အခန်း ၄၉၃
Vol. 50 Ch. 493
အခန်း (၄၉၃)
မင်္ဂလာဆောင်ပြီးနောက် ဒုတိယမြောက်ညတွင်။
နန်းတွင်းအစေခံမလေးထံမှ သွေးစွန်းမက်မွန်ပဝါလေးကို ရရှိပြီးနောက် ရှောင်မိုသည် ယန်ရုရွှယ်၏ အိပ်ဆောင်၌ ညအိပ်တည်းခိုခဲ့သည်ဟူသော သတင်းက မယ်တော်ကြီးယန်၏ နားထဲသို့ ရောက်ရှိသွားလေ၏။
မယ်တော်ကြီးယန်မှာ အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတော့သည်။
သူမ၏အမြင်တွင်မူ သူမ၏ရုရွှယ်လေးက တစ်ညတည်းနှင့် ဧကရာဇ်၏ မျိုးစေ့ကို လွယ်ထားနိုင်သည်ဖြစ်စေ၊ မလွယ်ထားနိုင်သည်ဖြစ်စေ အနည်းဆုံးတော့ ရုရွှယ်က ဦးဆောင်မှုရယူသွားနိုင်ခဲ့ပြီ ဖြစ်ပေသည်။
မယ်တော်ကြီးယန်သာမက အစေခံမလေးချွန်းယန်ပင်လျှင် အတော်လေး မောက်မာဂုဏ်ယူနေခဲ့ချေပြီ။
မည်သို့ပင်ဆိုစေ သူမ၏သခင်မလေးမှာ ဧကရာဇ်မင်းမြတ်၏ မျက်နှာသာပေးမှုကို ပထမဆုံးရရှိခဲ့သည့် မိဖုရားတစ်ပါးဖြစ်ရာ သူမ၏ ဝမ်းဗိုက်ထဲတွင် မင်းသားငယ်လေးတစ်ပါး သန္ဓေတည်နေပြီလည်း ဖြစ်နိုင်သည်မဟုတ်ပါလော။
ချွန်းယန်၏ မောက်မာပြီး အောင်ပွဲခံနေသည့် အမူအရာကို မြင်လိုက်ရသော ဟန်ကျိုးနန်းဆောင်မှ မင်ယွဲ့မှာမူ ဒေါသထွက်လွန်း၍ ပေါက်ကွဲမတတ် ဖြစ်နေလေ၏။
ကံကောင်းထောက်မစွာဖြင့် မင်္ဂလာဆောင်ပြီး တတိယနေ့မှစ၍ ရှောင်မိုသည် ဘိုင်ရုရွှယ်နှင့် ချင်စီယောင်တို့၏ အိပ်ဆောင်များသို့ တစ်လှည့်စီ သွားရောက် အိပ်စက်ခဲ့ပေသည်။
ထို့ကြောင့် ဟန်ကျိုးနန်းဆောင်မှ အစေခံမလေးများမှာ တဖြည်းဖြည်းနှင့် ခေါင်းမော့လာနိုင်ခဲ့လေတော့သည်။
ဘာပဲဖြစ်ဖြစ် အစေခံများဖြစ်ကြသည့် သူတို့၏ ကံကြမ္မာသည် မိမိတို့၏ မိဖုရားနှင့် နီးကပ်စွာ ဆက်စပ်နေလေ၏။
သူတို့၏ သခင်မသာ မျက်နှာသာမရဘဲ လျစ်လျူရှုခံရပါက အစေခံများဖြစ်သော သူတို့အတွက်လည်း နေထိုင်ရ ခက်ခဲလာမည် ဖြစ်ပေသည်။
ယခုတော့ သူတို့၏ မုမိဖုရားမှာ ရွှယ်မိဖုရားထက် တစ်ညသာ နောက်ကျခဲ့ခြင်းဖြစ်ရာ အရာအားလုံးအတွက် အချိန်ရှိနေသေးသည်သာတည်း။
ရှောင်မိုကတော့ မောင်းမဆောင်အတွင်းရှိ သူတို့၏ အတွေးများနှင့် ဖုံးကွယ်နေသော လျှို့ဝှက်ယှဉ်ပြိုင်မှုများကို အလေးမထားခဲ့ချေ။
