အခန်း (၄၂၅-၄၂၆)
Vol. 31 Ch. 425-426
အပိုင်း(၄၂၅)
လင်းတုန်းသည် တံခါးမှနေ၍ ယီရင် ဘက်သို့ လှည့်လာခဲ့သည်။ ထိုအခါမှ ယီရင်သည် ဤအခန်းလေး မည်မျှ ကျဉ်းကျပ်နေကြောင်း ရုတ်တရက် သတိပြုမိသွားသည်။ ၎င်းသည် အခန်းတစ်ခန်းနှင့်ပင် မတူဘဲ ဗီရိုငယ် တစ်ခုနှင့်သာ ပိုတူနေပေသည်။ သူမ၏ ရွှေအဆင့် သင်္ကေတများကို အနှောင့်အယှက် မဖြစ်စေဘဲ ထိုင်ကာ ကျင့်ကြံနိုင်ရန်အတွက် ဆန်အိတ်များကို ထောင့်တစ်နေရာတွင် ပုံထားရသည်။ နံရံတွင် ထိုးစိုက်ထားသော သူမ၏ လေ့ကျင့်ရေး ဓားမှာပင် အခန်းအကျယ်၏ ထက်ဝက်ခန့်ကို နေရာယူထားလေသည်။
သူမ၏ မျက်နှာသည် လင်းတုန်း၏ ရင်ဘတ် အမြင့်တွင်သာ ရှိနေ၏။ သူမအပေါ် မိုးကာ ရပ်နေသော သူ့ကို မော့ကြည့်လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အပူငွေ့များက အခန်းတွင်းသို့ ပြည့်နှံ့သွားသည်။ ထို့ပြင် သူ၏ စိတ်ဝိညာဉ်မှ ဖြာထွက်နေသော တိတ်ဆိတ်သည့် အော်ရာသည်လည်း ယခင်ကထက် ပိုမို အစွမ်းထက်နေခဲ့သည်။
သူက စူးရှသော မျက်ဝန်းများဖြင့် ငုံ့ကြည့်လာသောအခါ သူမ၏ ရင်ခုန်သံများ မြန်ဆန်လာခဲ့သည်။ သူသည် ယခင်က လင်းတုန်းပင် ဖြစ်သော်လည်း သူ၏ ဝိညာဉ်အတွင်းရှိ ခွန်အားများက သူ့ကို ပိုမို ရင့်ကျက်ကာ အားကိုးရလောက်သော အသွင်အပြင်မျိုး ဖြစ်စေသည်။ သူမ မျက်စိတစ်မှိတ်မျှ အလစ်တွင် သူသည် ကြီးပြင်းလာခဲ့သလိုမျိုး အသစ်အဆန်း တစ်ခုလို ခံစားလိုက်ရသည်။ ထို့ပြင် သူသည် အလွန် နီးကပ်လွန်းနေသည်။
လင်းတုန်းသည် သူမ၏ မျက်နှာဆီသို့ လက်ကို ဆန့်တန်းလာခဲ့သည်။ သူမသည် တဖြည်းဖြည်း နီးကပ်လာသော ထိုလက်ကို စိုက်ကြည့်နေမိပြီး အတွေးများ ကစဉ့်ကလျား ဖြစ်သွားရသည်။ သူမ၏ ရင်ခုန်သံများမှာလည်း ပို၍ ပြင်းထန်လာခဲ့သည်။
သို့သော် သူ၏ လက်သည် သူမကို ကျော်လွန်သွားကာ ဘေးဘက်ရှိ နံရံဆီသို့ ရောက်ရှိသွားသည်။ သူမသည်လည်း ထိုလက်နောက်သို့ မျက်လုံးများ လိုက်ပါသွားမိသည်။
လေထုထဲတွင် တံခါးတစ်ချပ် ပွင့်ဟလာခဲ့သည်။
ဟင်းလင်းပြင် နေရာတစ်ခု ပေါ်လာသောအခါ သူမသည် သက်ပြင်းရှည်ကြီး တစ်ခုကို ချလိုက်မိပြီး မျက်နှာမှာလည်း ရုတ်တရက် ပို၍ ပူနွေးလာခဲ့သည်။ သူမသည် စိတ်သက်သာရာ ရသွားသလို တစ်ဖက်တွင်လည်း စိတ်ပျက်သွားမိသည်။ သို့သော် ထိုခံစားချက် နှစ်ခုစလုံးကို အသေအချာ မသုံးသပ်တော့ဘဲ မေ့ပစ်ရန် ဆုံးဖြတ်ကာ စိတ်၏ အနောက်ဘက်သို့ တွန်းပို့လိုက်သည်။
ထို့အစား လက်ရှိ အခြေအနေ၏ အံ့ဩဖွယ် အကောင်းဆုံး အစိတ်အပိုင်းအပေါ်တွင်သာ သူမ အာရုံစိုက်လိုက်သည်။
"နင် ဟင်းလင်းပြင် သော့ကို ဘယ်ကနေ ရလာတာလဲ..."
၎င်းသည် ယခင်က မရှိခဲ့ဖူးသော ဗီရိုတစ်ခုထဲသို့ ကြည့်လိုက်ရသည်နှင့် တူနေသည်။ လင်းတုန်း၏ ပစ္စည်းများ ပါဝင်သော ဗီရိုတစ်ခုဖြစ်သည်။ သူ၏ မိုင်တစ်ထောင် တိမ်တိုက်ကို သိမ်းဆည်းခဲ့ဖူးသော သေတ္တာကို သူမ မှတ်မိသော်လည်း ကျန်ပစ္စည်း အများစုမှာမူ သူမအတွက် အသစ်အဆန်းများသာ ဖြစ်သည်။ အဆိုပါ နေရာအတွင်းတွင် အရွယ်အစားနှင့် ပုံသဏ္ဍာန် အရွယ်စုံရှိသော အိုးများ၊ ပုလင်းများနှင့် ဖန်ပြွန်ငယ်များ အပြည့်အနှက် ရှိနေသည်။ သို့သော် ၎င်းတို့မှာ အမှိုက်ပုံထဲမှ ကောက်ရလာသည့်ပုံ ပေါက်နေသည်။ ထင်းစည်းများကြားထဲမှ အပြာလေးက သူမအား စိုက်ကြည့်နေပြီး အရိုး ရိုးတပ် ပုဆိန်တစ်လက်မှာလည်း နံရံတွင် မှီထားလျက် ရှိသည်။
လင်းတုန်းက အလျင်အမြန် လက်ကာပြလိုက်ပြီး အသံကို နှိမ့်ထားလိုက်သည်။
"အစီအရင်က အသံကို မတားဆီးနိုင်ဘူး၊ ငါ့အတွက် အဲဒီ အနီးဆုံးက အိုးလေးကို ယူပေးနိုင်မလား..."
