← Chapters

အခန်း(၄၂၁-၄၂၂)

Vol. 31 Ch. 421-422

အခန်း(၄၂၁-၄၂၂)

Vol. 31 Ch. 421-422

အပိုင်း(၄၂၁)

ဘုန်း...

လင်းတုန်းနှင့် လက်သီးချင်း ယှဉ်ထိုးလိုက်သည်နှင့် အစစ်အမှန် ရွှေအဆင့်သည် နောက်သို့ လွင့်စဉ် သွားခဲ့တော့သည်။ သူသည် အစိမ်းရောင် အလင်းတန်းတစ်ခုအဖြစ် လေထုကို ဆွဲဖြဲသွားပြီး သူ ဖြတ်သန်းသွားရာ လမ်းကြောင်းတွင် ဖုန်မှုန့်များ ထောင်းထောင်းထသွားသည်။ နောက်ဆုံးတွင် ကိုက်ပေါင်းများစွာ အကွာ၌ ခေါင်းနှင့် ခြေထောက် လည်ထွက်ကာ ပုံလျက်သား လဲကျသွားလေသည်။

လင်းတုန်း ၏ အသားစစ်စစ် လက်သည် ကျိန်းစပ်သွားသည်။ ထို့ကြောင့် သူ၏ မျက်လုံးများကို နာရူကွေ့ထံမှ မခွာဘဲ သူ၏ လက်ချောင်းများကို ခါထုတ်လိုက်သည်။

"ကျွန်တော် စကားပဲ ပြောချင်ပါတယ်..."

သူက တိုးညင်းစွာ ပြောလိုက်သည်။

"ဒါပေမဲ့ ဒါက ကျွန်တော် မတိုက်ခိုက်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး..."

စကိုင်းဆွန်း ခေါင်းဆောင်၏ မျက်နှာသွင်ပြင်သည် မှောင်မိုက်သွားတော့သည်။

"သူတို့ကို ဖမ်းစမ်း..."

သူက အမိန့်ပေးလိုက်သည်။ ကျန်ရှိနေသော အခြား စကိုင်းဆွန်း များက တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြတော့သည်။

"ဒရော့စ်..."

လင်းတုန်း က ပြောလိုက်သည်။

"ငါ့အတွက် တိုက်ပွဲ အစီအစဉ်တစ်ခု လိုတယ်..."

ကျန်ရှိနေသော အစစ်အမှန် ရွှေအဆင့် စကိုင်းဆွန်း သုံးဦးသည် သူတို့ကို ဝန်းရံလာကြသည်။ သုံးယောက်တည်းနှင့်ဆိုလျှင် သူတို့ကို ဖမ်းဆီးရန် လုံလောက်မည် မဟုတ်ချေ။ သို့သော် သူတို့၏ အထက်လေဟာပြင်တွင် အဆင့်မြင့် ရွှေအဆင့် အဖွဲ့ဝင် လေးယောက်က အသင့်စောင့်ကြပ်နေကြပြီး သူတို့၏ လက်များတွင် တိုက်ခိုက်သူ နည်းစနစ် များဖြင့် တောက်ပလာတော့သည်။ အဆင့်နိမ့် ရွှေအဆင့် များကမူ ပွဲတော်မှ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း (သို့မဟုတ်) မြို့ကို ကာကွယ်ခြင်းများ ပြုလုပ်နေကြသည်။ နာရူ ကွေ့ကိုယ်တိုင် ပါဝင်လှုပ်ရှားခြင်း မရှိလျှင်ပင် အခြေအနေများသည် သူတို့အတွက် အဆင်မပြေ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

လင်းတုန်း အတွက် အားသာချက်တစ်ခု လိုအပ်နေသည်။

ကမ္ဘာကြီး အေးခဲနှေးကွေးသွားရန် သူ အသင့်ပြင်ထားလိုက်သည်။

သို့သော် ထိုသို့ဖြစ်မလာဘဲ ကြီးမားသော စွမ်းအားတိုင်ကြီးတစ်ခုက လင်းတုန်း ၏ ရင်ဘတ်ကို ဝင်ဆောင့်လိုက်ပြီး သူ့ကို အနောက်သို့ လွင့်ထွက်သွားစေသည်။ ရွှေရောင် အလင်းလှံတံများသည် သူ၏ဘေးရှိ မြေကြီးထဲသို့ စိုက်ဝင်လာစဉ် သူက ဘေးဘက်သို့ ခန္ဓာကိုယ်ကို လိမ်ဖယ် ရှောင်တိမ်းလိုက်သည်။ ထိုအချိန်တွင် ယီရင် သည် လေထဲမှ အက်စစ်ဓာတ်ပါသော မာဒြာ လှိုင်းတစ်ခုကို ဓားဖြင့် ခုတ်ပိုင်းဖျက်ဆီးလိုက်သည်။ အစစ်အမှန် ရွှေအဆင့်များသည် အဆင့်မြင့် ရွှေအဆင့်များ၏ အကာအကွယ်ဖြင့် ရှေ့သို့ တိုးလာသောအခါ အော်သို က ဟိန်းဟောက်လိုက်လေသည်။

"ပြဿနာ မရှိပါဘူး..."

