အခန်း ၁၄၀
Vol. 10 Ch. 140
အခန်း ၁၄၀ - သိမ်းပိုက်ခြင်း (၁)
ချန်းရူအာမှ လမ်းပြပေးသဖြင့် ရဲ့ရှင်းချန်နှင့် အခြားနှစ်ဦးတို့သည် လူနေအိမ်ရာ အတွင်းသို့ ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့ကြသည်။ ကျောက်ဟောင်နှင့် မိုချီတို့သည် ရဲ့ရှင်းချန်၏ နောက်မှ ကပ်လျက် လိုက်ပါလာကြသည်။ သူတို့၏ ခြေထောက်များမှာ တုန်ယင်နေဆဲပင် ဖြစ်သ်ည။ မိုချီအတွက် နှင်းလျှောစီးပြားစီးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပေသည်။ ရဲ့ရှင်းချန်သာ သူမအား မကူညီခဲ့လျှင် လမ်းခရီး တစ်လျှောက်လုံး သူမ အကြိမ်များစွာ လဲကျနေလောက်ပြီ ဖြစ်သည်။
"ဘာကြည့်နေတာလဲ မြန်မြန် တံခါးဖွင့်လေ"
မာကော်မင်၏ လူနေအိမ်ရာသည် ကျင်းဟွာ လူနေအိမ်ရာနှင့် မတူညီချေ။ တံခါးနှစ်ပေါက် အမှန်တကယ် ရှိနေခဲ့သည်။ အိမ်ရာ အတွင်းသို့ ဝင်ပြီးနောက် အထဲတွင် ခြံဝင်းတစ်ခု ထပ်ရှိနေသေးသည်။
"နင်တို့ ငါ့စကား နားမထောင်တော့ဘူးလား"
အပြင်ဘက်တံခါးမှာ ချက်ချင်း ပွင့်သွားသော်လည်း အတွင်းခြံဝင်းထဲမှ တာဝန်ကျဝန်ထမ်းများမှာမူ ချန်းရူအာ အတွက် တံခါးဖွင့်ပေးရန် ငြင်းဆန်နေကြလေသည်။
"သူတို့က ဘယ်သူတွေလဲ"
ထိုလူမှ တုံ့ဆိုင်းစွာ ဖြင့် မေးလိုက်သည်။ မည်သို့ပင် ဖြစ်စေ သူတို့၏ ညီအစ်ကိုများကိုမူ မှတ်မိကြသေးသည်။ ချန်းရူအာသည် လူအနည်းငယ်အား ခေါ်သွားသည်မှာ သိသာသော်လည်း အခုတွင် သုံးယောက်သာ ရှိတော့သည့် အပြင် ထိုသုံးယောက်သည်လည်း သူတို့ အိမ်ရာမှ မဟုတ်ဘူး ဆိုသည်မှာ သိသာလှပေသည်။
"သူတို့အားလုံးက ငါ့သူငယ်ချင်းတွေပဲ ဘာလဲ အခု ငါက သူငယ်ချင်း တစ်ယောက်ကိုတောင် အိမ်ခေါ်လာလို့ မရတော့ဘူးလား"
ချန်းရူအာသည် လတ်တလောတွင် အလွန် သက်သောင့်သက်သာ နေခဲ့ရပုံရကာ အတိတ်တွင် သူမ မည်မျှ အောက်ကျ နောက်ကျ နေခဲ့ရသည်ကိုပင် မေ့သွားလောက်သည် အထိ ဖြစ်နေခဲ့တော့သည်။
သူမသည် ဤလူများအပေါ် အမှန်တကယ်ပင် မာန ထောင်လွှားစွာ ဆက်ဆံလာခဲ့သည်။ နောက်မှ ကြည့်နေသော ကျောက်ဟောင်သည်ပင် ခေါင်းမခါဘဲ မနေနိုင်တော့ပေ။ ရဲ့ရှင်းချန်ပင်လျှင် ဆက်၍ သည်းမခံနိုင်တော့ချေ။ ချန်းရူအာ၏ စရိုက်ကြောင့် မာကော်မင်သည် ရန်သူအများအပြား ရခဲ့လောက်ပြီ ဖြစ်သည်။
တာဝန်ကျနေသော လင်းဝမ်သည် အံကြိတ်ကာ သဘောတူလိုက်ရတော့သည်။ ထို့နောက် တံခါးဖွင့်ပေးရန် သူ၏ ညီအစ်ကိုများအား အော်ပြောလိုက်လေသည်။
သူသည် ဤ ဘဝင်ရူးမ ချန်းရူအာအား အမြဲတမ်း မုန်းတီးခဲ့ခြင်း ဖြစ်သည် ယခင်တွင် မာကော်မင်နှင့် သူ၏ ဆက်ဆံရေး အလွန် ကောင်းမွန်ခဲ့သော်လည်း ဤအမျိုးသမီး ရောက်လာသောအခါ မာကော်မင်သည် မိဖုရား တစ်ပါး၏ ပြုစားခြင်းအား ခံလိုက်ရသော အရူးဘုရင် တစ်ပါးကဲ့သို့ ဖြစ်သွားခဲ့ရသည်။
