← Chapters

အခန်း ၅၀၀

Vol. 50 Ch. 500

အခန်း ၅၀၀

Vol. 50 Ch. 500

အခန်း ( ၅၀၀)

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ဘိုင်ရုရွှယ်က "ဟိုအဘိုးကြီး ခုံရှန်းက အတိတ်ကအကြောင်းတွေကို ရှင့်ကို ဘယ်လောက်အထိများ ပြောပြခဲ့သလဲ" ဟု မေးလိုက်လေ၏။

ထိုမေးခွန်းကို ကြားလိုက်ရချိန်တွင် ကျင်းချယ်၏ နဖူးထက်၌ ချွေးသီးချွေးပေါက်များ အလိုအလျောက် ပေါက်ထွက်လာခဲ့သော်ငြား သူက စိတ်ကို အလျင်အမြန် တည်ငြိမ်အောင်ထားကာ "အများကြီးပါ..." ဟု လေးနက်စွာ ပြန်လည်ဖြေကြားလိုက်ပေသည်။

"ဒါဆို လက်ရှိ ကျိုးတိုင်းပြည်ရဲ့ဘုရင်က ဘယ်သူလဲဆိုတာကို ရှင် သိလား" ဘိုင်ရုရွှယ်က ထပ်မံမေးမြန်းလိုက်၏။

"ကျွန်တော် သိပါတယ်" ကျင်းချယ်က ရှက်ရွံ့နေသော မျက်နှာအမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီး "သခင်လေးရှောင်အပေါ် ကွန်ဖြူးရှပ်ကျောင်းတော်က မျက်နှာပျက်ခဲ့ရတာပါ" ဟု ဆိုလေသည်။

"ကွန်ဖြူးရှပ်ကျောင်းတော် ဟုတ်လား" ဘိုင်ရုရွှယ်က လှောင်ပြုံးပြုံးလိုက်ချေပြီ။

ဘိုင်ရုရွှယ်၏ စကားသံအဆုံးတွင် သူမ၏မျက်ဝန်းများက ရွှေရောင်ဒေါင်လိုက် သူငယ်အိမ်များအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။ ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ပြီးပြည့်စုံခြင်း၏ ကြောက်မက်ဖွယ်ကောင်းလှသော နဂါးစွမ်းအားကြီးက ကျင်းချယ်အပေါ်သို့ ဖိချလာခဲ့ပေသည်။

ဧရာမ တောင်ကြီးတစ်လုံးက သူ၏ပခုံးများထက်သို့ ဖိချခံထားရသကဲ့သို့ ကျင်းချယ် ခံစားလိုက်ရ၏။ သူ၏နဖူးထက်တွင် အေးစက်သော ချွေးသီးချွေးပေါက်များက အဆက်မပြတ် ပေါက်ထွက်လာပြီး နှလုံးခုန်နှုန်းများလည်း အဆမတန် မြန်ဆန်လာကာ အသက်ရှူရိုက်ခတ်မှုပင် ရပ်တန့်သွားခဲ့ရလေသည်။

သူ့အတွက် သေခြင်းတရားနှင့် အကွာအဝေးမှာ တစ်ဖက်လူ၏ စိတ်ကူးတစ်ချက်မျှသာ ကွာဝေးတော့သည့်အလားပင်။

"မှတ်ထားစမ်း" မျက်တောင်တစ်ခတ်အတွင်းမှာပင် ဘိုင်ရုရွှယ်က သူမ၏ကုလားထိုင်ပေါ်မှ ပျောက်ကွယ်သွားပြီး သူ၏ရှေ့သို့ ရောက်ရှိလာခဲ့ချေပြီ။

