အခန်း ၄၉၇
Vol. 50 Ch. 497
အခန်း (၄၉၇)
ကုတင်ပေါ်မှ နိုးထလာချိန်တွင် ရှောင်မိုက ဝေဝါးသောအသိစိတ်ဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်လေ၏။
သူ ပထမဆုံး မြင်လိုက်ရသည်မှာ ရင်းနှီးနေသော ကုတင်ခန်းဆီးများပင် ဖြစ်ပေသည်။
"ငါ အိပ်ဆောင်ကို ပြန်ရောက်နေတာလား"
ရှောင်မို၏ အသိစိတ်တို့က တဖြည်းဖြည်း ကြည်လင်လာခဲ့ချေပြီ။
သူ ထိုင်ရန် ကြိုးစားလိုက်သော်လည်း ခန္ဓာကိုယ်တစ်ခုလုံးမှ ပြင်းထန်လှသော နာကျင်မှုလှိုင်းလုံးကြီးကိုသာ ခံစားလိုက်ရလေသည်။
သူ၏ အရိုးစုတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကျိုးကြေသွားပြီးနောက် အတင်းအဓမ္မ ပြန်လည်ဆက်စပ်ခံထားရသည့်အလား ခံစားနေရပေသည်။
ခေါင်းကိုလှည့်၍ သူ၏ခန္ဓာကိုယ်ကို ကြည့်လိုက်ရာ ပတ်တီးများ ရစ်ပတ်ခံထားရပြီး လုံးဝလှုပ်ရှား၍မရနိုင်ဖြစ်နေသည်ကို ရှောင်မို တွေ့ရှိလိုက်ရတော့၏။
ကုတင်ပေါ်တွင် လှဲလျောင်းနေရင်း ရှောင်မိုသည် သူ ဘေးဒဏ်ခံယူစဉ်က ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်စဉ်းစားနေခဲ့လေသည်။
ကောင်းကင်တာအိုက သူ့အား မျက်နှာသာ လုံးဝမပေးခဲ့သည်ကို ရှောင်မို မှတ်မိနေ၏။ မိုးကြိုးဘေးဒဏ် ရုပ်လုံးပေါ်လာခြင်းက တစ်ကဏ္ဍဆိုသော်ငြား အုတ်မြစ်ချခြင်းအဆင့်မှာတင် မိုးကြိုးသုံးချက်တိတိ ပစ်ချခဲ့သည် မဟုတ်ပါလော။
သို့သော်လည်း မိုးကြိုးပစ်ချလာသည့် နောက်ဆုံးအခိုက်အတန့်တွင် သူသည် သေမထူးနေမထူး ဆုံးဖြတ်ချက်ဖြင့် သူ၏ဓားကို ဝှေ့ယမ်းခုတ်ပိုင်းခဲ့ပေသည်။
ထို့နောက်တွင်တော့ သူ သတိလစ်သွားခဲ့ချေပြီ။
"ငါ ဘေးဒဏ်ခံယူတာ အောင်မြင်သွားခဲ့တာလား"
ရှောင်မိုက မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကို စစ်ဆေးရန် ဝိညာဉ်အာရုံကို အသုံးပြုလိုက်လေ၏။
လောလောဆယ်တွင် ရှောင်မို၏ ခန္ဓာကိုယ်က အလွန်အားနည်းနေသောကြောင့် စနိုးလာချိန်တွင် သူ သိပ်ပြီး မခံစားခဲ့ရချေ။