ညီအစ်ကို ဆက်ဆံရေးအားလည်း လုံးဝ လျစ်လျူရှု လိုက်ရုံသာမက ချန်းရူအာ၏ ညွှန်ကြားချက်များဖြင့် သူ့အား အကြိမ်ကြိမ် အရှက်ခွဲခဲ့သေးသည်။ ခွန်အား ကွာဟချက် အလွန် မကြီးမားနေခဲ့လျှင် သူသည် ပုန်ကန်လိုက်သည်မှာ ကြာလောက်ပြီ ဖြစ်သည်။
မာကော်မင် စကားအား သူတို့ နားထောင်နိုင်သည့်တိုင် အပြင်မှ လာသည့် အမျိုးသမီး တစ်ယောက်၏ စကားအား မည်ကဲ့သို့ နားထောင်နိုင်မည်နည်း။ ထို့အပြင် ဤအမျိုးသမီးသည် အနည်းငယ် ရုပ်ချောသည်မှ လွဲ၍ မည်သည်မှ အသုံးမကျတော့ချေ။ အကျင့်စရိုက် ဆိုးရွား ရုံတင်မက သူတို့အားလည်း အစေခံများကဲ့သို့ ဆက်ဆံသေးသည်။ ထို့အပြင် ပိုဆိုးသည်မှာ မာကော်မင်သည်လည်း သူမ၏ အပြုအမူများအား အမှန်တကယ် လက်ခံပေးထားခြင်း ဖြစ်သည်။
အစပိုင်းတွင် လင်းဝမ်သည် ကျင်းဟိုင် တက္ကသိုလ်၏ ကျောင်းအလှ ဘုရင်မသည် မည်ကဲ့သို့ ပုံစံရှိသည် ဆိုသည်အား သိချင်ခဲ့မိသည်။ သို့သော် သူမနှင့် ဆက်ဆံပြီး နောက်တွင် လင်းဝမ်သည် သူမသည် အခွံသက်သက်သာ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့တော့သည်။
ချန်းရူအာသည် ရဲ့ရှင်းချန်နှင့် အခြားသူများအား ခေါ်လာချိန်တွင် မာကော်မင် အပြင်ထွက်သွားခါစ ရှိသေးသည်။ ဤမျှ များပြားသော သူများအား ကျွေးမွေးထားရသဖြင့် အစားအစာ မည်မျှ ရှိစေကာမူ လုံလောက်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် နှစ်ရက်သုံးရက်နေ တစ်ခါ အစားအစာများ ရှာရန် အပြင်ထွက်လေ့ ရှိပေသည်။ ချန်းရူအာသည် မာကော်မင်နှင့် တစ်ချိန်တည်းမှာပင် အပြင်ထွက်သွားခဲ့ခြင်း ဖြစ်သည်။
"အစ်ကိုရှင်းချန် မြန်မြန်လာ ကျွန်မဆီမှာ ပစ္စည်း သိပ်များများစားစား မရှိပါဘူး"
ချန်းရူအာသည် ရဲ့ရှင်းချန်၏ လက်အား ဆွဲချင်သော်လည်း ရဲ့ရှင်းချန်မှ တိတ်တဆိတ် ရှောင်တိမ်းသွားခဲ့သည်။ သို့သော် ချန်းရူအာမှ ဂရုမစိုက်ချေ။ သူမ၏ အခန်းထဲသို့ တန်းတန်းမတ်မတ် လျှောက်သွားပြီးနောက် အဝတ်ဗီရိုနှင့် အလှပြင်ခုံအား ဆွဲဖွင့်လိုက်လေသည်။
ရဲ့ရှင်းချန် ကြည့်လိုက်လေရာ မာကော်မင် အတွက် မတန်ဟု ခံစားလိုက်ရသည်။ အခြားတစ်ဖက်တွင်မူ မိုချီ၏ မျက်လုံးများမှာ ပြူးကျယ်လု မတတ် ဖြစ်နေခဲ့သည်