ဘိုင်ရုရွှယ် သူ၏အနီးသို့ ရောက်ရှိလာချိန်တွင် ဤကွန်ဖြူးရှပ် ပညာရှင်မွန်မှာ သူ၏ရင်ထဲမှ ကြောက်ရွံ့တုန်လှုပ်မှုကို မထိန်းချုပ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားလေတော့သည်။ ကွန်ဖြူးရှပ်ကျောင်းတော်အတွက် မျက်နှာမပျက်စေရန် သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဒူးတစ်ဖက်တည်းကိုသာ ထောက်ထားပြီး ကျန်ခြေထောက်တစ်ဖက်ကမူ သူ့ကိုယ်သူ မလဲကျစေရန် ရုန်းကန်ထောက်ကန်ထားရခြင်းသာ ဖြစ်ပေသည်။

"သူ့အပေါ် မျက်နှာပျက်ခဲ့တာ ကွန်ဖြူးရှပ်ကျောင်းတော် တစ်ခုတည်း မဟုတ်ဘူး၊ တစ်လောကလုံး... ဒီအနန္တဓမ္မလောကကြီး တစ်ခုလုံးက သူ့အပေါ် မျက်နှာပျက်ခဲ့ကြတာ"

"ပြီးတော့ ရှင်တို့ ကွန်ဖြူးရှပ်ကျောင်းတော် ရှင်တို့တွေမှာ တောင်းပန်ပါတယ်လို့ ပြောခွင့်တောင် မရှိဘူး"

ဘိုင်ရုရွှယ်၏ ရွှေရောင်ဒေါင်လိုက် သူငယ်အိမ်များက သူ့ကို အထက်စီးမှ တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် သူမက အကြည့်လွှဲကာ လက်နှစ်ဖက်ကို အရှေ့တွင် ယှက်လျက် ခန်းမဆောင်အတွင်းမှ လျှောက်ထွက်သွားလေ၏။

ဘိုင်ရုရွှယ်၏ ကျောပြင်နောက်ဆီမှ စကားတစ်ခွန်းတည်းသာ ထွက်ပေါ်လာခဲ့ပြီး ကျင်းချယ်၏ စိတ်ဝိညာဉ်ကိုပါ တုန်လှုပ်သွားစေခဲ့တော့သည်။ "ထွက်သွားစမ်း"

ဧည့်ခန်းမဆောင်အတွင်းမှ ထွက်ခွာလာပြီးနောက် ဘိုင်ရုရွှယ်က သူမ၏မိခင်ကို စကားပြောခဲ့ပြီး ကွန်ဖြူးရှပ်ကျောင်းတော်သို့ လုံးဝမသွားတော့ကြောင်း ပြောပြလိုက်ပေသည်။

"ရုရွှယ်၊ သမီး တကယ် မသွားဘူးလား" သမီးဖြစ်သူက မသွားရန် အမှန်တကယ် ဆုံးဖြတ်လိုက်ကြောင်း ကြားလိုက်ရချိန်တွင် သခင်မကြီးယန်မှာ သက်ပြင်းတစ်ချက် ချလိုက်နိုင်လေ၏။

သခင်မကြီးယန်အတွက်မူ ကွန်ဖြူးရှပ်ကျောင်းတော်ဆိုသည်မှာ အလွန်တရာ ဝေးကွာလွန်းလှပေသည်။ သူမ၌ ဤသမီးတစ်ယောက်တည်းသာ ရှိလေရာ အကယ်၍ သမီးဖြစ်သူသာ ပညာသွားသင်မည်ဆိုပါက နောက်တစ်ကြိမ် ပြန်တွေ့ရရန် နှစ်ပေါင်းမည်မျှ ကြာမြင့်မည်ကိုပင် မသိနိုင်ချေ။

သို့သော် သမီးဖြစ်သူက နန်းတော်ထဲတွင် ရှိနေလျှင်တော့ မတူတော့ပေ။ သူမက နန်းတော်ထဲသို့ မကြာခဏ သွားရောက်လည်ပတ်နိုင်သဖြင့် အထီးကျန်ဆန်မှုကို ခံစားရမည် မဟုတ်တော့ချေ။