သို့သော် ဝိညာဉ်အာရုံဖြင့် သေချာဂရုတစိုက် အာရုံခံကြည့်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်သွေးကြောပေါက်များနှင့် ဝိညာဉ်သွေးကြောများမှာ ရှင်းလင်းကျယ်ပြန့်သွားသကဲ့သို့ ရှောင်မို ရှင်းလင်းစွာ ခံစားလိုက်ရပေသည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ ချီသန့်စင်ခြင်းအဆင့်ကထက် ငါးဆမက ပိုမိုပေါများကြွယ်ဝနေပြီး ထိုစွမ်းအင်၏ အရည်အသွေးကလည်း ပို၍ပင် ထူးကဲသာလွန်နေခဲ့လေသည်။
ထိုဝိညာဉ်စွမ်းအင်များက သူ၏ သွေးသားများထဲသို့တိုင်အောင် စိမ့်ဝင်ပျံ့နှံ့နေခဲ့ချေပြီ။
ဝိညာဉ်စွမ်းအင်များက ဝိညာဉ်သွေးကြောပေါက်များနှင့် ဝိညာဉ်သွေးကြောများထဲတွင်သာ တည်ရှိမနေတော့ဘဲ သူ၏ သွေးသားအစိတ်အပိုင်းတိုင်းကို တက်ကြွစွာ အာဟာရဖြည့်တင်းပေးနေခဲ့လေ၏။ ဤသည်ကား အုတ်မြစ်ချခြင်းအဆင့်၏ အခြေခံအကျဆုံးသော ဝိသေသလက္ခဏာပင်တည်း။
သူ၏ သက်တမ်းကန့်သတ်ချက်မှာလည်း သိသိသာသာ တိုးလာခဲ့ကြောင်းကို ရှောင်မို ခံစားနိုင်ပေသည်။
မထင်မှတ်ထားသော ပြဿနာတစ်ခုခုသာ မဖြစ်ပေါ်လာခဲ့ပါက အသက် နှစ်ရာ့လေးဆယ် သို့မဟုတ် နှစ်ရာ့ငါးဆယ်အထိ နေထိုင်သွားရန်မှာ ပြဿနာမရှိနိုင်ဟု ရှောင်မို ခံစားနေရလေသည်။
ထို့အပြင် ရှောင်မိုက ဆာလောင်မှုကို ခံစားရသော်လည်း ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကိုသာ စုပ်ယူစားသုံးရန် လိုအပ်ပေသည်။
တခြားတစ်နည်းဆိုရလျှင် ယခုမှစ၍ သူသည် အစာရှောင်ကျင့်စဉ်ကို ကျင့်သုံးနိုင်ပြီဖြစ်ကာ စားသောက်ရန်နှင့် အညစ်အကြေးစွန့်ရန် မလိုအပ်တော့ချေ။
ချက်ချင်းဆိုသလိုပင် ရှောင်မိုသည် သူ၏ဝိညာဉ်အာရုံကို ဖြန့်ကြက်လိုက်ရာ ၎င်း၏ အကွာအဝေးမှာ လေးဆမက ကျယ်ပြန့်သွားကြောင်းကို တွေ့ရှိလိုက်ရလေ၏။
ထို့အပြင် လေထုထဲတွင် ကိန်းအောင်းနေသော တာအိုနိယာမများနှင့် ပတ်သက်၍လည်း ဖော်ပြရခက်သော ခံစားချက်တစ်ခုကို သူ ရရှိနေခဲ့ပေသည်။
သာမန်လူများ မမြင်နိုင်သော အရာများကို မြင်တွေ့နိုင်သည့် ပိုမိုမြင့်မားသော အတိုင်းအတာတစ်ခုသို့ တက်လှမ်းသွားရသည့်အလားပင်။
သူ၏ ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းနေသေးသောကြောင့် အမြင်အာရုံ အနည်းငယ် ဝေဝါးနေခြင်းသာ ဖြစ်ချေသည်။
"ဒါက အုတ်မြစ်ချခြင်းအဆင့် ဆိုတာလား"
ရှောင်မိုမှာ များစွာ စိတ်လှုပ်ရှားကြည်နူးသွားရတော့၏။