ဆောင်းတွင်းဝတ် အဝတ်အစားများသာ ဖြစ်သော်လည်း အဝတ်ဗီရိုထဲတွင် လှပသော အဝတ်အစားများ အပြည့်ရှိနေခဲ့သည်။ မိုချီသည် တီဗီထဲမှ လူများသာ ထိုကဲ့သို့ အဝတ်အစားများ ယခုလို အများအပြား ရှိသည်ဟု အမြဲထင်ခဲ့ခြင်း ဖြစ်ကာ လူတစ်ယောက်၏ အဝတ်ဗီရိုထဲတွင် လှပလှသည့် အဝတ်အစားများ ယခုလို အများကြီး ရှိနေသည်အား သူမ မြင်ဖူးသည်မှာ ဤသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
အဝတ်အစားများတင် မက လက်ဝတ်ရတနာများ ဆွဲကြိုး နားကပ် လက်စွပ် လက်ကောက် အမျိုးမျိုးလည်း ရှိသေးသည်။ ရဲ့ရှင်းချန် တစ်ချက်ကြည့်လိုက်ရုံဖြင့် မာကော်မင်သည် ချန်းရူအာ အတွက် အများကြီး ကြိုးစားပေးခဲ့ရမည် ဆိုသည်အား ခံစားမိလိုက်လေသည်။ သူ ယခင်ဘဝတွင် လုပ်ပေးခဲ့သည်များ ထက်ပင် ပိုများနေလောက်သည်။
"အိုကေ မင်း အရင် သိမ်းထားလို့ ရပါတယ် ငါ နည်းနည်းလောက် လျှောက်ကြည့်လို့ ရမလား"
ချန်းရူအာမှ ခေါင်းပင် မမော့လာခဲ့ချေ။ သူမ၏ ခရီးဆောင်အိတ်အား ရှာနေခဲ့ခြင်း ဖြစ်သည်။ သူမ၏ အဝတ်အစားများ ညစ်ပတ်ပြီး တွန့်ကြေသွားမှာကိုလည်း သူမ မလိုလားချေ။
"ရပါတယ် အစ်ကိုရှင်းချန် ခဏနေရင် ကျွန်မဆီ ပြန်လာခဲ့လိုက်ပါ"
ထို့ကြောင့် ရဲ့ရှင်းချန်သည် မိုချီနှင့် ကျောက်ဟောင်တို့အား ခေါ်ကာ အိမ်အပြင်သို့ ထွက်လာခဲ့လေသည်။ အတွင်းခြံဝင်းသည် ဤအိမ်ရာ၏ ဗီလာဧရိယာ ဖြစ်လောက်သည်။ သို့သော် ရဲ့ရှင်းချန် အကြမ်းဖျင်း ကြည့်လိုက်လေရာ လူနေထိုင်သော နေရာ သိပ်မများကြောင်း တွေ့လိုက်ရလေသည်။ ဗီလာဧရိယာတွင် နေထိုင်သူများမှာ မာကော်မင်၏ ယုံကြည်ရသော လက်ထောက်များ ဆွေမျိုးများ သူငယ်ချင်းများ ညီအစ်ကိုများ စသည်တို့ ဖြစ်လိမ့်မည်ဟု သူ ခန့်မှန်းလိုက်သည်။
ခြံဝင်းအပြင်ဘက်တွင် နေထိုင်သူများမှာ သူ၏ စီမံခန့်ခွဲမှု အောက်ရှိ သာမန် နေထိုင်သူများသာ ဖြစ်နိုင်ပေသည်။ သို့သော် လျှောက်ကြည့် ပြီးနောက် မာကော်မင်၏ အိမ်ရာသည် မသေးငယ်သော်လည်း ထိုနေရာတွင် နေထိုင်သူ သိပ်မများကြောင်း ရဲ့ရှင်းချန် သဘောပေါက် သွားတော့သည်။
မာကော်မင်နှင့်အတူ အစားအစာ သွားရှာသော လူဆယ်ယောက် မှလွဲ၍ အိမ်ရာထဲတွင် လူငါးဆယ် ခြောက်ဆယ်ခန့်သာ ကျန်ရှိတော့သည်။ ဤသည်မှာ သူ၏ လူနေအိမ်ရာရှိ လူအရေအတွက်၏ ထက်ဝက်ပင် မရှိပေ။ လူနေ နည်းပါးသဖြင့် ရဲ့ရှင်းချန်သည် သူ၏လူများအား ဤနေရာသို့ ပြောင်းရွှေ့လာရန် စတင်၍ စဉ်းစားလာတော့သည်။ သို့သော် သူ ပြန်စဉ်းစားကြည့်လိုက်လေရာ အိမ်ရာထဲတွင် မူလကတည်းမှ နေထိုင်နေကြသူများသည် သေချာပေါက် ပြောင်းရွှေ့ချင်ကြလိမ့်မည် မဟုတ်ပေ။
"ဟူး နှမြောစရာပဲ ဒီကအိမ်တွေက သာမန်အိမ်တွေလောက်ပဲ ရှိတာ ငါ့ရဲ့ ဘေးကင်းလုံခြုံရေးအိမ်နဲ့ အများကြီး ကွာသေးတယ် မဟုတ်ရင် ငါ ဒီမှာ ခဏလောက် နေချင်သေးတယ်"