ရိုးရိုးသားသား ပြောရလျှင် သခင်မကြီးယန်၌ သမီးဖြစ်သူအတွက် ဧကရာဇ်၏ မျက်နှာသာပေးမှုကို အပြိုင်အဆိုင် လုယူပေးလိုသော စိတ်ကူးမျိုး သိပ်မရှိသော်ငြား သူမ၏သမီး ကွန်ဖြူးရှပ်ကျောင်းတော်မှ ပြန်ရောက်လာချိန်တွင် ချင်ယန်မင်းသမီးက ကလေးများစွာ မွေးဖွားပြီးနေသည်ကိုတော့ မမြင်တွေ့လိုခဲ့ပေ။

အဲဒီလိုဆိုရင် သူမရဲ့သမီးလေးက နန်းတော်ထဲမှာ လုံးဝကို လျစ်လျူရှုခံလိုက်ရမှာ မဟုတ်ဘူးလား။ သူမ၏ ရုရွှယ်က ကျင့်ကြံနိုင်စွမ်းရှိပြီး တောင်ပေါ်သို့ ပညာသွားသင်ကာ ကျိုးတိုင်းပြည်သို့ ဘယ်တော့မှ ပြန်မလာတော့ဘဲ မသေမျိုးတစ်ပါးအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့လျှင်တော့ တစ်မျိုးပေါ့။

"သမီး မသွားပါဘူး" ဘိုင်ရုရွှယ်က ပြုံးလျက် ခေါင်းယမ်းလိုက်ပြီး ပြန်ဖြေလိုက်၏။ "စာဖတ်တာက ဘယ်နေရာဖြစ်ဖြစ် အတူတူပဲ မဟုတ်ဘူးလား။ ကျွန်မတို့ရဲ့ ကျိုးတိုင်းပြည်က တော်တော်လေး ကောင်းပါတယ်။ ကွန်ဖြူးရှပ်ကျောင်းတော်က အမေ့လောက် ဘယ်မှာ အရေးကြီးပါ့မလဲ။ ကျိုးတိုင်းပြည်မှာ နေမယ်ဆိုရင် သမီး အမေ့ဆီ မကြာခဏ လာလည်လို့ရတာပေါ့"

"ဒီကောင်မလေးကတော့..." သခင်မကြီးယန်က ညင်သာစွာ သက်ပြင်းချလိုက်သော်လည်း သူမ၏ ရင်ထဲ၌တော့ ဝမ်းသာကြည်နူးမှုတို့က ဖြစ်ပေါ်လာခဲ့လေသည်။ "ကောင်းပါပြီ ကောင်းပါပြီ၊ မသွားဘူးဆိုရင်လည်း မသွားနဲ့ပေါ့။ နေ့လယ်တောင် ရောက်တော့မယ်၊ ရုရွှယ်၊ နေ့လယ်စာစားပြီးမှ နန်းတော်ကို ပြန်တော့နော်"

"ဟုတ်ကဲ့ပါ အမေ" ဘိုင်ရုရွှယ်က ခေါင်းညိတ်လိုက်ပြီး မိခင်ဖြစ်သူ၏ လက်ကိုဆွဲကာ နောက်ဖေးခြံဝင်းဆီသို့ လျှောက်သွားလိုက်ပေသည်။

ဘိုင်ရုရွှယ်သည် မိခင်ဖြစ်သူနှင့်အတူ နေ့လယ်စာ သုံးဆောင်ပြီးနောက် ယန်အိမ်တော်မှ ထွက်ခွာကာ ဧကရာဇ်နန်းတော်ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့လေ၏။

ကျင်းချယ်အတွက်ကတော့ သခင်မကြီးယန်က နေ့လယ်စာစားသွားရန် ယဉ်ကျေးစွာ ဖိတ်ခေါ်ခဲ့သော်ငြား သူ ဆက်နေရန် မျက်နှာမရှိတော့သဖြင့် အကြောင်းပြချက်တစ်ခု အလျင်အမြန်ရှာကာ နှုတ်ဆက်၍ ထွက်ခွာသွားခဲ့ချေပြီ။

