အခန်း (၁၂၇၅-၁၂၇၆)
Vol. 107 Ch. 1275-1276
အခန်း ၁၇၂၅ -
လောင်ချန်နင် ... ။
မြူနက်တောင်ကြားအတွင်း ဖြစ်ပွားသော တိုက်ပွဲကြီးမှာ လုံးဝ ပြီးဆုံးသွားပြီဖြစ်ချေသည်။ ဤတိုက်ပွဲ၌ ဂိုဏ်း(၉)ဂိုဏ်းနှင့် အင်မော်တယ် ဘုရင်(၄၄) ပါးစလုံး သေဆုံးကုန်၏။
ကုန်းယုချန်တစ်ယောက်သာလျှင် အသက်ရှင်လျက် ကျန်ရစ်သည်။ (ကုန်းမျိုးရိုးကို ကောင်းကင်ဘုံအမဲလိုက်ပွဲ၌ မူရင်းဆရာမှ ကူမျိုးရိုးအဖြစ် ရေးသားထားပါသည်။
ထို့ကြောင့် ကူချန်နင်သည် ကုန်းချန်နင်ဖြစ်ကာ ကူမျိုးရိုးသည် ကုန်းမျိုးရိုး အဖြစ် မှတ်ယူစေလို၏။ )
တစ်ဖက်တွင် တိုက်ပွဲကြီးအပြီး ကုလားထိုင်ပေါ်တွင် စုရီသည် ခုနစ်ရက်ကြာ အနားယူနေခဲ့သည်။ ခုနစ်ရက်ပြည့်ချိန်တွင် ဗလာနယ်ပယ် နှောင်းပိုင်းသို့ ရောက်ရှိသွား၏။
သူအတွက် ဤတိုက်ပွဲသည် ကြီးစွာသော ရိတ်သိမ်းနိုင်မှုပေပင်။ အဘယ့်ကြောင့်ဆိုသော် အင်မော်တယ်ဘုရင်(၄၄)ပါး၏ ရတနာများနှင့် အရင်းအမြစ်များသည် သူ့အတွက် အမှန်ပင် အသုံးဝင်လှချေပြီ။
မှောင်မိုက်သော မြူထု၏ အနက်ရှိုင်းဆုံး ဒေသကြီးရှိ ရှေးဟောင်းတိုက်ပွဲမြေပြင်တစ်ခု၏ အပျက်အစီးများတွင် စုရီတရားထိုင်နေ၏။
သူနှင့်မလှမ်းမကမ်းတွင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူသည် မြေပြင်ပေါ်သို့ ပြိုကျပျက်စီးနေခဲ့ပြီး ဓားလှံလက်နက်များနှင့် အတူ လဲလျောင်းနေရရှာသည်။
ကောင်းကင်ယံတွင်မူ ကြီးမားလှသော တောင်တန်းကြီးတစ်ခုသည် ဇောက်ထိုးမိုးမျှော် ချိတ်ဆွဲလျက်ရှိနေ၏။
အရာအားလုံးသည် သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်၍ လူသူကင်းမဲ့မှောင်မိုက် အုံ့မှိုင်းနေတော့သည်။
စုရီထိုင်နေသော အရပ်တွင် သစ်ပင်တည်းသော အိုမင်းနေသည့်သစ်ပင်ကြီး တစ်ပင်တည်ရှိနေ၏။ ပင်စည်သည် ကြေးဝါဖြင့် ပုံသွင်းထားသကဲ့သို့ ထင်မှားရစေသည်။
အရွက်များမှာ ကျောက်စိမ်းကဲ့သို့သော အလင်းများ တောက်ပလျက် အိပ်မက်ဆန်၏။ ထိုသစ်ပင်အောက်၌ ကျောက်တုံးအိမ်တစ်လုံး ရှိနေသည်။
တံခါးများကို ဖွင့်လျက် မျောက်ဝံအိုကြီး လှမ်းထွက်လာပြီး ကျင့်ကြံမှုတည်ငြိမ်အောင် တရားထိုင်နေသော စုရီရှေ့ထိုင်ချလိုက်၏။
နှစ်ပေါင်း သိန်းချီ ကြာမြင့်သွားခဲ့ပြီ ဖြစ်သော်လည်း ဤသူငယ်ချင်းဟောင်းသည် ပြန်၍ဝင်စားကာ သူ့ရှေ့ရောက်လာခဲ့ချေပြီ။
ဤသည်မှာ မယုံနိုင်စရာ အံ့ဖွယ်အမှုတစ်ခုဖြစ်နေပြီး ပျင်းရိစရာဖွယ် ကောင်းသည့်အရာဖြစ်၏။
ထိုစဉ်မှာပင် စုရီသည် တရားထိုင်ရာမှ နိုးထလာခဲ့သည်။ မျောက်ဝံအိုကြီးက သူ့ထံသို့ ဝိုင်တစ်ခွက်ကမ်းပေးကာ တစ်ခွက်ကို မော့သောက်လိုက်၏။
စုရီမှပြုံး၍ ခွက်ကိုလှမ်းယူကာ တစ်ငုံသောက်လိုက်သည်။ ထို့နောက် သူက မျက်ခုံးပင့်လျက်၊
“ ဒါ ... ငါ မင်းဆီမှာ ချန်ထားခဲ့တဲ့ ရွှေလေပြေဝိုင်မဟုတ်လား။ ”
-ဟု ရေရွတ်လိုက်တော့၏။
“ ဟားဟားဟား ... ။ ”
မျောက်ဝံအိုကြီးမှ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့ခွက်ထဲသို့ ဝိုင်နီများကို ထပ်မံလောင်းငှဲ့ကာ အားရပါးရမော့သောက်ပြီး၊
“ မင်း ငါ့ဆီမှာ ဝိုင်အိုးပေါင်း (၁၃၀) ချန်ထားခဲ့တာ ... ဒါပေမယ့်အခုတော့ဒီတစ်အိုးပဲ ကျန်တော့တယ် မင်းပြန်လာတဲ့နေ့ကျရင် အတူတူသောက်ဖို့ သိမ်းထားခဲ့တာ။ ”