ဝမ်မင်ချုံး တည်ဆောက် ထားသော ခံတပ်နှင့် နှစ်နာရီခရီး ကွာဝေးသေးသော်လည်း ကျင်းဟွာ လူနေအိမ်ရာမှ ဤနေရာသို့ လာရန် အချိန် တစ်ဝက်ခန့်သာ ကြာမြင့်လေသည်။ ဤနေရာသည် အနားယူရန် အလွန်သင့်တော်သော နေရာတစ်ခု ဖြစ်သည်။
"တောင်းပန်ပါတယ် မာလေး မင်းအိမ်မှာ ငါ သေချာပေါက် ကောင်းကောင်း နေပေးပါ့မယ်"
ရဲ့ရှင်းချန်သည် ကောင်းကင်သို့ လက်အုပ် ချီလိုက်ပြီး မိုချီအား ဆွဲကာ အိမ်ရာတံခါးဆီသို့ ပြေးသွားတော့သည်။
"ဟေး မင်းတို့ ဘော့စ်ရဲ့ လက်အောက်ငယ်သားတွေက ဘယ်သူတွေလဲ ငါ ကြည့်ရအောင် ထွက်ခဲ့ကြစမ်း"
ရဲ့ရှင်းချန်သည် ချန်းရူအာ မဟုတ်ပေ။ သူ၏ ရိုင်းစိုင်းသော စကားများကြောင့် ထိုလူများ ချက်ချင်း မကျေမနပ် ဖြစ်သွားကြသည်။ ချန်းရူအာမှာမူ မာကော်မင်၏ ကျောထောက် နောက်ခံ ရှိသေးသည်။ မည်သို့ဆိုစေ သူတို့သည် မာကော်မင်မှ နေ့တိုင်း သယ်လာသည့် အစားအစာများအား စားနေရခြင်း ဖြစ်သည်။
သူတို့သည် နူးညံ့ပျော့ပျောင်းစွာ ပြောဆိုတတ်ကြသဖြင့် ချန်းရူအာမှ သူတို့အား ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံသည့်တိုင် သူမအပေါ် ယဉ်ကျေးစွာ ဆက်ဆံကြခြင်း ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ချန်းရူအာသည် မာကော်မင်၏ မိန်းမဆိုသည်အား လူတိုင်း သိကြပေသည်။
‘ဒါပေမဲ့ ဒီအပြင်လူကကော’
‘သူက ချန်းရူအာရဲ့ သူငယ်ချင်း သက်သက်ပဲလေ’
"ဟေး မင်းလို ကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုး ပြောထွက်ရတာလဲ 'ငါ ကြည့်ရအောင် ထွက်ခဲ့ကြစမ်း' ဆိုတာ ဘာအဓိပ္ပာယ်လဲ မင်းက ငါတို့ကို ဘာလို့ ထင်နေတာလဲ ငါတို့က တိရစ္ဆာန်ရုံထဲက မျောက်တွေလား"
ပုံမှန်ဆိုလျှင် ချန်းရူအာ၏ ဒေါသကြောင့် သူတို့ အများကြီး ခံစားရသော်လည်း သူမအပေါ် ဒေါသမထွက်ရဲကြပေ။
‘ ဟား နောက်ဆုံးတော့ အရူးတစ်ယောက်က သူတို့ကို လာစွမိပြီ’
"ငါက ဘော့စ်မာ ရဲ့ လက်အောက်ငယ်သားပဲ ငါ့ကို လေးစားမှု နည်းနည်းပြစမ်း မဟုတ်ရင် မင်း ဒုက္ခရောက်သွားမယ်"
ထိုလူ၏ အမည်မှာ ပေါင်ဟွေ့ ဖြစ်သည်။ သူသည် စကားပြောရင်း ရဲ့ရှင်းချန်ထံ လျှောက်လာခဲ့လေသည်။ ရဲ့ရှင်းချန်အား တွန်းရန် သူ၏ လက်ကိုပင် ဆန့်ထုတ်လိုက်သေးသည်။ သို့သော် သူ လက်ဆန့်ထုတ် လိုက်ချိန်မှာပင် မိုချီမှ လှုပ်ရှားလိုက်တော့သည်။
မိုချီသည် ရဲ့ရှင်းချန်၏ ရှေ့တွင် ကာရပ်လိုက်ပြီးနောက် ပေါင်ဟွေ့၏ တစ်ဝက် မြှောက်ထားသော လက်အား လက်ညှိုးထိုး ပြလိုက်တော့သည်။ မျက်စိတစ်မှိတ် အတွင်း မိုချီ၏ လက်ချောင်းထိပ်မှ ခရမ်းရောင် လျှပ်စီး အလင်းတန်း တစ်ခု ပန်းထွက်လာခဲ့သည်။