ဒရော့စ် က ပြောလိုက်သည်။

"ပြဿနာ မရှိဘူး... သူတို့ရဲ့ လမ်းစဉ် တွေနဲ့ အပြုအမူတွေကို လုံလောက်တဲ့ အချက်အလက်တွေ စုဆောင်းဖို့ ငါ့ကို တစ်မိနစ်၊ နှစ်မိနစ်လောက် အချိန်ပေး... ဒါမှ ငါ သူတို့ကို အတိအကျ ပုံဖော်ပေးနိုင်မှာ... အများဆုံး ကြာရင် တစ်နာရီပဲ..."

အဆင့်မြင့် ရွှေအဆင့်များ၏ တိုက်ခိုက်မှုများကြောင့် ဖိအားပေးခံရသဖြင့် လင်းတုန်း သည် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး လွတ်သွားခဲ့သည်။ ယခုအခါ အစစ်အမှန် ရွှေအဆင့် တစ်ယောက်သည် သူ၏အပေါ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ သူမသည် မီးခိုးရောင် အစင်းကြောင်းများ ပါရှိသော ဆံပင်အမည်းနှင့် အမျိုးသမီးတစ်ဦး ဖြစ်ပြီး သူမ၏ ပခုံးများမှ ရှေ့သို့ ကွေးညွတ်နေသော အဝါရောင် ဆူးချွန်များ ထွက်ပေါ်နေလေသည်။ သူမ၏ ချပ်ဝတ်တန်ဆာကို ရွှေအဆင့် အမှတ်အသား များ ထိုးဖောက်ထွက်လာနိုင်ရန် ပြင်ဆင် ဖန်တီးထားခြင်း ဖြစ်သည်။

'မင်း ငါ့အတွက် ဘာလုပ်ပေးနိုင်လဲ...'

လင်းတုန်း က အသည်းအသန် မေးလိုက်သည်။ အမျိုးသမီးသည် တောက်ပသော ရွှေရောင် မာဒြာ များဖြင့် ကာကွယ်သူ နည်းစနစ် အသုံးပြုထားသော လက်ဝါးဖြင့် သူ့ထံသို့ ထိုးနှက်လာသည်။

"မင်း သတိမထားမိဘူးလား..."

ဒရော့စ် က အံ့အားသင့်စွာ မေးလိုက်သည်။

မီးတောက် ခြုံလွှာသည် လင်းတုန်း ၏ ပတ်လည်တွင် လင်းလက်လာပြီး အမည်းနှင့် အနီရောင် မီးခိုးများက သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားလေသည်။ သူသည် ဘေးဘက်သို့ ခုန်ရှောင်လိုက်ရာ ခြုံလွှာ၏ ပေါက်ကွဲအားက သူ့ကို ပေဆယ်ခန့် အကွာသို့ လွင့်ထွက်သွားစေသည်။

သူသည် ယီရင်ကို တိုက်ခိုက်နေသော သံချပ်ကာ ဝတ်ဆင်ထားသည့် အစစ်အမှန် ရွှေအဆင့် နှစ်ယောက်အနက်မှ တစ်ယောက်၏ အနီးသို့ ဆင်းသက်မိသည်။ ထိုသူမှာ အသက်ကြီးကြီး အမျိုးသားတစ်ဦး ဖြစ်ပြီး သူ၏ ခေါင်းတစ်ဝိုက်တွင် လှည့်ပတ်နေသော အစိမ်းရောင် အရည် မာဒြာ ဘောလုံးများ ဝဲပျံနေလေသည်။ ထိုသူသည် သူ၏ လက်နှစ်ဖက်ကြားတွင် နည်းစနစ် တစ်ခုကို စုစည်းနေသည်။

"အိုး... ဒါက ပျော်စရာကောင်းတယ်... မင်း သဘောကျမှာပါ... မင်းရဲ့ ခေါင်းထဲမှာ နေခြင်းအားဖြင့် မင်းရဲ့ အရေးမကြီးတဲ့ အတွေးတချို့ကို ငါကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းပေးနိုင်တယ်လေ... သေးငယ်တဲ့ အတွေးလေးတွေ အနည်းငယ်ပဲ ဆိုပေမဲ့ အဲဒီအတွေးတွေက မင်းကို အာရုံမလွင့်အောင် တားဆီးပေးနိုင်တယ်... မင်းရဲ့ အာရုံစူးစိုက်မှုနဲ့ လုပ်ဆောင်နိုင်စွမ်းတွေ တိုးတက်လာတာကို မင်း သတိထားမိမှာပါ... ပြီးတော့ မင်းရဲ့ တုံ့ပြန်မှုတွေလည်း နည်းနည်း ပိုမြန်လာလိမ့်မယ်..."

နောက်ထပ် အဆင့်မြင့် ရွှေအဆင့် တိုက်ခိုက်သူ နည်းစနစ် တစ်ခု သူ၏ ကျောဘက်သို့ ပြေးဝင်လာသည်ကို သူ အာရုံခံမိလိုက်သည်။ တစ်ချိန်တည်းမှာပင် အစစ်အမှန် ရွှေအဆင့် အမျိုးသားသည် လင်းတုန်း ထံသို့ အာရုံပြောင်းသွားသည်။ လင်းတုန်း ရုတ်တရက် ရောက်လာသည်ကို သူ အံ့သြဟန် မပြဘဲ အစိမ်းရောင် အရည် မာဒြာ များကို ရှေ့သို့ တွန်းလွှတ်လိုက်လေသည်။