စုရီတစ်ယောက် နှလုံးသားထဲ နွေးထွေးသွားရသည်။ မရေမတွက်နိုင်သော နှစ်ကာလများ ကုန်ဆုံးသွားပြီး လောကကြီး တစ်ခုလုံး ပြောင်းလဲသွားခဲ့သော်လည်း ဤမျောက်ဝံအိုသည် မပြောင်းလဲခဲ့ချေ။
နှစ်ယောက်သာ ဝိုင်ကိုမြိန်ယှက်စွာ သောက်သုံးလျက် အတိတ်မှနှောင်းဖြစ်များကို ပြန်လည် တမ်းတနေကြသည်။
“ ဒါနဲ့ ... မင်း ယုဝမ်ချီကို အနိုင်ယူတုန်းက သုံးခဲ့တာ လူဝင်စားခြင်း တာအိုစွမ်းအားလား။ ”
“ ဟုတ်တယ် ... ။ ”
ထာဝရညအကယ်ဒမီ၏ မြေအောက်နန်းတော် ပျက်စီးခြင်းအရပ်တွင် ထိုစဉ်က သူသည် ဓားတာအိုအပေါ် အောင်မြင်မှုများကို ရရှိခဲ့၏။
ထို့ကြောင့် ဝင်စားခြင်းတာအိုနှင့် ပေါင်းစပ်ပြီး ဓားရေးတစ်ရပ်ကိုဖန်တီးခဲ့သည်။ အမည်မှာ ‘တိတ်ဆိတ်ခြင်းအခိုက်အတန့်’ဟု ခေါ်တွင်သည်။
ယင်းသည် ယုဝမ်ချီကို အနိုင်ယူခဲ့စဉ်က ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်ပြီး ၎င်းသည် လက်ရှိတွင် သူ၏ အစွမ်းထက်ဆုံးသော တိုက်ပွဲဝင်စွမ်းအားလည်း ဖြစ်၏။
“ မင်းတကယ်ပဲ ဝင်စားခြင်းတာအိုကို နားလည်သွားတာလား။ ”
“ ဒီအကြောင်းက ပြောရရင် အရမ်းရှည်တယ် သေချာတာကတော့ အဲဒီ နတ်ဘုရားဆိုတဲ့ ကျင့်ကြံသူတွေက ငါ့ကို အနိုင်မယူနိုင်သေးတော့ သေချာတယ်။ ”
“ သူတို့က ကောင်းကင်တာအိုရဲ့ ကန့်သတ်မှုကိုခံထားရပြီး ဒီကိုဆင်းသက်ဖို့ မဖြစ်နိုင်ကြဘူး ဒါပေမယ့် ... ရှေးဦးခေတ်က နတ်ဘုရားတွေရဲ့ ကပ်ဘေးကြီးတော့ ...
... ရောက်ရှိလာဖူးတယ် အဲဒီ စွမ်းအားတွေက ကောင်းကင်အောက်မှာနေတဲ့ ထိုက်ကျင်းအထွတ်အထိပ် ကျွမ်းကျင်သူတိုင်း အပေါ် ပစ်မှတ်ထားပြီး သတ်ဖြတ်ခဲ့တယ် ...
... ဒါကြောင့် လူနည်းစုလောက်ပဲ လွတ်မြောက်ပြီး အချိန်မြစ်ကြီးဆီ ထွက်ပြေး ပုန်းရှောင်ခဲ့တယ်မဟုတ်လား ... အခု ...
... မင်း သတိထားရမယ် ... အဲဒီအချိန်တုန်းကတောင် နတ်ဘုရားတွေက ဝင်စားခြင်းတာအိုကို ပဋိညာဉ်နဲ့တားမြစ် ပိတ်ပင်ထားခဲ့တာ ... ဒီလိုစွမ်းအားမျိုးကို ထိန်းချုပ်နိုင်တဲ့ တစ်စုံတစ်ယောက် ပေါ်လာရင် သေချာပေါက် ဖျက်ဆီးလိမ့်မယ်။ ”
“ ငါသိတယ် ... နတ်ဘုရားတွေရဲ့ စွမ်းအားက အင်မော်တယ်မြေကို စိမ့်ဝင်နေတာ ကြာနေပြီ မင်းမသိသေးဘူးထင်တယ်။ ”
“ ဟုတ်လား ... ။ ”
မျောက်ဝံအိုကြီးက အံ့အားသင့်လာ၏။ စုရီတစ်ယောက်ခေါင်းညိတ်ပြကာ နတ်ကျွန် အင်အားစုများအကြောင်း ပြောပြလိုက်သည်။
ယနေ့ခေတ်တွင် အထွတ်အထိပ် ကျွမ်းကျင်သူများသည် ထိုကပ်ဘေးကြီးကို ရှောင်တိမ်းရန် ပုန်းအောင်းနေကြရဆဲပင်။
သို့သော် မကြာခင် ရွှေခေတ် ရောက်ရှိလာမည်ဖြစ်ရာ နတ်ဘုရားများသည် ထို့နေ့တွင် အတားအဆီးများကို ချိုးဖျက်ကာ ဝင်ရောက်လာတော့မည်ဖြစ်သည်။
ထိုအချင်းအရာ အလုံးစုံကို ကြားသိရပြီးနောက် မျောက်ဝံအိုကြီးသည် မျက်မှောင်ကြုတ်သွားတော့၏။
“ တကယ်လို့ အဲဒီလိုဆိုရင် အင်မော်တယ်မြေဟာ မကြုံစဖူး ကြီးမားတဲ့ ပျက်ကပ်ကြီးနဲ့ ရင်ဆိုင်ရတော့မှာပေါ့ ... ။ ”
သမိုင်းတစ်လျှောက် အင်မော်တယ်မြေသို့ မည်သည့်နတ်ဘုရားမျှ မဆင်းသက်နိုင်ခဲ့ချေ။ စုရီမှ ခေါင်းညိတ်သည်။
“ သေချာပေါက်ပဲ ဒါပေမယ့် အကျိုးဆက်အနေနဲ့ နတ်ဘုရားနယ်ပယ်လည်း ဒီကမ္ဘာမှာ ပေါ်ပေါက်လာပါလိမ့်မယ် ...
