← Chapters

အခန်း ၄၉၁

Vol. 50 Ch. 491

အခန်း ၄၉၁

Vol. 50 Ch. 491

အခန်း (၄၉၁)

"ရှောင်မို၊ ဒါက နင့်အတွက်ပဲ"

"ဒီနေ့ကစပြီး ဒီရွှံ့ရုပ်သေးသေးလေးကို မြင်တာနဲ့ ငါ့ကိုမြင်ရသလိုပဲလို့ သတ်မှတ်လိုက်နော်"

"ငါ့ကိုတွေ့ချင်တဲ့အခါတိုင်း ဒီရွှံ့ရုပ်လေးကိုသာ ပြောပြလိုက်၊ ငါ နင့်ဆီကို ချက်ချင်းလာခဲ့မယ်"

ဧကရာဇ်မြို့တော်၏ လမ်းမထက်တွင် မိန်းကလေးတစ်ဦးက ကောင်လေးတစ်ယောက်၏ရှေ့၌ ရပ်ကာ မျက်ဝန်းလေးများ လခြမ်းသဏ္ဍာန် ကွေးညွတ်သွားသည်အထိ ပြုံးရွှင်လျက် ဆိုလေ၏။

"စစ်သူကြီး၊ မြန်မြန်ပြန်ဆုတ်ခဲ့ပါ"

"နှင်းနင်းနဂါးမြင်းသည်တော်တပ်ဖွဲ့ စစ်သူကြီးနောက်ကို အနီးကပ်လိုက်ကြ"

"စစ်သူကြီးကို အသက်ပေးပြီး ကာကွယ်ကြ"

"စစ်သူကြီးနဲ့အတူ အသေခံမယ်"

အလောင်းများ ပြန့်ကျဲနေသော ထိုကျယ်ပြောလှသည့် လွင်ပြင်ကြီးထက်၌ အာသုရာမျက်နှာဖုံးကို တပ်ဆင်ကာ ငွေရောင်လှံရှည်ကို ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးသည် ဧရာမဝင်္ကပါကြီးကို ဖြိုခွဲလျက် ချီတိုင်းပြည်ရဲ့ဘုရင်ကို ကွပ်မျက်လိုက်ချေပြီ။

ချင်တပ်မတော်ကြီးက ဤမဟာစစ်ပွဲကြီး ပြီးဆုံးတော့မည်ဟု ထင်မှတ်လိုက်ချိန်တွင်...

ရုတ်တရက်ဆိုသလိုပင် ရန်သူတို့က စစ်မြေပြင်မှ သွေးချီများနှင့် သူရဲကောင်းဝိညာဉ်ပေါင်း သန်းချီကို ပူဇော်သက္ကာယပြုကာ နောက်ထပ် မဟာအစီအရင်ကြီးတစ်ခုကို ဖန်တီး၍ ဦးဆောင်စစ်သူကြီးကို ပိတ်လှောင်လိုက်ပြီး မည်သည့်စရိတ်ကိုမျှ ဂရုမစိုက်ဘဲ ထိုအမျိုးသားကို သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ကြလေတော့သည်။

သို့တိုင် ထိုအမျိုးသားမှာ အနည်းငယ်မျှပင် ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိပေ။

"ဒီအစီအရင်ထဲကနေ ငါ မဆုတ်ခွာနိုင်မှတော့ ဒါကို ဖြိုခွဲပစ်ရုံပဲ ရှိတော့တာပေါ့"

နောက်ဆုံးအချိန်အထိ အသေခံတိုက်ခိုက်လျက် ထိုအမျိုးသားသည် အစီအရင်ကြီးကို ဖြိုခွဲနိုင်ခဲ့သော်လည်း သူကိုယ်တိုင်ပါ ထိုနေရာ၌ပင် ကျဆုံးသွားခဲ့ရလေ၏။

သို့သော် သေဆုံးချိန်၌ပင်လျှင် သူသည် ရင်ခွင်ထဲရှိ ရွှံ့ရုပ်သေးသေးလေးကို အသက်ပေး၍ ကာကွယ်သွားခဲ့ပေသည်။