လင်းတုန်း စဉ်းစားနေရန်ပင် မလိုအပ်တော့ချေ။

သူသည် ဘေးဘက်သို့ လှည့်လိုက်ပြီး ရွှေရောင် အဆင့်မြင့် ရွှေအဆင့် မာဒြာ လှံတံတစ်ခုကို သူ၏ ညာဘက်လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။ ရန်သူ၏ နည်းစနစ် သည် သူ၏ လက်ဝါးနှင့် ထိတွေ့သွားစဉ် ဆာလောင်မွတ်သိပ်မှု အမြုတေကြိုး ကို ခဏတာ ဖွင့်လှစ်လိုက်သည်။ ၎င်းသည် နည်းစနစ် ကို မတည်မငြိမ် ဖြစ်သွားစေရန်နှင့် ပြိုကွဲသွားစေရန် လုံလောက်လေသည်။

ထိုလှုပ်ရှားမှုနှင့် တစ်ပြိုင်နက်တည်းမှာပင် သူသည် ဘယ်ဘက်လက်ဝါးတွင် နဂါးအသက်ရှူငွေ့ ကို ဖန်တီးလိုက်ပြီး အစစ်အမှန် ရွှေအဆင့်၏ စတင်ဖြစ်ပေါ်စ နည်းစနစ် အတွင်းသို့ ထိုးသွင်းလိုက်သည်။

ဘယ်ဘက်လက်တွင် မာဒြာ များ ပေါက်ကွဲသွားစဉ် ရွှေရောင်လှံတံသည် သူ၏ ညာဘက်လက်နှင့် ထိတွေ့ကာ အနှစ်သာရအဖြစ် ပြိုကွဲသွားလေသည်။

သံချပ်ကာ ဝတ်ဆင်ထားသော အစစ်အမှန် ရွှေအဆင့်သည် နောက်သို့ ယိုင်ထွက်သွားပြီး သူ၏ ပတ်လည်တွင် မီးခိုးများနှင့် တောက်ပသော မာဒြာ အနှစ်သာရများ ပေါက်ကွဲ လွင့်စင်သွားသည်။ သို့သော် မီးတောက် ခြုံလွှာ ၏ စွမ်းအားသည် လင်းတုန်း၏ အတွင်း၌ ပေါက်ကွဲနေပြီ ဖြစ်ပြီး သူ၏ မာဒြာ ဝိညာဉ် သွေးကြောများ ကို လောင်ကျွမ်းစေလေသည်။ အနီနှင့် အမည်းရောင် မာဒြာ များ တောက်ပနေစဉ် သူသည် ခန္ဓာကိုယ်နှင့် ဝိညာဉ် စွမ်းအား အပြည့်အဝဖြင့် သူ၏ ညာဘက်လက်သီးကို အမျိုးသား၏ ရင်အုပ်ကာ သံချပ်ပေါ်သို့ ထိုးချလိုက်သည်။

ဘုန်း...

သူ၏ ပြိုင်ဘက်သည် အဝေးသို့ လွင့်စဉ်သွားတော့သည်။ သူသည် လင်းတုန်း စောစောက ထိုးချထားသော အစစ်အမှန် ရွှေအဆင့်နှင့် ဝင်တိုက်မိပြီး ထိုသူ၏ အပေါ်သို့ ပုံလျက်သား ကျသွားလေသည်။

"ဒီလှပတဲ့ အပုံလေးကို ကြည့်လိုက်စမ်း... မင်းဘာသာမင်း ဆိုရင် ဒါမျိုး လုပ်နိုင်မှာ မဟုတ်ဘူးမလား..."

ဒရော့စ် ပြောသည်မှာ မှန်ပေသည်။ တိုက်ခိုက်မှု အားလုံးသည် ချောမွေ့ပြီး သဘာဝကျသည်ဟု ခံစားရကာ လင်းတုန်း ၏ အတွေးများသည် ရေစီးကြောင်းတစ်ခုလို စီးဆင်းနေခဲ့သည်။

သူ၏ ခွန်အားကို ပြောစရာပင် မလိုတော့ချေ။ တစ္ဆေရေမှ အသားများက သူ၏ ခန္ဓာကိုယ်ကို သန်မာစေကြောင်း သူ သိခဲ့သော်လည်း အချိန်အတော်ကြာအောင် သူ နှိုင်းယှဉ်စရာ ဆို၍ အော်သို၊ ဟာမိုနီ နှင့် မိစ္ဆာ သားရဲ တစ်အုပ်သာ ရှိခဲ့လေသည်။

ပခုံးများတွင် ရွှေရောင် ဆူးချွန်များ ပါရှိသော စကိုင်းဆွန်း အမျိုးသမီးသည် ထိုအချိန်မှသာ သူ၏အနီးသို့ ရောက်ရှိလာသည်။ သူမသည် နံရံတစ်ခုအရွယ်အစားရှိသော ရွှေရောင် စွမ်းအားတူကြီးတစ်ခုကို ဖန်တီးသူ နည်းစနစ် ဖြင့် ဖန်တီးလိုက်သည်။

ထို့နောက် အဆင့်မြင့် ရွှေအဆင့်များ၏ တိုက်ခိုက်သူ နည်းစနစ်များ သူ၏ နေရာသို့ အစုလိုက်အပြုံလိုက် ကျဆင်းလာချိန်မှာပင် ထိုတူကြီးကို သူ့ထံသို့ ရိုက်ချလိုက်လေသည်။

ဘုန်း...