... ဒီအပြောင်းအလဲကြီးမှာ အဲဒီနတ်ဘုရားတွေအားလုံးက ငါ့ကိုသတ်ဖို့ လာကြလိမ့်မယ် ပုန်းအောင်းနေတဲ့ ငါ့ရန်သူ တွေလည်း သေချာပေါက် ထွက်လာလိမ့်မယ်။ ”
မျောက်ဝံအိုကြီးက သက်ပြင်းချလိုက်၏။
“ မှန်တယ် ဒါက သွေးချောင်းစီး ဆူပူအုံကြွမှုတွေကိုပါ သေချာပေါက် ဖြစ်ပေါ် လာစေလိမ့်မယ် ... အပြစ်မဲ့တဲ့ သက်ရှိတွေ မရေမတွက်နိုင်အောင် ဒီကပ်ဘေးထဲ သေကျေပျက်စီးကြရလိမ့်မယ်။ ”
စုရီက ရွှေရောင် သားရဲအရေခွံကို ထုတ်ယူလျက် မျောက်ဝံအိုကြီးထံ ပေးအပ် လိုက်သည်။
“ ဒီထဲမှာ နတ်ဘုရားအဆင့်ကို ဘယ်လိုတက်လှမ်းရမလဲဆိုတဲ့ လျှို့ဝှက်ချက် ပါတယ် ... မင်းကြည့်ပါ။ ”
မျောက်ဝံအိုကြီးခမျာ နှလုံးသား တုန်လှုပ်သွားပြီး ထိုရွှေရောင်အရေခွံကိုယူကာ အသေအချာ စစ်ဆေးကြည့်ရှုတော့၏။
သို့သော် ခဏအကြာတွင် သူ ခေါင်းခါပြလိုက်ပြီး၊
“ ငါ ဒီလျှို့ဝှက်ချက်တွေကို နားမလည်နိုင်သေးဘူး မင်းသိတဲ့အတိုင်းပဲ ... ဓမ္မအဆုံးခေတ် မတိုင်ခင်က ငါ့အပေါ် နတ်ဘုရားကပ်ဘေး ကျရောက်ခဲ့တယ် ...
... ငါ့ရဲ့တာအိုအုတ်မြစ် ပျက်စီးနေပြီ မကြာခင်မှာ ထိုက်ကျင်းအဆင့်ကနေ ပြုတ်ကျ လာနိုင်တယ် ဒီရွှေရောင်သားရဲအရေခွံပေါ်က လျှို့ဝှက်ချက်တွေက ...
... မဟာပေါင်းစည်းခြင်းအဆင့်ထက် မြင့်မားတဲ့ တာအိုကိုရမှသာ နားလည်နိုင်မယ် ငါ့အတွက် နည်းလမ်းမရှိတော့ဘူး။ ”
-ဟု စိတ်ပျက်လက်ပျက် ဆိုရှာသည်။
မြင့်မြတ်သူများကို အဆင့်သုံးဆင့် ခွဲခြားထားသည်။ ၎င်းတို့မှာ သိုင်းမဟာအဆင့်၊ မဟာပေါင်းစည်းခြင်းအဆင့်နှင့်မဟာနက်နဲခြင်း အဆင့်တို့ဖြစ်၏။
( ထိုက်ကျင်းနယ်ပယ်-ထိုက်ဝူအဆင့်၊ ထိုက်ဟဲအဆင့်၊ ထိုက်ရွှမ်အဆင့်။)
ရှေးယခင်က ဤမျောက်ဝံအိုကြီးသည် မဟာနက်နဲခြင်းအဆင့် အထွတ်အထိပ်၌ရှိသော တန်ခိုးရှင်တစ်ပါးဖြစ်သည်။
သို့သော် ဤရှေးဟောင်း တိုက်ပွဲမြေပြင်၌ နှစ်ပေါင်းများစွာပိတ်မိပြီးနောက် ကျင့်ကြံမှုမှာ တရွေ့ရွေ့ ကျဆင်းလာခဲ့ခြင်းပေပင်။
ယခုအချိန်၌ သိုင်းမဟာအဆင့်မှပင် လုံးဝပြုတ်ကျတော့မည်ဖြစ်၏။ စုရီမှ ပြုံးသည်။
“ တကယ်တော့ မင်းနဲ့ငါက နတ်ဘုရားနယ်ပယ်ရဲ့ လျှို့ဝှက်ချက်တွေကို နားလည်ပြီးသားပါ။ ”
သည့်နောက် စုရီက သူသိရှိထားသည့် အကြောင်းအရာများကို သူငယ်ချင်းဟောင်းထံ ဝေမျှပေးလိုက်သည်။
နတ်ဘုရားဟူသည် ခေတ်တစ်ခေတ်၏ တာအိုများစုစည်းကာ အချိန်မြစ်ကြီးပေါ်တွင် လျှောက်လှမ်းနိုင်သူများဖြစ်၏။
ထို့ကြောင့် ထာဝရအသက်ကို ပိုင်ဆိုင်ကြောင်းဆိုထားသည်။ အချိန်အတွက် စိုးရိမ်စရာမလိုချေ။
ကမ္ဘာပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက် ရှင်သန်နေထိုင်နိုင်သည်။ သူတို့ကို ကောင်းကင်ဆန္ဒသခင်များဟု ရည်ညွှန်းကြ၏။
ဤအဆင့်ရှိ စွမ်းအားရှင်များသည် ခေတ်ကာလနိယာမများမှတစ်ဆင့် နတ်ဘုရား စွမ်းအားစုစည်းကာ ပလ္လင်ကိုဖန်တီးရသည်။
ထိုက်ကျင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည် နတ်ဘုရားတစ်ပါး ဖြစ်လိုသော် လုပ်ဆောင်ရမည့်အဆင့် သုံးဆင့် ရှိလေသည်။
ဤသည်မှာ နတ်မီးတောက်ကို လောင်ကျွမ်းစေခြင်း၊ နတ်ဘုရားစွမ်းရည်ကို စုစည်းခြင်းနှင့် နတ်ဘုရားပလ္လင်ကို ပုံသွင်းခြင်းတို့ဖြစ်၏။
မျောက်ဝံအိုကြီးသည် ထိုအချင်းအရာများအပေါ် ကြားဖူးထားသဖြင့် ဆန်းကြယ်သည်ဟု မထင်သော်လည်း စုရီ ဆက်ပြောလိုက်သည့် လျှို့ဝှက်ချက်သည် သူ့ကို အံ့အားသင့်သွားစေ၏။
“ နတ်ဘုရားတွေဟာ သူတို့ရဲ့ ရာထူးကို ခြိမ်းခြောက်လာမယ့်အရာတွေကို အလွန်အမင်း စိုးရိမ်တယ်ဆိုတာ သေချာပေါက် ငါပြောနိုင်တယ် ...
... သူတို့ရဲ့ ပလ္လင်တွေပေါ်ကနေ ပြုတ်ကျပြီးတော့ သေမျိုးတွေရဲ့မြေမှုန်ကြားထဲ ပြန်ရောက်လာမှာကို အကြောက်ဆုံးပဲ ...
... တဖက်မှာလည်း ဝင်စားခြင်း တာအိုစွမ်းအားက ခေတ်ကာလတာအိုအပေါ် တိုက်စားစေနိုင်တာမို့ ... သူတို့ရဲ့ ထိန်းချုပ်မှုကို ဖျက်ဆီးစေနိုင်တယ် ...
