အခန်း (၁၂၇၇-၁၂၇၈)
Vol. 107 Ch. 1277-1278
အခန်း ၁၂၇၇ -
နတ်ဘုရားကပ်ဘေး ဖယ်ရှားပေးခြင်း။
ခြောက်လက်မ ဓားခေါင်းတလားကို ရရှိခြင်းသည် လီဖုယီချန်ထားသမျှအရာအားလုံး ပိုင်ဆိုင်နိုင်မည်ဟူသည့် စကားကြောင့် စုရီမှ အံ့အားသင့်သွားရသည်။
ဤကောလာဟလသည် မယုံကြည်နိုင်လောက်အောင် ထူးဆန်းလှ၏။ လက်ထဲရှိ ခြောက်လက်မ ဓားခေါင်းတလားကို ငုံ့ကြည့်လျက်၊
“ ဒီပစ္စည်းက တကယ်ကို လျှို့ဝှက်ဆန်းကြယ်တာပဲ ... အထဲမှာ ဘာတွေ ဝှက်ထားလဲဆိုတာ ငါ တကယ် သိချင်မိတယ်။ ”
-ဟု ညည်းတွားလိုက်သည်။
“ နှစ်ပေါင်းများစွာ ကြာလာတာနဲ့အမျှ ဓားဧကရာဇ်ချန်နင်ဖြစ်စေ အခြားလူတွေဖြစ်စေ ဒီရတနာကို ရှာမတွေ့ခဲ့ကြပါဘူး ရလဒ်အနေနဲ့ ဒီခြောက်လက်မ ဓားခေါင်းတလားနဲ့ ...
... ပတ်သက်တဲ့ ကောလာဟလတွေဟာလည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့ရတာပဲ။ ”
မျောက်ဝံအိုကြီးမှ ထူးဆန်းသောအကြည့်ဖြင့် စုရီထံ ပြန်ကြည့်လိုက်ပြီး၊
“ ဒီလို ဒဏ္ဍာရီလာ ပစ္စည်းတစ်ခုက မင်းလက်ထဲ ရောက်လာလိမ့်မယ်လို့ ငါတကယ် မမျှော်လင့်ထားခဲ့ဘူး။ ”
-ဟု ဆိုလိုက်၏။ စုရီ တစ်ယောက် တုန့်ပြန်ခြင်းမပြုချေ။ မျောက်ဝံအိုကြီးမှ ခြောက်လက်မ ဓားခေါင်းတလားထံ ကြည့်လျက်၊
“ မင်း ဒါကို ဖွင့်မကြည့်ဘူးလား။ ”
-ဟု မေးမြန်းသည်။ စုရီက ခေါင်းခါပြလိုက်ပြီး၊
“ ငါ ဖွင့်လို့မရသေးဘူး။ ”
-ဟု ပြန်ဖြေ၏။
“ ဒါဆို အရှေ့ပင်လယ်ကို ခရီးထွက်ဖို့ ငါအကြံပြုချင်တယ် ... ရှေးဦးခေတ်တုန်းက စီနီယာလီဖုယွီဟာ အရှေ့ပင်လယ်ရဲ့ လင်းရှူး တောင်မှာ အခြေချနေထိုင်ခဲ့တာ ...
... အဲဒီမှာ တာအိုကျမ်းတွေတောင် ချန်ထားခဲ့တယ် ဒါပေမဲ့ နှစ်ပေါင်းများစွာကြာပြီ ဖြစ်တာမို့ လင်းရှူးတောင်က ရှိနေသေးရဲ့လား မသိတော့ဘူး။ ”
“ အဲဒီတုန်းက မင်းဘယ်လိုရောက်သွားတာလဲ။ ”
“ သဘာဝအတိုင်း လှေပျံလေးက ခေါ်သွားတာပါ ... သူဟာ အသိစိတ်ရှိနေတဲ့ ဖရိုဖရဲစွမ်းအင်ကနေ မွေးဖွားလာတဲ့ အင်မော်တယ် ရတနာတစ်ပါးပဲ ...
... မင်းက လဲ့ကျိတင်မကဘဲ ဓားခေါင်းတလားကိုပါ ရရှိထားတာဆိုတော့ စီနီယာလီဖုယွီနဲ့ အလွန်နက်ရှိုင်းတဲ့ ဆက်နွှယ်မှု ရှိနေတာသေချာတယ် အကယ်၍အဲဒီလှေပျံသာ ရှိနေသေးရင် သူက သေချာပေါက် မင်းကို လာတွေ့လိမ့်ယ်။ ”
စုရီမှ ခေါင်းညိတ်လိုက်သည်။ နောက်ဆုံးတွင် အရှေ့ပင်လယ်ရှိ လင်းရှူး တောင်သို့ရောက်ရှိရန် လှေပျံသည်သာ အဓိကသော့ချက် ဖြစ်ချေ၏။
ထို့နောက်တွင် စုရီသည် အချိန်ဆွဲမနေတော့ဘဲ မျောက်ဝံအိုကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ တားမြစ်ကျိန်စာစွမ်းအားကို စတင်ဖယ်ရှားပေးလိုက်သည်။
အမွှေးတိုင်တစ်တိုင်စာမျှ ကြာမြင့်သောအချိန်တွင် မျောက်ဝံအိုကြီး၏ ခန္ဓာကိုယ်အတွင်းမှ ငွေရောင်ချည်မျှင် တစ်ချောင်း ဆွဲထုတ်လိုက်၏။
ဤငွေရောင်ချည်မျှင်တွင် အလွန် ကြောက်မက်ဖွယ်ကောင်းလှသော တားမြစ် စွမ်းအားတစ်ခု ပါရှိနေသည်။ ဆံခြည်မျှင်အလား ပါးလွှာနေသော်လည်း ထွက်ပေါ်လာသည့် အရှိန်အဝါမှာမူ အေးစက်လှပေ၏။
