← Chapters

အခန်း ၄၉၂

Vol. 50 Ch. 492

အခန်း ၄၉၂

Vol. 50 Ch. 492

အခန်း (၄၉၂)

အိပ်ဆောင်အတွင်း၌

ရှောင်မိုသည် သူ၏ရှေ့ရှိ မိန်းကလေး၏ အလွန်ဆွဲဆောင်မှုရှိသော မက်မွန်ပွင့်မျက်ဝန်းလေးများကို ကြည့်ရင်း သူမ ပြောနေသည်မှာ အမှန်ဟုတ်မဟုတ်ကို ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားလေ၏။

သို့သော် ရှောင်မို၏ ရင်ထဲ၌မူ သူမပြောခဲ့သော စကားများသာ အမှန်မဖြစ်ခဲ့လျှင် ဤလောကရှိ အရာအားလုံးသည်လည်း အလိမ်အညာများသာ ဖြစ်ပေလိမ့်မည်ဟု ခံစားနေရချေပြီ။

"အရှင်မင်းမြတ် ထပ်မေးစရာ တစ်ခုခု ရှိသေးလို့လား"

ဘိုင်ရုရွှယ်၏ လတ်ဆတ်သော နှုတ်ခမ်းထောင့်စွန်းလေးများက ညင်သာစွာ ပြုံးယောင်သန်းသွားပြီး ရှောင်မိုအား တိုးညင်းစွာ မေးလိုက်ပေသည်။

"လောလောဆယ်တော့ မင်းကို ထပ်မေးစရာ မရှိတော့ပါဘူး" ရှောင်မိုက ခေါင်းယမ်းလိုက်၏။

တကယ်တမ်းလည်း ရှောင်မို၌ ထပ်မံမေးမြန်းစရာ ဘာမှမရှိတော့ပေ။

သူမက သူ့အား အန္တရာယ်ပြုမည်မဟုတ်သလို ကျိုးတိုင်းပြည်ကိုလည်း ထိခိုက်နစ်နာစေမည့်အလုပ်မျိုး လုပ်မည်မဟုတ်သောကြောင့် ကိစ္စအတော်များများတွင် လှုပ်ရှားကိုင်တွယ်ရန် နေရာရှိနေသေးလေသည်။

ထို့အပြင် သူမသည် ယန်မိသားစုဝင် အစစ်အမှန်မဟုတ်သောကြောင့် သူ့အား အမြဲတစေ စောင့်ကြည့်နေမည်လည်း မဟုတ်ချေ။

သူမအနေဖြင့် သူ့ကို အာဏာပြန်လည်ရယူရာတွင် ကူညီပေးရန်ပင် မူလကတည်းက ရည်ရွယ်ထားခဲ့သေးသည်။

သေချာသည်ကတော့ ဤအရာအားလုံးမှာ သူမ အမှန်အတိုင်း ပြောနေသည်ဟု ယူဆထားခြင်းပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်လေ၏။

ထို့ကြောင့် သူသည် သူမကို အပြည့်အဝ ယုံကြည်၍မရနိုင်ဘဲ အနည်းဆုံး သတိတရား သုံးဆယ်ရာခိုင်နှုန်းခန့်တော့ ထားရှိရမည် ဖြစ်ပေသည်။

"အရှင်မင်းမြတ်ကို ဖုံးကွယ်ထားခဲ့တာက တကယ်ပဲ ကျွန်မ အမှားပါ။ ကျွန်မ နန်းတော်ထဲ ဝင်လာပြီး ယူချင်တဲ့ ပစ္စည်းကလည်း မူလကတည်းက အရှင်မင်းမြတ်နဲ့ သက်ဆိုင်တဲ့အရာ ဖြစ်နေခဲ့တာကိုတော့ ပြောစရာတောင် မလိုတော့ပါဘူး။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ကျွန်မမှာ ရှောင်လွှဲလို့မရနိုင်လောက်အောင် စိတ်မသက်မသာ ဖြစ်နေခဲ့ရတာပါ"

ဘိုင်ရုရွှယ်က ဖြည်းညင်းစွာ ပြောလိုက်လေ၏။

"အဲဒီပစ္စည်းကို ရပြီဆိုတာနဲ့ အရှင်မင်းမြတ်ကို အဆတစ်ရာ၊ အဆတစ်ထောင်မက ပြန်လည်လျော်ကြေးပေးပါ့မယ်လို့ ကျွန်မ အာမခံပါတယ်"