အပေါက်ဝနားရှိ ယီရင်၏ ခြေထောက်ဘေးတွင် လင်းတုန်း တံခါးပေါ်၌ ရေးဆွဲခဲ့သည့်ပုံစံနှင့် ဆင်တူသော အစီအရင်များကို အလျင်စလို ရေးဆွဲထားသည့် မြေအိုးတစ်လုံး ရှိနေသည်။ သူမသည် ကုန်း၍ ယူလိုက်သောအခါ ဝင်ပေါက်မှာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။
မည်သူ၏ ညွှန်ကြားချက်မှ မပါဘဲ ယီရင်သည် အိုး၏ အဖုံးကို ဖွင့်လိုက်ရာ လင်းတုန်းကလည်း သူမကို တားဆီးရန် တစ်ခွန်းမျှ မဟခဲ့ပေ။ အိုးအတွင်းမှ အပြာရောင် အလင်းတန်းများ ဖြာထွက်လာပြီး အဆင့်မြင့် ဆေးရည်တစ်ခွက်၏ ကြွယ်ဝလှသော စွမ်းအင်များကို သူမ အာရုံခံမိလိုက်သည်။
သူမ၏ မျက်လုံးများ ပြူးကျယ်သွားကာ လက်ချောင်းတစ်ချောင်းကို နှစ်လိုက်ပြီး ဆေးရည် တစ်စက်ကို လျှာပေါ်သို့ တင်လိုက်သည်။
အရသာမှာ ချိုမြိန်သော စမ်းရေနှင့် တူသော်လည်း ၎င်းအတွင်းရှိ စွမ်းအင်မှာ သူမ၏ စိတ်ဝိညာဉ်ကို လှုံ့ဆော်ပေးနိုင်လောက်အောင် လုံလောက်နေခဲ့သည်။ ၎င်းသည် သူမ၏ ဝိညာဉ်ကို တိုက်ရိုက် အားဖြည့်ပေးလိုက်ပြီး သူမ၏ မာဒြာများမှာလည်း လမ်းကြောင်းများတစ်လျှောက် အရှိန်အဟုန်ဖြင့် စီးဆင်းသွားလေသည်။
"နာရူကွေ့သာ ဒါကို အာရုံခံမိသွားရင် ဘာလုပ်မလဲဆိုတာ ငါ မသိဘူး..."
လင်းတုန်းက ပြောလိုက်သည်။
"ပြီးတော့ မာစီ... အင်း၊ ငါ သူ့အကြောင်းကို သိပ်ပြီး သေချာ မသိသေးဘူးလေ..."
"ဒါက..."
သူမသည် မည်သို့ ပြောရမည်ကို သေချာ မသိတော့ပေ။
"ဒါက ငါ့ ဆရာသောက်မယ့် အရာမျိုးပဲ၊ ငါ့လည်ပင်းကို ဓားနဲ့ တေ့ထားရင်တောင် ဒါက ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ ငါ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး...”
ဟင်းလင်းပြင် သော့အတွင်း၌ အခြားသော ပုလင်းများစွာ ရှိနေသေးသည်ကို သတိရရန် သူမအတွက် အချိန်အနည်းငယ် ယူလိုက်ရသည်။
သူမ၏ တုံ့ပြန်မှုကြောင့် လင်းတုန်း၏ မျက်လုံးများ အရောင်လက်သွားသော်လည်း သူသည် ပုံမှန်အတိုင်းသာ ဟန်ဆောင်နေခဲ့သည်။
"ဒါက နင့်အတွက်ပါ၊ ငါ့ဘက်က ပြောရရင်တော့ ငါ ထုတ်ပေးသမျှ အကုန်လုံးကို နင် သောက်လို့ရတယ်၊ တစ္ဆေရေ နယ်မြေထဲမှာတုန်းက ငါ့ဆီမှာ ဒါထက် အများကြီး ပိုရှိခဲ့တာ..."
ယီရင်က မြေအိုးကို သူ့ထံသို့ ပြန်တွန်းပေးလိုက်သည်။
"လက်ဆောင်ကို လက်ခံရလောက်အောင် ငါက ယဉ်ကျေးလွန်းနေတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒါက ဉာဏ်မရှိတဲ့ လုပ်ရပ်ပဲ၊ နင့်မှာ ဖြည့်တင်းရမယ့် အမြုတေ နှစ်ခုတောင် ရှိနေတာ၊ အဲဒီထဲက တစ်ခုက အဆင့်မြင့် ရွှေအဆင့် မှာပဲ ရှိနေသေးတယ်လေ..."
"ဒါကြောင့်ပဲ နင် ဒါကို ယူသင့်တာပေါ့၊ တကယ်လို့ နင်သာ ငါ့လို အခွင့်အရေးမျိုး ရခဲ့မယ်ဆိုရင် အခုဆို အဆင့်နိမ့် အရှင်သခင် အဆင့်ကိုတောင် ရောက်နေလောက်ပြီ..."