နတ်အာရုံဖြင့် ခံစားကြည့်သောအခါ ရှုပ်ထွေးထူထပ်စွာ လိမ်ယှက်နေသော တာအို ဥပဒေများဖြစ်ကြောင်း မြင်နိုင်သည်။
ဤသည်မှ နတ်ဘုရားတစ်ပါးမှ ထိန်းချုပ်နိုင်သည့် ခေတ်ကာလဥပဒေများဖြင့် ပြည့်နှက်နေသော တာအိုဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်သည်။
သို့သော် အင်မော်တယ်လျူယွင် ခံစားနေခဲ့ရသည့် နတ်ဘုရားကပ်ဘေးဒုက္ခနှင့် မတူဘဲ ဤငွေမျှင်၏အရှိန်အဝါသည် ပို၍ ကြောက်စရာကောင်းနေသည်။
အင်မော်တယ်လျူယွင် ခံစားရသော နတ်ဘုရားဒုက္ခသည် ကောင်းကင်နှင့်မြေကြီး နတ်ဘုရားဟုခေါ်သည့် ဝိညာဉ်တစ်သောင်း ဂိုဏ်းနောက်ကွယ်မှ နတ်ဘုရားဖြစ်သည်။
ဤငွေမျှင်မှာမူ ကောင်းကင်နှင့်မြေကြီး နတ်ဘုရားထက် ပိုအစွမ်းထက်ပြီး အခြားသော နတ်ဘုရားတစ်ပါးဖြစ်မည့်ပုံပေပင်။
နတ်ဘုရားတစ်ပါးစီသည် မတူညီသောခေတ်ကာလ တာအိုဥပဒေများကို ထိန်းချုပ်ကြသဖြင့် သူတို့၏တန်ခိုးနှင့် အာဏာ အဆင့်အတန်းများသည် မလွဲမသွေ ကွဲပြားခြားနားကြပေသည်။
သူကြုံတွေ့ရသော နတ်ဘုရားများမှာ မိုးတိမ်ယန္တရားဂိုဏ်းမှ တံငါသည်၊ ဝိညာဉ် တစ်သောင်း၏ ကောင်းကင်နှင့် မြေကြီး နတ်ဘုရား၊ အဝေးမှမြင်ဖူးသော အတိတ်ဗုဒ္ဓနှင့်၊ နတ်ဆိုးခေတ် အပ်ချုပ်သမား ကိုးကွယ်သည့် အမှောင်နတ်ဘုရားတို့ ဖြစ်ကြသည်။
မည်သည့် နတ်ဘုရားပင်ဖြစ်စေ ပြလည်ဝင်စားခြင်းတာအိုတည်ရှိမှုကို လုံးဝပင် လက်မခံနိုင်ကြကြောင်း ပြသနေ၏။
“ ကြောက်စရာကောင်းလိုက်တာ။ ”
တစ်ဖက်တွင် မျောက်ဝံအိုကြီးသည် ထိုငွေမျှင်ထံ စိုက်ကြည့်လျက် ကြောက်ရွံ့မှု၊ မုန်းတီးမှုနှင့် စိတ်သက်သာရာရမှုများ ရောပြွမ်းလာသည်။
ရှေးဦးခေတ်တွင် ဤဒေသအတွင်း နတ်ဘုရားတမန်တော်များနှင့် တိုက်ခိုက်ကာ ထိုကျိန်စာစွမ်းအားသင့်ခဲ့ရ၏။
ထို့ကြောင့် သူ၏ကျင့်ကြံမှုသည် ကျဆင်းခဲ့ရခြင်းဖြစ်သည်။ ထိုအချင်းအရာသည် သူ့အတွက် အလွန်နာကျည်းစရာပေပင်။
“ ဒါက အစပဲ ရှိသေးတယ် ... မင်းခန္ဓာကိုယ်အတွင်းက ကျိန်စာစွမ်းအားတွေ အားလုံးကိုဖျက်ဆီးပစ်ဖို့ ဆယ်ရက်လောက် အချိန်ယူရလိမ့်မယ်။ ”
ထို့နောက် စုရီမှ သူ့လက်များကို လှုပ်ခါလိုက်ရာ ဝင်စားခြင်းအလင်းတန်းများ ပေါ်ထွက်လာပြီး အဆိုပါငွေရောင်ချည်မျှင်ကို အမှုန့်ခြေပစ်လိုက်လေသည်။
“ နှစ်ပေါင်းများစွာတောင် စောင့်ခဲ့ရတာပဲ ... နောက်ထပ် ရက်အနည်းငယ်လောက်ကို ဘာလို့ မစောင့်နိုင်ရမှာလဲ ဟားဟားဟား။ ”
မျောက်ဝံအိုကြီးက အားပါးတရ ရယ်မောလိုက်၏။ ဤကပ်ဘေးစွမ်းအားများမှ လွတ်မြောက်သည်နှင့် အထွတ်အထိပ်ဆီသို့ ပြန်လည်ရောက်ရှိနိုင်ပေတော့မည်။
“ ကောင်းပြီ ... ဒါဆို ငါ့အတွက် ဒီမှာအချိန်နည်းနည်းတော့ ထပ်ဖြုန်းလိုက်မယ် အုတ်မြစ်ကို စုစည်းဖို့လုံလောက်သင့်တယ် ...။ ”
“ ဟားဟားဟား ... ဒါဆို အကောင်းဆုံးပဲ။ ”
မျောက်ဝံအိုကြီးမှ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်တော့သည်။
***
ရက်အနည်းငယ်အတွင်း စုရီတစ်ယောက် တရားထိုင်ရာမှ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ ဤကာလအတွင်း သူသည် ပြည့်စုံပြီး ငြိမ်းချမ်းသော ဘဝကိုရရှိခဲ့၏။