နောက်ရက်များတွင် ရှောင်မိုသည် သူ၏ ကျင့်ကြံခြင်းကိုသာ နေ့စဉ် အာရုံစိုက်နေခဲ့သည်။
ရှောင်မိုက ရွှယ်မိဖုရားကို အိပ်ရာဝင် ပြုစုစေရန်အတွက် နင်ရွှယ်နန်းဆောင်သို့ သွားရောက်ခဲ့သည့် အကြိမ်တိုင်းတွင် အမှန်တကယ်တော့ ဘိုင်ရုရွှယ်က သူ၏ဝိညာဉ်စွမ်းအင်များကို သန့်စင်ပေးနေခဲ့ခြင်းပင် ဖြစ်ပေသည်။
ရှောင်မို၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ ပိုမိုသိပ်သည်းလာပြီး အဆက်မပြတ် ဖိနှိပ်ခံထားရသောကြောင့် သူသည် နောက်တစ်ကြိမ် ပြန်လည်ကျင့်ကြံနိုင်ခဲ့လေ၏။
ထို့ကြောင့် ရှောင်မိုသည် သူ၏ ဓားသိုင်းပညာရပ်များကို လေ့ကျင့်ရန်အတွက် တာအိုမေးမြန်းခြင်း ယဇ်ပလ္လင်သို့လည်း နေ့စဉ် သွားရောက်ခဲ့လေသည်။
ဘိုင်ရုရွှယ်က ရှောင်မိုအတွက် မည်သို့ လုပ်ဆောင်ပေးနေကြောင်းကို ကျန်းချင်ရီ သိရှိသွားသောအခါ သူမ၏ ရင်ထဲ၌ အကြိမ်အနည်းငယ်မျှ နှာခေါင်းရှုံ့လိုက်မိပြီး အနည်းငယ် မကျေမနပ်ဖြစ်သွားဟန် ရှိသော်လည်း ဓားသိုင်းပညာရပ်များမှလွဲ၍ ဤပင်လယ်လေးစင်း၏ အရှင်သခင်မသည် အမှန်တကယ်ပင် သူမထက် ပိုသိနားလည်ကြောင်းကို ဝန်ခံရပေမည်။ ဥပမာအားဖြင့် ဤကဲ့သို့ ဝိညာဉ်စွမ်းအင်များ သန့်စင်ပေးသည့် ကိစ္စမျိုးတွင် ရှောင်မိုကို ကူညီပေးနိုင်ရန် သူမ၌ မည်သည့်နည်းလမ်းမျှ မရှိချေ။
အခြားအရာများကို ဆိုထားဘိ၊ သူမ၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းအင်ထဲတွင် အလွန်ထက်မြက်လှသော ဓားချီများ ပါဝင်နေပေရာ သူမသာ ရှောင်မို၏ ဝိညာဉ်စွမ်းအင်များကို ကူညီသန့်စင်ပေးမည်ဆိုပါက သူသည် ဓားဖြင့် အချက်တစ်ထောင် အပိုင်းပိုင်း အခုတ်ခံရသကဲ့သို့ နာကျင်မှုကို ခံစားရမည် ဖြစ်ပေသည်။
ဘိုင်ရုရွှယ်က ရှောင်မို၏ ဝိညာဉ်စွမ်းအင်များကို သန့်စင်ပေးပြီး ကျန်းချင်ရီက ဓားသိုင်းပညာရပ်များကို သင်ကြားပေးနေသည့်အပြင် စီယောင်ကလည်း သူ၏ တောင်တန်းများနှင့် မြစ်များ၏ ကံကြမ္မာစွမ်းအားများကို လျှို့ဝှက်စွာဖြင့် ခိုင်မာအောင် သန့်စင်ပေးနေခဲ့လေ၏။
လောကရှိ ဧကရာဇ်အများစုအတွက်မူ သူတို့သာ ကျင့်ကြံလိုပါက ဤတောင်တန်းများနှင့် မြစ်များ၏ ကံကြမ္မာစွမ်းအားမှာ အဆိပ်တစ်ခွက်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။
