီး တည်နေရာကို အကြမ်းဖျင်း တွေးကြည့်လိုက်မိသည်။ ကားဖြင့် ငါးနာရီ ခြောက်နာရီလောက် မောင်းရလောက်ပေသည်။
"သူ တကယ် ချမ်းသာတာပဲ တခြားသူတွေ ရှာတွေ့သွားမှာကို ကြောက်နေသလိုပဲ သူ့အိမ်ရဲ့ တည်နေရာက အစ အရမ်းခေါင်တယ်"
ရဲ့ရှင်းချန် ထိုနေရာအား ယခင်တွင် တစ်ခါမှ မရောက်ဖူးခဲ့ချေ။ ပထမအချက်သည် ခေါင်၍ ဖြစ်ကာ ဒုတိယအချက်မှဦ ကျောဘက်မှာ ပင်လယ်အား မျက်နှာမူထားသည့် တောင်တစ်တောင်မှ လွဲ၍ ထိုနေရာတွင် မည်သည့်မှ မရှိပုံ ရပေသည်။
သယ်ယူပို့ဆောင်ရေး အဆင် မပြေရုံ သာမက ပစ္စည်းဝယ်ရန် အတွက်လည်း အလွန် အဆင်မပြေလှချေ။ ဤသည်မှာလည်း ဝမ်မင်ချုံးသည် ဤနေရာတွင် ပါတီပွဲများ သို့မဟုတ် ပွဲလမ်းသဘင်များ ကျင်းပလိုပါက အစေခံများအား ကြိုတင် အကြောင်း ကြားရခြင်း၏ အကြောင်းရင်း တစ်ချက်လဲ ဖြစ်ပေသည်။
အမှန်တွင် သူ၏ ပွဲလမ်းသဘင်များ အတွက် လိုအပ်သော အရာ အများအပြားအား ကိုယ်ပိုင် ဂျက်လေယာဉ်ဖြင့် သယ်ယူ ပို့ဆောင်ပေးရသေးသည်။ တစ်ခုရှိသည်မှာ သူတို့သည် ချမ်းသာလွန်း၍ အစားအစာ အများစုသည် နိုင်ငံခြားမှနေ၍ တင်သွင်းလာကြသည် ချည်းသာ ဖြစ်သည်။ ဒုတိယအကြောင်းရင်းမှာမူ ထိူနေရာသည် အလွန် ခေါင်လွန်း၍ ဖြစ်သည်။