ကျင့်ကြံသူများစွာက သူတို့၏ အဆင့်ကို ချိုးဖောက်တက်လှမ်းနိုင်မည့် သေးငယ်သော အခွင့်အရေးလေးတစ်ခုအတွက် အသက်အန္တရာယ်နှင့် တာအိုပျက်စီးမည့်အရေးကိုပင် ဂရုမစိုက်ဘဲ စွန့်စားကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ထို့အပြင် တကိုယ်တော်ကျင့်ကြံသူ များစွာက အခွင့်အလမ်း အနည်းငယ်လေးအတွက်နှင့် မိမိတို့၏ ညီအစ်ကိုများ၊ သို့မဟုတ် တာအိုလက်တွဲဖော်များကိုပင် သစ္စာဖောက်ကြသည်မှာလည်း မဆန်းတော့ချေ။
သက်တမ်းကို တိုးလာစေသည့်အပြင် ကျင့်ကြံခြင်းအဆင့် တိုးတက်လာခြင်းက လောကကြီးကို တဖြည်းဖြည်း ထိန်းချုပ်နိုင်လာပြီဟူသော စိတ်ကူးယဉ်ယုံကြည်မှုမျိုးကို အမှန်တကယ်ပင် ပေးစွမ်းနိုင်လေရာ ပိုမိုမြင့်မားသော အဆင့်များ၏ ရှုခင်းများကို ရူးသွပ်လုမတတ် တောင့်တလာစေတော့သည်။
ရှောင်မိုတစ်ယောက် သူ၏ အုတ်မြစ်ချခြင်းအဆင့်ကို ဖြည်းညင်းစွာ ခံစားနေစဉ်မှာပင် သူ၏ အခန်းဆီသို့ လျှောက်လာနေသော လူတစ်ဦးကို သူ၏ဝိညာဉ်အာရုံက ထောက်လှမ်းမိလိုက်လေ၏။
ခဏအကြာတွင် ဘိုင်ရုရွှယ်သည် ဆေးပန်းကန်တစ်လုံးကို ကိုင်ဆောင်လျက် အခန်းထဲသို့ ဝင်ရောက်လာခဲ့ပေသည်။
"အရှင်မင်းမြတ် နိုးလာပြီပဲ"
ရှောင်မို နိုးနေသည်ကို မြင်လိုက်ရသဖြင့် ဘိုင်ရုရွှယ်က ညင်သာစွာ ပြုံးလိုက်လေရာ သူမ၏ မျက်နှာအမူအရာတွင် ရိုးသားစစ်မှန်သော ဝမ်းမြောက်မှုတို့ ပြည့်နှက်နေခဲ့ချေပြီ။
"အင်း" ရှောင်မိုက ခေါင်းညိတ်လိုက်၏။ "ကိုယ်တော် သတိလစ်နေတာ ဘယ်လောက်ကြာသွားပြီလဲ"
"အရှင်မင်းမြတ် သတိလစ်နေခဲ့တာ ရက်နှစ်ဆယ် တိတိရှိသွားပါပြီ" ဘိုင်ရုရွှယ်က ဆေးပန်းကန်ကို ကုတင်ဘေးရှိ စားပွဲခုံပေါ်တွင် တင်လိုက်သည်။ "အရှင်မင်းမြတ် ဘေးဒဏ်ခံယူနေတုန်းက ကျွန်မမှာ လန့်သေမတတ်ပါပဲ။ ကံကောင်းလို့ အရှင်မင်းမြတ် ဘေးကင်းကင်းနဲ့ အသက်ရှင်နေတာပေါ့"
ယခင်က ဖြစ်ရပ်များကို ပြန်လည်သတိရမိချိန်တွင် ဘိုင်ရုရွှယ်မှာ ကြောက်ရွံ့တုန်လှုပ်မှု အကြွင်းအကျန်များကို ခံစားနေရဆဲ ဖြစ်ပေသည်။
ကံကောင်းထောက်မစွာဖြင့် ရှောင်မိုမှာ ဒဏ်ရာအချို့သာ ရရှိခဲ့ပြီး သူ၏အသက်ကို ကယ်တင်နိုင်ခဲ့သည့်အပြင် အုတ်မြစ်ချခြင်းအဆင့်သို့ပင် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လေ၏။
