အခန်း (၄၃၁-၄၃၂)
Vol. 31 Ch. 431-432
အပိုင်း(၄၃၁)
လင်းတုန်းသည် သူ၏ အာရုံများကို သံချပ်ကာဆီသို့ ပြန်လှည့်လိုက်သည်။ သံချပ်ကာ၏ နည်းစနစ်များကို အသက်သွင်းရန်အတွက် သူ၏ သန့်စင်သော အမြုတေ ကိုသာ အသုံးပြုသရွေ့ မာဒြာ ကိုက်ညီမှုအတွက် သူ သိပ်စိုးရိမ်စရာ မလိုပေ။ သို့သော် သန့်စင်သော မာဒြာ ဖြင့် ထိန်းသိမ်းခြင်းက လုံးဝ မရှိသည်ထက်စာလျှင်သာ ပိုကောင်းရုံမျှ ဖြစ်သည်။ သူ ဖစ်ရှာ ဂီရှာ ကို ပြသရန် လိုအပ်မည် ဖြစ်သည်။ သူ စိတ်ကြိုက် ပြုပြင်ပြောင်းလဲရန် အကြံဉာဏ် အချို့ပင် ရှိနေပြီ ဖြစ်သည်။
ပထမအချက်အနေဖြင့် ဆက်သွယ်ရေး မှော်ပစ္စည်း ကို ဖြုတ်ပစ်နိုင်ပေသည်။ ၎င်း၏ အကွာအဝေးနှင့် စွမ်းဆောင်ရည်မှာ ညံ့ဖျင်းလှပြီး ဒရော့စ်သည် ထိုလုပ်ဆောင်ချက်ကို ပိုမို မြန်ဆန်ရှင်းလင်းစွာ လုပ်ဆောင်ပေးနိုင်ပေသည်။
ထိုအခါ အမြဲတမ်း အကာအကွယ်ပေးမည့် အစီအရင် များ၊ မိုင်တစ်ထောင် တိမ်တိုက် နှင့် အလိုအလျောက် ပွင့်လာမည့် လေအတားအဆီးတို့သာ ကျန်ရှိတော့မည် ဖြစ်သည်။ မှော်ပစ္စည်း များ အချင်းချင်း အနှောင့်အယှက် မဖြစ်စေမီ သူ၏ ကိုယ်ပိုင် မှော်ပစ္စည်း များကို ထည့်သွင်းရန် နေရာများစွာ ကျန်ရှိနေသေးသည်။
မှော်ပစ္စည်း အများအပြားကို တစ်ပြိုင်နက်တည်း အသက်သွင်းရန်အတွက် မာဒြာ ပမာဏ အမြောက်အမြား လိုအပ်မည် ဖြစ်သော်လည်း ၎င်းမှာ မျှော်လင့်ထားပြီးသားပင်။ ပထမအချက်မှာ သူသည် မှော်ပစ္စည်း အားလုံးကို တစ်ပြိုင်နက်တည်း အသက်သွင်းရန် မလိုအပ်ပေ။
ဒုတိယအချက်မှာ သူ့တွင် အပိုသုံးစွဲနိုင်သော မာဒြာ များ ရှိနေသည်။
သူသည် သံချပ်ကာ၏ ညာဘက်လက်နှင့် အလုပ်ရှုပ်နေပြီး သူ၏ ဝိညာဉ်အကြွင်းအကျန် အစားထိုး လက်တုဖြင့် အဆင်ပြေမည်၊ မပြေမည် သို့မဟုတ် ထိုလက်ဖြူဖြူကြီးက အစီအရင် များကို အနှောင့်အယှက် ဖြစ်စေမည်၊ မဖြစ်စေမည်ကို စမ်းသပ်ကြည့်နေစဉ် အီသန်သည် တံခါးကို ရုတ်တရက် ဖွင့်လိုက်သည်။
"ထိတ်လန့်စရာ မတော်တဆမှုတွေ မဖြစ်သေးဘူး မဟုတ်လား... ကောင်းတယ်... ဘာလို့လဲဆိုတော့ စကိုင်းဆွန်းအဖွဲ့ က ငါတို့အဖွဲ့ကို တရားဝင် မှတ်ပုံတင်ဖို့အတွက် မကြာခင်မှာ တာဝန်တစ်ခု ယူခိုင်းထားလို့ပဲ..."
လင်းတုန်းသည် သိပ်မမြန်ဆန်လွန်းစေရန် မျှော်လင့်မိသည်။ သူတို့ မြို့သို့ ပြန်ရောက်သည်မှာ တစ်ညသာ ရှိသေးပြီး ပူနွေးသော အစားအစာများနှင့် သန့်ရှင်းသော အိပ်ရာများကို အချိန်အနည်းငယ် ပို၍ ခံစားချင်နေသေးသည်။ ထို့အပြင် အပြန်ခရီးတွင် ယီရင်နှင့် လုံလောက်အောင် စကားမပြောခဲ့ရပေ။
"အခုချက်ချင်းဆိုရင် ဘယ်လိုလဲ..."
အီသန်က ဆက်ပြောသည်။
"အနီးအနားမှာ အခွင့်အရေးကောင်း တစ်ခုကို ငါ အမှတ်မထင် တွေ့ထားလို့လေ..."
ယီရင်က ညည်းတွားလိုက်သည်။ အော်သိုက မီးခိုးများ မှုတ်ထုတ်လိုက်သည်။ အပြာလေးသည် ဝမ်းနည်းဖွယ်ရာ ဖန်ခွက်လေးများ တိုက်မိသံ ပြုလုပ်လိုက်ပြီး လင်းတုန်း၏ ဖိနပ်ထဲမှ တဖြည်းဖြည်း တွယ်တက်လာခဲ့သည်။ မာစီပင်လျှင် သူမ၏ တုတ်တံကို မှီကာ သက်ပြင်းချလိုက်သည်။
[အခွင့်အရေးကောင်း တစ်ခု ဟုတ်လား... ပုံမှန် အခွင့်အရေးတစ်ခု ဆိုရင်တော့ ငါတို့ လက်လွှတ်ပြီး တစ်ရက်လောက် နားလိုက်ကြရအောင်လို့ ပြောမလို့ပဲ... ဒါပေမဲ့ အခွင့်အရေးကောင်း တစ်ခု ဆိုတော့... ငါတို့ ဘယ်လို ငြင်းရက်မှာလဲ...]