ယန်ရုရွှယ် နန်းတော်သို့ ပြန်ရောက်ချိန်တွင် မွန်းလွဲပိုင်းသို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူမက ရှောင်မို၏ ဝိညာဉ်သွေးကြောများကို အာဟာရဖြည့်တင်းပေးရန် ဝိညာဉ်စွမ်းအင်တချို့ ကူးပြောင်းပေးလိုသဖြင့် စိတ်ဝိညာဉ်ပြုစုပျိုးထောင်ရေး ခန်းမဆောင်အတွင်းသို့ နောက်တစ်ကြိမ် လျှောက်လှမ်းဝင်ရောက်သွားလေ၏။

ယန်ရုရွှယ် အခန်းထဲသို့ ဝင်သွားသောအခါ ရှောင်မိုမှာ နိုးနေနှင့်ပြီဖြစ်သည်ကို မြင်တွေ့လိုက်ရပေသည်။ ရှောင်မိုက ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး သူ၏မျက်နှာရှေ့ရှိ လေထဲတွင် စာအုပ်တစ်အုပ်က လွင့်မျောနေ၏။ ရှောင်မို၏ စိတ်ဆန္ဒအောက်တွင် စာအုပ်၏ စာမျက်နှာများက တစ်ရွက်ပြီးတစ်ရွက် လှန်လှောသွားနေလေသည်။

"အရှင်မင်းမြတ် စာဖတ်နေတာလား" ယန်ရုရွှယ်က ညင်သာစွာ ပြုံးလိုက်ပြီး ကျက်သရေရှိစွာ လျှောက်သွားလိုက်သည်။ သူမ၏ မျက်နှာအမူအရာမှာ ကြင်နာယုယမှုတို့ ပြည့်နှက်နေပြီး ယခင်က ယန်အိမ်တော်၌ ပြသခဲ့သော လွှမ်းမိုးနိုင်စွမ်းရှိသည့် ဒေါသအရိပ်အယောင်မျိုး အလျှင်းမရှိတော့ချေ။

"အင်း" ရှောင်မိုက ခေါင်းညိတ်လိုက်ပြီး နောက်ပြောင်သော လေသံဖြင့် ဆိုလေ၏။ "လုပ်စရာလည်း မရှိဘူး၊ ဒီနေ့ ကျင့်ကြံလို့လည်း မရသေးဘူးဆိုတော့ စာအုပ်တွေ ပိုဖတ်လိုက်တာက ပိုကောင်းပါတယ်လေ။ ဘယ်သူသိမှာလဲ၊ ကိုယ်တော်လည်း ဟောင်ရန်ချီတချို့ကို ကျင့်ကြံနိုင်လာမလားလို့"

အမှန်တကယ်တော့ ရှောင်မို ပြောလိုက်သော စကားမှာ နောက်ပြောင်နေခြင်း မဟုတ်ခဲ့ပေ။ အုတ်မြစ်ချခြင်းအဆင့်သို့ တက်လှမ်းပြီးကတည်းက ရှောင်မို၏ သူတော်စင်နှလုံးသားမှာ နောက်ဆုံးတွင် အနည်းငယ် ပွင့်လန်းလာခဲ့ချေပြီ။

ရှောင်မို၏ လက်ရှိ အုတ်မြစ်ချခြင်းအဆင့်က သူတော်စင်နှလုံးသား၏ ရေခဲတောင်ထိပ်စွန်းလေးကိုသာ ထုတ်ဖော်နိုင်စွမ်းရှိသော်ငြား ၎င်းက ရှောင်မိုအတွက် ဟောင်ရန်ချီများကို တစ်နေ့ထက်တစ်နေ့ စုဆောင်းလာနိုင်စေရန်နှင့် သူ၏အရိုးများ၊ ဝိညာဉ်သွေးကြောများကို တိုးတက်ကောင်းမွန်လာစေရန် ကူညီပေးနိုင်သေးလေသည်။