"ဒါ့အပြင် အရှင်မင်းမြတ် ကျင့်ကြံနေတယ်ဆိုတာကိုလည်း ကျွန်မ မြင်ပါတယ်။ ပြီးတော့ အရှင်မင်းမြတ်က ချီသန့်စင်ခြင်း ပြီးပြည့်စုံခြင်းအဆင့်ကိုတောင် ရောက်နေပြီလို့ နတ်မိမယ်ကျန်းဆီကနေ ကြားခဲ့ရတယ်"

"လက်ရှိအချိန်မှာ ဧကရာဇ်တစ်ပါးအနေနဲ့ အုတ်မြစ်ချခြင်းအဆင့်ကို ဝင်ရောက်ဖို့ဆိုတာ အရင်ကထက် ပိုခက်ခဲနေတယ်ဆိုပေမဲ့ အရှင်မင်းမြတ်သာ ကျွန်မကို ယုံကြည်မယ်ဆိုရင် အကူအညီတစ်ရပ် ပေးလို့ရပါတယ်"

"မင်းက ကိုယ့်ရဲ့ ကျင့်ကြံခြင်းမှာ ကူညီပေးချင်လို့လား" ရှောင်မိုက မေးလိုက်သည်။

"ဟုတ်ပါတယ်"

ဘိုင်ရုရွှယ်က ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူမ၏ မွှေးကြိုင်လှသော ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်ကာ အပြင်လောကနှင့် အဆက်အသွယ်ဖြတ်တောက်ရန် မှော်ဝင်္ကပါတစ်ခုကို ဖန်တီးလိုက်လေတော့သည်။

ချက်ချင်းဆိုသလိုပင် ဘိုင်ရုရွှယ်က သူမ၏ ပန်းထိုးဖိနပ်များကို ချွတ်လိုက်ပြီး ခြေအိတ်များကိုပါ ဖယ်ရှားလိုက်ရာ သလင်းကျောက်ကဲ့သို့ ကြည်လင်နေသော ခြေထောက်ငယ်လေး တစ်စုံ ပေါ်ထွက်လာပြီးနောက် ကုတင်ထက်တွင် ဒူးထောက်ထိုင်ချလိုက်လေ၏။

မိန်းကလေး၏ ဝိုင်းစက်နေသော တင်ပါးများက သူမ၏ ခြေထောက်ငယ်လေးများထက်တွင် နေရာယူထားပြီး သူမ၏ ပါးလွှာသော ညအိပ်ဝတ်ရုံလေးကလည်း ကျက်သရေရှိလှသော ခန္ဓာကိုယ်အချိုးအစားနှင့် တစ်သားတည်း ကပ်နေပေသည်။

သူမ၏ ဆံထိုးအဆင်တန်ဆာများကိုလည်း ဖယ်ရှားထားပြီးဖြစ်ရာ ရေတံခွန်ပမာ နက်မှောင်ရှည်လျားလှသော ဆံကေသာများက ခါးအထိတိုင်အောင် ဖြာကျနေချေပြီ။

အနီရောင် ဖယောင်းတိုင်မီးရောင်အောက်တွင် မိန်းကလေးမှာ ကောင်းကင်တောင်ထွတ်ပေါ်မှ နှင်းကြာပန်းတစ်ပွင့်ပမာ သန့်စင်မွန်မြတ်နေသလို ညအချိန်မှသာ ပွင့်လန်းတတ်သော ပန်းတစ်ပွင့်ကဲ့သို့လည်း ရင်သပ်ရှုမောဖွယ်ရာ ကောင်းလောက်အောင် လှပနေလေတော့သည်။

"အရှင်မင်းမြတ်၊ လာပါဦး"

ဘိုင်ရုရွှယ်က သူမ၏ ဖြူဝင်းသော လက်ကောက်ဝတ်ကို ဆန့်ထုတ်လိုက်ပြီး သူမရှေ့ရှိ ကုတင်နေရာလွတ်ကို ညင်သာစွာ ပုတ်ပြလိုက်၏။