... နတ်ဘုရားတစ်ပါးရဲ့ နတ်တာအိုကို ဖျက်ဆီးလုယူတာပဲဖြစ်စေ ... နတ်ပလ္လင်ကြီးကို လုယူတာပဲဖြစ်စေ ... ဒါက အဲဒီနတ်ဘုရားကို သေမျိုးအဆင့်ထိ ပြန်ကျသွားစေလိမ့်မယ်။ ”
“ ဒါဆို အဲဒီနတ်ဘုရားတွေက ... တကယ်ပဲသူရဲဘောကြောင်နေတဲ့ သက်ရှိတွေနဲ့ အတူတူပဲမဟုတ်လား။ ”
“ ခေတ်အဆက်ဆက် အချိန်မြစ်ကြီးရဲ့ သဘောသဘာဝအရ နတ်တာအိုနဲ့ နတ်ပလ္လင် အရေအတွက်ဟာ အကန့်အသတ်ရှိတယ်။ ”
အချိန်မြစ်ကြီးအတွင်း ခေတ်ကာလကြီးငယ်များစွာတို့ စီးဝင်နေသည်။ ခေတ်တစ်ခုစီ၏ အထွတ်အထိပ်ဥပဒေများသည် နတ်တာအိုနှင့် နတ်ပလ္လင်အနည်းငယ်ကိုသာ ဖန်တီးထောက်ပံ့နိုင်၏။
ထို့ကြောင့် အနည်းငယ်သည်သာ နတ်ဘုရားဖြစ်လာနိုင်မည်။ တစ်စုံတစ်ဦးသည် နတ်ဘုရားအဆင့်သို့တက်လှမ်းရန် ကြိုးစားခြင်း ဟူသည် လက်ရှိ နတ်ဘုရားများကို တိုက်ရိုက် စိန်ခေါ်ခြင်းပေပင်။
အဆုံးတွင် နတ်ဘုရားပလ္လင်ကို ဖန်တီးလိုသူတိုင်းသည် ခေတ်အဆက်ဆက်ထံ ခရီးနှင်ရပေမည်။ ထို့ကြောင့် အချိန်မြစ်ကြီးရှိ ခေတ်အဆက်ဆက် နိယာမများကို ရှေးဟောင်း နတ်ဘုရားများမှ ပိုင်စိုးထားကြသဖြင့် မည်သူမျှ အခွင့်အရေး မပေးလိုသည်မှာ သဘာဝပေပင်။
“ ငါနားလည်ပြီ။”
မျောက်ဝံအိုကြီးမှ ခေါင်းညိတ်လေသည်။ နတ်ဘုရားဖြစ်ရန် ခြေတစ်လှမ်းမျှသာလိုသည့် မည်သူမဆို နတ်ဘုရားများ၏ ရန်သူဖြစ်၏။
သူတို့အတွက် အကြီးမားဆုံးသော ပုန်ကန်သူပေပင်။ ထိုအချက်က တစ်စုံတစ်ခု သတိရလာစေ၏။
“ ဒါဆိုရင် ... ဒီအချက်က မင်းရဲ့ အခြေအနေကိုပိုပြီး ဘေးဒုက္ခများစေတာ မဟုတ်ဘူးလား။ ”
ဝင်စားခြင်း တာအိုစွမ်းအားသည် နတ်ဘုရားများအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုပေပင်။
“ ဒါက အဲဒီနတ်ဘုရားတွေကို ... ဖြုတ်ချပစ်နိုင်တဲ့ ... အရည်အချင်းမျိုး ငါ့ဆီမှာ ရှိတယ်လို့ ဘာလို့မတွေးရတာလဲ။ ”
စုရီမှ ပြုံးလျက် ပြန်မေးလိုက်သည်။
“ ဟားဟားဟား ... ။ ”
မျောက်ဝံအိုကြီးတစ်ယောက် အားရပါးရရယ်မောလိုက်သည်။ အချိန်အတော် ကြာသည်အထိ မြူနက်တောင်ကြားအတွင်း ပဲ့တင်ထပ်နေတော့၏။
“ ဒါနဲ့ ... မင်း လောင်ချန်နင်ဆိုတဲ့ လူအကြောင်းကြားဖူးလား။ ”
ရုတ်တရက် စုရီမှ မေးမြန်းလိုက်သည်။ ဤလောကတွင် လူသိနည်းသော လျှို့ဝှက်ချက် တစ်ခု ဤမျောက်ဝံအိုကြီးတွင်ရှိသည်။
ယင်းမှာ တစ်ဖက်မျောက်သည် ခေတ်နှစ်ခေတ်တိုင်အောင် ရှင်သန်လာခဲ့သည့် ထိပ်တန်းကျွမ်းကျင်သူတစ်ဦးပေပင်။
ဝမ်ယဲ့ဘဝတည်းက ခေတ်ကာလ လျှို့ဝှက်ချက်များစွာကို သူ့ထံမှသိရှိခဲ့ဖူးသည်။ မျောက်ဝံအိုကြီးမှ ခေါင်းညိတ်ပြ၏။
“ ငါ သိတယ် ... လောင်ချန်နင်က ငါ့ထက်စောပြီး ထိုက်ကျင်းအထွတ်အထိပ် အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ် သူ့ကို ပထမဓားချန်နင်လို့ ခေါ်တယ် ...
... အဲဒီတုန်းက ရှေးဦးခေတ်ရဲ့ အကျော်ကြားဆုံး ဓားဧကရာဇ်လေးပါးထဲက တစ်ပါးပဲ။ ”
“ အိုး ... သူ့မှာ ဒီလောက်မြင့်မားတဲ့ ဂုဏ်သတင်းရှိနေခဲ့တာလား မင်းရဲ့ဓားတာအိုနဲ့ သူ့ရဲ့ဓားတာအို ဘယ်သူက ပိုသာလဲ။ ”
ဤတစ်ကြိမ်တွင် မျောက်ဝံအိုကြီးသည် ချက်ချင်းပြန်မဖြေချေ။ ဝေးကွာလွန်းလှသော ခရီးတစ်ခုထံ ပြန်သွားနေရသည့်အလား နွမ်းလျလျက် သက်ပြင်းချလိုက်တော့၏။
“ သူ့ရဲ့ အထွတ်အထိပ် ကာလတုန်းက လော့ချန်နင်ဟာ ... နတ်ဘုရားတွေရဲ့အာရုံကို ဆွဲဆောင်နိုင်ခဲ့တယ် ဒါကြောင့် နတ်ဘုရားတွေ ကိုယ်တိုင်ဝင်ရောက် တားဆီးခဲ့ရတယ်လို့ ကောလဟာလတွေ ရှိခဲ့ဖူးတယ် ...