သို့သော် ချင်စီယောင်သည် ရှေးဟောင်းသန့်စင်သောကိုယ်ထည်ကို ပိုင်ဆိုင်ထားပြီး အနန္တဓမ္မလောကကြီးကို စစ်မှန်စွာ ပေါင်းစည်းနိုင်ခဲ့သည့် ပထမဆုံးသော ဧကရာဇ်တစ်ပါးဖြစ်ကာ နယ်နိမိတ်များကို ချဲ့ထွင်ရာတွင်ပင် ကူညီပေးခဲ့သူ ဖြစ်လေသည်။
ထို့ကြောင့် သူမ၌ တောင်တန်းများနှင့် မြစ်များ၏ ကံကြမ္မာစွမ်းအားအပေါ် ထူးခြားသော ထိန်းချုပ်နိုင်စွမ်း ရှိနေခဲ့ပေသည်။
စီယောင်၏ နန်းဆောင်၌ သူ ညအိပ်တည်းခိုခဲ့သည့် အကြိမ်တိုင်းတွင် သူ၏ကိုယ်တွင် ရစ်ပတ်နေသော တောင်တန်းများနှင့် မြစ်များ၏ ကံကြမ္မာစွမ်းအားများသည် သူ၏ကျင့်ကြံခြင်းနှင့် တာအိုကို လျှို့ဝှက်စွာဖြင့် အာဟာရဖြည့်တင်းပေးနေခဲ့ကြောင်းကို ရှောင်မိုကိုယ်တိုင်ပင် သတိမထားမိခဲ့ချေ။
သတိမထားမိလိုက်ခင်မှာပင် တစ်လတာ အချိန်ကာလ ကုန်လွန်သွားခဲ့လေပြီ။
ရှောင်မို၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို ထပ်မံ၍ သန့်စင်ပေးရန် မဖြစ်နိုင်တော့ပေ။
သာမန်ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်စွမ်းအင်ကို ရေနှင့် နှိုင်းယှဉ်မည်ဆိုပါက ယခုအချိန်၌ ရှောင်မို၏ ဝိညာဉ်စွမ်းအင်မှာ အရည်ပျော်နေသော ရွှေရည်ကဲ့သို့ လေးလံသိပ်သည်းနေချေပြီ။
မည်သို့ပင်ဆိုစေကာမူ ရှောင်မိုသည် ချီသန့်စင်ခြင်းအဆင့်တွင်သာ ရှိနေသေးလေသည်။
ဤချီသန့်စင်ခြင်းအဆင့်ဟူသော ရေပုံး၌ နောက်ဆုံးတွင် ကန့်သတ်ချက် ရှိနေစမြဲပင်။
သို့သော်လည်း ရှောင်မိုကတော့ ပြင်ဆင်မှုများကို အပြည့်အဝ လုပ်ဆောင်ထားခဲ့ပြီး ဖြစ်ပေသည်။
ဧကရာဇ်မြို့တော်အပြင်ဘက် ဆင်ခြေဖုံးရှိ လွင်ပြင်ငယ်လေးတစ်ခုကို သူ ရွေးချယ်ထားခဲ့သည်မှာ ကြာမြင့်နေခဲ့ပြီ ဖြစ်၏။
ထို့အပြင် သူသည် အုတ်မြစ်ချခြင်း ဆေးလုံးတစ်လုံးကို လျှို့ဝှက်စွာ ရယူပေးရန် ဝေ့ရွှန်းကို ခိုင်းစေခဲ့လေသည်။
သို့သော် အရှင်မင်းမြတ်အနေဖြင့် အုတ်မြစ်ချတော့မည်ဖြစ်ကြောင်းကို ဝေ့ရွှန်း သိလိုက်ရသောအခါ သူမှာ အလွန်တရာ ထိတ်လန့်သွားခဲ့ရပြီး စာကြည့်ဆောင်အတွင်း ဒူးထောက်ချလိုက်ကာ "အရှင်မင်းမြတ်၊ ကျေးဇူးပြုပြီး သေချာပြန်စဉ်းစားတော်မူပါဦး" ဟု အထပ်ထပ်အခါခါ ငိုယိုတောင်းပန်နေခဲ့လေတော့သည်။