လင်းတုန်း၏ ဝမ်းဗိုက်ထဲတွင် အပြစ်ရှိသလို ခံစားချက်တစ်ခု ဖြတ်သန်းသွားသည်။ သူက အေးအေးဆေးဆေး နေဖို့ ဘယ်လိုများ တွေးနေမိပါလိမ့်။ သူ့တွင် သွားရမည့် ခရီးရှည်ကြီး ရှိသေးပြီး ပျင်းရိနေဖို့ အခွင့်အရေး မရှိပေ။
သို့သော် မနေ့ညက သူသည် အန္တရာယ် ရှိနေသည်ဟု ထင်မှတ်ကာ ခြောက်ကြိမ်ထက်မက ချွေးပြန်ကာ နိုးလာခဲ့သည်။ သူ လုံခြုံစွာ မအိပ်စက်ခဲ့ရသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ တစ္ဆေရေ နယ်မြေ တွင် သူ တစ်ခါမှ အမှန်တကယ် လုံခြုံသည်ဟု မခံစားခဲ့ရဘဲ ယခုလည်း ထိုခံစားချက်ကို ဖျောက်ဖျက်၍ မရနိုင်သေးပေ။
အီသန်သည် သူတို့၏ စိတ်အခြေအနေကို သတိပြုမိသွားပုံရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အပြုံးသည် စာနာမှုအဖြစ် ပြောင်းလဲသွားသောကြောင့်တည်း။
"ယုံချင်ယုံ မယုံချင်နေ... အနားယူတာက တန်ဖိုးရှိတယ်လို့ ငါ တကယ် ယုံကြည်ပါတယ်... မင်းတို့ အရမ်း ကြိုးစားခဲ့ကြတယ်၊ ပြီးတော့ ဘယ်လက်နက်ကိုမဆို အကန့်အသတ်ထက် ကျော်လွန်ပြီး ကြာရှည် အသုံးပြုမယ်ဆိုရင် ကျိုးပဲ့သွားလိမ့်မယ်... ဒါပေမဲ့ အချိန်က မစောင့်တဲ့အတွက် မင်းတို့ကို နောက်ဆုံးအနေနဲ့ တစ်ကြိမ်လောက် တွန်းအားပေးရမှာ စိုးရိမ်မိတယ်..."
ဒါက နောက်ဆုံးအကြိမ် မဟုတ်ဘူးဆိုတာ လင်းတုန်း သေချာ သိနေသည်။
"ငါက လျှို့ဝှက်ချက်မရှိတဲ့ စာအုပ်တစ်အုပ်ပါ..."
အီသန်သည် လက်များကို ဖြန့်ကားလိုက်သည်။
"ငါ့ဆီကနေ ဘာသိချင်လဲ..."
လင်းတုန်း ထိုအခွင့်အရေးကိုပင် သေချာ မစဉ်းစားရသေးမီ ယီရင်က ရိုးရှင်းစွာပင် မေးလိုက်သည်။
"အဆင့်နိမ့် အရှင်သခင် အဆင့်ကို ဘယ်လိုတက်ရမလဲ..."
လင်းတုန်းတွင် တိုက်ရိုက် အဖြေသိလိုသော အရာများစွာ ရှိနေသော်လည်း ထိုအရာက အရေးအကြီးဆုံး ဖြစ်သည်။ သူသည် တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်သည်။
"တကယ်လို့ ခင်ဗျားသာ ကျွန်တော်တို့ကို အဆင့်နိမ့် အရှင်သခင် အဆင့်ဆီ လမ်းညွှန်ပေးနိုင်မယ်ဆိုရင် ကျေးဇူးတင်မိမှာပါ..."
အီသန်သည် ကန့်ကွက်မည့်စကားကို စောင့်ဆိုင်းနေသည့်အလား မာစီနှင့် အော်သိုတို့ဘက်သို့ လှည့်ကြည့်လိုက်သော်လည်း မည်သူကမျှ တစ်ခွန်းမှ မဟခဲ့ပေ။ မာစီသည် သတင်းဆိုးတစ်ခုအတွက် ပြင်ဆင်နေသည့်ပုံ ပေါက်နေသော်လည်း အော်သိုထံမှမူ ထိန်းချုပ်ထားသော စိတ်အားထက်သန်မှုကို လင်းတုန်း ခံစားလိုက်ရသည်။
"အင်း... ကောင်းပြီလေ... အဆင့်နိမ့် အရှင်သခင် ပေါ့..."
အီသန်သည် သူ၏ အတွေးများကို စုစည်းနေသည့်အလား မေးစေ့ကို ပွတ်သပ်လိုက်သည်။
"အဆင့်နိမ့် အရှင်သခင် အဆင့်ကို ရောက်ဖို့ အဆင့်သုံးဆင့် ရှိတယ်... ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ခြင်း၊ ကိုယ့်ပတ်ဝန်းကျင်က ကမ္ဘာကြီးကို ထိန်းချုပ်နိုင်ခြင်း နဲ့ ကမ္ဘာကြီးနဲ့ ကိုယ့်ကိုယ်ကိုယ် ဆက်သွယ်ခြင်းတို့ပဲ... အဲဒီထဲမှာ တတိယအဆင့်က လျှို့ဝှက်ဆန်းကြယ်ဆုံးပဲ..."
‘ဝိညာဉ်မီးတောာက်ကရော ဘယ်လိုလဲ...’
လင်းတုန်းက ဒရော့စ်ကို မေးလိုက်သည်။
[အဲဒါက မင်းရဲ့ ပတ်ဝန်းကျင်က ကမ္ဘာကြီးနဲ့ ဆက်သွယ်လိုက်တာကနေ ထွက်ပေါ်လာတဲ့ နောက်ဆက်တွဲ ရလဒ်ပဲ...]