မျောက်ဝံအိုကြီး၏ နတ်ဘုရား ကပ်ဘေးစွမ်းအားကို ဖြေရှင်းရန် ကူညီပေးကာ တစ်ဖက်တွင် ကျင့်ကြံမှုကို အာရုံစိုက်နိုင်ခဲ့၏။
ထို့ကြောင့် သူ့ကျင့်ကြံမှုသည် ဗလာနယ်ပယ်ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိ သွားပြီ ဖြစ်သည်။
“ ဒီမီးဖိုက တကယ်ကို ကောင်းမွန်တဲ့ ဆေးမီးဖိုပဲ ဖရိုဖရဲစွမ်းအင်ကနေ မွေးဖွားလာတဲ့ ဝိညာဉ်ရတနာတစ်ပါး ဖြစ်ထိုက်ပါပေတယ်။ ”
မျောက်ဝံအိုကြီးက အဝေးမှနေ၍ ချီးကျူးလိုက်သည်။ ကောင်းကင်ဆန္ဒဆေးမီးဖို အသွင်အပြင်ကို ဤရက်ပိုင်းအတွင်း သတိထား မိလာခဲ့၏။
တိုက်ပွဲအတွင်းမှ ရရှိသော ဆေးဘက်ဝင်အပင်များကို ဆေးပြားများအဖြစ် ပြန်လည်ထုတ်ပေးသည်။ ထိုဆေးများကို သန့်စင်နေစဉ် ခရမ်းရောင်မြူခိုးများနှင့် အလင်းများသိုင်းခြုံကာ မြင့်မြတ်သော လေထုကိုပေးစွမ်းချေပြီ။
သေမျိုးဓားကိုပင် ထပ်မံ ပုံဖော်ပေးသဖြင့် အရည်အသွေးသည် သိသိသာသာ တိုးတက်လာ ခဲ့သည်။ ယခင်ကနှင့် လုံးဝ ကွဲပြားသွား၏။
သူ့ခန့်မှန်းချက်အရ ဤလောကရှိ မည်သည့်သူတော်စင် အင်မော်တယ်အဆင့် ရတနာထက်မဆို သာလွန်နေသည်။
အင်မော်တယ်ဘုရင်အဆင့် ရတနာများကိုပင် ယှဉ်နိုင်ချေ၏။ အံ့သြစရာ အကောင်းဆုံးမှာ အင်မော်တယ်ဘုရင်အဆင့် သတ္တုများနှင့် ရတနာများကိုပင် အရည်ဖျော်ပစ်နိုင်နေသည်။
ထိုဆေးမီးဖိုမှ ရရှိသော ဆေးပြားများသည် လဲ့ကျိအတွက်ပင်အသုံးဝင်၏။ လဲ့ကျိခွန်အားမှာ ထိုက်ကျင်း ဒုတိယအဆင့်ဖြစ်သော ထိုက်ဟယ် ဖြစ်သည်။
သို့သော် လဲ့ကျိသည် နတ်ဘုရား ကပ်ဘေးဒုက္ခကို ခံစားခဲ့ရသဖြင့် ဝိညာဉ်နှင့် ကိုယ်ထည်မှာ ပြင်းထန်စွာ ပျက်စီးခဲ့ရ၏။
တစ်လနီးပါး ဆေးဝါးအမြောက်အများ သန့်စင်စေသည့် နောက်၌ပင် ပျောက်ကင်းရန် လုံလောက်မှု မရှိသေးချေ။ မူလစွမ်းအား အနည်းငယ်ကိုသာ ပြန်လည်ရရှိသည်။
ထို့ကြောင့် ဝိညာဉ်နှင့်ကိုယ်ထည်မှာ သိသာသောတိုးတက်မှု မပြနိုင်ချေ။ အပြည့်အဝ ပြန်၍ကောင်းမွန်နိုင်စေရန် ထိုက်ကျင်းနယ်ပယ် ဆေးဖက်ဝင်အပင်များ လိုအပ်နေချေပြီ။
ဤသည်မှာ စုရီအတွက်ပင် ခေါင်းကိုက်စရာဖြစ်လာသည်။ မျောက်ဝံအိုကြီး အတွက်သည်လည်း အလားတူပေပင်။
သူ့အတွင်းရှိ နတ်ဘုရားကပ်ဘေး စွမ်းအားကို လုံးဝပျက်ပြယ်စေခဲ့သော်ငြားလည်း ဒဏ်ရာများသည် အလွန်ပြင်းထန်သောကြောင့် ထိုက်ကျင်းနယ်ပယ်မှ ပြုတ်ကျလုနီးပါးသာ ရှိနေသေးသည်။
အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်ရန်သည် ရက်အနည်းငယ်အတွင်း ပြီးမြောက်နိုင်ဦးမည် မဟုတ်ချေ။
ကောင်းကင်ဆန္ဒဆေးမီးဖိုမှ သန့်စင်ပေးထားသည့် ဆေးပြားများသည်ပင် သူ့အတွက် အသုံးမဝင်ချေ။ ထိုဆေးပြားများမှာ အင်မော်တယ်ဘုရင် အဆင့်၌သာရှိနေသည်။
ထို့ကြောင့် လဲ့ကျိနှင့် မျောက်ဝံအိုကြီးတို နှစ်ဦးစလုံးသည် ခွန်အားကို ပြန်လည်ရယူလိုက နည်းလမ်းတစ်ခုသာ ကျန်ရှိတော့သည်။
“ ငါတို့ ထိုက်ကျင်းနယ်ပယ်အဆင့် ဆေးဘက်ဝင် အပင်တွေလိုနေပြီ။ ”
မျောက်ဝံအိုကြီးမှ ညည်းတွားလိုက်သည်။ ကံမကောင်းစွာဖြင့် ဤမြူနက်တောင်ကြားတွင် မည်သည့်ဆေးဘက်ဝင်အပင်မျှ မရှိချေ။