ရှောင်မိုသည် ဝေ့ရွှန်းကို နားမလည်ခြင်း မဟုတ်ပေ။
ဝေ့ရွှန်း၏ အမြင်တွင် ဤလုပ်ရပ်မှာ သေလမ်းကို ရှာဖွေနေခြင်းသာ ဖြစ်ချေသည်။
အဘယ်ကြောင့်ဆိုသော် ဤလောကတွင် အုတ်မြစ်ချရန် ကြိုးပမ်းခဲ့ကြသော ဧကရာဇ်အများစုမှာ ကောင်းကင်ဘေးဒဏ်အောက်တွင်ပင် အသက်ဆုံးရှုံးခဲ့ကြရသည် မဟုတ်ပါလော။
ရှောင်မိုက သူဘာလုပ်နေသည်ကို သူကိုယ်တိုင် သိကြောင်း ဝေ့ရွှန်းအား ထပ်တလဲလဲ ပြောပြခဲ့လေသည်။
မျက်ရည်များကို သုတ်ရင်း ဝေ့ရွှန်းက သူ၏ဧကရာဇ်မင်းမြတ်ကို ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် ကြည့်နေခဲ့၏။
အရှင်မင်းမြတ်အနေဖြင့် ဘာလုပ်နေသလဲ သို့မဟုတ် မည်သည့်အတိုင်းအတာအထိ သိရှိနားလည်ထားသလဲဆိုသည်ကို ဝေ့ရွှန်း အမှန်တကယ်ပင် မသိခဲ့ချေ။
သို့သော် အရှင်မင်းမြတ်က စိတ်ပိုင်းဖြတ်ထားပြီး အုတ်မြစ်ချလိုနေမှတော့ သူ ဘာများ တတ်နိုင်မည်နည်း...
ယခုတော့ အရာတစ်ပါးမှလွဲ၍ ရှောင်မို၌ အရာအားလုံး အသင့်ရှိနေခဲ့ပြီ ဖြစ်ပေသည်။
သူ၏ အုတ်မြစ်ချခြင်း အောင်မြင်နိုင်ချေကို တိုးမြင့်စေမည့် ရတနာတစ်ခုကို ပေးမည်ဟု ကျန်းချင်ရီက ပြောထားခဲ့လေသည်။
ထိုပစ္စည်းမှာ ယခုအထိ မပြီးစီးသေးခြင်းသာ ဖြစ်၏။
နောက်ဆုံးတွင် ယနေ့၌ ကျန်းချင်ရီသည် ရှောင်မို၏ အိပ်ဆောင်သို့ ရောက်ရှိလာခဲ့ပြီး ဆေးပုလင်းတစ်ပုလင်းကို သူ၏ရှေ့၌ ချထားပေးလိုက်လေတော့သည်။
"နတ်မိမယ်ကျန်း၊ ဒါက"
ရှောင်မိုက ဆေးပုလင်းကို ယူလိုက်ပြီး ကျန်းချင်ရီအား မော့ကြည့်လိုက်သည်။
ပုလင်းကို ဖွင့်လိုက်ရုံမျှဖြင့် အတွင်းမှ ပြင်းပြလှသော ဆေးနံ့ကို ရှောင်မို ရရှိလိုက်ပေသည်။
"ဒါက ရှင့်ကို ငါပြောထားခဲ့တဲ့ ပစ္စည်းပဲ"
ကျန်းချင်ရီက ခပ်အေးအေးပင် ပြောလိုက်၏။
"ဒီဆေးလုံးကို ကောင်းကင်ခိုးယူဆေးလုံးလို့ ခေါ်တယ်။ အရှင်မင်းမြတ်က လူသားတွေရဲ့ ဧကရာဇ်ဖြစ်နေတော့ ကောင်းကင်တာအိုရဲ့ အာရုံစိုက်မှုကို အလွယ်တကူ ဆွဲဆောင်နိုင်တယ်။ ဒီဆေးကို သောက်ပြီးသွားရင် ကောင်းကင်တာအိုက အရှင်မင်းမြတ်အပေါ် မျက်စိမှိတ်ထားပေးနိုင်လိမ့်မယ်၊ အဲဒီအခါ အုတ်မြစ်ချတယ်ဆိုတာက သိပ်ခက်ခဲတဲ့ ကိစ္စတစ်ခု ဖြစ်လာတော့မှာ မဟုတ်ဘူး"