ဒရော့စ်က ပြောသည်။
[မပူပါနဲ့၊ အဆင့်နိမ့် အရှင်သခင် အဆင့်ကို တက်လှမ်းတာနဲ့ ပတ်သက်ပြီး ငါ အကုန်သိပါတယ်... ဒါပေမဲ့ ငါ့မှတ်ဉာဏ်တွေက ရှုပ်ထွေးနေပြီး အစိတ်အပိုင်း တချို့ ပျောက်ဆုံးနေတာကြောင့် အရင်ဆုံး သူ့စကားကို နားထောင်ကြည့်ကြရအောင်နော်... သူ ဘာအကြောင်းပြောနေလဲဆိုတာ သေချာအောင်လို့ပါ...]
အီသန်က ဆက်ပြောသည်။
"ပထမအဆင့် အနေနဲ့ မင်းတို့ရဲ့ ဝိညာဉ် နေရာလပ် ကို ဖွင့်ရမယ်၊ အဲဒီလိုလုပ်ဖို့ အစစ်အမှန် ရွှေအဆင့် ရဲ့ အထွတ်အထိပ်ကို ရောက်ရှိရမှာဖြစ်ပြီး မင်းတို့ရဲ့ မာဒြာ တွေကို အပြည့်အဝ ထိန်းချုပ်နိုင်ရမယ်..."
ထိုအချက်ကို လင်းတုန်း နားလည်ပြီး ဖြစ်သည်။ ကျင်းလုံ သည် သူ တတ်နိုင်သမျှ မာဒြာ များကို စုပ်ယူ ချေဖျက်ပြီးနောက် ထိုအခြေအနေသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
"ဒုတိယအချက် အနေနဲ့ မင်းတို့ဟာ အော်ရာ ကနေ ဝိညာဉ်မီး ကို ဖန်တီးရမယ်... အရှင်သခင် ဖြစ်လာမယ့်သူ အများစုက ဒီအဆင့်မှာ ကျရှုံးတတ်ကြတယ်၊ ဒါပေမဲ့ မင်းတို့အတွက် အသုံးဝင်မယ့် လှည့်ကွက်တချို့ ငါ့ဆီမှာ ရှိတယ်..."
[အို... အဲဒါက စစ်မှန်တဲ့ ကျင့်ကြံသူ တစ်ယောက်အတွက်တော့ သိပ်မခက်ပါဘူး...]
ဒရော့စ်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။ လင်းတုန်း၏ စိတ်ဓာတ်များ တက်ကြွသွားသည်။
[သို့မဟုတ် နော့သ်စထရိုက်တာက အဲဒီလို ပြောခဲ့တာလားပဲ...]
ထိုအရာက စိတ်သက်သာရာ ရစေသလား၊ မရစေဘူးလား ဆိုသည်ကို လင်းတုန်း သေချာ မသိတော့ပေ။ တစ်ဖက်တွင် အင်ပါယာ တစ်ပါးသည် သိုင်းပညာ အပေါ် ကြီးမားသော နားလည်မှု ရှိမည်မှာ သေချာသည်။ အခြားတစ်ဖက်တွင်မူ သူတို့တွင် မဖြစ်နိုင်သော စံနှုန်းများ ရှိနေနိုင်သည်။ သူ့အတွက် လက်တစ်ဖက် မြှောက်လိုက်ရသလောက် ရိုးရှင်းသော အရာသည် လင်းတုန်းအတွက်မူ နားလည်နိုင်စွမ်း မရှိသော ပဟေဠိ တစ်ခု ဖြစ်နေနိုင်ပေသည်။
"ပြီးတော့ တတိယနဲ့ နောက်ဆုံး အဆင့်အနေနဲ့..."
အီသန်က ဆက်ပြောသည်။
"မင်းတို့ရဲ့ ခန္ဓာကိုယ်ကို ပြန်လည် ပုံသွင်းဖို့ မင်းတို့ရဲ့ ဝိညာဉ်မီးတောက်ကို ခေါ်ယူရမယ်... နားထောင်ရတာ လွယ်တယ်လို့ ထင်ရတယ် မဟုတ်လား... မလွယ်ပါဘူး..."
[အဲဒါကို ဟာမိုနီက ငါ့ကို မေးခဲ့တာပဲ...]
ဒရော့စ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
[အခု ငါ့ကို မေးတာတော့ မဟုတ်ဘူး၊ ငါက သစ်ပင်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နေတုန်းက ငါ့ကို မေးခဲ့တာ... မင်း မှတ်မိမှာပါ... သူက တတိယအဆင့်ကို ပြီးမြောက်အောင် မလုပ်နိုင်ဘဲ အဆင့်နိမ့် အရှင်သခင် အဆင့်ကို မတက်လှမ်းနိုင်ခဲ့ဘူးလေ၊ ဒါကြောင့် ဘယ်လိုလုပ်ရမလဲ ဆိုတာ ငါ့ကို မေးခဲ့တာ...]
‘မင်း ဘယ်လို ပြန်ဖြေခဲ့လဲ...’
လင်းတုန်းက မေးလိုက်သည်။
အီသန်သည် ဒရော့စ်၏ စကားကို ဖြတ်ကာ ဆက်ပြောလိုက်သည်။
"အဆင့်နိမ့် အရှင်သခင် အများစုက ဝိညာဉ်မီးတောက် အသွင်ပြောင်းလဲမှုကို လှုံ့ဆော်ပေးပြီး ခန္ဓာကိုယ်ကို ပြန်လည်ပုံသွင်း... အဲဒီလိုနဲ့ ကိုယ့်ပတ်ဝန်းကျင်က ကမ္ဘာကြီးနဲ့ ဆက်သွယ်ပေးတဲ့ လျှို့ဝှက်ချက်ကို မသိကြဘူး... သူတို့ ကိုယ်တိုင် အဲဒီအဆင့်ကို ဖြတ်ကျော်ခဲ့ကြပေမဲ့ ဘယ်လို နားလည်သဘောပေါက်မှုမျိုးက အဲဒါကို ဖြစ်နိုင်စေခဲ့တာလဲ ဆိုတာကို အတိအကျ သတိမထားမိကြဘူး..."