ခဏအကြာတွင် သူသည် လည်ချောင်းဟန့်လိုက်ပြီး ထပ်ပြောလိုက်သည်။
"နောက်ပြီး နင့်အတွက် ဒါတွေအကုန်လုံး လိုအပ်မယ်လို့ ငါ မထင်ဘူး၊ နင် အစစ်အမှန် ရွှေအဆင့် ရဲ့ အထွတ်အထိပ်ကို ရောက်သွားပြီဆိုရင် ကျန်တာတွေကို ငါ သောက်လို့ ရသေးတယ်လေ..."
ယီရင်သည် သူ့မျက်လုံးများကို မဆုံဝံ့ဘဲ အိုးအဖုံးကို ဖြည်းညှင်းစွာ ပြန်ပိတ်လိုက်သည်။ သူ မပေါ်လာမီက သူမ တွေးတောခဲ့မိသော အတွေးများအတွက် သူမကိုယ်သူမ ရှက်ရွံ့နေမိသည်။ သူမ တစ်ယောက်တည်း နေခဲ့ရသည်မှာ သီတင်းပတ် အနည်းငယ်သာ ရှိသေးသော်လည်း သူမသည် အထီးကျန်နေပြန်ပြီဟု စတင် တွေးတောနေမိသောကြောင့် ဖြစ်သည်။
"ဒါက နင့်အတွက် အလုပ်မဖြစ်ဘူးလား..."
သူက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"အလုပ်ဖြစ်မယ်လို့တော့ ငါ ထင်ခဲ့တာပဲ၊ ဒါပေမဲ့ ငါလည်း သေချာတော့ မသိဘူး၊ ဓားသူတော်စင် က နင့်ကို ဒါထက် ပိုကောင်းတဲ့အရာတွေ ပေးခဲ့ဖူးလို့လား..."
ယီရင်သည် သူမ၏ မျက်နှာပေါ်တွင် မည်သို့သော အမူအရာ ဖြစ်ပေါ်နေသည်ကို စစ်ဆေးလိုသည့်အလား မျက်နှာကို လက်ဖြင့် ပွတ်သပ်လိုက်သည်။
"မဟုတ်ပါဘူး... ငါ့ဦးနှောက်က ငါ့ကိုထားပြီး ထွက်ပြေးသွားလို့ပါ၊ အဲဒါကို ပြန်ဆွဲခေါ်နေရလို့..."
သူမသည် မြေအိုးကို အပြင်ဘက် ဝတ်ရုံအတွင်းသို့ ထည့်လိုက်သည်။ ၎င်းမှာ သူမ၏ အိတ်ကပ်အတွက် အနည်းငယ် ကြီးမားနေသဖြင့် ဖောင်းထွက်နေမည် ဖြစ်သော်လည်း သူမ တိုက်ခိုက်မှု မပြုသရွေ့ ပြဿနာ ရှိမည်မဟုတ်ပေ။
"ဒါကို ငါ အကျိုးရှိရှိ အသုံးပြုမယ်ဆိုတာ နင် သိပါတယ်..."
သူ၏ မျက်နှာသည် ပြေလျော့သွားကာ ပြုံးလိုက်သည်။
"ကောင်းပြီ၊ ငါက... အင်းပါ၊ ထားလိုက်ပါတော့၊ ကောင်းပါတယ်၊ သိပ်ပြီးတော့လည်း စိတ်အေးလက်အေး မနေနဲ့ဦး၊ နင့်ကို ငါ့ထက် အများကြီး ရှေ့ရောက်သွားဖို့ ငါ ခွင့်ပြုမှာ မဟုတ်ဘူး..."
"နင် ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာ ငါ သိပါတယ်..."
သူမက ပြောလိုက်သည်။
ထို့နောက် သူမ စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်သည်။
‘ငါလည်း နင့်ကို ခွင့်ပြုမှာ မဟုတ်ပါဘူး...’
...
အင်ပါယာ၏ မြို့တော်ဖြစ်သော မဟူရာ မီးတောက် မြို့၏ အလယ်ဗဟိုရှိ အင်ပါယာ နန်းတော်အတွင်း၌ ဖြစ်သည်။
အင်ပါယာရှင် နာရူဟွမ်သည် ခြံဝင်းအတွင်း ရပ်ကာ ကောင်းကင်သို့ မော်ကြည့်နေသည်။ သူသည် ခေါင်းပေါ်ရှိ ရှုပ်ထွေးနက်နဲသော သရဖူမှသည် ပခုံးထက်မှ တွဲလောင်းကျနေသော နဂါးရုပ်များ တန်ဆာဆင်ထားသည့် အထပ်ထပ်သော ဝတ်ရုံများအထိ အင်ပါယာရှင်တို့၏ အပြည့်အစုံ ဝတ်စုံကို ဆင်မြန်းထားသည်။ သူ၏ ကျောဘက်တွင် မြစိမ်းရောင် အတောင်ပံများကို ဖြန့်ကြက်ထားပြီး နေဝင်ဆည်းဆာအောက်တွင် တလက်လက် တောက်ပနေသည်။
အင်ပါယာရှင် တစ်ပါး၏ အသွင်အပြင်သည် အလွန် အရေးကြီးပေသည်။ ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်စေရန် သူသည် နေ့စဉ် လေ့ကျင့်ခန်းများ ပြုလုပ်သည်။ ဖြောင့်မတ်သော ကျောပြင်နှင့် ကျယ်ပြန့်သော ပခုံးများက သူ၏ ခွန်အားကို ဖော်ပြနေသည်။ သူ၏ မုတ်ဆိတ်မွေးများကို သပ်ရပ်စွာ တိသင်ထားပြီး မေးစေ့နှင့် ကပ်နေကာ သူ၏ အကြည့်များက တည်ငြိမ်ပြီး စူးရှနေသည်။ သူ ပြုမူသမျှ အရာတိုင်းတွင် ခွန်အားများ ထင်ဟပ်နေစေရန် သူ၏ ဘဝသက်တမ်း တစ်လျှောက်လုံး လေ့ကျင့်သင်ကြား ခံခဲ့ရသည်။