မဟူရာ မီးတောက် မာဒြာ ပေါက်ကွဲမှုတစ်ခုနှင့်အတူ သူ ပျောက်ကွယ်သွားတော့သည်။

သူသည် မာစီ၏ အရှေ့တွင် ပြန်လည် ပေါ်လာခဲ့သည်။ သူမသည် သူမ၏ တုတ်ကောက်ကို လေးတစ်လက်အဖြစ် ပြောင်းလဲထားခဲ့သည်။ ၎င်းသည် အစကတည်းက လေးတစ်လက် ဖြစ်နေခဲ့ပုံ ပေါ်သည်။

သူမသည် မြားတစ်စင်းကို တင်ထားပြီး ပစ်မှတ်တစ်ခုကို ချိန်ရွယ်ရန် ကြိုးစားနေသည်။ သို့သော် သေးငယ်သော ပန်းရောင် မီးလုံးလေးတစ်ခု သူမ၏ ခြေရင်းသို့ ကျရောက်လာလေသည်။ သူမ နောက်သို့ ယိုင်သွားသော်လည်း အံ့သြစရာကောင်းလောက်အောင် မြားကို လက်လွတ်မသွားခဲ့ချေ။ သူမသည် သူတို့ထံ ချဉ်းကပ်လာသော သံချပ်ကာ ဝတ်ဆင်ထားသည့် အစစ်အမှန် ရွှေအဆင့် တစ်ယောက်ထံသို့ မြားကို ပစ်လွှတ်လိုက်သည်။ ထိုအစစ်အမှန် ရွှေအဆင့်သည် အသက်ရှင်နေသော သစ်ပင်တစ်ပင်ဖြင့် ပြုလုပ်ထားပုံရသည့် ပုဆိန်တစ်လက်ကို ကိုင်ဆောင်ထားသည်။

ထန်း...

မြားသည် သူ၏ ချပ်ဝတ်တန်ဆာကို ထိမှန်သွားသော်လည်း မည်သည့် ထိခိုက်မှုမျှ မရှိခဲ့ချေ။

သို့သော် လင်းတုန်း သည် ယခု ထိုနေရာတွင် ရှိနေပြီ ဖြစ်သည်။ သူသည် မဟူရာ မီးတောက် မာဒြာ ကို ရပ်တန့်လိုက်ပြီး သန့်စင်သော အမြုတေ သို့ ပြောင်းလဲလိုက်သည်။ ယခုတစ်ကြိမ်တွင်မူ ရေကဲ့သို့ စီးဆင်းနေသော အပြာနှင့် အဖြူရောင် အလင်းတန်းတစ်ခုဖြစ်သည့် ဝိညာဉ် ခြုံလွှာ သည် သူ၏ ပတ်လည်တွင် ပေါ်ထွက်လာလေသည်။ ၎င်းသည် အာဟာရဖြစ်စေသော မြစ်တစ်စင်းကဲ့သို့ သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီး သူ၏ ခန္ဓာကိုယ်ကလည်း အလိုအလျောက် တုံ့ပြန်လာတော့သည်။

ဟာမိုနီ နှင့် တိုက်ခိုက်ခဲ့ပြီးကတည်းက သူ၏ စွမ်းရည်သစ်များကို လေ့လာရန် အချိန် အလုံအလောက် မရှိခဲ့ချေ။ အထွတ်အမြတ် သားရဲ အသားများက သူ၏ ခွန်အားကို တိုးတက်စေခြင်း၊ ဒရော့စ်က သူ၏ အတွေးများကို မြန်ဆန်စေခြင်းနှင့် ဝိညာဉ် ခြုံလွှာ က သူ၏ လှုပ်ရှားမှုများကို လမ်းညွှန်ပေးခြင်းတို့ ပေါင်းစပ်လိုက်သောအခါ လုံးဝ မတူညီသော ခန္ဓာကိုယ် အသစ်တစ်ခုကို သူ ထိန်းချုပ်နေရသကဲ့သို့ ခံစားရလေသည်။

သူသည် သစ်သားပုဆိန်၏ ရိုက်ချက်ကို တားဆီးလိုက်သည်။ တိုက်ခိုက်သူ နည်းစနစ် တစ်ခုကို ရှောင်တိမ်းလိုက်သည်။ စကိုင်းဆွန်း တစ်ယောက်၏ ခြေထောက်ကို ခုတ်လှဲလိုက်သည်။ အော်သို ၏ ပြိုင်ဘက်ကို အငိုက်မိစေရန် နဂါးအသက်ရှူခြင်းကို လက်ညှိုးဖြင့် ပစ်လွှတ်လိုက်သည်။ အစစ်အမှန် ရွှေအဆင့်၏ လက်ထဲမှ ပုဆိန်ကို လုယူလိုက်သည်။ သူ၏ အနောက်ဘက်မှ လာသော နောက်ထပ် ရွှေရောင် နည်းစနစ် တစ်ခုကို ဝိညာဉ်အကြွင်းအကျန် လက်ဖြင့် ဖြိုခွဲလိုက်သည်။ အစစ်အမှန် ရွှေအဆင့်ကို သူ၏ ကိုယ်ပိုင် ပုဆိန်ဖြင့် ပြန်လည် ရိုက်ချလိုက်သည်။ ထို့နောက် လက်နက်ကို ပစ်ချကာ သူ့နောက်သို့ လိုက်လာသော အမျိုးသမီး၏ ပခုံးပေါ်ရှိ ဆူးချွန်များကို ဖမ်းဆုပ်လိုက်လေသည်။ သူမသည် သူမ၏ ရွှေအဆင့် အမှတ်အသား များထဲသို့ မာဒြာ များကို စတင် တွန်းပို့နေပြီ ဖြစ်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ လင်းတုန်း သည် လှည့်ထွက်လာပြီး သူထုတ်ယူနိုင်သမျှ စွမ်းအား အပြည့်ဖြင့် သူမကို လွှဲပစ်လိုက်တော့သည်။