... အဲဒီအချက်အပေါ် မူတည်ပြီး ပြောရရင်တော့ ... ငါ့ရဲ့ဓားတာအိုက သူ့ကို မယှဉ်နိုင်တာ သေချာပါတယ်။ ”
***
အခန်း ၁၂၇၆ -
ဆရာတစ်ယောက်၊ ဓားဧကရာဇ်လေးပါး။
စုရီတစ်ယောက် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ရွှေရောင်သားရဲအရေခွံ အတွင်း၌ လောင်ချန်နင်နှင့် ဆက်စပ်သော အတိတ်မြင်ကွင်းတချို့ကို သူ မြင်တွေ့ခဲ့၏။
ထိုစဉ်က နတ်ဘုရားများသည် လောင်ချန်နင်ကို ဖိနှိပ်ရန် ကြိုးစားခဲ့ကြပြီး သူ၏ နတ်ဘုရားနယ်ပယ် တက်လှမ်းမှုအပေါ် အနှောင့်အယှက် ပေးခဲ့ကြသည်။
လောင်ချန်နင်ကို နတ်ကျွန်အဖြစ်ပင် ဖမ်းဆီးခေါ်ဆောင်လိုခဲ့၏။ ဤအချင်းအရာမှာ လောင်ချန်နင်အတွက် အတွက် ကြီးမားသော အရှက်ရစရာတစ်ခုပေပင်။
သို့သော် နတ်ဘုရားများစွာ၏ ပူးတွဲဖိနှိပ်ခြင်းကို ခံရသည်ဟူသောအချက် ဖြင့်ပင် လောင်ချန်နင်၏ ကျင့်ကြံမှုသည် မည်မျှ အစွမ်းထက်ကြောင်း သက်သေပြနေပြန်သည်။
“ ဒါပေမဲ့ မင်းလည်း နတ်ဘုရားတွေနဲ့ တိုက်ခိုက်ခဲ့တာပဲ ... ခွန်အားချင်းယှဉ်ရင် မင်းက လောင်ချန်နင်ထက် နိမ့်ကျနေစရာ အကြောင်းမရှိပါဘူး။ ”
စုရီမှ တွေးဆလျက် ပြောလိုက်သည်။ ဤမြူနက်တောင်ကြားသည် တစ်ချိန်တုန်းက ရှေးဟောင်း တိုက်ပွဲမြေပြင်ကြီးဖြစ်၏။
ရှေးဦးခေတ်ကတည်းက ကမ္ဘာကြီးကို တုန်လှုပ်စေသော လျှို့ဝှက်ချက်များစွာရှိသည်။ ထိုစဉ်က မျောက်ဝံအိုကြီးနှင့် သူ့အဖွဲ့သည် နတ်ကျွန်များကို ရင်ဆိုင်ခဲ့ရ၏။
နောက်ဆုံးအချိန်တွင် နတ်ဘုရားများ၏ ဆန္ဒဝိညာဉ်များပါ တိုက်ရိုက်ဆင်းသက်လာခဲ့ပြီး မျောက်ဝံအိုကြီးနှင့် သူ့အဖွဲ့ကို နှိမ်နင်းခဲ့ရသည်။
တိုက်ပွဲမှာ အလွန်ပြင်းထန်လျက် မျောက်ဝံအိုကြီးမှတပါး သူ့မိတ်ဆွေများအားလုံး ဤနေရာ၌ပင် ကျဆုံးခဲ့ရရှာသည်။
ချွင်းချက်အနေဖြင့် ဟွမ်တုနှင့် မျောက်ဝံအိုကြီးသာလျှင် အသက်ရှင်ကျန်ရစ် ခဲ့၏။ သို့တိုင် တားမြစ်ကျိန်စာစွမ်းအားတစ်ခုက ခန္ဓာကိုယ်ကို ဝင်ရောက်ခဲ့သဖြင့် ယနေ့တိုင် ဤဒေသတွင် ပိတ်မိနေခြင်းဖြစ်သည်။
“ နှိုင်းယှဉ်လို့မရပါဘူး။ ”
မျောက်ဝံအိုကြီးက လေးလံစွာ ခေါင်းခါယမ်းလိုက်သည်။
“ ဓားတာအိုမှာ ဓားဧကရာဇ်ချန်နင်က ငါ့ရဲ့စီနီယာတစ်ယောက်ပဲ တိုက်ပွဲဝင်စွမ်းအား တူညီနိုင်ပေမယ့် ... တာအိုအုတ်မြစ်နဲ့ ဂုဏ်သိက္ခာ အရတော့ ငါနိမ့်ကျတယ်။ ”
ထိုသို့ ပြောလျက်ဖြင့် တစ်စုံတစ်ခုကို သတိရသွားကာ၊
“ အရေးအကြီးဆုံးကတော့ ... ငါထိုက်ကျင်းနယ်ပယ်ကို တက်လှမ်းနိုင်ခဲ့တာ ဓားဧကရာဇ်ချန်နင်ရဲ့ ဆရာနဲ့သက်ဆိုင်တယ်။ ”
-ဟု ဝန်ခံလိုက်သည်။ စုရီတစ်ယောက် အံ့အားသင့်သွားပြီး စူးစမ်းလိုစိတ်များဝင်ရောက် လာတော့၏။
“ ပြောပြပါဦး ... ။ ”
“ အတော်ကြာခဲ့ပါပြီ ရှေ့ဦးခေတ်လယ်တုန်းက တုနှိုင်းမဲ့ဓားဧကရာဇ် လေးပါး ပေါ်ထွက်လာဖူးတယ် သူတို့က ချန်နင်ဓားဧကရာဇ်၊ လင်းဖုန်းဓားဧကရာဇ်၊ နင်ရှုဓားဧကရာဇ်နဲ့ ...
... တုန်ရွှမ်းဓားဧကရာဇ်တို့ပဲ ... အဲဒီပြိုင်ဘက်ကင်း ဓားဧကရာဇ်လေးပါးဟာ ထိုက်ကျင်းနယ်ပယ်ရဲ့ အထွတ်အထိပ်မှာ တည်ရှိနေတဲ့သူတွေလည်း ဖြစ်တယ် ...