သူ၏ ဘယ်ဘက်တွင် သူ၏ ပထမ မိဖုရားသည် သူ၏ ဝတ်စုံနှင့် လိုက်ဖက်သော ဝတ်ရုံကို ဆင်မြန်းထားပြီး တောက်ပနေသည်။ သူမ၏ မျက်နှာပေါ်ရှိ အပြုံးက ပေါ့ပါးကာ သဘာဝကျပုံ ရသည်။ သို့သော် ဆံထိုးကို ပြင်ဆင်ရန် သူမ၏ လက်ကို ထပ်တလဲလဲ မြှောက်နေပုံက သူမ၏ စိုးရိမ်ပူပန်မှုများကို ဖော်ပြနေလေသည်။ သူသည် သူမကို စိတ်တည်ငြိမ်အောင် ဖျောင်းဖျချင်သော်လည်း သူကိုယ်တိုင်ပင် နှစ်သိမ့်မှုအချို့ လိုအပ်နေခဲ့သည်။
အစိမ်းရောင် သံချပ်ကာ အပြည့်အစုံ ဝတ်ဆင်ထားသော စကိုင်းဆွန်းအဖွဲ့ဝင် နှစ်ဦးသည် လှံများကို အသင့်ပြင်လျက် သူတို့၏ အနောက်ဘက်တွင် ရပ်နေကြသည်။ ၎င်းတို့၏ အစစ်အမှန် ရွှေအဆင့် ဝိညာဉ်များကိုလည်း ဖွင့်ဟထားကြသည်။
သို့သော်လည်း... ယနေ့တွင် သူတို့သည် သူ၏ အဆင့်အတန်းကို ပြသသော သင်္ကေတများထက် ပို၍ အသုံးမဝင်လှပေ။ တိုက်ကြီး၏ ဤအပိုင်းတွင် သူသည် အစွမ်းအထက်ဆုံး ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ သို့သော် လာရောက်လည်ပတ်မည့် ဧည့်သည်မှာ သူမ၏ လက်ကို မြှောက်လိုက်ရုံမျှဖြင့် သူတို့ အားလုံးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပေသည်။
စကိုင်းဆွန်းအဖွဲ့ဝင်များ၏ နောက်တွင် သူ၏ သာမန် သက်တော်စောင့် လေးဦး အဖွဲ့ ရှိနေသည်။ ၎င်းတို့ အားလုံးမှာလည်း အစစ်အမှန် ရွှေအဆင့် များ ဖြစ်ကြပြီး ဝန်ကြီးများ၊ ကောင်စီဝင်များနှင့် အကြံပေး အမတ် လေးဆယ်ခန့်လည်း ရှိနေသည်။ အစေခံများသည် ဝိုင်အိုးများ သို့မဟုတ် အစားအစာ ဗန်းများကို ကိုင်ဆောင်လျက် လိုအပ်လျှင် ခေါ်ယူနိုင်ရန် ဘေးဘက်များတွင် ရပ်နေကြသည်။
သူတို့ ရှိနေသော ခြံဝင်း၏ ထက်ဝက်ခန့်မှာ လူအပြည့် ဖြစ်နေသော်လည်း အခြားတစ်ဖက်ကို ပိုင်းခြားထားသော မမြင်ရသည့် မျဉ်းကြောင်းကို မည်သူမျှ မကျော်ဖြတ်ရဲကြပေ။ ထိုနေရာကို သူတို့၏ ဧည့်သည်အတွက် သီးသန့် ချန်လှပ်ထားခြင်း ဖြစ်သည်။
မည်သူမျှ ငွေရောင် နှလုံးသား သူတော်စင် ကို မတော်တဆပင် စော်ကားမိမည်ကို မလိုလားကြပေ။
သူမကို စောင့်ဆိုင်းနေရန် သူမက သတင်းစကား ပါးခဲ့သော်လည်း သူမကိုယ်တိုင် လာရောက်မည်၊ မလာရောက်မည်ကိုမူ မပြောခဲ့ပေ။ ထို့ကြောင့် အာကူရာ ချာရတီ ကိုယ်တိုင် မည်သည့် စက္ကန့်တွင်မဆို လေထုထဲမှ ပေါ်လာနိုင်သည်ဟု ယူဆကာ ပြင်ဆင်ထားရန်မှလွဲ၍ သူ့တွင် အခြား ရွေးချယ်စရာ မရှိခဲ့ပေ။
သူ နားလည်ထားသော သူတော်စင် တစ်ဦး၏ စွမ်းအားများအရ သူမသည် ထိုသို့ အလွယ်တကူ လုပ်ဆောင်နိုင်ပေသည်။ သူမသည် အရှင်သခင် အဆင့်၏ အထွတ်အထိပ်တွင် ရှိသော မဟာ အရှင်သခင် တစ်ဦး ဖြစ်သည်။ သို့သော် အထွတ်အထိပ် မဟာ အရှင်သခင် အများစုမှာ သူတော်စင် ဟူသော ဂုဏ်ပုဒ်ကို ဘယ်သောအခါမျှ မရရှိခဲ့ကြပေ။ သူတော်စင်များနှင့် ပတ်သက်၍ ထူးခြားချက် တစ်ခုခု ရှိနေသော်လည်း ၎င်းမှာ မည်သည့်အရာ ဖြစ်သည်ကို ကောလာဟလများနှင့် ဒဏ္ဍာရီများကသာ သူ့ကို ပြောပြနိုင်ပေသည်။ သူ၏ ဘဝတွင် တိုင်ပင်ဆွေးနွေးရန် သူတော်စင် တစ်ဦးမျှ မရှိခဲ့ဖူးပေ။
***
အပိုင်း(၄၂၆)