"အနည်းဆုံးတော့ အရှင်မင်းမြတ်အနေနဲ့ ကောင်းကင်ဘေးဒဏ်ကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်လိမ့်မယ်"
ကျန်းချင်ရီ၏ စကားများကို ကြားလိုက်ရသောအခါ ရှောင်မို၏ မျက်မှောင်က ကုတ်သွားလေ၏။
"နတ်မိမယ်ကျန်း၊ ကိုယ်တော်က ဒီဆေးလုံးကို လက်ခံလိုက်ရင် မင်းကို ဘယ်လိုပြန်ပြီး ကျေးဇူးဆပ်ရမလဲဆိုတာ မသိတော့ဘူး"
ရှောင်မိုက ခေါင်းယမ်းလိုက်ပြီး ဆေးပုလင်းကို စားပွဲပေါ်သို့ ပြန်တင်ထားလိုက်သည်။
ရှောင်မိုသည် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်မျှသာ ဖြစ်သော်လည်း သူ၏ အသိပညာ ဗဟုသုတများမှာ သာမန်ကျင့်ကြံသူများထက် သာလွန်နေခဲ့ပေသည်။
ရှောင်မိုက နန်းတော်၏ စာကြည့်တိုက်သို့ မကြာခဏ သွားရောက်ကာ ကျင့်ကြံခြင်းဆိုင်ရာ ဂန္ထဝင်ကျမ်းစာများကို ဖတ်ရှုခဲ့ပြီး ဆေးဖော်စပ်ခြင်း တာအိုနှင့် ပတ်သက်သည့် မှတ်တမ်းလိပ်များစွာကိုလည်း ဖတ်ရှုလေ့လာခဲ့လေ၏။
ထို့ကြောင့် ကောင်းကင်တာအိုနှင့် ပတ်သက်နေသည့် မည်သည့်ဆေးလုံးမဆို အလွန်တရာ အဖိုးတန်ရှားပါးလှကြောင်းကို သူ သိရှိထားပေသည်။
အကယ်၍ သူမက အုတ်မြစ်ချခြင်း အောင်မြင်နိုင်ချေကို တိုးမြင့်စေမည့် သာမန်ဆေးလုံးတစ်လုံးကိုသာ ပေးခဲ့မည်ဆိုပါက သူ လက်ခံလိုက်မည်သာ ဖြစ်ချေသည်။
အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သောအရာမျိုးသည် တန်ဖိုးကြီးသည်ဆိုစေကာမူ အုတ်မြစ်ချခြင်းအဆင့်၌သာ ကန့်သတ်ချက်ရှိနေသောကြောင့်တည်း။
နောင်တစ်ချိန်တွင် သူမအား ပြန်လည်ကျေးဇူးဆပ်ရန်မှာ ပြဿနာတစ်ခု ဖြစ်လာမည် မဟုတ်ပေ။
သို့သော် ဤတာအိုနှင့် ပတ်သက်နေသော ဆေးလုံးအတွက်တော့ သူ ဘာပြန်ပေးရမည်ဆိုတာကို ရှောင်မို အမှန်တကယ်ပင် မသိခဲ့ချေ။
ရှောင်မို၏ စကားများကို ကြားလိုက်ရသောအခါ ကျန်းချင်ရီက မျက်စောင်းတစ်ချက် ခပ်ဖွဖွထိုးလိုက်ပြီး သူမ၏ ဆံပင်တစ်စကို နားနောက်သို့ သပ်တင်လိုက်ရင်း...