အဆိုးဆုံးမှာ အင်မော်တယ်မြေ တစ်ခုလုံးတွင်ပင် ထိုက်ကျင်းနယ်ပယ်အဆင့် ဆေးဖက်ဝင်အပင်များ အလွန်ရှားချေပြီ။ ရှေးဟောင်း အင်အားကြီးမားသော ဂိုဏ်းကြီး အချို့၌သာ ကျန်ရှိနေနိုင်တော့၏။
“ ဒီဆေးမီးဖို အထွတ်အထိပ်တုန်းက ထိုက်ကျင်းအဆင့် ရတနာနဲ့ယှဉ်လို့ရပါတယ် အဲဒီအချိန်တုန်းက တော်ဝင်ဆေးဧကရာဇ်ရဲ့ အဖိုးတန်ဆုံးရတနာပဲ။ ”
စုရီက မျောက်ဝံအိုကြီး ဆေးမီးဖိုထံ စိတ်တင်စားနေသည်ကို သတိထားမိသဖြင့် ပြောကြားလိုက်သည်။
ဆေးဧကရာဇ်ကို ဆေးဧကရာဇ် ဝမ်ချင်းအဖြစ် လူသိများသည်။ ထိုစဉ်အခါက ဝမ်ယဲ့သည် အင်မော်တယ်ပင် မဖြစ်သေးချေ။
သူ အထွတ်အထိပ်ကာလရောက်ရှိကာ အင်မော်တယ်မြေကို စိုးစံစဉ် ဆေးဧကရာဇ်မှာ ဤလောကမှ ပျောက်ကွယ်နေပြီဖြစ်သည်။
“ ပြီးတော့ ဒီဆေးမီးဖိုကိုလည်း ဓမ္မအဆုံးခေတ်မှာ ကပ်ဘေးကြီးထိမှန်ခဲ့တယ် သူကိုယ်တိုင် အင်မော်တယ်မြေကနေ ထွက်ပြေးရတဲ့အထိပဲ အခုတော့ ကံကောင်းစွာနဲ့ ငါ့လက်ထဲရောက်နေပြီ။ ”
စုရီက ပြုံးလျက်ပြော၏။ ဆေးမီးဖိုမှ သူ့စကားကိုနားလည်သည့်အလား တုန်ခါပြပြီး ခရမ်းရောင်မြူများဖြင့်၊
“ ဒါက ငါတို့ဆုံစည်းဖို့အတွက် ကံကြမ္မာပါလာလို့ပဲ။ ”
-ဟူသော ဝါကျရေးပြလာ၏။
စုရီတစ်ယောက် စကားမပြောနိုင်ဘဲ ပြုံးမိသွားသည်။ ဤကောင်းကင်ဆန္ဒမီးဖိုသည် တစ်နေ့ထက်တစ်နေ့ အသိဉာဏ်ပိုရှိလာချေပြီ။ မျောက်ဝံအိုကြီးမှ ခေါင်းညိတ်ကာ၊
“ ကိစ္စတိုင်းမှာ အကြောင်းတရား ရှိတတ်ပါတယ် ဆေးဧကရာဇ်ဝမ်ချင်းရုတ်ချည်း ပျောက်ကွယ်သွားခဲ့လို့သာ ဒီရတနာက မင်းဆီကို ရောက်လာတာပေါ့။ ”
-ဟု မှတ်ချက်ပေးသည်။
“ မှန်တယ် ... တကယ်လို့ ပိုင်ရှင်ပြန်ပေါ်လာရင်တော့ ပြန်ပေးရလည်း ကိစ္စမရှိပါဘူး။ ”
စုရီမှ ခေါင်းညိတ်သည်။ ထိုအခါ ကောင်းကင်ဆန္ဒဆေးမီးဖိုသည် သဘာဝ အတိုင်းတုန်ခါလျက် ဝါကျတစ်ကြောင်း ရေးသားပြလာသည်။
“ ဆေးဧကရာဇ်ချင်းက အချိန်မြစ်ကြီးမှာ သေဆုံးသွားပြီ။ ”
“ ဟမ့် ဘာတွေဖြစ်သွားလဲ မင်းသိလား။ ”
စုရီတစ်ယောက် အံ့အားသင့်သွား၏။
“ အသေအချာ မသိဘူး ဒါပေမယ့် နတ်ဘုရားတွေနဲ့ ပတ်သတ်ဆက်စပ်နေပါတယ် ဆေးဧကရာဇ်ဝင်ချင်းရဲ့ ဘဝမှာ အကြီးမားဆုံး ဆန္ဒက ဆေးနတ်ဘုရားဖြစ်လာဖို့ပဲ။ ”
ဝမ်ယဲ့ဘဝတွင် စုရီသည် အချိန်မြစ်ကြီးအတွင်း ဝင်ရောက်ခဲ့စဉ်တုန်းက နတ်ဘုရားများ၏ တိုက်ခိုက်မှုများကိုခံစားရကာ အသက်ဆုံးရှုံးလုနီးပါးပေပင်။
ဆေးဧကရာဇ်သည်လည်း အလားတူ အတွေ့အကြုံမျိုး ရှိခဲ့ပုံရ၏။ သို့တိုင်အောင် တစ်ဖက်လူတွင် သူ့ကဲ့သို့ ငရဲဘုံကိုးပါးဓား မရှိသဖြင့် ကံကောင်းခဲ့ပုံမရချေ။
“ ငါ့မှာ ဆေးဧကရာဇ်ဝမ်ချင်း ချန်ထားရစ်ခဲ့တဲ့ ဆေးညွှန်းတစ်ခုရှိတယ် ဒါက နတ်ဘုရားဆေးလုံးသန့်စင်ဖို့ နည်းလမ်းစနစ်ပဲ ငါ့ရဲ့ခွန်အားတွေ ပြန်ရလာရင် ပေးမယ်။ ”
“ နတ်ဘုရားဆေးပြား ဖော်စပ်နည်းလား။
မျောဝံအိုကြီးနှင့် စုရီတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အလွန်စိတ်လှုပ်ရှားသွား၏။ ထိုသတင်းသည်သာ ပြင်ပသို့ ပျံ့နှံ့သွားပါက သွေးလွှမ်းသောတိုက်ပွဲကြီး ဖြစ်လာနိုင်၏။