နေမင်းသည် သူတို့၏ ပတ်လည်ရှိ အမိုးများ အမြင့်အထိ နိမ့်ဆင်းသွားခဲ့ပြီး ခြံဝင်းအတွင်းရှိ သာမန် စကားပြောသံများသည်လည်း အလင်းရောင်နှင့်အတူ မှေးမှိန်သွားခဲ့သည်။ ညအမှောင် စတင်ကျရောက်ချိန်တွင် သူမ၏ သတင်းစကားကို ပေးပို့မည်ဟု သူမက ပြောခဲ့သည်။ ထိုအချိန်နှင့် နီးကပ်လာလေလေ လေထုထဲရှိ တင်းမာမှုများက ပို၍ ကြီးမားလာလေလေ ဖြစ်သည်။ သူ၏ အနောက်ဘက်ရှိ လူအချို့မှာ စိတ်ဝိညာဉ်များပင် တုန်ယင်နေကြသည်။ သူသည် လှည့်၍ သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားရန် သို့မဟုတ် ထွက်သွားကြရန် အမိန့်ပေးချင်စိတ် ပေါ်လာမိသည်။ သို့သော် သူ့ကိုယ်သူ ထိုအဆင့်အထိ နှိမ့်ချလိုက်ခြင်းမှာ သူ၏ ဂုဏ်သိက္ခာကို ကျဆင်းစေမည် ဖြစ်သည်။
အရိပ်များ ရှည်လျားလာပြီး နေမင်းသည် ပျောက်ကွယ်သွားလေသည်။
ထိုသို့ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အခြား အလင်းရောင် တစ်ခုက နေရာယူလာခဲ့သည်။ ကမ္ဘာလောကနှင့် မသက်ဆိုင်သည့်အလား ခပ်ရေးရေး တောက်ပနေသော ခရမ်းရောင် အလင်းတန်းတစ်ခု ဖြစ်သည်။
ခြံဝင်းအတွင်းရှိ တီးတိုး စကားပြောသံများမှာ လုံးဝ တိတ်ဆိတ်သွားခဲ့သည်။
တစ်ခဏအကြာတွင် မြင်းပုံသဏ္ဍာန် ဝိညာဉ်အကြွင်းအကျန် လေးကောင်သည် လေထုထဲတွင် ယှဉ်တွဲ ပြေးလွှားလာသောအခါ ထိုအလင်းရောင်၏ မြစ်ဖျားခံရာကို မြင်တွေ့လိုက်ရသည်။ ၎င်းတို့၏ ခြေသံများမှာ ဗုံတီးသံများနှင့် တူနေပေသည်။ ၎င်းတို့ကို အထပ်ထပ်သော ခရမ်းရောင် အလင်းတန်းများဖြင့် ဖွဲ့စည်းထားပြီး ၎င်းတို့၏ ခြေကျင်းဝတ်များ ပတ်လည်တွင်လည်း တူညီသော အရောင်ရှိသည့် မီးတောက်များ တောက်လောင်နေသည်။ ၎င်းတို့ ပြေးလွှားနေစဉ် သွားများကို ဖြဲထားကာ မျက်လုံးများမှာလည်း ပြူးကျယ်နေကြသည်။ ထိုအရာမှာ ဝိညာဉ်အကြွင်းအကျန် များအပေါ် သူ တစ်ခါမျှ မမြင်ဖူးခဲ့လောက်အောင် အသေးစိတ် ကျလှပေသည်။
သူ၏ ဝိညာဉ် အာရုံမှတစ်ဆင့် ဖုံးကွယ်ထားသော မီးခဲများ၏ အပူငွေ့နှင့် နွေရာသီ အရိပ်၏ အေးမြမှုကို သူ ခံစားလိုက်ရသည်။ အာကူရာ ကလန်သည် သူတို့၏ အရိပ် မာဒြာ အသုံးပြုမှုကြောင့် နာမည်ကြီးပေသည်။ ၎င်းသည် သေမင်း သို့မဟုတ် သွေး များကဲ့သို့ ရွံရှာဖွယ်ကောင်းသော စွမ်းအားမျိုး မဟုတ်ဘဲ လေကဲ့သို့ သဘာဝကျသော မာဒြာ သဘာဝတစ်ခု ဖြစ်သည်။ သို့တိုင်အောင် ၎င်းတွင် တိတိကျကျ သတ်မှတ်ရန် ခက်ခဲသော လျှို့ဝှက်ဆန်းကြယ်သည့် ဂုဏ်သတ္တိများ ရှိနေသည်။ ထိုအချက်က မည်သည့် အရိပ်ကျင့်ကြံသူနှင့်မဆို ဆက်ဆံရာတွင် ခက်ခဲသော စမ်းသပ်မှုတစ်ခု ဖြစ်စေသည်။ အာကူရာ များနှင့် ဆက်ဆံရခြင်းမှာမူ ပို၍ပင် ဆိုးရွားပေသည်။
ပထမဆုံး မြင်လိုက်ရပြီးနောက် ထိုမြင်းများကို အတူတကွ ကကြိုးတပ်ထားကြောင်း ရှင်းလင်းသွားခဲ့သည်။ ၎င်းတို့သည် အနက်ရောင် ရထားလုံး တစ်ခုကို အနောက်မှ ဆွဲလာကြသည်။ ၎င်းကို သံဖြင့် ပြုလုပ်ထားပြီး ရင့်ရော်သော ခရမ်းရောင် တိမ်တိုက်တစ်ခုပေါ်တွင် ပေါလောပေါ်နေသည်။ ဝိညာဉ်အကြွင်းအကျန် များသည် အရှိန်ကို အနည်းငယ် လျှော့လိုက်ပြီး ဆင်ခြေလျှော တစ်ခုပေါ်မှ ဆင်းလာသည့်အလား လေထုထဲတွင် ခပ်သွက်သွက် လျှောက်လာကြသည်။ ထို့နောက် အင်ပါယာရှင်၏ အရှေ့ရှိ ခြံဝင်းအတွင်းသို့ ရောက်သောအခါ ချောမွေ့စွာ ရပ်တန့်သွားကြသည်။
