အခန်း (၁၂၇၉-၁၂၈၀)
Vol. 107 Ch. 1279-1280
အခန်း ၁၂၇၉ -
ငြိမ်းချမ်းပါစေ ... ။
ဤအခြင်းအရာကို တွေးမိသည်နှင့် စုရီတစ်ယောက် မျက်လုံးများထဲ အေးစက်သော သတ်ဖြတ်လိုခြင်းဆန္ဒများ ဖုံးလွှမ်းလာတော့၏။
“ ကလန် ... ။ ”
ဓားမြည်သံ ပဲ့တင်ထပ်လာပြီး ဝင်စားခြင်းတာအိုဥပဒေများ နောက်ပါးတွင် ထွက်ပေါ်လာကာ အဘိုးကြီး၏မျက်နှာထံ ခုတ်ပိုင်းချလိုက်သည်။
“ ခရစ် ... ။ ”
“ ဘန်း ... ။ ”
ပြင်းထန်လှသော ဓားစွမ်းအင်များ ပေါက်ကွဲလာပြီး အဘိုးအိုမျက်နှာရှိ ကြေးဝါ မျက်နှာဖုံးသည် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့၏။
အရေးအကြောင်းများ ပြည့်နှက်နေသည့် အိုမင်းရင့်ရော်နေသော မျက်နှာအစစ်အမှန်ကြီး ပေါ်ထွက်လာလေသည်။
“ ရှင်းယွမ်ကျိ ... ။ ”
စုရီနှလုံးသားသည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့ တော့သည်။ ထိုခဏ၌ တုန့်ဆိုင်းခြင်းမရှိဘဲ သူ့ဓားဖျားကို ပြောင်းလိုက်ရ၏။
ထက်ရှသော ဓားဖျားသည် အဘိုးကြီး၏ လည်ချောင်းဝသို့ ရောက်ရှိနေပြီဖြစ်သော်လည်း အတင်းအကျပ် ပြောင်းလဲယူလိုက်ရသဖြင့် တုန်ခါနေတော့သည်။
သို့သော် ရှင်းယွမ်ကျိမှာမူ သက်ညှာခြင်းမရှိဘဲ စုရီဓားကိုလက်ဖဝါးဖြင့် ပုတ်ထုတ်ကာ နဂါးလက်သည်းအလား စုရီ ရင်ဘတ်ထံ ကုပ်စွဲပစ်လိုက်၏။
“ ဘုန်း ... ။ ”
စုရီတစ်ယောက် ပေပေါင်းများစွာသို့ လွင့်စင်သွားကာ နံရိုးများကျိုးကြေကုန်တော့၏။ သူသည်သာ အနည်းငယ် ရှောင်တိမ်းနိုင်ခြင်း မရှိသော် ဦးခေါင်းတစ်ခုလုံး ကြေမွသွား ပေလိမ့်မည်။
စုရီတစ်ယောက် မျက်မှောင်ကြုတ် လိုက်မိလေသည်။ သို့သော် ရှင်းယွမ်ကျိသည် အလောင်းကောင်အဖြစ် သန့်စင်ခံထားရသဖြင့် အပြစ်မဆိုသာချေ။
တစ်ဖက်လူသည် ဝမ်ယဲ့၏ အယုံကြည်ရဆုံးသော လက်အောက်ငယ်သား တစ်ဦးဖြစ်ခဲ့ဖူး၏။ တိုက်ပွဲပေါင်းများစွာတွင် သူနှင့် ဘေးချင်းယှဉ်ကာ တိုက်ပွဲဝင်ခဲ့သည်။
သစ္စာရှိပြီး အသက်ကိုစွန့်ရန်ပင် တွန့်ဆုတ်ခြင်းမရှိခဲ့ချေ။ သို့သော် ယခုအခါတွင် ရှင်းယွမ်ကျိသည် သေဆုံးသွားပြီဖြစ်သည်။
“ ကျန်တိုင်းအာ ... ။ ”