စိတ်ဝိညာဉ်ပြုစုပျိုးထောင်ရေး ခန်းမဆောင်၏ ကုတင်ထက်တွင်

ရှောင်မိုက မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်လေ၏။

သူ၏စိတ်ကို တည်ငြိမ်အောင်ထား၍ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် သူကြုံတွေ့ခဲ့ရသည်မှာ အိပ်မက်တစ်ခုမျှသာဖြစ်ကြောင်း သိလိုက်ရချိန်မှသာ ရှောင်မိုသည် သက်ပြင်းတစ်ချက်ကို ချနိုင်လေတော့သည်။

ကုတင်ပေါ်မှဆင်းကာ စားပွဲပေါ်တွင် တင်ထားသော မျက်နှာဖုံးနှင့် ရွှံ့ရုပ်သေးသေးလေးကို ရှောင်မိုက ငေးကြည့်လိုက်၏။

သူ ယခုလေးတင် မက်ခဲ့သော အိပ်မက်ကို နောက်တစ်ကြိမ် ပြန်လည်မှတ်မိရန် ကြိုးစားကြည့်လေသည်။

သို့သော် ထိုအိပ်မက်သည် ရေထဲသို့ ပစ်ချလိုက်သော ကျောက်ခဲတစ်လုံးပမာ ဂယက်များ ပျောက်ကွယ်သွားသည်နှင့် ကျောက်ခဲပါ ပျောက်ကွယ်သွားခဲ့ချေပြီ။

ရှောင်မို မည်မျှပင် မှတ်မိရန် ကြိုးစားနေစေကာမူ မည်သည့်အသေးစိတ်ကိုမျှ ပြန်လည်အမှတ်မရနိုင်တော့ဘဲ သေဆုံးခြင်း၏ ခံစားချက်နှင့် အမျိုးသမီးတစ်ဦးအပေါ် အပြစ်ရှိသလို ခံစားရသည့် ခံစားချက်တစ်ခုသာ စွဲထင်ကျန်ရစ်နေခဲ့လေ၏။

"တကယ်ပဲ နေ့ဘက်မှာတွေးတာ ညဘက်အိပ်မက်မက်တာပဲ"

ရှောင်မိုက ခေါင်းယမ်းလိုက်ပြီး ဝေဝါးသွားခဲ့ပြီဖြစ်သော အိပ်မက်အကြောင်းကို ဆက်လက်မတွေးတောတော့ချေ။

သေတ္တာတစ်လုံးကိုယူ၍ ရွှံ့ရုပ်သေးသေးလေးနှင့် မျက်နှာဖုံးကို ထည့်သွင်းသိမ်းဆည်းလိုက်ပြီးနောက် ရှောင်မိုသည် သူ၏အိပ်ဆောင်အတွင်းမှ ထွက်ခွာလာခဲ့လေသည်။

ဤအချိန်၌ နေမင်းကြီးမှာ ဝင်ရောက်လုနီးပါး ဖြစ်နေချေပြီ။ နတ်မိမယ်တစ်ပါး မှင်ရည်များ ဖိတ်စင်ကျသွားသည့်အလား သွေးကဲ့သို့ နီရဲနေသော နေဝင်ဆည်းဆာက နန်းတော်အဆောက်အအုံများကို အနီရောင် ဆိုးဆေးခြယ်သပေးထားလေ၏။ ရှောင်မိုက အဝေးသို့ လှမ်းကြည့်လိုက်ရာ ဝင်နေသောနေမင်း၏ ထောင့်စွန်းလေးကိုသာ မြင်တွေ့ရပေသည်။

ဒီနေ့ ရှောင်မိုသည် မယ်တော်ကြီးယန်ထံသို့ မိဖုရားနှစ်ပါးကိုခေါ်၍ ဂါရဝပြုရန် စောစောထခဲ့ရပြီး ထို့နောက် ချင်စီယောင်၏ အိပ်ဆောင်သို့ သွားရောက်ခဲ့ရသည်။

သူ၏နန်းဆောင်သို့ ပြန်ရောက်ပြီးနောက် ရှောင်မိုက ခေတ္တမျှ မှေးခနဲအိပ်ပျော်သွားရာမှ ယခုအချိန်အထိ အိပ်ရာနိုးမလာခဲ့ခြင်း ဖြစ်ပေသည်။