လောဘသည် သွေးကို ကိုယ်စားပြုချေပြီ။ ထိုစဉ်အဝေးဆီမှ နက်ရှိုင်းကျယ်လောင်လှသော ခြေသံများပဲ့တင်ထပ်လာသည်။ ပေတစ်သောင်း မြင့်သော ဟွမ်တုဖြစ်ချေ၏။
“ သခင် ... မြူနက်တော်ငကြားရဲ့ တံဆိပ်ခတ်စွမ်းအားဟာ တစ်ရက်အတွင်းမှာ လုံးဝ ပျောက်ကွယ်သွားပါတော့မယ်။ ”
ဟွမ်တုမှ အသိပေးလာသည်။ ထိုစဉ်က စုရီတောင်းဆိုမှုကြောင့် လူတိုင်းကိုအမဲလိုက်ရန် မြူနက်တောင်ကြားပေါ် သူတို့ပိတ်ဆို့ခဲ့ခြင်း ဖြစ်၏။
ယခုတံဆိပ် ပြယ်ပြီဖြစ်ရာ မူလအတိုင်း အပြင်လူများ ဝင်ရောက်နိုင်တော့မည်ဖြစ်သည်။ ဤရက်ပိုင်းအတွင်း ဂိုဏ်းအသီးသီးသည် သူတို့ စေလွှတ်သူများ၏ ဝိညာဉ်မီးအိမ်များ ကွဲကြေ ကုန်သဖြင့် စုံစမ်းရန် လူအချို့ကို ထပ်မံ စေလွှတ်ထား၏။
ထိုသူများသည် မြူနက်တောင်ကြားအပြင်တွင် စောင့်ဆိုင်းကာ ဝင်ရောက်ရန် ကြိုးစားနေပြီဖြစ်သည်။
သို့မှသာ အတွင်း၌ မည်သည့်အရာများ ဖြစ်ပျက်လျက် သူတို့ကျွမ်းကျင်သူများ မည်သို့ ဆုံးရှုံးရသည်ကို နားလည်နိုင်ပေမည်။
တစ်ဖက်တွင် မျောက်ဝံအိုကြီးက ဟွမ်တုထံလှည့်ကြည့်၏။ ဤသည်မှာ မ္ဂေးရာပါ နတ်ဘီလူးတစ်ပါး ဖြစ်သည်။ ရှေးဦးခေတ်က သူနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့၏။
ထို့ကြောင့် နတ်ဘုရားကပ်ဘေး ထိမှန်သွားကာ နှစ်ပေါင်းများစွာနှိမ်နှင်းခံ လာရသည်။
ယခုမူ ဤရက်များအတွင်း စုရီသည် ထိုကပ်ဘေးစွမ်းအားကို ဖယ်ရှားပေးခဲ့သဖြင့် သွေးရောင်သံကြိုးများ လုံးဝ ပျောက်ကွယ်နေပြီဖြစ်သည်။
“ တာအိုဝမ် ... ငါတို့ ဘာလုပ်သင့်တယ်လို့ ထင်လဲ။ ”
မျောက်ဝံအိုကြီးက ဟွမ်တုကို ပြန်မဖြေသေးဘဲ စုရီထံ လှမ်းကြည့်လိုက်သည်။ စုရီတစ်ယောက် ခဏမျှစဉ်းစားပြီး၊
“ ငါထွက်သွားတော့မယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ ဘယ်ကိုလဲ ... ။ ”
“ ငါအမှတ်မမှားရင် မကြာခင်မှာ ဝိညာဉ်တစ်သောင်းဂိုဏ်းရဲ့ အင်မော်တယ် ဘုရင် ဧည့်ခံပွဲကျင်းပတော့မယ် အချိန်အားဖြင့် (၆)လတောင် မကျန်တော့ဘူး။ ”
***
အခန်း ၁၂၇၈ -
ဆန်းကြယ်သော အဖိုးကြီး။
ထိုနေ့မှာပင် ကျယ်လောင်လှသော ဟိန်းဟောက်သံကြီးနှင့်အတူ ထူထပ်လှသည့် အနက်ရောင်မြူခိုးများသည် အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။
လောကကြီးတစ်ခုလုံး ထာဝရ အမှောင်ထဲသို့ နစ်မြုပ်သွားသည့်အလား ထင်မှတ်ရလေသည်။
တစ်လကျော်တိုင်အောင် ပြင်ပတွင် စောင့်ဆိုင်းနေခဲ့ကြသည့် အင်အားစုအသီးသီးမှ ကျင့်ကြံသူများသည် အလျင်အမြန် ဆုတ်ခွာသွားလိုက်ရ၏။
သို့သော် ကံကောင်းထောက်မစွာဖြင့် ထိုမြူများသည် ဒီရေအလား အန္တရာယ်မပေးဘဲ ပြန်လည် ဆုတ်ခွာကွယ်ပျောက်သွားခဲ့၏။
ထို့နောက်တွင်မူ လူများသည် မြူနက်တောင်ကြား ဝင်ပေါက်ကြီး ပြန်လည် ပေါ်ထွက်လာသည်ကို မြင်လိုက်ရ၏။
“ ဝင်ပေါက် ပွင့်သွားပြီ။ ”
“ ဒါက နည်းနည်း ထူးဆန်းနေတယ် ငါတို့ဂိုဏ်းရဲ့ အင်မော်တယ်ဘုရင်တွေအားလုံး ဒီအထဲဝင်ပြီး သေဆုံးကုန်တယ် သတိထားပါ။ ”