... သူတို့လေးပါးက နေမင်းကြီး လေးစင်းလိုတောက်ပပြီး ဂုဏ်သတင်းမြင့်မား ကြတယ် ဒါပေမဲ့... သူတို့လေးပါးလုံးက ဆရာ တစ်ယောက်တည်းကနေ ဆင်းသက်လာတာကို ဘယ်သူမှ မသိကြဘူး။ ”
ဤစကားကို ကြားသောအခါ စုရီတစ်ယောက် အနည်းငယ် မျက်ခုံးပင့်မိ၏။ မည်သို့သော နောက်ခံမျိုးရိုးသည် ဤမျှစွာသော ပြိုင်ဘက်ကင်း ဓားဧကရာဇ်လေးပါးအထိ မွေးထုတ်ပေးနိုင်သနည်း။
မယုံနိုင်စရာပေပင်။ ဝမ်ယဲ့သည် ဂိုဏ်းတည်ထောင်ခြင်း မပြုခဲ့သော်ငြားလည်း သူ့ဘဝတစ်လျှောက် လူအများအပြားကို ထိုက်ကျင်းနယ်ပယ်သို့ တက်လှမ်းနိုင်အောင် လမ်းညွှန်ပေးခဲ့ဖူးသည်။
သို့သော် ထိုသူများထဲတွင် ပြိုင်ဘက်ကင်းဟူသော ဘွဲ့နှင့် အမှန်တကယ် ထိုက်တန်သူများမှာ လက်တစ်ဆုပ်စာမျှသာ ရှိခဲ့ချေ၏။
ထာဝရညအကယ်ဒမီ၏ ပထမဆုံး ဌာနမှူးယုလင်ယွမ်နှင့် ဗဟိုအင်မော်တယ်ရုံး၏ သတ္တမမြောက်ဧကရာဇ် နန်ရွှမ်တို့ကဲ့သို့သော ပုဂ္ဂိုလ်များသည်သာ ပြိုင်ဘက်ကင်းသူများ ဖြစ်ကြလေသည်။
သို့သော် ထိုဧကရာဇ်များသည်ပင် ဝမ်ယဲ့၏တပည့်များမဟုတ်ဘဲ လမ်းညွှန်ပေးခဲ့ ရုံသာ ဖြစ်ချေ၏။
ထို့ကြောင့် ဓားဧကရာဇ်လေးပါးလုံးကို လေ့ကျင့်ပေးနိုင်ခဲ့သော အဆိုပါမျိုးရိုးအနေဖြင့် အလွန် ကြောက်မက်ဖွယ်ကောင်းနေသည်။
“ သူတို့က ဘယ်လိုမျိုးရိုးကနေ ဆင်းသက်လာတာလဲ။ ”
စုရီမှ မမေးဘဲ မနေနိုင်တော့ချေ။ မျောက်ဝံအိုကြီးက ခေါင်းခါလျက်၊
“ သူတို့က ဘယ်မျိုးရိုးရဲ့ဆက်ခံသူမှ မဟုတ်ကြပါဘူး ဒါပေမဲ့ ... သူတို့အားလုံးဟာ ဆရာတစ်ယောက်တည်း လက်ကနေပဲ ထွက်လာကြတာပါ။ ”
-ဟု ပြောကြားလိုက်သည်။
“ သူတို့ဆရာက ဘယ်သူလဲ။ ”
“ လီဖုယွီ ... ရှေးဦးခေတ်ရဲ့ အလျှို့ဝှက်ဆုံးသော အဓိပတိဓားနတ်ဘုရားပဲ အရာခပ်သိမ်းရဲ့အထက်မှာ လွင့်မျောနေပြီး လောကီနဲ့လုံးဝ လွတ်ကင်းနေသူ။ ”
... အဲဒီရှေးဦးခေတ်တုန်းက သာမန်အင်မော်တယ်တွေက လီဖုယွီဆိုတဲ့ အမည်ကိုတောင် မသိကြဘူး အမည်နာမမရှိတဲ့ ဓားသမားလို ဆိတ်ငြိမ်လွန်းတယ်။ ”
... သူ့ကို ကောင်းကင်ဘုံထက်က လွတ်လပ်တဲ့အင်မော်တယ်တစ်ပါးအဖြစ်နဲ့ တင်စားကြတယ် ... သူက အရှေ့ပင်လယ်မှာ လှေပျံတစ်စင်းကို ချန်ထားခဲ့ဖူးတယ် ...
... အဲဒီလှေပျံရဲ့ ရွေးချယ်မှုကို ရရှိတဲ့သူတိုင်းဟာ သူ့ကျင့်ကြံမှုနယ်မြေဖြစ်တဲ့ လင်းရှူးတောင်ကို လမ်းညွှန်ခံရနိုင်တယ် ...
... အဲဒီလင်းရှူးတောင်မှာ စီနီယာလီဖုယွီချန်ထားခဲ့တဲ့ ကျမ်းတောင်တစ်ခု တည်ရှိပြီး ရှေးဦးခေတ်ရဲ့ ပထမတန်းစား တာအို ရတနာသိုက်အဖြစ် သတ်မှတ်ခံထားရတယ် ...
... အကျဉ်းချုံးပြောရရင် အဲဒီခေတ်က ထိုက်ကျင်းနယ်ပယ်ကိုတောင် ကျော်လွန်နေတဲ့ စီနီယာတစ်ပါးအဖြစ် လေးစားကြတယ်။ ”
“ ဒါဆို သူက နတ်ဘုရားလား။”
“ ငါလည်း မသိဘူး ဓားဧကရာဇ်ချန်နင် တန်ခိုးထွားလာချိန်မှာ စီနီယာလီဖုယွီဆိုသူဟာ ဒီလောကကြီးထဲကနေ ပျောက်ကွယ်သွားခဲ့တာ ကြာနေပြီ ကောလာဟလတွေအရတော့ ...
... သူဟာ အချိန်မြစ်ကြီးဆီကို ထွက်ခွာသွားပြီး ပိုမိုမြင့်မားတဲ့ ဓားတာအိုကို ရှာဖွေနေတယ်ပြောတာပဲ ... အဲဒီနောက်ပိုင်း ဘယ်သူမှ သူ့အကြောင်း မကြားကြတော့ဘူး။ ”
“ ဂိုဏ်းတစ်ခုတည်းကနေ ဓားဧကရာဇ် လေးပါး မွေးဖွားတာလား ထိုက်ကျင်းနယ်ပယ် အထွတ်အထိပ်ကလူတွေကတောင် သူ့ကို လေးစားနေကြတာ မယုံနိုင်စရာပဲ။ ”
စုရီမှ အတွေးနက်သွားသည်။ ထိုစဉ် မျောက်ဝံအိုကြီးသည် ဂုဏ်ယူဝင့်ကြွားလာသော အမူအရာဖြင့်၊
“ ဟမ့် ... အဲဒီတုန်းက စီနီယာလီဖုယွီနဲ့ မဆုံတွေ့ခဲ့ဖူးပေမယ့် ကံကောင်းထောက်မပြီး အရှေ့ပင်လယ်မှာ လှေပျံရဲ့ရွေးချယ်မှုကို ငါ ရရှိခဲ့ဖူးတယ် ...