"အရှင်မင်းမြတ်ကို ဆေးတိုက်ပါရစေ"
သူမ၏ အတွေးများကို ဖယ်ထားလိုက်ပြီး ဘိုင်ရုရွှယ်က အောက်သို့ ကိုင်းညွတ်လိုက်လေသည်။ သူမ၏ နက်မှောင်သော ဆံနွယ်တစ်မျှင်က ရှောင်မို၏ နှာခေါင်းထိပ်ကို လာရောက်ထိခတ်သွားပြီး သူမ၏ သင်းပျံ့သော ကိုယ်သင်းနံ့လေးကို သယ်ဆောင်လာခဲ့ပေသည်။
သူမက အနီးကပ် ကိုင်းညွတ်ထားသောကြောင့် ရှောင်မိုမှာ နှင်းပွင့်ကဲ့သို့ ဖြူဝင်းနေသော သူမ၏ ရင်သားအလှကိုလည်း တစ်စွန်းတစ်စ မြင်တွေ့လိုက်ရတော့၏။
သို့သော် ဘိုင်ရုရွှယ်ကတော့ လုံးဝ ဂရုမစိုက်ခဲ့ချေ။
ဘိုင်ရုရွှယ်အတွက်မူ သူမပိုင်ဆိုင်သမျှ အရာအားလုံးက သူ၏အပိုင် ဖြစ်နေခဲ့ပြီဖြစ်ရာ သူ မြင်သွားတော့ရော ဘာဖြစ်သနည်း။
ဘိုင်ရုရွှယ်က ရှောင်မိုကို ညင်သာစွာ တွဲထူပေးပြီး ကျိုးပဲ့သွားမည်ကို စိုးရိမ်နေသည့်အလား ကုတင်ခေါင်းရင်းတွင် မှီထားစေလိုက်လေသည်။
ဆေးပန်းကန်ကို ကောက်ယူလိုက်ပြီး ဘိုင်ရုရွှယ်က ဆေးတစ်ဇွန်းကို ခပ်ယူကာ သူမ၏ ချိုမြိန်သော အသက်ရှူငွေ့လေးဖြင့် ညင်သာစွာ မှုတ်လိုက်ပေသည်။ အခိုးအငွေ့များကို မှုတ်ထုတ်ပြီးနောက် ရှောင်မိုအား မတိုက်မီ အရမ်းမပူလွန်းစေရန် သေချာစေရန်အတွက် သူမ၏ နှုတ်ခမ်းလေးများနှင့် ထိကပ်၍ စမ်းသပ်ကြည့်လိုက်လေ၏။
ရုရွှယ်၏ ဆေးတိုက်ပေးသည့် လုပ်ငန်းစဉ်နှင့် လှုပ်ရှားမှုများမှာ အနည်းငယ် ရင်းနှီးကျွမ်းဝင်လွန်းနေသော်လည်း ရှောင်မိုက ဘာမှမဟုတ်သကဲ့သို့သာ ဟန်ဆောင်နေလိုက်ပြီး ပန်းကန်ထဲရှိ ဆေးများကို အလျင်အမြန် သောက်သုံးပစ်လိုက်တော့သည်။
ဆေးရည်က သူ၏ဝမ်းဗိုက်ထဲသို့ ရောက်ရှိသွားသည်နှင့် ထိုအရည်များက သူ၏ ကိုယ်တွင်းကလီစာများ၊ ဝိညာဉ်သွေးကြောများနှင့် ဝိညာဉ်သွေးကြောပေါက်များဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး သူ၏ ခန္ဓာကိုယ်မှာ ဖြည်းညင်းစွာ အာဟာရဖြည့်တင်းခံနေရကြောင်းကို ရှောင်မို ခံစားလိုက်ရပေသည်။
"ဒီဆေးက..." ဤဆေးပန်းကန်မှာ သာမန်ရိုးရှင်းလှသည် မဟုတ်ကြောင်းကို ရှောင်မို သိလိုက်လေ၏။