ရှောင်မိုက မျက်မှောင်ကြုတ်သွားသည်။ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် သူလည်း ဖိနပ်များကို ချွတ်၍ ကုတင်ပေါ်သို့ တက်ကာ ဘိုင်ရုရွှယ်နှင့် မျက်နှာချင်းဆိုင်၌ ဝင်ထိုင်လိုက်လေသည်။

"အခု ဆက်ပြီး အရှင်မင်းမြတ်ရဲ့ စိတ်ကို ဖွင့်ထားပေးပါ။ ကျွန်မက လမင်းအဆီအနှစ် ပညာရပ်လို့ခေါ်တဲ့ ကျင့်စဉ်တစ်ခုကို လည်ပတ်ပေးပါ့မယ်။ အရှင်မင်းမြတ်ရဲ့ ဝိညာဉ်စွမ်းအင်တွေကို သန့်စင်ပေးဖို့ လမင်းရဲ့ အဆီအနှစ်တွေကို စုပ်ယူပေးမှာပါ။ ဒီအချိန်အတွင်းမှာ အရှင်မင်းမြတ်အနေနဲ့ စိတ်ကိုဖြေလျှော့ထားဖို့ကလွဲပြီး ဘာမှလုပ်စရာ မလိုပါဘူး"

စကားပြောဆိုပြီးသည်နှင့် ဘိုင်ရုရွှယ်က သူမ၏ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ပေသည်။

ရှောင်မိုသည်လည်း မျက်လုံးများကို မှိတ်လိုက်လေ၏။

ဘိုင်ရုရွှယ်၏ အရိုးမဲ့နေသယောင် နူးညံ့လှသော လက်ကလေးများက ရှောင်မို၏ ကျယ်ပြန့်သော လက်ဖဝါးများကို ဆုပ်ကိုင်လာခဲ့သည်။

ရှောင်မိုမှာ သန့်စင်လှသော ဝိညာဉ်စွမ်းအင်လှိုင်းတစ်ခု သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်ကို ခံစားလိုက်ရ၏။

ဘိုင်ရုရွှယ်၏ ဝိညာဉ်စွမ်းအင်များက ရှောင်မို၏ ဝိညာဉ်စွမ်းအင်များနှင့် ရောယှက်ပေါင်းစပ်သွားကာ သူ၏ ဝိညာဉ်စွမ်းအင်များထဲမှ အညစ်အကြေးများအားလုံးကို ဆွဲထုတ်ဖယ်ရှားပေးနေလေသည်။

အညစ်အကြေးများ ဖယ်ရှားခံလိုက်ရသည်နှင့်အမျှ ရှောင်မို၏ အတွင်းပိုင်းရှိ ဝိညာဉ်သွေးကြောများနှင့် ဝိညာဉ်သွေးကြောပေါက်များမှာ ရုတ်တရက် ဟာလာဟင်းလင်း ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပေသည်။

ရေများပြည့်နေသော သစ်သားပုံးတစ်ပုံးနှင့် တူနေသော်လည်း ထိုပုံးထဲတွင် ရွှံ့များနှင့် ကျောက်ခဲအမျိုးမျိုးတို့လည်း ရောနှောပါဝင်နေခဲ့လေ၏။

ယခု ယန်ရုရွှယ် လုပ်ဆောင်နေသည်မှာ သူ၏ရေပုံးထဲမှ ကျောက်ခဲများနှင့် ရွှံ့များအားလုံးကို ဖယ်ရှားပေးနေခြင်းဖြစ်ပြီး အတွင်းမှရေများကိုပါ ထပ်ခါတလဲလဲ စစ်ထုတ်ပေးနေခြင်းပင် ဖြစ်ချေသည်။

ရှောင်မို၏ ဝိညာဉ်စွမ်းအင်များ သန့်စင်ခံရသည်နှင့်အမျှ ထိုခံစားချက်မှာ ယုံကြည်နိုင်စရာမရှိလောက်အောင် သက်သောင့်သက်သာ ဖြစ်လွန်းလှပေသည်။

တဖြည်းဖြည်းနှင့် ရှောင်မို၏ အသိစိတ်တို့မှာ လေးလံလာပြီး မှေးခနဲ အိပ်ငိုက်လာတော့၏။

နောက်ဆုံးတွင် ရှောင်မို၏ အသိစိတ်တို့ လုံးဝနစ်မြုပ်သွားပြီး အရှေ့ဘက်သို့ လဲကျသွားလေတော့သည်။

