အခန်း ၅၁၈
Vol. 52 Ch. 518
အခန်း (၅၁၈)
" ဒါဆို သက်တမ်းကို နှစ်တစ်ရာတိုးပေးမယ့် စိတ်ဝိညာဉ်ဆေးလုံးကို မင်းကို ပေးလိုက်မယ်။ အခုချက်ချင်း မင်းအဲ့ဒီဆေးကို သောက်ပြပါ။ " ရင်ကျန့်၏ အကြည့်က စူးရှသွားပြီး ရွှီဖုကို ကြည့်လိုက်သည်။
၎င်းကို ကြားသောအခါ ရွှီဖု၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ " ဧကရာဇ်မင်းမြတ် ဒါက ကျွန်တော်မျိုး အင်မော်တယ်ဆီက ဧကရာဇ်မင်းမြတ်အတွက် တောင်းဆိုထားတဲ့ စိတ်ဝိညာဉ်ဆေးပါ။ ကျွန်တော်မျိုး ဘယ်လိုလုပ် သောက်ရဲပါ့မလဲ။ "
" ထာဝရအသက်ရှည်ခြင်းရှိနေမှတော့ သက်တမ်းနှစ်တစ်ရာလောက်တိုးတာက ငါ့အတွက် ဘာအသုံးဝင်မှာလဲ။ " ရင်ကျန့်က စိတ်ထဲမှ ပြုံးလိုက်သည်။
" အဲ အဲဒါက..." ရွှီဖုက ဘာပြောရမှန်းမသိဖြစ်နေသည်။ သက်တမ်းနှစ်တစ်ရာတိုးပေးနိုင်သော စိတ်ဝိညာဉ်ဆေးလုံးကို ရင်ကျန့်က သူ့ကို ပေးမည်ဟု ပြောနေသည်။
ထိုသက်တမ်းနှစ်တစ်ရာတိုးပေးခြင်းဆိုသည်မှာ လှည့်ကွက်တစ်ခုသာဖြစ်ပြီး ၎င်းက ယခင် စိတ်ဝိညာဉ်ဆေးလုံးများကဲ့သို့ အဆိပ်ဆေးလုံးများသာ ဖြစ်သည်။ သို့သော် ၎င်းကို သောက်လိုက်လျှင် မယုံကြည်နိုင်လောက်အောင် သက်သောင့်သက်သာ ခံစားရပေလိမ့်မည်။ သို့သော် သောက်ပြီး တစ်နှစ်ကြာသည်နှင့် ၎င်းက အဆိပ်များ ဖြစ်လာပေလိမ့်မည်။
ချင်အင်ပါယာ၏ ကံကြမ္မာစွမ်းအားက စုစည်းနေသည်။ ကောင်းကင်လျို့ဝှက်ချက်က ဝေဝါးနေပြီး အင်မော်တယ်များနှင့် နတ်ဘုရားများပင် မခန့်မှန်းနိုင်ပေ။ ထို့ကြောင့် ဖန်လိုင်ကျွန်းမှ အင်မော်တယ်တမန်တော်က ကောင်းကင်ဘုံမှ အမိန့်တစ်ခု ရရှိခဲ့သည်။ ရှန်းကျိုးကို စုစည်းခဲ့သော ချင်ဘုရင် စောစောစီးစီး သေဆုံးရန်ဖြစ်သည်။ ရွှီဖုက အမိန့်အတိုင်း လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။ အသက်ရှည်ဆေးကလည်း အတုအယောင်သာ ဖြစ်ပြီး ယောကျာ်းလေးနှင့် မိန်းကလေးများကို ခေါ်ဆောင်ရန်ရည်ရွယ်ခြင်းဖြစ်သည်။
" ဧကရာဇ်မင်းမြတ် ထာဝရအသက်ရှည်ဆေးက ဖန်လိုင်ကျွန်းမှာပါ။ ကျွန်တော်မျိုး ကလေးတွေကို ခေါ်ပြီး သွားရောက်တောင်းဆိုရင် နှစ်အနည်းငယ် ကြာပါလိမ့်မယ်။ ဧကရာဇ်မင်းမြတ်က သက်တမ်းနှစ်တစ်ရာတိုးစေတဲ့ စိတ်ဝိညာဉ်ဆေးလုံးကို သောက်လိုက်ရင် ရောဂါဘယကင်းပြီး သက်တမ်းရှည်လာပါလိမ့်မယ်။ အချိန်ကျရင် ဧကရာဇ်မင်းမြတ်က ထာဝရအသက်ရှည်ဆေးကို သောက်ရပါလိမ့်မယ်။ " ရွှီဖုက ဦးညွှတ်ပြီး ပြောလိုက်သည်။