ထို့အပြင် ဤကွန်ဖြူးရှပ် ဂန္ထဝင်ကျမ်းစာများကို ဖတ်ရှုပြီး ကွန်ဖြူးရှပ်ပညာရပ်ကို လေ့လာခြင်းဖြင့် ရှောင်မိုသည် သူတော်စင်နှလုံးသားကို ပိုမိုကောင်းမွန်စွာ ထုတ်ဖော်အသုံးပြုနိုင်မည် ဖြစ်ပေသည်။ ဤနည်းအားဖြင့် ထိုအရာက အလဟဿဖြစ်သွားမည် မဟုတ်တော့ချေ။

"ဟောင်ရန် ဖြောင့်မတ်ခြင်းချီကို ကျင့်ကြံဖို့က တကယ်တော့ အနည်းငယ် ခက်ခဲပါတယ်။ ဒါပေမဲ့ အရှင်မင်းမြတ်ဆိုရင်တော့ သေချာပေါက် လုပ်နိုင်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်"

ချစ်ရသူက စာဖတ်ချင်နေကြောင်းကို ကြားလိုက်ရသောအခါ ဘိုင်ရုရွှယ်၏ မျက်ဝန်းလေးများ ကွေးညွတ်သွားပြီး ကုတင်ခေါင်းရင်းတွင် ဝင်ထိုင်ကာ လက်လှမ်း၍ လေထဲတွင် လွင့်မျောနေသော မဟာပညာကျမ်းကို ယူလိုက်လေ၏။

"ဒါပေမဲ့ အရှင်မင်းမြတ် ဒီလိုပုံစံမျိုး စာဖတ်နေရတာ အရမ်းပင်ပန်းလွန်းပါတယ်။ ကျွန်မကပဲ အရှင်မင်းမြတ်ကို ဖတ်ပြရင် ဘယ်လိုလဲ။ အရှင်မင်းမြတ်က မျက်လုံးမှိတ်ပြီး အနားယူနေရုံပဲလေ၊ အဲဒါမှ တတ်နိုင်သမျှ မြန်မြန် ပြန်ကောင်းလာမှာပေါ့"

"ကောင်းသားပဲ၊ ဒါဆိုရင်တော့ သခင်မလေးကို ဒုက္ခပေးရတော့မယ်" ရှောင်မိုက ငြင်းဆန်မနေတော့ပေ။

"ဒုက္ခမများပါဘူး" ဘိုင်ရုရွှယ်က မဟာပညာကျမ်းကို ဖွင့်လိုက်ပြီး သူမ၏ အသံထဲတွင် ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းလျက် စကားလုံးတစ်လုံးချင်းစီကို ဖတ်ပြလေတော့သည်။

ဘိုင်ရုရွှယ်သည် ရှောင်မိုအား မဟာပညာကျမ်းကို ဖတ်ပြနေစဉ်မှာပင် သူ၏ ဝိညာဉ်အာရုံနှင့် ဝိညာဉ်သွေးကြောများကိုလည်း အာဟာရဖြည့်တင်းပေးနေခဲ့လေ၏။

ရှောင်မို၏ ဒုတိယဘဝနှင့် တတိယဘဝ မှတ်ဉာဏ်များမှာ အတော်လေး ဝေဝါးနေခဲ့သော်ငြား မည်သို့ပင်ဖြစ်စေ သူသည် ဘဝနှစ်ခုတိုင်တိုင် စာပေများ သင်ယူဖတ်ရှုခဲ့ဖူးသူဖြစ်ရာ ဤကွန်ဖြူးရှပ် ဂန္ထဝင်ကျမ်းစာများနှင့် ပတ်သက်၍ ရှင်းပြရခက်သော ရင်းနှီးကျွမ်းဝင်မှုကို ခံစားနေရပေသည်။

သို့သော်လည်း ရှောင်မိုသည် နောက်ဆုံးတွင် အသိပညာများစွာကို မေ့လျော့နေခဲ့ပြီး သူ နားမလည်နိုင်သော အပိုင်းများစွာ ရှိနေသေး၏။ သူ နားမလည်သော အပိုင်းရှိလာသည့်အခါတိုင်း ရှောင်မိုက ဘိုင်ရုရွှယ်ကို မေးမြန်းတတ်လေသည်။