အစစ်အမှန် ရွှေအဆင့် နှစ်ယောက်သည် တစ်ယောက်ပြီးတစ်ယောက် အပုံပေါ်သို့ ကျသွားကြလေသည်။

***

အပိုင်း(၄၂၂)

အရာအားလုံးသည် လုံးဝ အားစိုက်ထုတ်စရာ မလိုဘဲ ချောမွေ့စွာ ဖြစ်ပျက်သွားသကဲ့သို့ ခံစားရသည်။ ရှည်လျားသော လှုပ်ရှားမှုတစ်ခုတည်း ပြုလုပ်လိုက်သကဲ့သို့ပင်။

သို့သော်လည်း... သူသည် အမောဆို့နေပြီး သူ၏ မာဒြာ သွေးကြောများသည် နာကျင်ကိုက်ခဲနေသည်။ သို့သော် သူသည် နောက်ထပ် ပြိုင်ဘက်ကို ရှာဖွေရန် လှည့်ကြည့်လိုက်သည်။

ဒေါင်...

ကြီးမားသော ခေါင်းလောင်းသံကြီးတစ်ခု ထွက်ပေါ်လာပြီး အဆင့်မြင့် ရွှေအဆင့် လေးယောက် (မြေပြင်ပေါ်မှ နှစ်ယောက်နှင့် တိမ်တိုက်များပေါ်မှ နှစ်ယောက်) တို့သည် တစ်ပြိုင်နက်တည်း အနောက်သို့ လွင့်စင်သွားကြသည်။ မမြင်ရသော ဓားများဖြင့် အခုတ်ခံရသကဲ့သို့ သူတို့၏ ချပ်ဝတ်တန်ဆာများမှ မီးပွားများ လွင့်စင်ထွက်လာတော့သည်။ ကောင်းကင်မှ နှစ်ယောက်သည် အောက်သို့ ပြုတ်ကျလာရာ လင်းတုန်း သည် အနီးဆုံးရှိသူထံသို့ ခုန်တက်သွားလေသည်။ မျက်လုံးများမှ မျက်ရည်များကဲ့သို့ ကျဆင်းနေသော သလင်းကျောက် လိုင်းများ ပါရှိသည့် ကောင်မလေး တစ်ယောက်ပင် ဖြစ်သည်။

ဤကောင်မလေး၏ သံမဏိအဆင့် ခန္ဓာကိုယ်သည် မည်သည့်အမျိုးအစား ဖြစ်ကြောင်း သူ မသိနိုင်ချေ။ သူမ အဆင်ပြေကောင်း ပြေနိုင်မည် ဖြစ်သည်။ သို့သော် သူသည် အခြားသူများကို မသတ်မိစေရန် အလွန် ကြိုးစားခဲ့ပြီးဖြစ်ရာ ယခုမှ သွေးထွက်သံယို ဖြစ်ခွင့် မပေးနိုင်ပေ။

အဆင့်မြင့် ရွှေအဆင့် စကိုင်းဆွန်း သင်တန်းသူလေးသည် လေထဲတွင် လူးလွန့်နေပြီး သူမကိုယ်သူမ ဖမ်းဆီးနိုင်ရန်အတွက် သူမ၏ အောက်ဘက်တွင် ခရမ်းရောင် သလင်းကျောက် မျှော်စင်တစ်ခုကို ဖန်တီးလိုက်သည်။ လင်းတုန်း သည် မျှော်စင် မဖြစ်ပေါ်မီ အပေါ်သို့ ခုန်တက်သွားပြီး သူမကို လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်ကာ မြက်ခင်းပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ သူမသည် သူ၏ ကိုင်တွယ်မှုအောက်တွင် တုန်ယင်နေပြီး သူ၏ အပေါ်ရုံဝတ်ရုံ အရှေ့ပိုင်းကို ဆွဲဆုပ်ထားလေသည်။

သူ လှည့်ကြည့်လိုက်သောအခါ အခြား ပြုတ်ကျလာသော စကိုင်းဆွန်း၏ အောက်တွင် ယီရင် ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူ မြေကြီးနှင့် ထိလုနီးပါး အချိန်တွင် သူမက လက်လှမ်းကာ သူ၏ ကော်လာကို ဖမ်းဆွဲလိုက်သည်။ သူ၏ လည်ပင်းသည် နောက်သို့ လန်ထွက်သွားပြီး ခြေဖနောင့်များက မြေကြီးနှင့် ဆောင့်မိသွားသော်လည်း သူ အဆင်ပြေသွားခဲ့သည်။

တစ်စက္ကန့်အကြာတွင် ယီရင်က သူ့ကို မည်သို့ပင်ဖြစ်စေ လွှတ်ချလိုက်တော့သည်။

လင်းတုန်း သည် အဆင့်မြင့် ရွှေအဆင့် ကောင်မလေးကို မြက်ခင်းပေါ်တွင် ညင်သာစွာ ချထားပေးလိုက်သည်။ သို့သော် ယခု သေချာကြည့်လိုက်သောအခါ သူမသည် သူ့ထက် အသက်ပိုကြီးမည်မှာ သေချာလေသည်။