" ငါက အခုထိ ငယ်သေးပါတယ်။ ဒီသက်တမ်းတိုးဆေးကို ငါမလိုချင်ဘူး။ အခု ဒီစိတ်ဝိညာဉ်ဆေးကို မင်းကိုယ်တိုင် သောက်ဖို့ ငါ အမိန့်ပေးတယ်။ မင်းမသောက်ရင် ငါ့ကျေးဇူးကို သစ္စာဖောက်တာပဲ။ ငါမင်းကို ခွင့်မလွှတ်ဘူး။ " ရင်ကျန့်က ရွှီဖုကို ကြည့်ပြီး ဖိအားပေးလိုက်သည်။
" ဒါ ဒါက...." ရွှီဖုက ထိတ်လန့်သွားပြီး သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။
သူက ဤတစ်ကြိမ်တွင် အမိန့်နှင့်လာခဲ့ခြင်းဖြစ်သည်။ ရင်ကျန့်ကို ထိုအဆိပ်ဆေး သောက်ခိုင်းရုံသာမက ကလေးများကို ခေါ်ယူရန်လည်း ဖြစ်သည်။ ထို့အပြင် သူက တစ်နှစ်ခွဲအတွင်း ဖန်လိုင်ကျွန်းကို ပြန်ပြီး အင်မော်တယ်တမန်တော်နှင့် တွေ့ဆုံရမည်ဖြစ်သည်။ မဟုတ်လျှင် သူက အသက်ရှင်ရန် မသေချာပေ။
" ဘာလဲ။ မင်းက ငါ့ရဲ့ စေတနာကို မလိုချင်ဘူးလား။ " ရင်ကျန့်က မျက်မှောင်ကြုတ်သွားသည်။
ခန်းမတစ်ခုလုံးက ရွှီဖုကို စိုက်ကြည့်နေကြသည်။ ရွှီဖုက မကောင်းကြံနေပြီး ထိုစိတ်ဝိညာဉ်ဆေးတွင် ပြဿနာရှိကြောင်း ဝန်ကြီးအများစုက သိထားကြသည်။ ဤတစ်ကြိမ်တွင် ရင်ကျန့်က ရွှီဖုကို ကစားနေခြင်းဖြစ်သည်။
" ကျွန် ကျွန်တော်မျိုး..." ရွှီဖုက ထိတ်လန့်သွားပြီး ဘာပြောရမှန်းမသိဖြစ်သွားသည်။
" မင်းမသောက်နိုင်ရင် ငါ ကူညီပေးရမှာပေါ့။ " ရင်ကျန့်က အေးစက်စွာ ရယ်မောလိုက်သည်။ " ငါ အမိန့်တော်ထုတ်ပြန်လိုက်တယ်။ ရွှီဖု စိတ်ဝိညာဉ်ဆေးလုံးကို ချက်ချင်း သောက်စေ။ "
သူပြောလိုက်သည်နှင့် ရွှမ်ငှက်၏ ပုံရိပ်က ထွက်ပေါ်လာသည်။ ထို့နောက် အင်ပါယာကံကြမ္မာစွမ်းအားနှင့်အတူ လူသားတာအို၏ စည်းမျဉ်းများက စတင်လည်ပတ်လာသည်။ ရွှီဖုက မမြင်ရသော စည်းမျဉ်းတစ်ခု၏ ချုပ်နှောင်ခြင်းကို ချက်ချင်း ခံလိုက်ရပြီး သူ၏ လက်များက စိတ်ဝိညာဉ်ဆေးပုလင်းကို ဖွင့်လိုက်သည်။
" ဘာဖြစ်တာလဲ။ ငါ့လက်တွေ ဘာလို့ထိန်းချုပ်လို့မရတော့တာလဲ။ ရင်ကျန့်က ဒကို ဘယ်လိုလုပ်လိုက်တာလဲ။ " ရွှီဖုက သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ထိတ်လန့်သွားသည်။ သူ၏ လက်က စိတ်ဝိညာဉ်ဆေးလုံးကို သူ၏ ပါးစပ်သို့ ပို့ဆောင်နေသည်ကိုသာ ကြည့်နေနိုင်ပြီး ရုန်းကန်ခြင်းက အချည်းနှီးသာဖြစ်သည်။ နောက်ဆုံးတွင် စိတ်ဝိညာဉ်ဆေးလုံးက သူ၏ လည်ချောင်းမှတစ်ဆင့် ဝမ်းဗိုက်ထဲသို့ ရောက်သွားခဲ့သည်။