[ပြန်မှတ်မိဖို့က... ခက်ခဲတယ်... အရင်တုန်းက ငါ့မှာ မှတ်ဉာဏ်တွေ ပိုများခဲ့တယ်... ဒါပေမဲ့ ဟာမိုနီကိုတော့... သူ့အသက်ကို အန္တရာယ်ကြားထဲ ပို့လိုက်ရင် အားလုံး ရှင်းလင်းသွားလိမ့်မယ်လို့ ငါ ပြောခဲ့တယ်...]
ဒရော့စ်သည် တစ်ခဏမျှ ရပ်တန့်သွားသည်။
[ငါ ဘာလို့ အဲဒီလို ပြောခဲ့တာပါလိမ့်... အဲဒါက တော်တော် ဆိုးရွားတဲ့ အကြံဉာဏ်ပဲ...]
အနည်းဆုံးတော့ ထိုအရာက ဟာမိုနီသည် လင်းတုန်းကို တိုက်ခိုက်ရန် အဘယ်ကြောင့် ထိုမျှ စိတ်ပိုင်းဖြတ်ထားခဲ့သနည်း ဆိုသည်ကို ရှင်းပြရာရောက်ပေသည်။
"အဲဒါက ကိုယ်ပိုင် အသိအမြင် တစ်ခုပဲ..."
အီသန်က ပြောသည်။
"ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်မှုက မင်းရဲ့ အတွင်းပိုင်းက ဝိညာဉ်မီးတာက်ကို ပတ်ဝန်းကျင်က အော်ရာ တွေနဲ့ ပဲ့တင်ထပ်စေပြီး အဆင့်တက်ခြင်းကို အသက်သွင်းပေးတာပဲ..."
ယီရင်သည် အစိမ်းရောင် သံချပ်ကာ လက်ရုံးများကို အနေရခက်စွာ ယှက်ထားရင်း တွေးတောနေဟန်ရှိပြီး သူမ၏ ရွှေအဆင့် သင်္ကေတ များသည် ခေါင်းပေါ်တွင် ဝဲပျံနေကြသည်။ လင်းတုန်း အနေဖြင့် အကြောင်းရင်းကို မသိနိုင်သော်လည်း မာစီသည် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် မျက်နှာထား တင်းမာနေသည်။ ထို့ပြင် အော်သို၏ စိတ်ဝိညာဉ် ထံမှလည်း သူ လိုချင်သော်လည်း ဘယ်သောအခါမျှ မရနိုင်တော့သည့် အရာတစ်ခု အကြောင်း ပုံပြင်တစ်ပုဒ်ကို ကြားလိုက်ရသည့်အလား တမ်းတလွမ်းဆွတ်မှုများ လွင့်ပျံလာခဲ့သည်။ အပြာလေးသည် အသံလေး ပြုလိုက်ပြီး လင်းတုန်း၏ အိတ်ကပ်ထဲသို့ ပြန်ပြေးဝင်သွားကာ အိပ်စက်ရန် ကွေးကွေးလေး နေလိုက်သည်။
နောက်မှ ချရေးမှတ်ထားမည်ဟု တွေးတောရင်း လင်းတုန်းသည် ထိုလုပ်ငန်းစဉ်ကို မှတ်ဉာဏ်ထဲတွင် မှတ်သားထားလိုက်လေသည်။
***
အပိုင်း(၄၃၂)
‘အဆင့်နိမ့် အရှင်သခင် အဆင့်ကို တက်လှမ်းတာနဲ့ ပတ်သက်ပြီး မင်း ဘာတွေ ထပ်သိသေးလဲ...’
လင်းတုန်း ဒရော့စ်ကို တိတ်ဆိတ်စွာ မေးလိုက်သည်။
ထို မှော်ပစ္စည်း ၏ အသံတွင် တမ်းတမှုများ ပြည့်နှက်နေသည်။
[အားလုံးပဲ... ဒါမှမဟုတ် အနည်းဆုံးတော့ အရင်က ငါ သိခဲ့ဖူးတယ်... အဲဒါက စကြဝဠာထဲက အသိပညာ အားလုံးရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နေသလိုပဲ၊ အားလုံးကို တစ်ပြိုင်နက်တည်း သိနေရတာ၊ အဲဒီနောက်မှာတော့ ရိုင်းရိုင်းစိုင်းစိုင်း ဆွဲဖြဲခံလိုက်ရပြီး လူတစ်ယောက်ရဲ့ ခေါင်းထဲကို ပစ်ထည့်ခံလိုက်ရသလိုပဲ... အဲဒါက သိတဲ့အတိုင်းပဲလေ... အရမ်းကောင်းတာပေါ့...]
‘ခွင့်လွှတ်ပါ... မင်းကို နာကျင်အောင် လုပ်ဖို့ ငါ မရည်ရွယ်ပါဘူး... မင်း မှတ်မိနေတဲ့ အသေးငယ်ဆုံး အစိတ်အပိုင်းလေး တစ်ခုကတောင် အထောက်အကူ ဖြစ်နိုင်ပါတယ်...’
[...မင်းက အရမ်း အလေးအနက် ထားလွန်းတယ်၊ အရင်ကလည်း မင်းကို ငါ ပြောဖူးပါတယ်... ငါ ညည်းတွားနေရုံ သက်သက်ပါ...]