မာစီက အားပေးအော်ဟစ်လိုက်ပြီး အော်သို က ရယ်မောလိုက်သည်။ လင်းတုန်း ၏ အပုံကြီးသည် ပြိုကျသွားပြီဖြစ်ပြီး အစစ်အမှန် ရွှေအဆင့် လေးယောက်အနက် သုံးယောက်သည် မတ်တတ်ထရပ်လိုက်ကြသည်။ သို့သော် သူတို့ထဲမှ မည်သူမျှ ဝင်ရောက် မတိုက်ခိုက်ကြတော့ချေ။

ယီရင်က အစစ်အမှန် ရွှေအဆင့်များမှတစ်ဆင့် လင်းတုန်း ထံသို့ ကြည့်လိုက်သည်။

"ငါ့ကို အမှန်အတိုင်း ပြောစမ်း... နင် အဲဒီတစ္ဆေရေထဲမှာ သူတို့ နင့်ကို ဘာတွေ ကျွေးထားတာလဲ..."

"ပင်လယ် ဘီလူးတွေလေ..."

လင်းတုန်း က ပြောလိုက်သည်။

နာရူ ကွေ့သည် သူ၏ တိမ်တိုက်ပေါ်မှနေ၍ လက်ပိုက်ကာ အခြေအနေကို အကဲခတ်နေသည်။ နှေးကွေးပြီး ရှည်လျားသော လှုပ်ရှားမှုတစ်ခုဖြင့် သူသည် သူ၏ ခါးရှိ အိတ်ကပ်ထဲမှ လက်ချောင်းအရွယ်အစားရှိ အရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်ပြီး တစ်ဖက်စွန်းကို ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။

သူ၏ အနောက်ဘက်ရှိ လေတံတိုင်းကြီးသည် မူလအမြင့်၏ ထက်ဝက်ခန့်အထိ နိမ့်ဆင်းသွားပြီ ဖြစ်သည်။

"ဘယ်သူမှ အရမ်းကြီး ထိခိုက်ဒဏ်ရာ မရပါဘူး..."

လင်းတုန်း က ပြောလိုက်သည်။

"ကျွန်တော်တို့ ဒီမှာတင် အဆုံးသတ်လိုက်လို့ ရပါတယ်..."

နာရူကွေ့သည် သူ၏ အရွက်ကို ဝါးနေရင်း သူတို့ တစ်ယောက်ပြီးတစ်ယောက် လိုက်ကြည့်နေလေသည်။ လင်းတုန်းသည် အဆင့်နိမ့် အရှင်သခင် ၏ အတွေးများကို ခန့်မှန်း၍ မရနိုင်သော်လည်း သူ၏ ဝိညာဉ် သွေးကြောများအတွင်း သန့်စင်သော မာဒြာ များကို အလျင်အမြန် လည်ပတ်နေစေသည်။

"ပိုင်ရိုက..."

နောက်ဆုံးတွင် နာရူ ကွေ့က ပြောလိုက်သည်။

"မင်းတို့အားလုံးက ဖြစ်လာတော့မယ့် ဘေးအန္တရာယ်ကြီးတွေပဲတဲ့... ရမ်းကားတဲ့ လူသတ်သမား အုပ်စုကြီးတဲ့..."

လင်းတုန်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ စကိုင်းဆွန်း အဖွဲ့များသည် ပွန်းပဲ့ဒဏ်ရာများ ရသွားပြီး အရှက်ကွဲသွားသော်လည်း အားလုံး အသက်ရှင်လျက် ရှိနေကြသေးသည်။ လင်းတုန်း အနေဖြင့် နဂါးအသက်ခြင်းဖြင့် တစ်စုံတစ်ယောက်ကို သတ်ဖြတ်ရန် မည်မျှ ပို၍ လွယ်ကူကြောင်း နာရူ ကွေ့သည် မည်သူနှင့်မဆို တန်းတူ သိရှိထားလေသည်။

သူတို့၏ ရန်သူများသည်လည်း သွေးထွက်သံယို ဖြစ်ရန် ရည်ရွယ်ထားခြင်း မရှိခဲ့ချေ။ အကယ်၍ အသေအကြေ တိုက်ခိုက်ကြပါက တိုက်ပွဲသည် နှစ်ဖက်စလုံးအတွက် များစွာ ပိုမို ဆိုးရွားသွားနိုင်ပေသည်။

"ဒီတော့ ငါ ကိုယ်တိုင် မင်းတို့ကို အကဲခတ်ကြည့်ဖို့ လိုအပ်မယ် ထင်တယ်..."

စကိုင်းဆွန်း ခေါင်းဆောင်က ပြောလိုက်သည်။ ထို့နောက် သူသည် ပခုံးပေါ်ရှိ ဓားလက်ကိုင်ဆီသို့ လှမ်းဆွဲလိုက်ပြီး တိမ်တိုက်ပေါ်မှ ဆင်းသက်လာတော့သည်။

ကြီးမားလှသော မြရောင် တောင်ပံကြီးများသည် သူ၏ နောက်ကျောဘက်တွင် ဖြန့်ကျက်ထွက်ပေါ်လာပြီး ယီရင် ထံသို့ လျှောတိုက် ပျံသန်းလာစဉ် သူ၏ ဓားကိုပါ တစ်ပါတည်း ဆွဲထုတ်လာလေသည်။ အမည်းရောင် သံမဏိဖြင့် ပြုလုပ်ထားသော ကြီးမားလှသည့် ဓားပြားကြီးသည် အလွန်အမင်း ပွန်းပဲ့၊ ချိုင့်ဝင်ကာ အမာရွတ်များ ပြည့်နှက်နေသဖြင့် နေရောင်ကိုပင် ရောင်ပြန်ဟပ်ခြင်း မရှိချေ။