ရထားလုံး၏ အနက်ရောင် တံခါးတွင် အာကူရာ မိသားစု ၏ သင်္ကေတကို ငွေရောင်ဖြင့် ရေးဆွဲထားသည်။ ကြယ်ကြီး တစ်ပွင့်ကို ဘေးနှစ်ဖက်မှ ကြယ်ငယ် နှစ်ပွင့်က ခြံရံထားပြီး အားလုံးမှာ တောင်တန်း တစ်ခုအပေါ်တွင် ထွက်ပေါ်နေခြင်း ဖြစ်သည်။ ထိုအရာကို မြင်သောအခါ သူသည် ခေါင်းကို ညွတ်လိုက်သည်။
သူမှလွဲ၍ ကျန်လူတိုင်းသည် ခါးကို ညွတ်ကာ အရိုအသေ ပေးလိုက်ကြသည်။
တံခါး ပွင့်ဟလာပြီး အမျိုးသမီး တစ်ဦး အပြင်သို့ ထွက်မလာမီအထိ သူတို့သည် ထိုကိုယ်ဟန်အနေအထားကို အချိန်အတန်ကြာ ဆက်လက် ထိန်းထားခဲ့ကြသည်။
သူမသည် သွယ်လျပြီး နုပျိုသော အသွင်ရှိသည့် အမျိုးသမီး တစ်ဦးဖြစ်သည်။ အနက်ရောင် ဆံကေသာကို အနောက်ဘက်တွင် ဂရုတစိုက် စည်းနှောင်ထားသည်။ အကယ်၍ သူသာ သေချာ မသိခဲ့လျှင် သူမသည် အသက် နှစ်ဆယ်သာ ရှိသေးသည်ဟု ပြောမိမည် ဖြစ်သည်။ သို့သော် သူမ၏ ရင့်ရော်သော ခရမ်းရောင် မျက်ဝန်းများက ခေတ်ကာလ များစွာ၏ အတွေ့အကြုံများကို သယ်ဆောင်ထားလေသည်။ အရိပ်ထဲတွင် ခပ်ဖျော့ဖျော့ တောက်ပနေသော ခရမ်းရောင် မျဉ်းကြောင်းများဖြင့် အလှဆင်ထားသည့် အနက်ရောင် လက်ကျယ်ဝတ်ရုံများကို ဝတ်ဆင်ထားပြီး သူမ၏ အဆင့်အတန်းနှင့် လိုက်ဖက်လှပေသည်။ ထိုမျဉ်းကြောင်းများသည် ကြယ်များနှင့် လများကို ပုံဖော်ထားသော်လည်း သူ့ကို အစီအရင် စက်ဝိုင်း တစ်ခုအဖြစ်လည်း သတိရစေသည်။
သူမ၏ ပခုံးထက်တွင် ဇီးကွက် တစ်ကောင် ရပ်နေသည်။ အဆိုပါ ဇီးကွက်ကို ခရမ်းရောင် ဖဲကြိုးများနှင့် မီးပွားများဖြင့် ချိတ်ဆက်ထားသော အမွေးအတောင်ကဲ့သို့ နူးညံ့သည့် ငွေရောင် အလင်းတန်းများဖြင့် ဖွဲ့စည်းထားသည်။
ချာရတီသည် သူမ၏ စိတ်ဝိညာဉ်ကို ဖုံးကွယ်ထားသဖြင့် သူမ ရှိနေခြင်း၏ ဖိအားက အနီးအနားရှိ လူတိုင်း၏ ဝိညာဉ်များအပေါ်သို့ ဝန်ပိမနေခဲ့ပေ။ သို့တိုင်အောင် သူမသည် မေးခွန်းထုတ်စရာ မလိုလောက်အောင် ကြီးမြတ်သော ဂုဏ်ကျက်သရေကို ဖြာထွက်နေဆဲ ဖြစ်သည်။ သူမ၏ အရှေ့တွင် ကျန်အရာအားလုံးမှာ ငြိမ်သက်သွားခဲ့ပြီး တုန်ယင်နေသော သူ၏ မဟူရာ မီးတောက် အစေခံများပင် တိတ်ဆိတ်သွားခဲ့ကြသည်။ သူမသည် ငြိမ်းချမ်းသော ညတစ်ည၏ တိတ်ဆိတ်မှုကို သယ်ဆောင်လာသည့်အလား ဖြစ်ပေသည်။
"မဟူရာ မီးတောက် အင်ပါယာရဲ့ အင်ပါယာရှင် နာရူဟွမ်... ငါ့မိသားစု ကိုယ်စား သင့်ကို နှုတ်ခွန်းဆက်သပါတယ်..."
သူမက ပြောလိုက်သည်။ သူမ၏ အသံမှာ ချောမွေ့ကာ နုပျိုနေသော်လည်း အင်ပါယာရှင်မ တစ်ပါး၏ ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုနေခြင်း ဖြစ်သည်။
"ငါဟာ ငွေရောင် နှလုံးသား သူတော်စင် အာကူရာ ချာရတီ ဖြစ်တယ်... ငါ့အဖွားအတွက် အာဏာအပြည့်အဝ ကိုင်စွဲထားသလို ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အာကူရာ ကလန် ရဲ့ အကျိုးစီးပွားအတွက် ပြောဆိုနေခြင်း ဖြစ်တယ်... ဒါဟာ သင် ထမ်းဆောင်ရမယ့် အကြီးမားဆုံးသော တာဝန်ဖြစ်တဲ့အတွက် ငါ့စကားကို သေချာ နားထောင်ပါ..."
သူ့အနေဖြင့် ပြန်လည် ဖြေကြားရန် လိုအပ်မည်၊ မလိုအပ်မည်ကို နာရူဟွမ် သေချာ မသိသော်လည်း ခါးကို အနည်းငယ် ညွတ်၍ အရိုအသေ ပေးလိုက်သည်။
"မဟူရာ မီးတောက် အင်ပါယာ အနေနဲ့ အာကူရာ ကလန် ကို ဘယ်လို အလုပ်အကျွေး ပြုရမလဲဆိုတာကို သိချင်နေပါတယ်... ကျွန်တော်တို့ဘက်က ပြင်ဆင်ပေးရမယ့် ဧည့်ဝတ်ကျေပွန်မှုတွေ ရှိခဲ့ရင်လည်း ပြောဖို့ ဝန်မလေးပါနဲ့..."