ဘိုင်ရုရွှယ်က မျက်လုံးများကို ဖွင့်လိုက်ကာ ခန္ဓာကိုယ်ကို ရှေ့သို့ကိုင်းညွတ်၍ လက်လှမ်းလိုက်ပြီး သူ့ကို သူမ၏ရင်ခွင်ထဲသို့ ဆွဲသွင်းဖက်တွယ်လိုက်လေ၏။

သူမ၏ ရင်ခွင်ထဲရှိ အမျိုးသား၏ အိပ်မောကျနေသော မျက်နှာလေးကို ငေးကြည့်ရင်း ဘိုင်ရုရွှယ်၏ မက်မွန်ပွင့်မျက်ဝန်းလေးများထဲမှ ချစ်ခြင်းမေတ္တာများမှာ လျှံကျလာမတတ် ဖြစ်နေချေပြီ။

"စိတ်ချပါ ခင်ပွန်း။ ကျွန်မ အရာအားလုံးကို တတ်နိုင်သမျှ မြန်မြန် ဖြေရှင်းပြီး ရှင် အကြာကြီး စောင့်ရအောင် လုပ်မှာမဟုတ်ပါဘူး"

ဘိုင်ရုရွှယ်က ရှောင်မိုကို ကုတင်ထက်တွင် ညင်သာစွာ လှဲသိပ်လိုက်ပြီး အနီရောင်စောင်ကို ခြုံပေးလိုက်ကာ စောင်ထဲသို့ တိုးဝင်လျက် သူ၏ဘေးတွင် ဘေးတစောင်း လှဲလျောင်းလိုက်လေတော့သည်။

ချစ်ရသူ၏ ရင်ဘတ်ကို မှီခိုရင်း ဘိုင်ရုရွှယ်က သူ၏ တက်ကြွပြီး အားကောင်းလှသော နှလုံးခုန်သံကို တိတ်ဆိတ်စွာ နားထောင်နေလေ၏။

ဒါဟာ သူမ၏ တစ်သက်တာတွင် ကြားဖူးသမျှ အလှပဆုံးသော အသံတစ်ခုဖြစ်နေသည့်အလားပင်။

"ခင်ပွန်း... ဒီဘဝမှာတော့... ဘယ်သူကဖြစ်ဖြစ်၊ ဘယ်အရာကပဲဖြစ်ဖြစ် ကျွန်မတို့ကို ထပ်ပြီး ကွဲကွာသွားအောင် ခွင့်ပြုမှာ မဟုတ်တော့ဘူး"

နောက်တစ်နေ့ နံနက်ခင်း။

နွေးထွေးသော နေရောင်ခြည်က ရှောင်မို၏ ပါးပြင်ထက်သို့ ဖြာကျလာခဲ့သည်။

ရှောင်မို မျက်လုံးဖွင့်ကြည့်လိုက်ရာ ရင်းနှီးကျွမ်းဝင်မှုမရှိသော ကုတင်ခန်းဆီးများကို မြင်လိုက်ရသဖြင့် သူ၏နှလုံးသားမှာ အစပိုင်းတွင် တင်းမာသွားခဲ့သော်လည်း ဤနေရာမှာ ယန်ရုရွှယ်၏ အခန်းဖြစ်ကြောင်း အမှတ်ရသွားချိန်တွင် အနည်းငယ် စိတ်အေးသွားလေ၏။

မနေ့ညက သူသည် ယန်ရုရွှယ်နှင့်အတူ ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေခဲ့ကြောင်းကို ရှောင်မို ပြန်လည်အမှတ်ရလိုက်သည်။ သူမက သူ၏ဝိညာဉ်စွမ်းအင်များကို သန့်စင်ပေးခဲ့ပြီး နောက်ဆုံးတွင် သက်သောင့်သက်သာလွန်းလှသဖြင့် သူ အိပ်ပျော်သွားခဲ့ခြင်း ဖြစ်ပေသည်။

သူ၏ ခန္ဓာကိုယ်ကို ပြန်လည်စစ်ဆေးကြည့်လိုက်ရာ ဝိညာဉ်စွမ်းအင်များမှာ ပိုမိုသန့်စင်သွားရုံသာမက သိပ်သည်းကျစ်လျစ်သွားပြီး အပြင်သို့ လျှံထွက်နေသည့် လက္ခဏာမျိုး အလျှင်းမရှိတော့သည်ကို ရှောင်မို ခံစားလိုက်ရလေသည်။