" ဧကရာဇ်မင်းမြတ် ကျွန်တော်မျိုးကို ဘာလုပ်လိုက်တာလဲ။ " ရွှီဖုက ရင်ကျန့်ကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။ ထိုခဏတွင် သူက ကြိုးဆွဲခံရသော အရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်သွားခဲ့သည်။
" မင်းက ငါ့ကို မေးခွန်းထုတ်နေတာလား။ " ရင်ကျန့်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
နန်းတွင်းကိုယ်ရံတော်များက ခန်းမထဲသို့ ချက်ချင်း ဝင်ရောက်လာပြီး ရွှီဖုကို စူးရဲစွာ ကြည့်လိုက်သည်။
" ကျွန် ကျွန်တော်မျိုး မလုပ်ရဲပါဘူး။ " ရွှီဖုက မျက်နှာပျက်သွားသည်။
" ရွှီဖု မင်းက တော်တော်သတ္တိကောင်းတာပဲ။ မင်းက ငါ့ကို နှစ်ပေါင်းများစွာကြာအောင် အဆိပ်ဆေးလုံးတွေ သောက်စေခဲ့တယ်။ အခုလည်း ငါ့ကို အဆိပ်ဆေးလုံး သောက်ခိုင်းနေတယ်။ ပြောစမ်း မင်းကို ဘယ်လိုအပြစ်ပေးရမလဲ။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ ရွှီဖုက လုံးဝမှင်သက်သွားသည်။
" ကျွန်တော် ကျွန်တော်မျိုး မလုပ်ရဲပါဘူး။ ကျွန်တော်မျိုးက ဧကရာဇ်မင်းမြတ်အပေါ်မှာပဲ သစ္စာရှိပါတယ်။ တစ်သက်လုံး ဧကရာဇ်မင်းမြတ်အတွက် ထာဝရအသက်ရှည်ဆေးကို ရှာနေခဲ့တာပါ။ " ရွှီဖုက ငြင်းဆန်လိုက်သည်။
" မင်းက အခုထိ ငြင်းဆန်နေတုန်းပဲ။ " ရင်ကျန့်က စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်သည်။ သူက အင်ပါယာကံကြမ္မာစွမ်းအားကို ထပ်မံစုစည်းလိုက်သည်။ " အကုန်လုံးထုတ်ပြောဖို့ ငါ အမိန့်ပေးတယ်။ မင်းဘယ်လိုကျင့်ကြံတာလဲ။ ဘာလို့ငါ့ကို ထိခိုက်အောင် လုပ်ချင်တာလဲ။ မင်း ဘာလို့ပြန်လာတာလဲ။ မင်းရဲ့ နောက်ကွယ်က ဘယ်သူလဲ။ အကုန်ပြောစမ်း။ "
အင်ပါယာကံကြမ္မာစွမ်းအားက လှုပ်ရှားလာပြီး လူသားတာအိုစည်းမျဉ်းများ ပေါ်လာသည်။ ရွှီဖုက ထိတ်လန့်သွားပြီး သူ့ကိုသူ မထိန်းချုပ်နိုင်တော့ပေ။