ဘိုင်ရုရွှယ်ကလည်း ရှောင်မိုအတွက် စိတ်ရှည်လက်ရှည် ရှင်းပြဖြေကြားပေးပြီး သူမ၏ ကိုယ်ပိုင်ထိုးထွင်းသိမြင်မှုများကိုပါ မျှဝေပေးခဲ့ပေသည်။

ပို၍နားထောင်လေလေ ကျိုးတိုင်းပြည်၏ နံပါတ်တစ် ပါရမီရှင်အမျိုးသမီးဟူသော ယန်ရုရွှယ်၏ ဂုဏ်သတင်းမှာ အမှန်တကယ်ပင် ထိုက်တန်လှကြောင်း ရှောင်မို ပို၍ခံစားလာရလေလေ ဖြစ်ချေသည်။

"သခင်မလေးယန် ကွန်ဖြူးရှပ်ကျောင်းတော်ကို သွားမှာလား" နာရီဝက်ခန့် ကြာပြီးနောက် ရှောင်မိုက မျက်လုံးများကို ဖွင့်လိုက်ပြီး သူ၏ဘေးရှိ အလှပန်းလေးကို မေးလိုက်လေ၏။

"အရှင်မင်းမြတ် ဘယ်လိုလုပ် သိတာလဲ" ဘိုင်ရုရွှယ်က ပြုံးလျက် ဆိုလေသည်။

"ချွန်းယန်ဆီကနေ စစ်လီ ကြားခဲ့တာလေ၊ အဲဒီနောက်မှာ ကွန်ဖြူးရှပ်ကျောင်းတော်က သခင်မလေးကို ကျောင်းတော်မှာ ပညာသင်ဖို့ ဖိတ်ခေါ်ချင်နေတယ်ဆိုပြီး ကိုယ်တော့်ကို လာပြောပြတာပဲ" ဟု ရှောင်မိုက ရှင်းပြလိုက်၏။

"အဲဒီလိုကိုး" ဘိုင်ရုရွှယ်က စာအုပ်ကို သူမ၏ ကျစ်လျစ်ပြည့်ဖြိုးသော ပေါင်တံများထက်တွင် တင်လိုက်ပြီး "ကျွန်မ အဲဒီကို မသွားပါဘူး"

ရှောင်မိုက ခေါင်းယမ်းလိုက်၏။ "ကွန်ဖြူးရှပ်ကျောင်းတော်မှာ လောကရဲ့ အစွမ်းအထက်ဆုံး ကွန်ဖြူးရှပ်ပညာရှင်တွေ ရှိပြီးတော့ ကွန်ဖြူးရှပ်ကျောင်းသားတွေရဲ့ နှလုံးသားထဲက သန့်စင်တဲ့ မြေမြတ်မဟာဖြစ်တယ်လို့ ကောလာဟလတွေ ရှိတယ်။ သခင်မလေးယန်ရဲ့ ပါရမီနဲ့ဆိုရင် အဲဒီကို မသွားတာ တကယ်ကို နှမြောစရာကောင်းလွန်းပါတယ်"

"ဒါပေမဲ့ လောကရဲ့ အစွမ်းအထက်ဆုံး ကွန်ဖြူးရှပ်ပညာရှင်က အဲဒီမှာမှ မရှိတာ" ဘိုင်ရုရွှယ်က ပြုံးလျက် ပြောလိုက်ပေသည်။

"ကွန်ဖြူးရှပ်ကျောင်းတော်မှာ မရှိဘူး ဟုတ်လား။ ဒါဆို သူက ဘယ်မှာများလဲ" ရှောင်မိုက မေးလိုက်သည်။

"အင်းလေ၊ သူ ဘယ်မှာရှိနေနိုင်မလဲ" မိန်းကလေးက နောက်ပြောင်ချင်သော အမူအရာဖြင့် ပြုံးလိုက်၏။ သူမ၏ မက်မွန်ပွင့်မျက်ဝန်းလေးများက သူမရှေ့ရှိ သူ့ကိုသာ ငေးစိုက်ကြည့်နေပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားလေတော့သည်။

All Chapters