ယီရင်၏ ဓားကမူ အဖြူရောင် တောက်ပနေပြီး သူမ၏ ရွှေအဆင့် အမှတ်အသား များကလည်း ငွေရောင် တောက်ပနေလေသည်။ သူမ ဓားလွှဲလိုက်သောအခါ ဓားသွား သုံးခုစလုံးသည် လင်းလက်သွားပြီး မာဒြာ ဓားသွား သုံးခုသည် လေထုကို ခုတ်ပိုင်းကာ ပြေးထွက်သွားတော့သည်။

သူက သူ၏ ဓားတစ်ချက်တည်းဖြင့် ၎င်းတို့ကို ချိုးဖျက်ပစ်လိုက်သည်။ သို့သော် ယီရင် သည် မပြီးဆုံးသေးချေ။

စကိုင်းဆွန်း ခေါင်းဆောင် သူမ၏ နည်းစနစ် များကို ရှင်းလင်းနေစဉ် သူမက သူ့ထံသို့ ခုန်ဝင်သွားပြီး သူမ၏ လက်နက်ဖြင့် သူ၏ ဘေးဘက်ကို ရိုက်ချလိုက်သည်။ သူ အလျင်အမြန် တုံ့ပြန်လိုက်ပြီး သူ၏ ပိုမိုလေးလံသော ဓားကို လွှဲယမ်းကာ ခုခံလိုက်ရာ ဓားနှစ်လက်သည် နားကွဲမတတ် အသံကြီးဖြင့် ထိခတ်သွားလေသည်။

ယီရင်သည် မြေကြီးပေါ်သို့ ရိုက်ကျသွားသော်လည်း နာရူ ကွေ့သည်လည်း အလွယ်တကူ လွတ်မြောက်မသွားခဲ့ချေ။ သူသည် အနောက်သို့ လွင့်စင်သွားပြီး သူ၏ တောင်ပံများသည် လေထဲတွင် တွန်းကန်နိုင်စွမ်း ဆုံးရှုံးသွားရာ ခြေထောက်ဖြင့် ဆင်းသက်နိုင်ရန် လူးလွန့် လှုပ်ရှားနေရလေသည်။

ထိုအချိန်တွင်ပင် အော်သို ၏ နဂါးအသက်ရှူငွေ့ တန်းကြီးက သူ့ထံသို့ ပေါက်ကွဲထွက်ပေါ်လာသည်။

သူသည် သံချပ်ကာ ဝတ်ဆင်ထားသော လက်တစ်ဖက်ဖြင့် အမည်းနှင့် အနီရောင် ရောယှက်နေသော အလင်းတန်းကြီးကို တွန်းကန်ထားလိုက်သည်။ ခြေထောက်ဖြင့် ဆင်းသက်လာစဉ် ထိုအလင်းတန်းကို ရေစီးကြောင်းတစ်ခုကဲ့သို့ တားဆီးထားလိုက်လေသည်။ သူ၏ ဓားကို မြေကြီးထဲသို့ စိုက်ချလိုက်ပြီး လွတ်နေသော လက်ဖြင့် လက်သီးကို တင်းတင်းဆုပ်လိုက်ရာ မာစီ၏ ခန္ဓာကိုယ် တောင့်တင်းသွားတော့သည်။ သူမသည် နဂါးခေါင်းပုံ လေးထဲသို့ မြားတစ်စင်းကို တင်နေခဲ့သော်လည်း ယခုအခါ မမြင်ရသော သံကြိုးများဖြင့် ချည်နှောင်ခံလိုက်ရလေသည်။

သူမသည် အဆင့်နိမ့် ရွှေအဆင့် သာ ရှိသေးသည်။ မဟုတ်သေး... ယခုအခါ သူမသည် အဆင့်မြင့် ရွှေအဆင့် ၏ ဖိအားကို ထုတ်လွှတ်နေလေသည်။ တိုက်ပွဲအတွင်း သူမ ကျင့်စဉ်အဆင့် တက်သွားခဲ့သည်လား။ မည်သို့ပင်ဖြစ်စေ... သူမသည် နာရူ ကွေ့ကို ဒုက္ခပေးရန် အားနည်းနေဆဲ ဖြစ်သည်။ သူ လုပ်နိုင်ကြောင်း ပြသရန်အတွက်သာ သူမကို မလှုပ်ရှားနိုင်အောင် ပြုလုပ်လိုက်ခြင်း ဖြစ်လေသည်။

သူ၏ သံချပ်ကာသည် လက်တစ်ဝိုက်တွင် ပျော်ကျသွားပြီး လက်ဖျံအပေါ်ပိုင်းအထိ ပျောက်ကွယ်သွားသော်လည်း သူသည် မဟူရာ မီးတောက် မာဒြာ များကို အောက်သို့ တွန်းချကာ နဂါးအသက်ရှူငွေ့ စီးကြောင်းအတိုင်း ရှေ့သို့ တိုးလာခဲ့သည်။ အော်သို သည် နောက်ဆုံးတွင်သည်းမခံနိုင်တော့ဘဲ တိုက်ခိုက်သူ နည်းစနစ် ကို ရပ်တန့်ပစ်လိုက်တော့သည်။