ဒရော့စ်က သက်ပြင်းချလိုက်သည်။
[နားထောင်စမ်းပါ၊ ပထမအဆင့် အတွက် မင်းမှာ ပြဿနာ ရှိမှာ မဟုတ်ဘူး... မင်းရဲ့ သန့်စင်တဲ့ အမြုတေ က စံနှုန်းမီသွားတာနဲ့ ပြဿနာ မရှိတော့ဘူး... အခုတော့ အဲဒါက ပိန်လှီပြီး နည်းနည်း အားနည်းနေတယ်၊ ဒါကြောင့် မင်း အဲဒါကို အားဖြည့်ပေးချင်လိမ့်မယ်... အရိုးပေါ် အရေတင်လေး ဖြစ်နေတာကို အသားလေး ဘာလေး ပြည့်လာအောင် လုပ်ရမယ်... ဒုတိယအဆင့်ကတော့... ကြွားတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ အဲဒါကို ငါ ဖြေရှင်းပေးနိုင်တယ်... ပြဿနာ မရှိဘူး... မင်းက အော်ရာ တွေရဲ့ ပေါင်းစပ်ညီညွတ်မှုကို အာရုံခံရမှာ၊ ခေါင်းထဲမှာ စိတ်ပိုင်းဆိုင်ရာ စိတ်ဝိညာဉ် တစ်ခု ရှိနေရင် ဒါက အများကြီး ပိုလွယ်သွားပြီ...]
ဤတစ်ကြိမ်တွင် လင်းတုန်းသည် မှတ်စုများ ရေးမှတ်ထားချင်စိတ် ပေါ်လာသော်လည်း မာစီအား သူ၏ ဟင်းလင်းပြင် သော့ ကို မပြသလိုသေးပေ။ အီသန်ကိုလည်း ထိုနည်းလည်းကောင်းပင်။
ပိုမို ကောင်းမွန်သော တုံ့ပြန်မှု ရရှိမည့် အချိန်ရောက်မှသာ အီသန်ကို အံ့အားသင့်စေချင်ခဲ့သည်။
[တတိယအဆင့်က ထူးဆန်းတယ်... မင်းက သိုင်းပညာ ကို ကျင့်ကြံရတဲ့ မင်းရဲ့ အကြောင်းရင်းကို ရှာဖွေရလိမ့်မယ်...]
‘ဒါပဲလား... ငါ့ရဲ့ စေ့ဆော်မှုက ဘာတွေကိုများ ပြောင်းလဲသွားစေမှာလဲ...’
သူသည် အရှင်သခင် များ ချန်ရစ်ခဲ့သော အိပ်မက် မှတ်တမ်းပြား များကို ကြုံတွေ့ခဲ့ဖူးပြီး ဝိညာဉ်မီး ကို လမ်းကြောင်းပေးရသည့် ခံစားချက်ကိုလည်း သူ စိတ်ကူးကြည့်၍ ရနိုင်ဆဲ ဖြစ်သည်။ အဆင့်တက်ခြင်း၏ လျှို့ဝှက်ချက်မှာ ဝိညာဉ်မီး ကျင့်ကြံခြင်း နည်းစနစ် တစ်ခု ဖြစ်မည်ဟု သူ သေချာ ယုံကြည်ထားခဲ့သည်။
သူ့ကိုယ်သူ သိရှိနားလည်ခြင်းက အဆင့်တက်ခြင်းနှင့် ဘာများ သက်ဆိုင်နေသနည်း။ ၎င်းသည် သိုင်းပညာ နှင့် လုံးဝ သက်ဆိုင်မှု မရှိသကဲ့သို့ပင် ခံစားနေရသည်။
[နော့သ်စထရိုက်တာရဲ့ မှတ်ဉာဏ်တွေက ငါ့ကို တစ်ခုခု သင်ပေးခဲ့တယ် ဆိုရင်...]
ဒရော့စ်က ပြောသည်။
[အဲဒါက သိုင်းပညာ တွေဟာ ပိုပြီး ထူးဆန်းလာတာပဲ ဆိုတာကို သင်ပေးခဲ့တာပဲ...]
အီသန်သည် လေဟာပြင်သို့ စိုက်ကြည့်ရင်း လက်ခုပ်တီးလိုက်သည်။
"ဒီအတိုင်းဆိုရင် ငါတို့မှာ ငါ ထင်ထားတာထက်တောင် အချိန်ပိုပြီး ကန့်သတ်ချက် ရှိနေတယ်၊ ဒါကြောင့် အခု ငါတို့ အားလုံး သံချပ်ကာတွေ ဝတ်ဆင်ပြီးပြီဆိုတော့ မင်းတို့ကို ရွေးချယ်စရာ တစ်ခု ပေးမယ်..."
လင်းတုန်းသည် သူ၏ သံချပ်ကာကို အလျင်စလို စတင် ဝတ်ဆင်လိုက်သည်။ သံချပ်ကာ ဝတ်စုံအတွင်းသို့ ရေရှည်အတွက် လုံခြုံရေး အစီအရင် အချို့ မရေးဆွဲနိုင်မီအထိ သူ၏ ညာဘက်လက်ကို ထိန်းချုပ်ထားရမည် ဖြစ်သည်။
အီသန်သည် သူ၏ ခေါင်းကို ဘယ်ဘက်သို့ စောင်းလိုက်သည်။
"အင်ပါယာအတွက် အကျိုးကျေးဇူး ကြီးမားစေမယ့် ငါ တွေ့ရှိထားတဲ့ လျှို့ဝှက် တာဝန်တချို့ကို သွားလုပ်လို့ရတယ်... ဒါမှမဟုတ်..."
သူက ခေါင်းကို အခြားတစ်ဖက်သို့ စောင်းလိုက်သည်။
"...မင်းတို့ကို အဆင့်နိမ့် အရှင်သခင် အဆင့်ရောက်အောင် လေ့ကျင့်ပေးဖို့ ငါ သိထားတဲ့ အထိရောက်ဆုံး နည်းလမ်းအတိုင်း စတင် လုပ်ဆောင်နိုင်တယ်... အားလုံးက မင်းတို့အပေါ်မှာပဲ မူတည်တယ်..."
"တာဝန်တွေပဲ..."
မာစီက သူမ၏ တောင်ဝှေးကို မြှောက်ကာ ပြောလိုက်သည်။
"အဆင့်နိမ့် အရှင်သခင် အဆင့်ကို ရောက်အောင်လား..."