... ဒါကြောင့် လင်းရှူးတောင်ဆီ လည်ပတ်ခွင့်ရပြီး စီနီယာလီဖုယွီရဲ့ နာမည်ကြီး ကျမ်းစာတွေကို တစ်နှစ်ကျော်လောက် လေ့လာခွင့်ရခဲ့တယ် ...
... အဲဒီအတွေ့အကြုံက ငါ့ဘဝရဲ့ ဓားတာအိုကိုလမ်းပြပေးတယ် နောင်အနာဂါတ် အတွက် ထိုက်ကျင်းနယ်ပယ် တက်လှမ်းလာ နိုင်အောင် အထောက်အပံ့ပေးခဲ့တယ်။ ”
-ဟု ပြောကြားလာသည်။
သို့မှသာ ဤမျောက်ဝံကြီးသည် အဘယ့်ကြောင့် ဓားဧကရာဇ်ချန်နင်၏ဆရာ အပေါ် လေးစားနေကြောင်း နားလည်လာ၏။
ဆိုလိုသည်မှာ သူသည် လီဖုယွီ၏ အမည်ခံတပည့်ဖြစ်ပြီး လောင်ချန်နင်ကဲ့သို့ ပြင်ပတပည့်တစ်ယောက်ကို မယှဉ်နိုင်သည်မှာ သဘာဝပေပင်။
ရာထူး၊ ဂုဏ်သတင်းနှင့် ထိုက်ကျင်းနယ်ပယ်သို့ ရောက်ရှိချိန်စောခြင်း စသည်တို့သည် သူ့ဘဝတလျှောက် လုံးဝပင် တုယှဉ်ပြိုင်၍ မရသော တံတိုင်းကြီးဖြစ်နေ၏။
“ ဟမ့် .... ငါတို့ရှင်သန်ရတဲ့ ခေတ်ကာလတွေမတူညီတာ နှမျောစရာပဲ မဟုတ်ရင် ငါတို့ဆုံခွင့်ရနိုင်တယ်။ ”
စုရီမှ စပျစ်ဝိုင်ကို တစ်ငုံသောက်ကာ လွမ်းဆွတ်ဟန်ပြောလိုက်၏။ မျောက်ဝံအိုကြီးမှ ထိုစကားကို ကြားသောအခါ အားရပါးရ ရယ်မောလိုက်ပြီး၊
“ ဟားဟားဟား ... ဓမ္မအဆုံးခေတ် မတိုင်ခင်တုန်းက မင်းလည်း အထွတ်အထိပ်မှာ စိုးစံခဲ့ပြီး သမိုင်းတစ်လျှောက် ပြိုင်ဘက်ကင်းတဲ့ ဒဏ္ဍာရီတွေကို ရေးထိုးထားခဲ့တာပဲ မင်းရဲ့ အဆင့်အတန်းက ဓားဧကရာဇ်ချန်နင်တို့လို ရှေးခေတ်ပုဂ္ဂိုလ်တွေထက် ဘယ်လိုမှ ...
... မနိမ့်ကျပါဘူး စီနီယာလီဖုယွီနဲ့ ယှဉ်ရင်တော့ မင်းမှာလိုအပ်နေတာကတာအိုကို ဒီထက်ပိုပြီးလေ့လာနိုင်ဖို့ အခွင့်အရေးရဖို့ပဲ။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။ ထို့နောက် စုရီထံပြန်ကြည့်ကာ၊
“ ဒါတင်မကသေးဘူး ... သမိုင်းတစ်လျှောက်မှာ ပြန်လည်ဝင်စားခြင်း တာအိုကို ထိန်းချုပ်နိုင်တဲ့ တစ်ဦးတည်းသော လူကလည်း မင်းပဲရှိတယ်။ ”
-ဟု ပြောကြားလိုက်၏။
“ မင်း အထင်မှားနေပြီ ရှေးဦးခေတ်က အဲဒီပြိုင်ဘက်ကင်းပုဂ္ဂိုလ်တွေက ငါ့လိုလူနဲ့ ဆုံတွေ့ခွင့်မရတာကို သူတို့အတွက် စိတ်မကောင်းဖြစ်နေတာပါ။ ”
ဤစကားကြောင့် မျောက်ဝံအိုကြီးခမျာ မျက်လုံးပြူးလျက် ဝိုင်နင်သွား၏။ အဖိုးကြီး၏ မောက်မာမှုကို သူ့လျော့တွက်နေမိဆဲပေပင်။
ထို့နောက် စုရီက သူ့လက်ဖဝါးကို လှန်လိုက်ရာ ကြေးဝါတံဆိပ်ပြားလေးတစ်ခု ထွက်ပေါ်လာပြီး ချက်ချင်း လဲ့ကျိအဖြစ် ပြောင်းလဲသွား၏။
“ ဝမ် ... ။ ”
“ လဲ့ ... လဲ့ကျိ။ ”
မျောက်ဝံအိုကြီးမှ တအံ့တဩဖြစ်သွား၏။ စုရီတစ်ယောက် မျက်ခုံးပင့်လိုက်ကာ၊
“ မင်း ... သူ့ကို သိလား။ ”
-ဟု ပြန်မေးလိုက်သည်။
“ အဖိုးကြီးဝမ် ... မင်း လဲ့ကျိကို ဘယ်နေရာမှာ တွေ့ခဲ့တာလဲ။”
မျောက်ဝံအိုကြီးက အလောတကြီး မေးမြန်းလာ၏။ စုရီမှ ကောင်းကင်ဘုံနတ်ဆိုး တောင်တန်း၌ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ကို ပြန်လည်ရှင်းပြလိုက်သည်။
မျောက်ဝံအိုကြီးမှာ စိတ်လှုပ်ရှားလာပြီး၊
“ ဒါဆို ... ဉာဏ်အလင်းစင်မြင့်နဲ့ ခြောက်လက်မ ဓားခေါင်းတလားလေးကော ဘယ်မှာလဲ ရှိသေးလား။ ”
-ဟု မေးမြန်း၏။ စုရီမှ ခေါင်းညိတ်ပြကာ၊
“ ဉာဏ်အလင်းစင်မြင့်ကတော့ ပျက်စီးသွားခဲ့ပြီ ... ဒါပေမဲ့ ခြောက်လက်မ ဓားခေါင်းတလားကတော့ ငါ့လက်ထဲမှာ ရှိနေတုန်းပဲ။ ”