"ဒါက သာမန်ပစ္စည်းလေးတစ်ခုပါပဲ၊ ဘာမှ ထူးခြားမနေပါဘူး" ဘိုင်ရုရွှယ်က ခေါင်းယမ်းလိုက်ပြီး မွှေးပျံ့နေသော ပဝါလေးတစ်ထည်ကို ယူ၍ ရှောင်မို၏ နှုတ်ခမ်းထောင့်များကို သုတ်ပေးလိုက်ကာ သူ့ကို ကုတင်ထက်တွင် ပြန်လည်လှဲလျောင်းစေလိုက်ပေသည်။
ဘိုင်ရုရွှယ်က ထပ်မံ၍ ရှင်းပြခြင်း မရှိသလို ရှောင်မိုကလည်း ထိုဆေး၏ တန်ဖိုးနှင့် ပတ်သက်၍ ဆက်မမေးတော့ဘဲ ဤကျေးဇူးကို စိတ်ထဲတွင်သာ မှတ်သားထားလိုက်တော့၏။
"ကိုယ်တော် သတိလစ်နေတဲ့ရက်တွေအတွင်း တစ်ခုခုများ ဖြစ်ခဲ့သေးလား" ရှောင်မိုက မေးလိုက်သည်။
"စိတ်ချပါ အရှင်မင်းမြတ်။ အရှင်မင်းမြတ်ကို နန်းတော်ထဲ ပြန်ခေါ်လာပြီးတဲ့နောက် အစ်မမုကျိုးနဲ့ ကျွန်မက တစ်လှည့်စီ ပြုစုပေးခဲ့ပါတယ်။ နိုင်ငံတော်ဆရာသခင်ကျန်းလည်း မကြာခဏ လာကြည့်ပါတယ်"
"လင်ရှင်းနန်းဆောင်ဘက်ကိုတော့ အရှင်မင်းမြတ် တံခါးပိတ်ကျင့်ကြံနေတယ်ဆိုပြီး အကြောင်းပြချက် ပေးထားပါတယ်။ မယ်တော်ကြီးကတော့ အရှင်မင်းမြတ်က ကျွန်မတို့ကို လျစ်လျူရှုထားတယ်လို့ ခံစားရပြီး အနည်းငယ် မကျေမနပ် ဖြစ်နေပေမဲ့ အဆင်ပြေပါတယ်၊ သူမ သံသယမဝင်ပါဘူး"
"မိန်းမစိုးဝေ့က အရှင်မင်းမြတ်အပေါ် တကယ်ပဲ သစ္စာရှိပါတယ်။ ရှေ့ညီလာခံမှာ ယန်ရှန်းအောက်ကို သူ သေချာကိုင်တွယ်ဖြေရှင်းပေးခဲ့တယ်"
"အခုတော့ အရှင်မင်းမြတ်အနေနဲ့ ပြန်လည်သက်သာလာဖို့ကိုပဲ အာရုံစိုက်ထားလို့ ရပါပြီ။ ငါးရက် ခြောက်ရက်လောက်နေရင် လမ်းပြန်လျှောက်နိုင်မှာပါ"
"ကျေးဇူးတင်ပါတယ်၊ သခင်မလေးယန်" ရှောင်မိုက ကျေးဇူးတင်စွာဖြင့် ပြောလိုက်လေ၏။
"အရှင်မင်းမြတ်က သဘောကောင်းလွန်းနေပါပြီ။ အရှင်မင်းမြတ်ကို ပြုစုစောင့်ရှောက်ရတာက ကျွန်မ လုပ်သင့်လုပ်ထိုက်တဲ့ အရာတစ်ခုပါပဲ" ဘိုင်ရုရွှယ်က ညင်သာစွာ ပြုံးလိုက်ပြီး ဆေးပန်းကန်ကိုကိုင်လျက် မတ်တတ်ရပ်လိုက်ပေသည်။ "ဒါဆိုရင် ကောင်းကောင်း အနားယူပါ အရှင်မင်းမြတ်။ ကျွန်မ ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး"
"အင်း" ဆေးအာနိသင်ကြောင့်လည်း ဖြစ်နိုင်သည်၊ ရှောင်မိုမှာလည်း အနည်းငယ် အိပ်ငိုက်လာသဖြင့် သူ၏မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်လေတော့သည်။