သူ၏ အစေခံများသည် အရှေ့သို့ အနည်းငယ် တိုးလာကြသော်လည်း သူတော်စင် ကမူ သူတို့ကို လျစ်လျူရှုထားလေသည်။ သူမ၏ ခရမ်းရောင် မျက်ဝန်းများဖြင့် သူ၏ အကြည့်ကို တည့်တည့် ရင်ဆိုင်လိုက်သည်။
သူမထံမှ သူ မြင်နိုင်၊ အာရုံခံနိုင်သော မည်သည့် အချက်ပြမှုမျိုးကိုမျှ မတွေ့ရသော်လည်း သူမ၏ နောက်ကွယ်ရှိ ရထားလုံး တံခါးမှာ ဝုန်းခနဲ ပိတ်သွားခဲ့သည်။ ဝိညာဉ်အကြွင်းအကျန် မြင်းများသည် ဟီသံပြုလိုက်ကြ၏။ ထိုအသံမှာ ရေအောက်မှ ထွက်ပေါ်လာသည့်အလား ဖြစ်နေသည်။ ထို့နောက် ၎င်းတို့သည် လေထုထဲသို့ တစ်ဖန် ပြန်လည် ပြေးလွှား ထွက်ခွာသွားကြလေတော့သည်။
သူတို့ ထွက်ခွာသွားသောအခါ သူတော်စင် က ဆက်ပြောသည်။
"အချိန်ကျပြီလို့ ယူဆတဲ့အခါ ကြီးမြတ်တဲ့ အင်ပါယာ ကလန် တွေဟာ သူတို့ရဲ့ တပည့်တွေအတွက် ပြိုင်ပွဲတစ်ခုကို ကျင်းပလေ့ရှိတယ်... အဲဒါက သူတို့ရဲ့ ထူးချွန်တဲ့ တပည့်တွေကို အချင်းချင်း ယှဉ်ပြိုင်စေပြီး အစွမ်းအစတွေကို ပြသဖို့ပဲ ဖြစ်တယ်... ဒီနည်းလမ်းနဲ့ လူငယ် မျိုးဆက်တွေဟာ သူတို့ကိုယ်သူတို့ စမ်းသပ်နိုင်ပြီး တန်းတူပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရင်း တိုးတက်လာနိုင်ကြတယ်..."
"ဒီပြိုင်ပွဲကို သရဖူမဲ့ ဘုရင် ပြိုင်ပွဲ လို့ ခေါ်တယ်..."
အီသန် ပြောတာ မှန်နေခဲ့ပြီဟူသော အတွေး ဝင်လာသောအခါ နာရူဟွမ် အနေဖြင့် အံ့သြခြင်း အလျဉ်းမရှိခဲ့ပေ။
ဤအရာမှာ နာရူဟွမ် အတွက် သတင်းသစ် တစ်ခု မဟုတ်သော်လည်း မဟူရာ မီးတောက် အင်ပါယာ နှင့် ယခင်က လုံးဝ သက်ဆိုင်ခဲ့ခြင်း မရှိပေ။ သူတို့၏ တပည့်များသည် ထိုမျှ မြင့်မားသော အဆင့်တွင် ယှဉ်ပြိုင်ရန် မထိုက်တန်ကြပေ။ အာရီလီယပ် အဆင့်နိမ့် အရှင်သခင် ထံမှ ကြိုတင် သတိပေးချက်ကိုသာ မရရှိခဲ့ပါက ဤရုတ်တရက် လိုအပ်ချက်ကြောင့် သူသည် အငိုက်မိသွားနိုင်ပေသည်။
"ဒီနှစ် ပြိုင်ပွဲက..."
အာကူရာ ချာရတီ က ဆက်ပြောသည်။
"သမိုင်းမှာ အကြီးကျယ်ဆုံး ဖြစ်လာလိမ့်မယ်..."
သူမသည် သူ၏ မေးခွန်းများကို အာရုံခံနိုင်သည့်အလား လက်ကို ရင်ဘတ်ရှေ့တွင် ယှက်ထားကာ ခေတ္တ ရပ်တန့်လိုက်သည်။
နာရူဟွမ် သည် နှိမ့်ချစွာ ပြောဆိုလေ့ မရှိသော်လည်း ယခုအချိန်မှာမူ အရိုအသေ ပေးရမည့် အချိန်ပင် ဖြစ်သည်။
"ကျွန်တော်တို့ရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပါ... အင်ပါယာတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေက ကျွန်တော်တို့နဲ့ အလှမ်းဝေးလွန်းနေပါတယ်... ဒီနှစ်မှာ ဘာတွေများ ထူးခြားနေသလဲ ဆိုတာကို သူတော်စင် အနေနဲ့ ရှင်းပြပေးနိုင်မလား..."
ငွေရောင်နှင့် ခရမ်းရောင် မာဒြာ များဖြင့် ဖွဲ့စည်းထားသော ဇီးကွက်သည် ၎င်း၏ အတောင်ပံများကို ဖြန့်ကျက်လိုက်ရာ နာရူဟွမ် ၏ စိတ်ဝိညာဉ်အတွင်းသို့ ခပ်ဖျော့ဖျော့ တုန်ယင်မှုတစ်ခု ဖြတ်သန်းသွားခဲ့သည်။ အကယ်၍ သူ၏ များပြားလှသော အတွေ့အကြုံများသာ မရှိခဲ့လျှင် ထိုခံစားချက်ကို စိတ်ကူးယဉ်မှု တစ်ခုဟုသာ သူ ထင်မှတ်မိမည် ဖြစ်သည်။
"သင် ခန့်မှန်းတာ မှန်ပါတယ်..."