ထို့နောက် လင်းတုန်း ၏ အလှည့် ရောက်လာလေသည်။

သူသည် မီးတောက် ခြုံလွှာ မှ ရုတ်တရက် အမြန်နှုန်းဖြင့် ရှေ့သို့ ပြေးထွက်သွားပြီး နာရူ ကွေ့၏ ကျောဘက်သို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ အဆင့်နိမ့် အရှင်သခင် တစ်ယောက်ကို မည်မျှအထိ ထိခိုက်စေမည်ကို သူ မသိသော်လည်း ထိုသူကို အငိုက်မိသွားစေရန်တော့ သူ ပြုလုပ်နိုင်ပေသည်။

အလွန်အမင်း မြန်ဆန်သော အရှိန်ဖြင့် စကိုင်းဆွန်း ခေါင်းဆောင်သည် လှည့်ထွက်လာပြီး သူ၏ ကိုယ်ပိုင် လက်သီးဖြင့် ပြန်လည် ထိုးနှက်လာသည်။ လင်းတုန်း ၏ လက်သီးဆီသို့ တည့်တည့် ချိန်ရွယ်ထားလေသည်။

ဘုန်း...

သူတို့၏ လက်သီးနှစ်ဖက်သည် ပြင်းထန်စွာ ထိခတ်သွားကြသည်။ မဟူရာ မီးတောက် ကြောင့် သံမဏိ လက်အိတ် လွင့်စင်သွားသဖြင့် နာရူ ကွေ့၏ လက်သည် ဗလာဖြစ်နေပြီး လင်းတုန်း ၏ လက်မှာမူ အရိုးစုကဲ့သို့ ဖြူရော်နေသော ဝိညာဉ်အကြွင်းအကျန် လက် ဖြစ်လေသည်။

အစိမ်းရောင်နှင့် အမည်း၊ အနီရောင် ရောယှက်နေသော မာဒြာ များသည် လင်းလက်သွားပြီး ပေါက်ကွဲမှုကြောင့် သူတို့ ပတ်လည်ရှိ မြက်ခင်းများ လွင့်စင်ထွက်သွားတော့သည်။

လင်းတုန်း သည် နောက်သို့ လွင့်ထွက်သွားပြီး သူ၏ အရိုး ကျိုးသွားသကဲ့သို့ ဝိညာဉ်အကြွင်းအကျန် လက်မောင်းတစ်လျှောက် နာကျင်မှုများ ဖြတ်သန်းသွားကာ သူ၏ ပခုံးများလည်း ကိုက်ခဲသွားလေသည်။

သို့သော် ကွေ့သည်လည်း နောက်သို့ တစ်လှမ်း ဆုတ်သွားခဲ့သည်။ သူသည် သူ၏ လက်ကို နာကျင်သွားသကဲ့သို့ ခါထုတ်လိုက်လေသည်။

ထို့နောက်... သူသည် မိမိကိုယ်ကို ဖုံးကွယ်လိုက်သဖြင့် သူ၏ ကြီးမားလှသော ဝိညာဉ် ဖိအားကြီး ပျောက်ကွယ်သွားတော့သည်။ ရင်းနှီးနေသော ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်တစ်ခုက သူ၏ မျက်နှာပေါ်တွင် ပေါ်လာပြီး သူ သက်ပြင်းချလိုက်သည်။

"မင်းတို့ရဲ့ ကတိကို ငါ လိုအပ်တယ်... မင်းတို့ အားလုံး... မင်းတို့နဲ့ ရန်ဖေး၊ ပြီးတော့ ပိုင်ရို တို့ကြားက ပြဿနာတွေ အားလုံးကို ဖြေရှင်းနိုင်ဖို့ ငါ့ကို အနည်းဆုံးတော့ ကူညီပေးပါ... အဲဒါဆိုရင် မင်းတို့ကို တရားမျှတစွာ ဆက်ဆံမယ်လို့ ငါ ကတိပေးတယ်..."

သူတို့အားလုံး သဘောတူလိုက်ကြသည်။ ယီရင် ကတော့ လင်းတုန်း မကြားလိုက်ရသော စကားတချို့ကို တိုးတိုးလေး ရေရွတ်နေလေသည်။

နာရူကွေ့သည် လက်မဖြင့် သူ၏ မျက်လုံးပေါ်ရှိ မီးလောင်ထားသော အမာရွတ်ကို ပွတ်သပ်လိုက်သည်။

"မင်းတို့က ငါ့ရဲ့ ကိုယ်ပိုင် အာရုံစိုက်မှုကို အများကြီး ယူထားပြီးပြီ... ပြီးတော့ သန်မာတဲ့ အစစ်အမှန် ရွှေအဆင့် တွေကို အလကား လွှင့်ပစ်နိုင်လောက်တဲ့အထိလည်း ငါ့မှာ အလျှံပယ် မရှိဘူး..."

တိုက်ပွဲအတွင်း သူ၏ ပါးစပ်ထဲမှ အရွက် လွင့်စင်သွားသဖြင့် နောက်ထပ် တစ်ရွက်ကို အစားထိုးလိုက်လေသည်။

ထိုအရွက်ကို သွားများကြားတွင် ကိုက်ထားရင်း သူက ညည်းတွားလိုက်သည်။

"...အခုတော့ ဟိုကောင်ရဲ့ မျက်နှာပေါ်က မောက်မာတဲ့ အပြုံးကို ငါ ကြည့်ရတော့မယ်...”

***

All Chapters