"အရှင်မင်းမြတ်၊ ညစာသုံးဆောင်ရမယ့် အချိန်ရောက်ပါတော့မယ်။ ဒီည ဘယ်မိဖုရားရဲ့ နန်းဆောင်မှာ ညစာသုံးဆောင်မလဲဆိုတာ သိပါရစေ"

စစ်လီက ရှောင်မို၏ အနီးသို့ လျှောက်လာကာ ညင်သာစွာ လျှောက်တင်လေ၏။

"ညစာသုံးဆောင်သည်" ဆိုသည်မှာ တင်စားချက်တစ်ခုမျှသာ ဖြစ်လေသည်။

အမှန်တကယ်တွင်မူ ညစာစားပြီးသည့် နေရာမှာပင် ညအိပ်အနားယူရမည် ဖြစ်ချေသည်။

"နင်ရွှယ်နန်းဆောင်ကို သွားကြတာပေါ့"

ရှောင်မိုက ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်ကာ နန်းဆောင်ထဲမှ ခပ်သုတ်သုတ် လျှောက်ထွက်သွားလေတော့သည်။

သူလက်ထပ်ခဲ့သော မိဖုရားနှစ်ပါးသာ သာမန်မိသားစုများမှ ဖြစ်ခဲ့ပါက ဒီည မုကျိုးအတွက် လျော်ကြေးပေးသည့်အနေဖြင့် ဟန်ကျိုးနန်းဆောင်သို့ သွားမည်ဖြစ်ကြောင်း ရှောင်မို တွေးလိုက်မိ၏။

သို့သော် သူ၏မိဖုရားနှစ်ပါးမှာ သာမန်လူများ မဟုတ်ကြပေ။ ထို့အပြင် မနေ့ညကလည်း သူသည် စိတ်ဝိညာဉ်ပြုစုပျိုးထောင်ရေး ခန်းမဆောင်တွင်သာ အိပ်စက်ခဲ့သည်။

လျော်ကြေးပေးသည်ဟူသော စကားမျိုး ပြောဆိုရန် အကြောင်းမရှိတော့ပေ။

ယှဉ်ကြည့်မည်ဆိုလျှင် မနေ့ညက ကိစ္စနှင့်ပတ်သက်၍ သူမဘာပြောမည်ကို သိလိုသဖြင့် သခင်မလေးယန်၏ နေရာသို့သာ သူသွားချင်နေခဲ့လေသည်။

"အရှင်မင်းမြတ် ကြွချီလာပါပြီ"

အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းစာ အချိန်မျှပင် မကြာလိုက်ဘဲ စစ်လီ၏ အသံက နင်ရွှယ်နန်းဆောင်ဆီသို့ ပျံ့လွင့်သွားလေ၏။

နင်ရွှယ်နန်းဆောင်မှ အစေခံမလေးများသည် ဧကရာဇ်မင်းမြတ် ရောက်ရှိလာပြီဖြစ်ကြောင်း ကြားလိုက်ရသည်နှင့် အဓိကတံခါးမကြီး၏ တစ်ဖက်တစ်ချက်စီတွင် အလျင်အမြန် ရပ်လိုက်ကြပြီး အရိုအသေပေးလိုက်ကြပေသည်။

နင်ရွှယ်နန်းဆောင်၏ ပင်မလမ်းမကြီး ရှေ့တွင် ဘိုင်ရုရွှယ်က ရှောင်မိုထံသို့ ကျက်သရေရှိစွာ လျှောက်လှမ်းလာပြီး သူ၏ရှေ့တွင် အရိုအသေပေးလိုက်၏။ "ဒီကြင်ယာတော်က အရှင်မင်းမြတ်ကို ကြိုဆိုပါတယ်"

"ဒီည ကိုယ့်ရဲ့ချစ်လှစွာသော မိဖုရားနဲ့အတူ ညစာစားချင်လို့ပါ။ ပြဿနာမရှိဘူးမလား" ရှောင်မိုက ဘိုင်ရုရွှယ်ကို တွဲထူပေးရင်း ပြုံးကာ မေးလိုက်သည်။