လင်းတုန်းနှင့် ယီရင်တို့က တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။
အီသန်က အံ့သြဟန်ဖြင့် အသက်ရှူမှားသွားသည်။
"ဒါက အံ့သြစရာကောင်းတဲ့ တိုက်ဆိုင်မှုပဲ၊ ဘာလို့လဲဆိုတော့ မင်းတို့ကို လေ့ကျင့်ပေးဖို့ ငါ့မှာရှိတဲ့ အထိရောက်ဆုံး နည်းလမ်းအတွက် ငွေအများကြီး ရှာဖို့ လိုအပ်တယ်လေ... ပြီးတော့ ငါတို့အတွက် ရရှိနိုင်တဲ့ အမြတ်အစွန်း အများဆုံး အလုပ်ကတော့..."
သူက စာရွက်တစ်ထပ်ကို မြှောက်ပြလိုက်သည်။
"...စကိုင်းဆွန်းအဖွဲ့ အတွက် တာဝန်တွေကို ပြီးမြောက်အောင် လုပ်ဖို့ပဲ..."
အော်သိုက ရယ်မောလိုက်သည်။ ယီရင်က အီသန်ကို ခံစားချက်မဲ့စွာ စိုက်ကြည့်လိုက်သည်။ မာစီကမူ စိတ်လှုပ်ရှားနေပုံရသည်။ အပြာလေးသည် လေချွန်သံကဲ့သို့ ဟောက်သံလေး တစ်ခု ထွက်ပေါ်လာပြီး လင်းတုန်း၏ အိတ်ကပ်ထဲတွင် ပိုမို တင်းကျပ်စွာ ကွေးလိုက်သည်။
လင်းတုန်းက မေးလိုက်သည်။
"အာရီလီယပ် မိသားစု ကရော ဘယ်လိုလဲ..."
အီသန်သည် မိသားစုက သူ့ကို သုံးစွဲခွင့်ပြုသည့် ပမာဏအပေါ် ကန့်သတ်ခံထားရကြောင်း သူ သိသော်လည်း အလျင်အမြန် ရရှိနိုင်မည့် အကြီးမားဆုံးသော ရန်ပုံငွေ အရင်းအမြစ်မှာ အာရီလီယပ် မိသားစု ထံမှသာ သေချာပေါက် ဖြစ်ပေလိမ့်မည်။
အီသန်က လည်ချောင်းဟန့်လိုက်သည်။
"ငါတို့ကြားထဲမှာ ယာယီ သဘောထားကွဲလွဲမှု တချို့ ရှိနေလို့ပါ... ငါ အရင်ကလို မိသားစု ရန်ပုံငွေတွေကို သုံးစွဲခွင့် မရှိတော့ဘူးလို့ ပြောရင် လုံလောက်ပါပြီ..."
လင်းတုန်းသည် ထပ်မံ၍ စူးစမ်း မမေးမြန်းလိုတော့သော်လည်း သူ၏ စိတ်ထဲတွင် စိတ်ပျက်သွားမိသည်။ အာရီလီယပ် မိသားစု ၏ အရင်းအမြစ်များ မရှိပါက အဆင့်တက်ရန်မှာ အလွန် ခက်ခဲသွားမည် ဖြစ်သည်။
"တစ္ဆေရေ နယ်မြေ မှာ ကံကောင်းမှု တချို့ ကျွန်တော် ကြုံခဲ့ရတယ်..."ေ
သူက ဝန်ခံလိုက်သော်လည်း သူ၏ စစ်ပွဲမှ ရရှိလာသော လက်ရပစ္စည်းများကို သူ့သဘောဆန္ဒအလျောက် ထုတ်ပေးရခြင်းက သူ၏ ဝမ်းဗိုက်ကို လှံဖြင့် ထိုးဖောက်လိုက်သကဲ့သို့ ခံစားရစေသည်။
"ရွှေနဂါး တစ်ကောင်ဆီကနေ ကျွန်တော် ပြန်ရလာတဲ့... အနုပညာ ပစ္စည်းတွေပါ... အဲဒါတွေက သိုင်းပညာ အတွက် ဘာအထောက်အကူမှ မပေးနိုင်ပေမဲ့ ရောင်းလိုက်လို့ ရတယ်လို့ အော်သို က အကြံပေးဖူးတယ်..."
သူ အသုံးပြုနိုင်မည့် ငွေကြေးများကို လက်လွှတ်ရမည်ကို သူ မုန်းတီးသော်လည်း အကယ်၍ အီသန်က သူတို့အားလုံး အတူတကွ အဆင့်တက်နိုင်မည့် နည်းလမ်းကို အမှန်တကယ် သိထားပါက လင်းတုန်းသည် ၎င်းတို့ကို ထည့်ဝင်မည် ဖြစ်သည်။
အီသန်က သူ၏ ကျောကို ပုတ်လိုက်သည်။
"ရက်ရောလိုက်တာ... တကယ်ပါပဲ၊ တပည့်က ဆရာ့ခြေရာ နင်းတာပဲ... ကဲ၊ အခု ငါတို့ သွားကြရအောင်... အဲဒီ မိလ္လာ ဝိညာဉ်တွေက သူတို့ဘာသာ သူတို့တော့ ပေါက်ကွဲသွားကြမှာ မဟုတ်ဘူးလေ..."