"ဒီဆေးလုံးရဲ့ ဖော်စပ်တဲ့ နည်းလမ်းက အလွန်ထူးခြားတယ်၊ ဖန်တီးတဲ့အချိန်မှာ အရှင်မင်းမြတ်ရဲ့ မွေးသက္ကရာဇ်နဲ့ ကံကြမ္မာလက္ခဏာရှစ်ပါးကို အသုံးပြုထားတာ"
"ဒါကြောင့် အရှင်မင်းမြတ် သောက်မှပဲ အာနိသင်ရှိမှာ"
"တကယ်လို့ အရှင်မင်းမြတ် မသောက်ဘူးဆိုရင် ဒီဆေးပုလင်းက သကြားလုံးလိုပဲ အလဟဿဖြစ်သွားမှာပေါ့၊ အဲဒါက ပိုပြီး နှမြောစရာ မကောင်းဘူးလား"
"အရှင်မင်းမြတ် တကယ်ပဲ စိတ်မသက်မသာ ဖြစ်နေတယ်ဆိုရင်လည်း အုတ်မြစ်ချခြင်းအဆင့်ကို သေချာပေါက် ရောက်အောင်သာ လုပ်ပါ။ နောင်တစ်ချိန် အရှင်မင်းမြတ်ရဲ့ အဆင့်က ပိုမြင့်မားလာတဲ့ အချိန်ကျမှပဲ အဲဒီကျေးဇူးဆပ်တယ်ဆိုတဲ့ ကိစ္စကို ပြောကြတာပေါ့"
"ပြီးတော့ တကယ်လို့ အရှင်မင်းမြတ်အနေနဲ့ မဟာကျိုးရဲ့ ဧကရာဇ်အဖြစ် ဆက်မလုပ်ချင်တော့ဘဲ တောင်ပေါ်သွားပြီး ကျင့်ကြံချင်တယ်ဆိုရင်လည်း ငါတို့ ဓားတစ်သောင်းဂိုဏ်းကို ရွေးချယ်လိုက်ရုံပါပဲ"
"ငါတို့ ဓားတစ်သောင်းဂိုဏ်းက ခိုင်မာတဲ့ အုတ်မြစ်ရှိပြီး ပါရမီရှင်တွေကို အမြဲတမ်း တန်ဖိုးထားတတ်တယ်၊ ဒီဆေးပုလင်းကို ငါတို့ ဓားတစ်သောင်းဂိုဏ်းက အရှင်မင်းမြတ်အပေါ် ရင်းနှီးမြှုပ်နှံလိုက်တာလို့ပဲ သဘောထားလိုက်ပါ"
"အခု အရာအားလုံး အသင့်ဖြစ်နေပြီဆိုတော့ အရှင်မင်းမြတ်အနေနဲ့ တကယ်ပဲ အုတ်မြစ်ချနိုင်ပါပြီ"
ထိုသို့ပြောဆိုပြီးနောက် ကျန်းချင်ရီက မတ်တတ်ရပ်လိုက်ပြီး ထပ်၍စကားမပြောလိုတော့သလို ရှောင်မိုကို ငြင်းဆန်ရန် အခွင့်အရေးလည်း မပေးတော့ဘဲ သူ၏ အခန်းထဲမှ တိုက်ရိုက် လျှောက်ထွက်သွားလေတော့သည်။
"ကျေးဇူးဆပ်မယ် ဟုတ်လား"
စိတ်ဝိညာဉ်ပြုစုပျိုးထောင်ရေး ခန်းမဆောင်၏ အဝင်ဝတွင် ကျန်းချင်ရီက ရပ်တန့်လိုက်ပြီး နောက်သို့လှည့်ကြည့်ကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်မိလေ၏။
"ဟိုမိန်းမနှစ်ယောက်ရဲ့ အစားမခံလိုက်ရတာကပဲ အကောင်းဆုံး ဆုလာဘ်ပဲ"