"အရှင်မင်းမြတ်က ဘာတွေပြောနေတာလဲ။ အရှင်မင်းမြတ်နဲ့အတူ ညစာသုံးဆောင်ခွင့်ရတာကိုပဲ ဝမ်းသာမဆုံးဖြစ်နေရတာပါ။ ဘယ်လိုလုပ် ပြဿနာရှိနိုင်မှာလဲ"

ဘိုင်ရုရွှယ်က ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီးနောက် ချွန်းယန်ကို လှည့်ပြောလိုက်၏။

"တော်ဝင်မီးဖိုဆောင်ကိုသွားပြီး ညစာလာပို့ခိုင်းလိုက်ပါ"

"နားလည်ပါပြီ မိဖုရားကြီး"

ချွန်းယန်က အလျင်အမြန် အရိုအသေပေးလိုက်ပြီးနောက် ပေါ့ပါးရွှင်လန်းသော ခြေလှမ်းများဖြင့် အိပ်ဆောင်ထဲမှ ထွက်ခွာသွားလေတော့သည်။

ချွန်းယန်၏ အမြင်တွင်မူ ဧကရာဇ်မင်းမြတ်က နင်ရွှယ်နန်းဆောင်၌ နှစ်ညဆက်တိုက် ညအိပ်တည်း

ခိုခြင်းသည် သူမ၏သခင်မလေးက ဧကရာဇ်၏ နှလုံးသားထဲတွင် ထိုချင်တိုင်းပြည်၏ သက်တော်အကြီးဆုံးမင်းသမီးထက် များစွာပို၍ အရေးပါနေကြောင်းကို သက်သေပြနေခြင်းပင် ဖြစ်ပေသည်။

"အရှင်မင်းမြတ်၊ ညဘက်က အေးပြီး လေတိုက်တာလည်း စိမ့်ပါတယ်။ အထဲကို ဝင်ကြွပါရှင်" ဘိုင်ရုရွှယ်က ညင်သာစွာ ပြုံးပြလိုက်၏။

"အင်း"

ရှောင်မိုက ခေါင်းညိတ်ပြလိုက်ပြီး ဘိုင်ရုရွှယ်နောက်မှနေ၍ အခန်းထဲသို့ ဝင်သွားလေသည်။

ဘိုင်ရုရွှယ်၏ အခန်းမှာ မင်္ဂလာဦးညကကဲ့သို့ပင် အလှဆင်ထားဆဲ ဖြစ်လေ၏။

ကျိုးတိုင်းပြည်၏ ဓလေ့ထုံးတမ်းများအရ ဤအလှဆင်ပစ္စည်းများကို လဝက်ခန့်ကြာမှသာ ဖယ်ရှားရမည် ဖြစ်ပေသည်။

"အရှင်မင်းမြတ်၊ ထိုင်ပါဦး"

ဘိုင်ရုရွှယ်က ရှောင်မိုကို ထိုင်စေပြီး လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးကာ သူ၏ဘေးတွင်ဝင်ထိုင်လျက် နွေးထွေးစွာ ငေးကြည့်နေလေ၏။

"နတ်မိမယ်ကျန်းနဲ့ အစ်မမုကျိုးတို့က အရှင်မင်းမြတ်ကို ပြောပြပြီးသားဖြစ်မယ့် ကိစ္စတချို့ ရှိပါတယ်"

ဘိုင်ရုရွှယ်က မျက်နှာပေါ်တွင် အပြုံးတစ်ခုချိတ်ဆွဲထားလျက် တက်ကြွစွာ စကားစလိုက်ပေသည်။

"အရှင်မင်းမြတ်ရဲ့ စိတ်ထဲမှာ သံသယတွေ အများကြီးရှိနေမယ်ဆိုတာကိုလည်း ကျွန်မ သိပါတယ်။ ဒါပေမဲ့ စိတ်ချပါ အရှင်မင်းမြတ်။ ကျွန်မက အရှင်မင်းမြတ်ကို ထိခိုက်နစ်နာစေမယ့် ဘယ်ကိစ္စကိုမှ လုပ်မှာမဟုတ်သလို ကျိုးတိုင်းပြည်ကို သစ္စာဖောက်မယ့် အလုပ်မျိုးကိုလည်း လုပ်မှာမဟုတ်ပါဘူး။ ကျွန်မ လိုချင်တဲ့အရာကလည်း အရှင်မင်းမြတ်အတွက် အသုံးဝင်တဲ့အရာ မဟုတ်ပါဘူး"