ယီရင်သည် ယခင်က အာရီလီယပ် မိသားစု အတွက် အလုပ်လုပ်ပေးခဲ့ဖူးပြီး ထိုအချိန်များကို လွမ်းဆွတ်နေကြောင်း သူမ ဘယ်တော့မှ အသံထွက်၍ ပြောမည်မဟုတ်ပေ။ စကိုင်းဆွန်းအဖွဲ့ အတွက် အလုပ်လုပ်ရခြင်းမှာလည်း အတူတူလောက်နီးပါးပင် ဖြစ်သည်။
ပြီးမြောက်ရန် လွယ်ကူရိုးရှင်းသော တာဝန်တစ်ခုနှင့် ရည်ရွယ်ချက်တစ်ခု ရှိနေခြင်းက ကောင်းမွန်လှပေသည်။ မိလ္လာ ဝိညာဉ်များသည် ပျက်စီးယိုယွင်းစေသော၊ အဆိပ်သင့်စေသော အော်ရာ များမှ ဖြစ်ပေါ်လာပြီး လူနေအိမ်များအတွင်းသို့ တိုးဝင်လာကာ အိမ်မွေးတိရစ္ဆာန်များနှင့် အားနည်းသော ဝိညာဉ်အကြွင်းအကျန် များကို စားသောက်နိုင်သည်အထိ ကြီးထွားလာကြသည်။ ၎င်းတို့ကို ခြေရာခံပြီး အပိုင်းပိုင်း ခုတ်ထစ်ပစ်ရုံသာ ဖြစ်ကာ ထို့နောက် ၎င်းတို့၏ မြစ်ဖျားခံရာဆီသို့ ပြန်လည် ခြေရာခံရသည်။ အာရီလီယပ် မိသားစု သည် အလယ်ဗဟိုရှိ အရှုပ်အထွေး အားလုံးကို ရှင်းလင်းပေးရမည် ဖြစ်သော်လည်း စကိုင်းဆွန်းအဖွဲ့ သည် ကျင့်ကြံခြင်း လောကအတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် တည်ရှိနေခြင်း ဖြစ်သည်။ အလွန်အမင်း အစွမ်းထက်လာသော ဝိညာဉ်များကို ကိုင်တွယ်ဖြေရှင်းခြင်းသည် သူတို့၏ အလုပ်ပင် ဖြစ်သည်။
ထိုနောက် ရက်အနည်းငယ်အကြာတွင် ချွတ်ယွင်းနေသော ကုသရေး မှော်ပစ္စည်း များကို ရောင်းချနေသည့် ဖောက်ပြန်သော မှော်ပစ္စည်း ဖန်တီးသူ တစ်စုကို သူတို့ လိုက်လံ ဖမ်းဆီးခဲ့ကြသည်။ သူတို့သည် ခွန်အားအတွက် အစစ်အမှန် ရွှေအဆင့် သားရဲ တစ်အုပ်ကို ငှားရမ်းထားခဲ့သောကြောင့် ထိုပွဲမှာ အနည်းငယ် ပြင်းထန်သွားခဲ့သည်။
နောက်ထပ် ဆယ်ရက်ကြာသောအခါ ခိုးယူခံရသော လက်နက်များကို ပြန်လည် သိမ်းဆည်းခဲ့ပြီး မှော်ပစ္စည်း ဖန်တီးသူ များ၏ ထောက်ပံ့ရေး ပစ္စည်းများကို ဖြည့်တင်းရန် ဝိညာဉ်အကြွင်းအကျန် များကို အမဲလိုက်ခဲ့ကာ မှော်ပစ္စည်း ဖန်တီးသူ များက ဓားပြများဟု ခေါ်သော အဖွဲ့တစ်ဖွဲ့ရန်မှ ခြံတစ်ခြံကို ကာကွယ်ပေးခဲ့သည်။ အဆုံးတွင် သူတို့သည် မိစ္ဆာ နတ်ဘုရား ၏ တိုက်ခိုက်မှုအပြီး အိမ်များမှ နှင်ထုတ်ခံခဲ့ရသော ဆာလောင်မွတ်သိပ်နေသည့် ဒေသခံများ ဖြစ်နေကြောင်း သိလိုက်ရပြီး အစားအစာ အပြည့်ပါသော သေတ္တာတစ်လုံးနှင့် အလဲအလှယ်လုပ်ကာ ပြဿနာ ထပ်မရှာတော့ရန် သဘောတူသွားခဲ့ကြသည်။
အခြားကိစ္စရပ်များ ကြားထဲတွင် အင်ပါယာရှင်၏ နောက်ဆုံး အမိန့်ပြန်တမ်းကို သူတို့ ကြီးကြပ်ပေးခဲ့ရသည်။ သူသည် အရေးပါသော ဂိုဏ်းများ၊ ကျောင်းတော်များနှင့် ကလန် အားလုံးကို မဟူရာ မီးတောက် မြို့ ဆီသို့ ခေါ်ယူထားခဲ့ပြီး မုန်တိုင်းကျောက် မြို့ကြီးပင်လျှင် ထိုအရပ်ဆီသို့ လွင့်မျောသွားနေခဲ့သည်။ သူတို့သည် မြို့တော်ဆီသို့ ဦးတည်နေသော ကုန်သွယ်ရေး ယာဉ်တန်းများ၊ တိမ်တိုက်သင်္ဘော များနှင့် ကျင့်ကြံသူ တန်းစီချီတက်မှုများကို ဖြတ်ကျော်သွားခဲ့ကြပြီး သေချာပေါက် စကားနားမထောင်လိုသော ခံတပ်နှင့် ဂိုဏ်း အနည်းငယ်လည်း ပါဝင်ပေသည်။
ခေါင်းမာသော အစစ်အမှန် ရွှေအဆင့် များကို အမိန့်နာခံလာစေရန် ခြိမ်းခြောက်ရခြင်းက ယီရင်၏ နေ့ရက်များတွင် တောက်ပသော အခိုက်အတန့် တစ်ခု ဖြစ်သည်။ လွန်ခဲ့သော အချိန်သိပ်မကြာမီက သူတို့သည် သူမကို မြေပြင်နှင့် အလွတ်တိုက်ပစ်နိုင်ခဲ့သော်လည်း ယခုအခါတွင်မူ တံခါးပေါက်မှ သူမ ဝင်လာသည်နှင့် သူတို့၏ ကျောရိုးများကို ဖြောင့်မတ်သွားအောင် နေရလေပြီ။