တခြားတစ်နည်းဆိုရလျှင် နောက်လတွင် သူ အုတ်မြစ်ချခြင်း မပြုလုပ်မီ လောလောဆယ်အတွက် သူ၏ ဝိညာဉ်စွမ်းအင်များကို တမင်သက်သက် ဖိနှိပ်ထားရန် သို့မဟုတ် ကျင့်ကြံခြင်းကို ရှောင်ကြဉ်ထားရန် မလိုအပ်တော့ပေ။

သူ၏ ချီသန့်စင်ခြင်းအဆင့်မှာ ပိုမိုခိုင်မာလာနိုင်ပြီး အုတ်မြစ်ချခြင်း အောင်မြင်နိုင်ချေကို အဆင့်ပေါင်းများစွာ တိုးမြင့်လာစေနိုင်ချေပြီ။

"အရှင်မင်းမြတ် နိုးလာပြီပဲ"

ဘိုင်ရုရွှယ်၏ နူးညံ့သော အသံလေးက အခန်းထဲသို့ ပျံ့လွင့်လာခဲ့သည်။

ရှောင်မိုက လှည့်ကြည့်လိုက်ရာ ဘိုင်ရုရွှယ်သည် မှန်တင်ခုံရှေ့တွင် သူမ၏ ဆံကေသာရှည်များကို ဖြီးသင်နေသည်ကို မြင်လိုက်ရလေ၏။

သူမက မနေ့ညက ဝတ်ဆင်ထားခဲ့သော ပါးလွှာသည့် ပိုးပိတ်ဝတ်ရုံလေးကိုသာ ဝတ်ဆင်ထားဆဲဖြစ်ပြီး သူမ၏ အနည်းငယ် ပျင်းရိပုံပေါက်သော်လည်း ဆွဲဆောင်မှုရှိလှသော အသွင်အပြင်က မနေ့ညက သူ့အား အိပ်ရာထဲတွင် ပြုစုယုယပေးခဲ့သည့်ပုံစံမျိုး ဖြစ်နေပေသည်။

သို့သော်လည်း မနေ့ညက သူတို့နှစ်ဦးကြားတွင် ဘာမှမဖြစ်ခဲ့ကြောင်းကိုတော့ ရှောင်မို သိထားလေသည်။

အလှပြင်ဆင်ပြီးသွားသောအခါ ဘိုင်ရုရွှယ်သည် နှင်းပွင့်ကဲ့သို့ ဖြူစင်သော နန်းတွင်းဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်ပြီး ကုတင်ဘေးသို့ ကျက်သရေရှိစွာ လျှောက်လှမ်းလာခဲ့သည်။ "အရှင်မင်းမြတ် ဘယ်လိုခံစားရလဲ သိပါရစေ"

"ကိုယ်တော့် ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေ အများကြီး ပိုပြီးသိပ်သည်းလာတယ်။ ကျေးဇူးပါပဲ" ရှောင်မိုက အမှန်အတိုင်း ပြောလိုက်လေ၏။

"ဒါက ကျွန်မ လုပ်သင့်လုပ်ထိုက်တဲ့ အရာတစ်ခုပါပဲ။ ကျွန်မရဲ့ ဓားသိုင်းပညာရပ် ကျွမ်းကျင်မှုက နိုင်ငံတော်ဆရာသခင်ကျန်းကို မမီတာတော့ အမှန်ပါပဲ၊ ဒါပေမဲ့ နောင်ကို အရှင်မင်းမြတ်အနေနဲ့ ကျွန်မရဲ့ နင်ရွှယ်နန်းဆောင်ကို မကြာခဏ လာခဲ့လို့ရပါတယ်၊ အရှင်မင်းမြတ်ရဲ့ ဝိညာဉ်စွမ်းအင်တွေကို ကျွန်မ ဆက်ပြီး သန့်စင်ပေးသွားပါ့မယ်"

ဘိုင်ရုရွှယ်က သာယာစွာ ပြုံးပြလိုက်ပြီးနောက် အနီးရှိ အဝတ်အစားများကို ကောက်ယူလိုက်သည်။

"အရှင်မင်းမြတ် ဝတ်ဆင်ဖို့ ကျွန်မ ပြုစုပေးပါရစေ"