ချာရတီ က ပြောသည်။
"ရှေးဟောင်း စွမ်းအားတွေ လှုပ်ရှားလာပြီ... ဘယ်သူမှ ကင်းလွတ်နိုင်မှာ မဟုတ်ဘူး... အခုအချိန်မှာ အာဏာ ချိန်ခွင်လျှာကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ရမယ်၊ ပြီးတော့ မျိုးဆက်သစ်တွေထဲကနေ ကာကွယ်သူတွေကို မြေတောင်မြှောက်ပေးရမယ်..."
မိစ္ဆာ နတ်ဘုရားများလော...။ သူ ဤမျှလောက်အထိ သံသယ ဝင်ခဲ့သော်လည်း သူ၏ စိုးရိမ်ပူပန်မှုများကို အတည်ပြုလိုက်ရသည့်အတွက် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။
"ဒါကြောင့် ငါတို့ အာကူရာ ကလန် က လက်အောက်ခံ တိုင်းပြည်တွေကိုလည်း သရဖူမဲ့ ဘုရင် ပြိုင်ပွဲ မှာ ပါဝင်ဖို့ ဖိတ်ခေါ်သွားမယ်... လာမယ့် နှစ်တွေက ငါတို့ ပင်မ မိသားစုကို သာမကဘဲ လက်အောက်ခံ အားလုံးကိုပါ စိန်ခေါ်လာလိမ့်မယ်... ဒါကြောင့် သူတို့ အားလုံးကို စမ်းသပ်ရလိမ့်မယ်..."
ယခုအချိန်အထိ နာရူဟွမ် သည် အချက်အလက်သစ်များကို အနည်းငယ်မျှသာ သိရှိရသေးသည်။ အီသန် က သူ၏ ခန့်မှန်းချက်များကို ပြောပြခဲ့ပြီး နာရူဟွမ် သည်လည်း သူကိုယ်တိုင် အချက်အလက် အချို့ကို ကောက်ချက်ချနိုင်ခဲ့သည်။ သို့သော် ထိုအရာများ အားလုံးမှာ ယခုအချိန်အထိ သီအိုရီ သဘောတရားများသာ ဖြစ်ခဲ့သည်။
ယခုအခါတွင်မူ သူသည် အလွန် လက်တွေ့ကျသော ပြဿနာ တစ်ရပ်ကို ရင်ဆိုင်နေရပြီ ဖြစ်သည်။
"မေးခွင့်ပြုမယ်ဆိုရင်... ကျွန်တော်တို့ရဲ့ တပည့်တွေက ပြိုင်ပွဲဝင်ဖို့အတွက် ဘယ်အဆင့်ကို ရောက်ရှိထားရမလဲ ခင်ဗျာ..."
"ပြိုင်ပွဲမှာ အဆင့်နိမ့် အရှင်သခင် အဆင့် အထက် ဒါမှမဟုတ် အောက် ရောက်နေသူ ဘယ်သူ့ကိုမှ ခွင့်မပြုဘူး..."
ချာရတီ က ပြောသည်။
"ဒါပေမဲ့ ပြိုင်ပွဲ ကာလအတွင်းမှာ အဆင့်တက်သွားတာကိုတော့ ခွင့်ပြုတယ်... ပြိုင်ပွဲဝင် အားလုံးဟာ အသက် သုံးဆယ့်ငါးနှစ် အောက် ဖြစ်ရမယ်၊ ပြီးတော့ ပြိုင်ပွဲဝင်က အသက်ပိုငယ်လေ ပိုပြီး မျက်နှာသာပေး ခံရလေပဲ..."
သူ မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်သည်။ အသက် သုံးဆယ့်ငါးနှစ်အောက် အဆင့်နိမ့် အရှင်သခင် များကို မဆိုထားနှင့်၊ အစစ်အမှန် ရွှေအဆင့် အနည်းငယ်မျှ မွေးထုတ်ပေးရန်ပင် သူ၏ အနေအထားဖြင့် အလွန် ခက်ခဲနေမည် ဖြစ်သည်။
"သူတော်စင် ကို စိတ်ပျက်မှု မဖြစ်စေဖို့အတွက် ကျွန်တော်တို့ အသက်ကိုတောင် ပေးဝံ့ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ သင် မျှော်လင့်ထားသလိုမျိုး လုပ်နိုင်စွမ်း မရှိဘူး ဖြစ်နေတယ်... ကျွန်တော်တို့အတွက် လူငယ် အဆင့်နိမ့် အရှင်သခင် တွေ မွေးထုတ်ပေးဖို့ ဆိုတာ..."
ခရမ်းရောင် မျက်ဝန်းများသည် အင်ပါယာရှင်၏ ပတ်လည်တွင် စုရုံးနေသော လူအုပ်ကြီးကို အကဲခတ်လိုက်သည်။ နာရူဟွမ် ကိုယ်တိုင် အပါအဝင် သူတို့ အများစုမှာ သတ်မှတ်ထားသော အသက်အရွယ်ကို ကျော်လွန်နေကြပြီ ဖြစ်သည်။ ထို့ပြင် သူမှလွဲ၍ မည်သူမျှ စွမ်းအား လိုအပ်ချက်နှင့် မပြည့်မီကြပေ။ သူမ၏ အကြည့်တွင် သနားညှာတာမှု တစ်စိတ်တစ်ပိုင်းကို သူ မြင်လိုက်ရသလို ထင်လိုက်ရပြီး သူမသည် သက်ပြင်းတို တစ်ခုကို ချလိုက်သည်။
"သင့်ရဲ့ အခြေအနေကို ငါ သိပါတယ်... ဒါကြောင့် အာကူရာ ကလန် ရဲ့ အထွတ်အမြတ် လေ့ကျင့်ရေး ကွင်းပြင်တွေထဲက တစ်ခုဖြစ်တဲ့ ညဘီး တောင်ကြားကို သင့်အတွက် ဖွင့်ပေးမယ်... သင် ကျေးဇူးတင်သင့်တယ်၊ ဒီနေရာက ငါတို့ အာကူရာ ရွှေအဆင့် တွေကို လေ့ကျင့်ပေးလေ့ရှိတဲ့ နေရာပဲ..."
***