လူတိုင်းမှ တောင်ကြားအတွင်းဝင်ကာ ဖြစ်စဉ်ကိုစုံစမ်းရန်ကြိုးစားနေစဉ် လူရိပ်တစ်ရိပ် လှမ်းထွက်လာသည်ကို မြင်လိုက်ရ၏။
“ အဲဒါ ရှန့်မူပဲ။ ”
လူတိုင်း ထိတ်လန့်တကြား ချက်ချင်း ဆုတ်ခွာကုန်၏။ စုရီမှ ပြုံးလျက်ဖြင့် သူတို့ထံ တစ်ချက် လှည့်ကြည့်ကာ ထွက်ခွာသွားသည်။
စုယီ မျှော်လင့်ထားသည့်အတိုင်းပင် မသေနိုင်သော ကျင့်ကြံသူအများအပြားသည် မဟူရာမြူခိုးတွင်းထဲသို့ အစုအဖွဲ့လိုက် ဝင်ရောက်စုံစမ်းခဲ့ကြသည်။ သို့သော် အဖိုးတန်သော သဲလွန်စတစ်ခုမျှ မတွေ့ရသည့်အပြင် အနက်ရှိုင်းဆုံးနေရာသို့ ဝင်မိသူများမှာမူ သေခြင်းတရားနှင့်သာ ရင်ဆိုင်ခဲ့ကြရသည်။
တစ်ရက်ကုန်လွန်ပြီးနောက် ကျယ်ပြောလှသော မြစ်ကြီးတစ်စင်းဘေးတွင် ဆည်းဆာအလင်းများ ပြန့်ကျဲနေ၏။
မြစ်ပြင်ကျယ်ကြီးသည် ထိုအလင်းရောင်အောက်တွင် ရွှေရောင်များဖြင့် တလက်လက် တောက်ပနေသည်။
လှေငယ်လေးတစ်စင်းသည် ရွှေရောင်လှိုင်းကြက်ခွပ်များကြား မျောပါနေ၏။ စုရီက လှေပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေပြီး ခေါင်းကို လက်မောင်းပေါ်တင်ကာ မျက်လုံးများ သက်တောင့်သက်သာ မှိတ်ထားခဲ့သည်။
အစိမ်းရောင် မြေခွေးအမြီး မြက်ပင်တစ်ပင်ကို သွားကြားတွင်ကိုက်ကာ မြစ်ရေပြင်ထံ ဖြတ်တိုက်လာသည့် လေပြေများအပေါ် ခံစားနေ၏။
လမ်းတစ်လျှောက်တွင် သူ၏ ရောင်ဝါကို ဖုံးကွယ်ထားခဲ့သဖြင့် ယခုအချိန်အထိ မည်သူမျှ နှောက်ယှက်ခြင်း မပြုကြတော့ချေ။
ထို့ကြောင့် သူတော်စင်အင်မော်တယ် နယ်ပယ်သို့ တက်ရောက်ရန် ပြင်ဆင်မှုအချို ပြုလုပ်မည့်အပေါ် တွေးတောနေခဲ့သည်။
ဤနယ်မြေသို့ ရောက်ရှိသူများသည် တာအိုအာကာသထဲရှိ တာအိုကို သူတော်စင် အဆင့်သို့ မြှင့်တင်ခြင်းဖြစ်သည်။
ယင်းသည် လေဟာနယ်အတွင်း အရာဝတ္ထုများဖန်တီးနိုင်ခြင်း၊ ကောင်းကင်တွင် ဝိညာဉ်ဖြင့် ခရီးနှင်နိုင်ခြင်းနှင့် ကျောက်တုံးကို ရွှေအဖြစ် ပြောင်းလဲခြင်းကဲ့သို့ သဘာဝလွန် စွမ်းဆောင်ရည်များ ရရှိကြပေမည်။
ဥပမာအားဖြင့် အရာဝတ္ထုများ ဖန်တီးခြင်း ဆိုသည်မှာ နားလည်ထားသောတာအိုနိယာမ အသုံးပြု၍ တောင်၊ မြစ်၊ အပင်၊ နန်းတော်၊ လေ၊ မိုးတိမ်၊ မိုးကြိုးအစရှိသည့် အရာများကို ဖန်တီးခြင်းဖြစ်သည်။
အစွမ်းထက်သော သူများသည် လေဟာနယ်အတွင်း အစစ်အမှန်ကဲ့သို့တည်ငြိမ် လွန်းသော လျှို့ဝှက်ကမ္ဘာငယ်လေးကိုပင် ဖန်တီးနိုင်၏။
လုပ်ကြံမှုအစတွင် အင်မော်တယ်ဘုရင် ငါးပါးပေါင်းကာ မိုးသည်းထန်စွာရွာသွန်းသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးခဲ့သလိုပေပင်။
သို့သော် ယေဘုယျအားဖြင့် အင်မော်တယ်များ တိုက်ပွဲများတွင်သာ ဤသို့ ဖန်တီးအသုံးပြုကြသည်။
ကောင်းကင်တွင် ဝိညာဉ်နှင့် ခရီးနှင်ခြင်းဟူသည် ကောင်းကင်ဘုံ၏ တာအို စည်းမျဉ်းများကို နားလည်ခြင်းဖြစ်၏။
ကျင့်ကြံနေစဉ်အတွင်း ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှထွက်ကာ လောကကြီးအတွင်းရှိ တာအိုစည်းမျဉ်းများကို လှည့်လည်လေ့လာခြင်း ဖြစ်လေသည်။