" ကျွန်တော်မျိုး ငယ်စဉ်က ချီနိုင်ငံမှာ အင်မော်တယ်တစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူက ကျွန်တော်မျိုးမှာ အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံနိုင်တဲ့ စိတ်ဝိညာဉ်အမြစ်ရှိတယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်မျိုးက အင်မော်တယ်နဲ့ ငါးနှစ်လေ့ကျင့်ခဲ့ပြီး ချီသန့်စင်ခြင်းနဲ့ နတ်အသွင်ပြောင်းလဲခြင်းအဆင့်ကို အောင်မြင်ခဲ့တယ်။ အဲ့ဒီနောက်မှ သူက ကျွန်တော်မျိုးကို ချင်နိုင်ငံကို သွားပြီး ဆေးဖော်စပ်သူတစ်ယောက် လုပ်ဖို့ အမိန့်ပေးခဲ့တယ်။ ရည်ရွယ်ချက်က ချင်ဘုရင်ကို အဆိပ်ဆေးတွေ တိုက်ပြီး အသက်တိုအောင်လို့ပဲ။ "
" ကျွန်တော်မျိုးရဲ့ ကျင့်ကြံမှုကြောင့် ချင်ဘုရင်ရဲ့ ယုံကြည်မှုကို ရရှိခဲ့တယ်။ ချင်ဘုရင်က အဆိပ်ဆေးတွေကို ဆက်တိုက်သောက်ခဲ့တယ်။ အဆိပ်ဆေးလုပ်နည်းကို တပည့်တွေကို သင်ကြားပြီးတဲ့နောက် အင်မော်တယ်ရဲ့ ဆင့်ခေါ်ခြင်းကို ခံခဲ့ရတယ်။ အဲ့ဒီမှာ နောက်ထပ်ကျင့်ကြံခွင့်ကို ရခဲ့တယ်။ ဒီတစ်ကြိမ် ပြန်လာတာက အင်မော်တယ်ရဲ့ အမိန့်ကြောင့်ပဲ။ "
" အင်မော်တယ်က ကျင့်ကြံဖို့ လူတွေရဲ့ သွေးနဲ့ အသားကို လိုအပ်တယ်။ ရှန်းကျိုးမှာ အပြောင်းအလဲတွေဖြစ်နေလို့ သူက ချင်ဘုရင်ကို မြန်မြန် သေစေချင်တယ်။ ဒါကြောင့် သက်တမ်းတိုးဆေးလို့ပြောပြီး အဆိပ်ဆေးကို တိုက်ကျွေးဖို့ စေခိုင်းခဲ့တာပါ။ ချင်ဘုရင်က ဆေးသောက်ပြီးရင် တစ်နှစ်ခွဲအတွင်း သေပါလိမ့်မယ်။ ပြီးရင် ကျွန်တော်မျိုးက လူတွေကို ခေါ်သွားပြီး အင်မော်တယ်ကို ပူဇော်မှာပါ။ " ရွှီဖု၏ အမူအရာက ရုန်းကန်နေရသော်လည်း အကုန်လုံးကို ထုတ်ပြောခဲ့သည်။
၎င်းကို ကြားသောအခါ ရင်ကျန့်၏ မျက်နှာက မဲမှောင်သွားသည်။
" ရဲတင်းလိုက်တာ။ ဒီလူယုတ်မာက ဧကရာဇ်မင်းမြတ်ကို လုပ်ကြံတာပဲ။ "
" သူက ချင်အင်ပါယယာကို ရောက်လာကတည်းက ဧကရာဇ်မင်းမြတ်ကို အဆိပ်ခတ်နေခဲ့တာပဲ။ "
" အိမ်ရှေ့စံမင်းသားသာ ရှာမတွေ့ခဲ့ရင် ဧကရာဇ်မင်းမြတ်က ဒီလူယုတ်မာကြောင့် အဆိပ်သင့်နေလောက်ပြီ။ "
" သူ့အနောက်မှာ ရှိနေတဲ့ အဲ့ဒီအင်မော်တယ်ဆိုတဲ့ကောင်က အဓိက တရားခံပဲ။ "
" အင်မော်တယ်တစ်ယောက်က ဘယ်လိုလုပ် ကလေးတွေရဲ့ သွေးနဲ့ အသားကို စားရတာလဲ။ သူက အင်မော်တယ်မဟုတ်ဘူး။ နတ်ဆိုး၊ မိစ္ဆာပဲ။ "
" ဟုတ်တယ်။ ဒါက ဧကရာဇ်မင်းမြတ်ကို ထိခိုက်အောက်လုပ်တဲ့ နတ်ဆိုးတွေရဲ့ လက်ချက်ပဲ။ "
အရာရှိများက ရွှီဖုကို တစ်ယောက်ပြီးတစ်ယောက် ကျိန်ဆဲလိုက်ကြသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့