"ဒုက္ခခံစရာ မလိုပါဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ဝတ်လိုက်ပါ့မယ်"

ရှောင်မိုက ခေါင်းယမ်းလိုက်ပြီး ထိုင်ကာ သူ၏အဝတ်အစားများကို ကိုယ်တိုင် ဝတ်ဆင်လိုက်လေတော့၏။

ရှောင်မို ကုတင်ပေါ်မှ ဆင်းသွားပြီးနောက် ဘိုင်ရုရွှယ်က သူမ၏ လက်ချောင်းကို ကိုက်လိုက်ပြီး သွေးထဲမှ ဝိညာဉ်စွမ်းအင်နှင့် နဂါးစွမ်းအားများကို တိတ်ဆိတ်စွာ စစ်ထုတ်လိုက်ပြီးနောက် အဖြူရောင် ကုတင်အခင်းပေါ်သို့ သွေးစက်ချလိုက်လေသည်။

သွေးစက်အနည်းငယ်က အဖြူရောင်ပိတ်စပေါ်တွင် သွေးကဲ့သို့နီရဲနေသော မက်မွန်ပန်းတစ်ပွင့်ပမာ ပွင့်လန်းလာခဲ့သည်။

သူမ ဘာလုပ်နေသည်ကို ရှောင်မို သိလေ၏။

သူ ညအိပ်တည်းခိုစဉ်အတွင်း ဘာမှမဖြစ်ခဲ့သော်လည်း ထိုအချက်ကို မယ်တော်ကြီးက မည်သည့်အခါမျှ ယုံကြည်မည် မဟုတ်ချေ။

ထို့ကြောင့် ဤသွေးစွန်းနေသော အဖြူရောင်ပိတ်စမှာ မယ်တော်ကြီး စစ်ဆေးရန်အတွက် ဖြစ်ပေသည်။

"အဲဒီပစ္စည်းကို မင်း ရှာနေတာ တော်တော်ကြာပြီလို့ နိုင်ငံတော်ဆရာသခင်ကျန်း ပြောတာကို တစ်ခါ ကြားဖူးတယ်"

ရှောင်မိုက သိချင်စိတ်ဖြင့် မေးလိုက်လေ၏။

ရိုးရိုးသားသား ပြောရလျှင် အလယ်သုံးဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် ပစ္စည်းတစ်ခုအတွက် နန်းတော်ထဲသို့ ခိုးဝင်လာရုံသာမက သူ့လို ရုပ်သေးဧကရာဇ်တစ်ပါး၏ ကြင်ယာတော်အဖြစ်ပါ ခံယူရန် ဆန္ဒရှိနေခြင်းက အမှန်တကယ်ပင် ပေးဆပ်မှု ကြီးမားလွန်းလှပေသည်။

"ဟုတ်ပါတယ်၊ ကျွန်မ ရှာနေခဲ့တာ တော်တော်ကြာပါပြီ" အဖြူရောင်ပိတ်စကို သိမ်းဆည်းရင်း ဘိုင်ရုရွှယ်က ခေါင်းညိတ်လိုက်သည်။ "တကယ်လို့များ ကျွန်မသာ သေမျိုး သာမန်လူသားတစ်ယောက်ဆိုရင် သာမန်လူတွေရဲ့ စကားနဲ့ပြောရရင် ကျွန်မရဲ့ ဘဝတစ်ဝက်ကျော်လောက် အချိန်ယူပြီး ရှာဖွေနေခဲ့ရတာပါ"

ရှောင်မိုမှာ အနည်းငယ် အံ့အားသင့်သွားပြီး "တကယ်လို့များ မင်း တစ်သက်လုံး ရှာမတွေ့ဘူးဆိုရင်ကော... ဘယ်လိုလုပ်မလဲ"

"တကယ်လို့ ရှာမတွေ့ဘူးဆိုရင်..."

ဘိုင်ရုရွှယ်၏ မျက်ဝန်းများက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားလေ၏။

"အဲဒီလိုဆိုရင်တော့ ကျန်ရှိနေသေးတဲ့ ကျွန်မရဲ့ ဘဝတစ်သက်တာလုံးကို အဲဒါကိုပဲ ဆက်ရှာဖွေရင်း ကုန်ဆုံးပစ်လိုက်မှာပေါ့"

All Chapters