ကျောက်တုံးကို ရွှေအဖြစ် ပြောင်းလဲခြင်း ဟူသည် အမည်အတိုင်း အရာဝတ္ထုများ၏ မူလ သဘာဝကို ပြောင်းလဲပစ်ခြင်းဖြစ်၏။
ဆိုလိုသည်မှာ အင်မော်တယ်များ၏ ခွန်အားသည် နားလည်ထားသောတာအိုဥပဒေ နက်ရှိုင်းမှုအပေါ် မူတည်၏။
“ ငါသာ သူတော်စင်နယ်ပယ်ကို ဝင်ရောက်နိုင်ရင် ... ငါ့ရဲ့တာအိုနဲ့တင်ဒီခေတ်ရဲ့ အင်မော်တယ်ဘုရင်တိုင်းကို အလွယ်တကူ နှိမ်နင်းနိုင်လိမ့်မယ်။ ”
စုရီတစ်ယောက် တိုးတိုးလေး ရေရွတ်လိုက်လေသည်။ သို့သော် ယခုအချိန်၌ ဤအရာကိုစဉ်းစားရန် စောလွန်းနေသေး၏။
“ ဒီခရီးစဉ်မှာ ကြောက်စရာကောင်းတဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ရနိုင်တယ် သူတော်စင်အင်မော်တယ်အဆင့်ကို ချိုးဖျက်နိုင်ရင် အကောင်းဆုံးပဲ ... ။ ”
အတွေးများဖြင့် နစ်မျောနေရာမှ ရုတ်တရက်မျက်ဝန်းများဖွင့်ကာ ဦးတည်ရာ တစ်ရပ်ထံ မော့ကြည့်လိုက်သည်။
မှောင်ရီပျိုးစပြုလာပြီဖြစ်သောကြောင့် ညကောင်းကင်သည် အမှောင်ထုများ ဖုံးလွှမ်း လာနေပြီဖြစ်၏။
“ မြူနက်တောင်ကြားကနေ ထွက်လာကတည်းက ငါ့နောက်လိုက်လာခဲ့တာ တစ်ရက်နဲ့ တစ်ညတောင် ကုန်လွန်သွားခဲ့ပြီ အခုဘာလို့ ထွက်မလာသေးတာလဲ။ ”
စုရီမှ တိုးတိုးလေးပြောလိုက်၏။ မြစ်ပြင်တလျှောက် လူသူကင်းမဲ့လျက်ရှိနေပြီး တောင်တန်းများနှင့် မြစ်ရေပြင်များသည်ပင် တိတ်ဆိတ်ငြိမ်သက်နေသည်။
သို့သော် သူ့စကားသံဆုံးသည်နှင့် အဝေးတစ်နေရာ၌ အနက်ရောင်လူရိပ်တစ်ရိပ် ထွက်ပေါ်လာတော့၏။
ဤသည်မှာ အဝတ်အစားများ ဟောင်းနွမ်းလျက် ဆံပင်နှင့် မုတ်ဆိတ်များ ရှုပ်ပွနေသော ပိန်ပိန်ပါးပါးအဖိုးအိုပေပင်။
သူ့မျက်နှာကို ကြေးဝါမျက်နှာဖုံးတစ်ခု ဖုံးအုပ်ထားပြီး အသက်ဓာတ်ကင်းမဲ့နေသော မျက်ဝန်းတစ်စုံကိုသာ ဖော်ပြထား၏။
စုရီတစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ် လိုက်မိလေသည်။ ဤလူ၏ အရှိန်အဝါသည် အလွန်ထူးဆန်းနေချေ၏။
သေမင်းကဲ့သို့ တည်ငြိမ်လွန်းနေကာ နှစ်ပေါင်းများစွာ မြေမြှုပ်ထားသော ရှေးဟောင်း အလောင်းကောင်ကဲ့သို့ပေပင်။ အေးစက်ပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။
“ ဝှစ် ... ။ ”
စုရီမှ တစ်စုံတစ်ခုကို မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် အဘိုးအိုသည် စကား တစ်ခွန်းမျှမဆိုဘဲ တိုက်ခိုက်လာတော့၏။
သူ့ပုံရိပ်သည် လေထဲတွင် ကွယ်ပျောက်သွားပြီး နောက်တစ်ခဏအတွင်း၌ ညာဘက်လက်ငါးချောင်းကို ထက်မြက်သော ဓားကဲ့သို့ ထိုးစိုက်လာသည်။
ရိုးရှင်းလှသော်လည်း အလွန်ရက်စက်ကြမ်းကြုတ်ပြီး လွှမ်းမိုးနိုင်စွမ်း အပြည့်ရှိနေပေသည်။
စုရီတစ်ယောက် မျက်ဝန်းများ မှေးစင်းလျက် ရှောင်တိမ်းရန် အချိန်မမီတော့သဖြင့် လက်ဖဝါး မြှောက်ကာ ကာကွယ်လိုက်ရ၏။
“ ဝုန်း ... ။ ”
ပေတစ်ထောင် ဧရိယာအတွင်း လေဟာနယ်သည် ရုတ်တရက် ပေါက်ကွဲကာ တောင်နှင့် မြစ်များကို တုန်လှုပ် သွားစေတော့သည်။
အကန့်အသတ်မဲ့သော ဖျက်ဆီးခြင်းစွမ်းအားသည် အရပ်မျက်နှာအနှံ့ ပျံ့နှံ့လာကာ တိမ်တိုက်များ ကွဲအက်ကုန်၏။