ထိုသို့ပြောနေစဉ် ဘိုင်ရုရွှယ်က ရှောင်မိုအား နက်နဲသော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်လေ၏။

"ကျွန်မ လိုချင်တာကို ရပြီဆိုတာနဲ့ သဘာဝကျကျပဲ အဲဒါကိုယူပြီး ထွက်သွားမှာပါ။ အဲဒီမတိုင်ခင် အရှင်မင်းမြတ်အနေနဲ့ အာဏာအပြည့်အဝကို ပြန်လည်ရယူချင်တယ်ဆိုရင်လည်း ကျွန်မ ကူညီပေးလို့ရပါတယ်"

"ဒါဆိုရင်တော့ မလိုပါဘူး။ နန်းတွင်းရေးရာ ကိစ္စတွေအတွက်တော့ ကိုယ့်ဘာသာကိုယ် ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ သခင်မလေးယန်ကို ဒုက္ခပေးစရာ မလိုပါဘူး"

ရှောင်မိုက ခေါင်းယမ်းလိုက်ပြီး ယဉ်ကျေးစွာ ငြင်းဆန်လိုက်ချေပြီ။

ရှောင်မို၏ အမြင်တွင် သူ၌ ဘဝတစ်ရာကျမ်း ရှိနေလေသည်။ ဘဝအတွေ့အကြုံများကို ဖြတ်သန်းရုံဖြင့် သူသည် ဆုလာဘ်များကို ရရှိနိုင်ပေသည်။

ထို့အပြင် ခြင်ဆီသန့်စင်ခြင်းနှင့် ခန္ဓာကိုယ်သန့်စင်ခြင်းကို အကြိမ်များစွာ ပြုလုပ်ခဲ့ပြီးနောက် သူ၏ဝိညာဉ်အမြစ်နှင့် ရုပ်ခန္ဓာတို့မှာ ယခင်ကလို အဆင့်နိမ့်မနေတော့ပေ။

သူ၏ လက်ရှိကျင့်ကြံခြင်းမှာလည်း ချောမွေ့စွာ တိုးတက်နေလေ၏။

နန်းတွင်း၌ ရှောင်မိသားစုအပေါ် သစ္စာစောင့်သိသော အမတ်ကောင်းများစွာ ရှိနေသည်ကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

နန်းတွင်းကို ရှင်းလင်း၍ အစီအစဉ်တကျ ပြန်လည်ထိန်းသိမ်းရန်မှာ သူနှင့် မဝေးတော့ပေ။

ယခု ယန်ရုရွှယ်၏ မည်သူမည်ဝါဖြစ်ကြောင်းကို သေချာမသိရသေးပေ။ အကယ်၍ သူမကို ကူညီခွင့်ပေးလိုက်လျှင် နောက်ပိုင်း သူမဘက်မှ တစ်ခုခုပြန်လည်တောင်းဆိုလာပါက ပို၍ပြဿနာတက်နိုင်ချေ ရှိလေသည်။

ရှောင်မို၏ ငြင်းဆန်မှုကို ကြားလိုက်ရသော်လည်း ဘိုင်ရုရွှယ်က မည်သို့မျှ မပြောဘဲ တိတ်ဆိတ်စွာ သဘောတူသည့်အနေဖြင့် ညင်သာသော အပြုံးလေးတစ်ခုကိုသာ ပြုံးပြလိုက်ပေသည်။

သိပ်မကြာမီမှာပင် ညစာရောက်ရှိလာခဲ့ပြီး ဘိုင်ရုရွှယ်က ရှောင်မို စားသောက်နေစဉ်အတွင်း အနီးကပ် ပြုစုပေးလေ၏။