ဘိုင်ရုရွှယ်က အခန်းထဲမှ တိတ်ဆိတ်စွာ လျှောက်ထွက်သွားပြီး နင်ရွှယ်နန်းဆောင်သို့ ပြန်လာခဲ့လေ၏။
သို့သော် ဘိုင်ရုရွှယ်တစ်ယောက် နင်ရွှယ်နန်းဆောင်၏ တံခါးဝသို့ ရောက်ရှိသွားချိန်မှာပင် ချွန်းယန်တစ်ယောက် အပြေးအလွှား ရောက်လာသည်ကို မြင်တွေ့လိုက်ရပေသည်။
"သခင်မလေး၊ သခင်မလေး ယန်အိမ်တော်ကို ပြန်လာခဲ့ဖို့ သခင်မကြီးက လူလွှတ်လိုက်ပါတယ်။ မယ်တော်ကြီးနဲ့ သခင်မကြီး စကားပြောပြီးပြီမို့လို့ ကျွန်မတို့ နန်းတော်ထဲကနေ တိုက်ရိုက် ထွက်သွားလို့ရတယ်လို့ ပြောပါတယ်"
"ယန်အိမ်တော်ကို ပြန်ရမယ် ဟုတ်လား" ဘိုင်ရုရွှယ်က နားမလည်နိုင်စွာဖြင့် မေးလိုက်၏။ "ဘာကိစ္စလဲဆိုတာကိုရော အမေ ပြောလိုက်သေးလား"
"သခင်မလေးရဲ့ ပါရမီအကြောင်းကို ကွန်ဖြူးရှပ်ကျောင်းတော်က ကြားသွားလို့ သခင်မလေးနဲ့ တွေ့ဆုံဖို့ ပညာရှင်မွန်တစ်ယောက်ကို လွှတ်လိုက်တာလို့ ထင်ပါတယ်" ချွန်းယန်က အမှန်အတိုင်း ပြန်ဖြေလိုက်လေသည်။
"ကွန်ဖြူးရှပ်ကျောင်းတော်" ဟူသော စကားလုံးများကို ကြားလိုက်ရသောအခါ ဘိုင်ရုရွှယ်၏ မိုးမခရွက်ကဲ့သို့ သွယ်လျသော မျက်ခုံးများမှာ တွန့်ချိုးသွားချေပြီ။
"သခင်မလေး၊ ကွန်ဖြူးရှပ်ကျောင်းတော်က ဘာဖြစ်လို့လဲဟင်။ သခင်မလေးက သူတို့ကို မတွေ့ချင်တဲ့ပုံပေါက်နေတယ်နော်" ချွန်းယန်က သိချင်စိတ်ဖြင့် မေးလိုက်၏။
ကွန်ဖြူးရှပ်ကျောင်းတော်ဆိုသည်မှာ လောကတစ်ခွင်ရှိ ပညာရှင်များအားလုံး တောင့်တမျှော်လင့်ရသော နေရာတစ်ခုပင်တည်း။
သခင်မလေးက စာဖတ်အားကောင်းပြီး ကိုယ်တိုင်ကလည်း ပညာရှင်တစ်ဦးဖြစ်ပေရာ ယုတ္တိတန်တန်တွေးကြည့်မည်ဆိုလျှင် သခင်မလေးသည်လည်း ကွန်ဖြူးရှပ်ကျောင်းတော်ကို သွားရောက်လိုစိတ် ရှိသင့်ပေသည်။
သို့သော် သခင်မလေးက ဘာဖြစ်လို့ ဒီလောက်တောင် မကျေမနပ် ဖြစ်နေရတာလဲ။
"ဘာမှမဟုတ်ပါဘူး"
ဘိုင်ရုရွှယ်က အနည်းငယ် ပြုံးလိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် အေးစက်စက် အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားလေတော့သည်။
"ကျောင်းတော်က ပညာရှင်မွန်တစ်ယောက်တောင် ရောက်လာခဲ့ပြီဆိုတော့ ငါလည်း သူ့ကို သွားတွေ့လိုက်ရတာပေါ့"