-ဟု ဆိုလျက် သိုလှောင်လက်စွပ်မှ ခြောက်လက်မ ဓားခေါင်းတလားလေးကို ထုတ်ယူပေးလိုက်သည်။
သို့သော် ထိုဓားခေါင်းတလားသည် မျောက်ဝံအိုကြီးထံသွားရန် ဆန္ဒမှရိဘဲ စုရီ၏ လက်တွင် ကပ်နေချေပြီ။
မျောက်ဝံအိုကြီးမှာ ထိုမြင်ကွင်းကြောင့် မျက်မှောင်ကြုတ်လျက် တိတ်ဆိတ်သွားခဲ့၏။ ရတနာသည် စုရီကို သခင်အဖြစ် အသိအမှတ် ပြုနေပုံရသည်။
သူ စိတ်ခံစားချက်များကို လုံးဝ လှိုင်းထန်လာတော့သည်။ လဲ့ကျိကို မြင်ချိန်မှ စ၍ ဤခြောက်လက်မ ဓားခေါင်းတလားကို မြင်လိုက်ရသည်အထိ မယုံနိုင်ဖြစ်နေဆဲပေပင်။
ဤအချက်ကြောင့် မျောက်ဝံအိုကြီးသည် ခြောက်လက်မဓားခေါင်းတလားနှင့် ရုပ်သေး၏ စစ်မှန်သော မူလကို သိရှိထားကြောင်း စုရီ သဘောပေါက်လိုက်သည်။
အချိန်အနည်းငယ် ကြာပြီးနောက် မျောက်ဝံအိုကြီးမှာ ပြန်လည်ငြိမ်သက်သွား၏။ သူ့အကြည့်များက စုရီထံ ရောက်ရှိလာကာ အလွန် ရှုပ်ထွေးနက်နဲနေခဲ့သည်။
“ အဖိုးကြီးဝမ် ... ငါသာ မင်းရဲ့ အတိတ်ဘဝတွေကို သေချာမသိခဲ့ရင် အခုချိန် မင်းကိုစီနီယာလီဖုယွီရဲ့ ကိုယ်ပွားများလားလို့ တကယ်ပဲ သံသယဝင်မိလိမ့်မယ်။ ”
“ လီဖုယွီရဲ့ ကိုယ်ပွားလား။ ”
စုရီတစ်ယောက် မျက်ခုံးပင့်မိ၏။
“ ဟုတ်တယ် ... တိုက်ပွဲဝင်ရုပ်သေးဟာ တကယ်တော့ ထိုက်ကျင်းနယ်ပယ်ရဲ့ ဒုတိယ အဆင့် ဖြစ်တဲ့ ထိုက်ရွှမ်အဆင့်ရုပ်သေးပဲ ...
... စီနီယာလီဖုယွီရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်က အစေခံအဖြစ် သွန်းလုပ်ပေးထားတာ ... ဒီအကြောင်းအရာကို စီနီယာလီဖုယွီရဲ့ တပည့်ဖြစ်တဲ့ ဓားဧကရာဇ် နင်ရှုကိုယ်တိုင် အတည်ပြုပေးခဲ့တယ် ...
... အခု ဒီလဲ့ကျိက မင်းရဲ့ဘေးနားကို ရောက်နေလိမ့်မယ်လို့ ငါတကယ်ပဲ မယုံနိုင်ဘူး ဒါဟာ ... ထူးဆန်းလွန်းတယ်။”
“ ဒါဆို ဒီခြောက်လက်မ ဓားခေါင်းတလားကော ... ။ ”
“ ဒီအရာက ... စီနီယာချန်ထားခဲ့တဲ့ ရတနာပါ။ ”
ဤအဖြေက စုရီကို ချက်ချင်းပင် တိတ်ဆိတ်သွားစေ၏။ သူ့ရင်ထဲ ကမ္ဘာပျက် မတတ် လှိုင်းလုံးများ ထန်လာသည်။
ဆိုလိုသည်မှာ သူ့ပဉ္စမမြောက်ဘဝသည် လီဖုယွီဖြစ်နေချေ၏။ ထိုစဉ်က လဲ့ကျိသည်ပင် ‘သခင်’အဖြစ် လေးစားစွာ ခေါ်ဆိုခဲ့သည်။
ထို့ပြင် ဓားခေါင်းတလားကို ပထမဆုံး မြင်တွေ့စဉ်အချိန်က အသိစိတ်ပင်လယ်အတွင်း ငရဲဘုံကိုးပါးဓားပေါ်ရှိ ပဉ္စမမြောက်ဘဝသည် လှုပ်ခတ်သွားခဲ့၏။
ဤနည်းဖြင့် ခြောက်လက်မ ဓားခေါင်းတလားသည် သူ့ကို မှတ်မိသွားခဲ့ကာ အလိုအလျောက် အသိအမှတ်ပြုခဲ့ခြင်းပေပင်။
“ လီဖုယွီ ... ပြိုင်ဘက်ကင်း ဓားဧကရာဇ်လေးပါးရဲ့သခင် ရှေးဦးခေတ်ကြီးရဲ့ အလျှို့ဝှက်ဆုံးသောဒဏ္ဍာရီ ဒါတကယ်ပဲလား။ ”
စုရီတစ်ယောက် နှုတ်ဖျားမှ ရေရွတ်လျက် အသိစိတ်ပင်လယ်အတွင်းရှိ ငရဲဘုံကိုးပါးဓားထံ မျှော်ကြည့်လိုက်သည်။ သို့သော် မည်သည့် တုံ့ပြန်မှုမျှ ပြန်မပေးချေ။
“ မှန်တယ် အဲဒီတုန်းကစီနီယာလီဖုယွီက အင်မော်တယ်မြေမှာ အလွန်ဆန်းကြယ်လွန်းတဲ့ ဓားခေါင်းတလားတစ်ခုကို ချန်ထားခဲ့တယ်လို့ ကောလဟာလရှိတယ် ဒီဓားခေါင်းတလားကို ရရှိတဲ့သူဟာ ...
... သူထားခဲ့တဲ့ အမွေအနှစ်၊ အခွင့်အလမ်းအာဏာနဲ့ ကျန်ရတနာအားလုံးကို လွှဲပြောင်းဆက်ခံခွင့် ရပါလိမ့်မယ် ... ။ ”
မျောက်ဝံအိုကြီးသည် စုရီရေရွတ်စကား နောက်ကွယ်မှ အဓိပ္ပါယ်ကိုမမြင်သောကြောင့် သူ့အတွေးများဖြင့် ရှင်းပြလာတော့၏။
***