တစ်ဆက်တည်းမှာပင် ပြင်းထန်သော ရိုက်ခတ်မှုကြောင့် လွင့်စင်သွားပြီး ခန္ဓာကိုယ် အတွင်းရှိ သွေးနှင့် ချီများ ပွက်ပွက်ဆူလာ၏။
အတော်ပင် ဖရိုဖရဲဖြစ်သွားလေသည်။ ယင်းကြောင့် စိတ်ထဲ အံ့အားသင့်သွားတော့၏။ တစ်ဖက်အဖိုးကြီးသည် သန်မာလွန်းချေပြီ။
ထူးဆန်းနေသည်မှာ ခန္ဓာကိုယ်တွင် မရဏရောင်ဝါသာ ရှိနေသဖြင့် ကျင့်ကြံမှုအပေါ် မမြင်နိုင်ခြင်းပေပင်။ အလောင်း တစ်လောင်းနှင့် ပိုတူနေသည်။
သို့သော် လက်ရှိရင်ဆိုင်မှုအရ ယုဝမ်ချီ၊ ထိုက်ကျန်းတို့ကဲ့သို့ အင်မော်တယ်ဘုရင်များ ထက်ပင် အဆပေါင်းများစွာ သန်မာနေ၏။
စုရီတစ်ယောက် ထိုထက်ပို၍ ဆက်လက်တွေးတောရန် အချိန်မရခင်မှာပင် အဘိုးကြီးသည် ထိပ်မံတိုက်ခိုက်လာပြန်သည်။
“ ဝူး ... ။ ”
မည်သည့်နည်းစနစ်မျှ မသုံးဘဲ အရိုင်းဆန်သော လက်သီးတစ်ချက်သာဖြစ်၏။ အလွန်အမင်း ရိုးရှင်းသော်လည်း စွမ်းအားမှာမူ ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေသည်။
လေဟာနယ်တစ်ခုလုံး အက်ကွဲကြောင်းကြီးများဖြင့် ဖြစ်ပေါ်လာ၏။ စုရီသည်လည်း ပေါ့ဆ၍မရတော့သဖြင့် သေမျိုး ဓားကိုထုတ်ကာ ရင်ဆိုင်လိုက်ရသည်။
“ ကလန် ... ။ ”
“ ဝုန်း ... ။”
တောင်တန်းများ ပြိုကျကာ သစ်ပင်များဖုန်မှုန့်အဖြစ် ပြောင်းလဲလျက် ရေပြင်မှာ ဝုန်းဒိုင်းကျဲလာ၏။
စုရီတစ်ယောက် ထပ်မံ လွင့်စဉ်သွားပြန်သည်။ ဤတစ်ကြိမ်တွင် မြစ်ကမ်းစပ်သို့ပင် ရောက်ရှိလာ၏။
လွန်ခဲ့သော လအနည်းငယ်အတွင်း မြူနက်တောင်ကြားတွင် အုတ်မြစ်ကို ခိုင်မာ စေခဲ့သည်။ ထို့ကြောင့် အင်မော်တယ်ဘုရင် နှောင်းပိုင်းအဆင့်မှ တစ်စုံတစ်ယောက်ကိုပင် ပြဿနာ မရှိတော့ချေ။
သို့သော် ယခုမူ တစ်ဖက်လူနှင့် ရင်ဆိုင်ရသောအခါ အလွန်အမင်း လေးလံသော ဖိအားကို ခံစားနေရတော့၏။
သည့်ပြင် တစ်ဖက်လူရောင်ဝါသည် လူသားတစ်ယောက်နှင့်မတူဘဲ စိတ်ခံစားချက်၊ တာအိုဥပဒေအတက်အကျ မပါရှိချေ။ အလောင်းကောင်အတိုင်း ပေပင်။
“ ဝုန်း ... ။ ”
များမကြာခင် ကြီးမားပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားလာတော့၏။ စုရီမှ သေမျိုးဓားဖြင့် အလေးအနက်ထားခုခံနေသည်။
“ အလောင်းရုပ်သေးလား။ ”
စုရီတစ်ယောက် အတွေးပေါ်လာ၏။ အလောင်းရုပ်သေးဟူသည် အလွန်ရှားပါးသော အတတ်ပညာတစ်ခုဖြစ်သည်။
၎င်းကိုဖန်တီးရန်အတွက် ကျင့်ကြံသူတစ်ဦးအပေါ် အသက်ရှင်လျက်ဖြင့် အရေခွံခွာခြင်း၊ စိတ်ဝိညာဉ်ထံ နတ်မီးလျှံဖြင့် သန့်စင်ခြင်းနှင့် ရှုပ်ထွေးဆန်းကြယ်သော အဆင့်များစွာပြုလုပ်ရချေပြီ။
အခက်ခဲဆုံးအဆင့်မှာ ထိုကျင့်ကြံသူ အသက်ရှင်စဉ်က ပိုင်ဆိုင်ခဲ့သော ကျင့်ကြံမှုနှင့် ခွန်အားကို သေဆုံးပြီးနောက်တွင်ပါ ထိန်းသိမ်းထားရခြင်း ဖြစ်သည်။
ဤသို့သော အလောင်းရုပ်သေး အတတ်ပညာကို အကျွမ်းကျင်ဆုံးပုဂ္ဂိုလ်သည် ထိုက်ယီဂိုဏ်းတည်ထောင်သူ ကျန်းတိုင်အာ တစ်ယောက်သာလျှင်ရှိ၏။
“ ဒါဆို ... ဒီလိုပဲဖြစ်မယ်။ ”
စုရီမှ အဖြေကို ရှာတွေ့သွားသည်။ ဆိုလိုသည်မှာ ဤအဘိုးအိုသည်သာ အလောင်း ရုပ်သေးဖြစ်ပါက စေလွှတ်သူသည် သူ့ရန်သူ ကျန်းတိုင်အာ ဖြစ်နေရပေမည်။
***