ညစာစားပြီးသွားသောအခါ ဘိုင်ရုရွှယ်က ရှောင်မို သန့်စင်ဆေးကြောရန်အတွက် နောက်တစ်ကြိမ် ထပ်မံပြုစုပေးပြန်သည်။

သူတို့နှစ်ဦးမှာ အပြန်အလှန် လေးစားမှုများဖြင့် ဆက်ဆံနေကြသော စစ်မှန်သည့် ဇနီးမောင်နှံတစ်စုံနှင့်ပင် တူနေတော့၏။

"အရှင်မင်းမြတ်၊ ဒီည ကျွန်မဆီမှာပဲ နေပါ"

ဘိုင်ရုရွှယ်က အကြံပြုလိုက်သည်။

"ကျွန်မရဲ့ နင်ရွှယ်နန်းဆောင်မှာ မယ်တော်ကြီးရဲ့ သူလျှိုတွေ အများကြီး ရှိပါတယ်။ တကယ်လို့ အရှင်မင်းမြတ်သာ ဒီည ထပ်ထွက်သွားမယ်ဆိုရင် ရှင်းပြဖို့ ခက်ခဲပါလိမ့်မယ်"

"မင်းဘက်က အဆင်ပြေတယ်ဆိုရင်တော့ ကိုယ်ကလည်း ငြင်းစရာမရှိပါဘူး"

ယန်ရုရွှယ်၏ နူးညံ့သိမ်မွေ့သော ပုံစံကိုကြည့်ရင်း သူတို့စတင်တွေ့ဆုံခဲ့သည့် အချိန်မှစ၍ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည်သတိရလာကာ ရှောင်မိုမှာ အနည်းငယ် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဖြစ်သွားရလေ၏။

"အရှင်မင်းမြတ်ရဲ့ စိတ်ထဲမှာ တစ်ခုခုများ ရှိနေလို့လား" ဘိုင်ရုရွှယ်က မေးလိုက်သည်။

"စိုးရိမ်စရာတော့ မဟုတ်ပါဘူး" ရှောင်မိုက သက်ပြင်းကို ညင်သာစွာ ချလိုက်ပြီး "ဒါပေမဲ့ မေးခွန်းတစ်ခုပါပဲ။ မင်း ဖြေနိုင်မလားဆိုတာ သိချင်လို့ပါ"

ဘိုင်ရုရွှယ်က ခေါင်းကို ဖြည်းညင်းစွာ ညိတ်ပြလိုက်၏။ "လွတ်လွတ်လပ်လပ် ပြောပါ အရှင်မင်းမြတ်"

"ငါတို့ ပထမဆုံးတွေ့ခဲ့တဲ့ အချိန်ကနေ အခုအချိန်အထိ မင်းရဲ့ ဘယ်လိုပုံစံက အစစ်အမှန်ဖြစ်ခဲ့တာလဲ"

ရှောင်မိုက ခေါင်းမော့ကာ သူမ၏ မျက်ဝန်းများဆီသို့ တိုက်ရိုက်စိုက်ကြည့်ရင်း အဖြေကို စောင့်ဆိုင်းနေလေသည်။

ချစ်ရသူ၏ မေးခွန်းကို ကြားလိုက်ရသဖြင့် မိန်းကလေး၏ မျက်နှာအမူအရာမှာ ခေတ္တမျှ အေးခဲသွားခဲ့ပြီးနောက် သူမ၏ မျက်ဝန်းလေးများက လခြမ်းများသဏ္ဍာန် ကွေးညွတ်သွားလေ၏။

မိန်းကလေး၏ မက်မွန်ပွင့် မျက်ဝန်းလေးများက ရှောင်မိုထံသို့ ငေးစိုက်ကြည့်နေပြီး မျက်ဝန်းထဲမှ ကြင်နာယုယမှုတို့သည် လရောင်၊ ဖယောင်းတိုင်မီးရောင်တို့နှင့် ရောယှက်သွားချေပြီ။

"ရုရွှယ်က အမြဲတမ်း ရုရွှယ်ပါပဲ"

"ဘယ်တုန်းကမှ မပြောင်းလဲခဲ့ပါဘူး"

All Chapters