ထို့ပြင် ယခုအခါ လင်းတုန်း၏ အတွင်း၌ စိတ်ဝိညာဉ် တစ်ခု ရှိနေပြီဖြစ်ရာ ၎င်းသည် စူးရှသော အကြည့်များအတွက် သဘာဝ ပါရမီ ပါလာခဲ့သည်။ အမည်းရောင် မျက်ဝန်းများဖြင့် စိုက်ကြည့်ရုံသက်သက်ဖြင့် ဆံပင်ဖြူ အသက်ကြီးသူ တစ်ဦးကို အသက်ရှူကြပ်သွားစေသည်ကို မြင်ရခြင်းက သူမ၏ ရင်ကို နွေးထွေးသွားစေခဲ့သည်။ ရှဉ့်ပေါက်လေးသည် နောက်ဆုံးတွင် အသိုက်မှ ခွာကာ ကြီးပြင်းလာခဲ့ပြီ ဖြစ်သည်။ အင်း... ရှဉ့်ဆိုသည်မှာ ဘယ်သောအခါမျှ ကြောက်စရာကောင်းသော အကောင်အဖြစ်သို့ ပြောင်းလဲသွားလေ့ မရှိပေ။ ရှေးဟောင်း အထွတ်အမြတ် ရှဉ့် တစ်ကောင်ဟုသာ ခေါ်လိုက်ကြပါစို့။
သူတို့သည်လည်း အစစ်အမှန် အဖွဲ့တစ်ဖွဲ့ ဖြစ်လာရန် ပထမဆုံး ခြေလှမ်းများကို စတင် လှမ်းခဲ့ကြပြီ ဖြစ်သည်။ မာစီသည် ဝိညာဉ်အကြွင်းအကျန် များကို ရှင်းလင်းရန် သို့မဟုတ် ဆာလောင်နေသူများကို အစာကျွေးရန် မည်သည့် ပြဿနာမျှ မရှိသော်လည်း ကြောင်ပေါက်လေး တစ်ကောင်ကိုပင် လန့်သွားအောင် မလုပ်နိုင်ပေ။ အော်သိုကမူ ရှုပ်ထွေးသော မည်သည့်အရာကိုမျှ စိတ်မဝင်စားပေ။ သူသည် မည်သည့်အရာကို ဖြိုချပစ်ရမည် ဆိုသည်ကိုသာ သိချင်နေလေသည်။ သူမ၏ စိတ်နှလုံးနှင့် ထပ်တူကျသော လိပ်တစ်ကောင်ပင် ဖြစ်သည်။
အပြာလေးကမူ... ယီရင်ကို ယခုအထိ အထိမခံသေးပေ။
ထိုအရာက ယီရင်ကို စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ပေ။ အဘယ်ကြောင့် ဖြစ်ရမည်နည်း။ ထို စိတ်ဝိညာဉ် လေးသည် လင်းတုန်း၏ ပခုံးပေါ်တွင် စီးနင်းကာ သူတို့ ဖြတ်သန်းသွားသော ရှုခင်းများကို လက်ညှိုးထိုးပြရင်း ပျော်ရွှင်နေပုံရသည်။ ပိုမို သေချာစွာ မြင်ရရန်အတွက် သူ၏ ခေါင်းပေါ်သို့ ပြေးတက်သွားတတ်သေးသည်။
သူမ ကိုယ်တိုင်လည်း ဆယ်လ်ဗန် တစ်ကောင်လောက် ရှာထားသင့်သည် ထင်သည်။
တစ်ယောက်မှလွဲ၍ ကျန်လူအားလုံးသည် ပျော်ရွှင်သောအဖွဲ့ တစ်ခုအဖြစ် လုပ်ဆောင်နေကြသည်။ အီသန်သည် သူတစ်ယောက်တည်းနှင့်ပင် ကျန်အဖွဲ့သားများ အားလုံး၏ လုပ်အားနှင့် ညီမျှအောင် လုပ်ဆောင်နိုင်စွမ်း ရှိသည်။ သို့သော် သူသည် အနောက်တွင် ထိုင်ကာ သူတို့ကို ကြည့်နေရသည်ကို ပို၍ သဘောကျပုံရသည်။ သူသည် နိုင်ငံသားများနှင့် စကားမပြောသလို တိုက်ခိုက်ခြင်းလည်း မရှိပေ။ သူတို့ကို လမ်းကြောင်းမှန်သို့သာ ညွှန်ပြပေးပြီး စောင့်ကြည့်နေရုံသာ ဖြစ်သည်။
လင်းတုန်းသည် မည်သည့်စကားမျှ မဆိုသော်လည်း ထိုလုပ်ရပ်က သူ့ကို ချောက်ကမ်းပါးစွန်းသို့ တွန်းပို့နေသကဲ့သို့ ဖြစ်နေကြောင်း ယီရင် သိနိုင်သည်။ သူသည် ညစဉ်ညတိုင်း သန့်စင်သော မာဒြာ နည်းစနစ်များကို သင်ကြားပေးရန် အီသန်ကို ကြိုးစား တောင်းဆိုခဲ့သည်။ သို့သော် အီသန်ကမူ လင်းတုန်း အဆင်သင့် မဖြစ်သေးကြောင်းသာ အမြဲတမ်း ပြောဆိုခဲ့သည်။
သူ မည်သည့်အရာကို စောင့်ဆိုင်းနေသည်ကို ယီရင် စိတ်ကူး၍ မရနိုင်ပေ။ သို့သော် သူသည် သူမ၏ အမြင်တွင်လည်း စတင် ကန့်လန့်တိုက်လာပြီ ဖြစ်သည်။ လင်းတုန်းကို ထိုသို့ ဆက်ဆံရန် သူ့မှာ မည်သည့် အခွင့်အရေး ရှိနေသနည်း။
သို့တိုင်အောင် သူမ၏ စိတ်တစ်စိတ်တစ်ပိုင်းက သက်သာရာ ရနေကြောင်းကို ဝန်ခံရမည် ဖြစ်သည်။ အီသန်၏ ကိုယ်ပိုင် သင်ကြားပြသမှုဖြင့်ဆိုလျှင် လင်းတုန်းသည် အဆင့်နိမ့် အရှင်သခင် အဆင့်သို့ သူမထက် အရင် ရောက်သွားနိုင်ပေသည်။
အကယ်၍ သူက ရောက်သွားပြီး သူမက ဘယ်တော့မှ မရောက်နိုင်ခဲ့လျှင် ဘယ်လိုလုပ်မည်နည်း။
***