စုရီတစ်ယောက် ဒေါသများဖြင့် အဖိုးကြီးတစ်ယောက်ကို ကျိန်ဆဲပစ်လိုက်၏။ တစ်ဖက်လူသည် ထာဝရညတိုက်ပွဲဝင် သူ့ကို လုပ်ကြံကာ နဂါးနက်ကို အရေခွံစုတ်ခဲ့သည်။
သူ အတွေးထဲ နစ်မျောနေစဉ် ရှင်းယွမ်ကျိသည် တွန့်ဆုတ်ခြင်းမရှိဘဲထပ်မံ၍ တိုက်ခိုက်လာပြန်၏။
စုရီတစ်ယောက် ရှောင်တိမ်းလျက်ဖြင့် သက်ပြင်းချလိုက်သည်။ တစ်ဖက်လူ၌ ဝိညာဉ် အပိုင်းအစပင် မကျန်တော့ချေ။ အဆုံးတွင် စုရီသည် ရှောင်တိမ်းနေခြင်းကို ရပ်တန့်လိုက်ပြီး တန်ပြန်တိုက်ခိုက်လိုက်သည်။
“ နှိမ်နင်းပစ် ... ။ ”
ဝင်စားခြင်းဥပဒေစည်းမျဉ်းများ ပတ်ဝန်းကျင်တစ်ခုလုံး ဖုံးလွှမ်းသွားခဲ့တော့၏။ အလင်းစက်ဝန်းခြောက်ပါး ထပ်သွားပြီးနောက် ရှင်းယွမ်ကျိ၏ တိုက်ခိုက်မှုများမှာ အရာမထင် ဖြစ်လာလေသည်။
များမကြာခင် အဖိုးအိုခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြင်းစွာပြုတ်ကျသွားခဲ့တော့၏။ တစ်ဆက်တည်းမှာပင် မျက်ဝန်းထဲ နာကျင်မှု အရိပ်အမြွက်ပြသလာသည်။
“ ဝူး ... ။ ”
ထို့နောက်တွင် သားရဲကြီးကဲ့သို့ ကျယ်လောင်စွာအော်ဟစ်လျက် အရေပြားများ တစ်စတစ်စအက်ကွဲလာကာ သွေးများသည် ရေတံခွန်အလား ပန်းထွက်လာတော့၏။
သူသည် ကြီးမားလှသော ဝေဒနာကို ခံစားနေရသည့်အလား ပြင်းစွာတုန်လှုပ်နေ၏။ စုရီက မြေပြင်ပေါ် ဆင်းသက်လိုက်ကာ၊
“ ရှင်းယွမ်ကျိ ... မင်း ငါ့ကို မှတ်မိသေးရဲ့လား။ ”
-ဟု မေးမြန်းသည်။
ထိုအသံတွင် နှလုံးသားကို ထိုးဖောက်ဝင်ရောက်နိုင်သော ဝိညာဉ်စွမ်းအား တစ်ခု ပါဝင်နေ၏။
တစ်ဆက်တည်းမှာပင် စုရီ၏ အသွင်အပြင်သည် ရုတ်ချည်းအနက်ရောင်ဝတ် ခန့်ညားထည်ဝါသော အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားလေသည်။
ဤသည်မှာ ဝမ်ယဲ့ပေပင်။ မြေပြင်ပေါ်တွင် ဝေဒနာကို လူးလှိမ့်ခံစားနေရသော ရှင်းယွမ်ကျိ တစ်ယောက် ရုတ်တရက် မော့ကြည့်လာပြီး စိတ်ရှုပ်ထွေးသွားလေသည်။
ထိုခဏ၌ သူသည် မိုးကြိုးပစ်ခံလိုက်ရသည့်အလား ပြင်းထန်စွာ တုန်လှုပ်သွားတော့၏။
“ သခင် ... သခင်လား။ ”
ရှင်းယွမ်ကျိမှ မရေမရာဖြင့် တိုးတိုးလေး ရေရွတ်လိုက်မိလေသည်။ သူမျက်လုံးများထဲမှ သွေးဆာနေသော အလင်းရောင်များ ပျောက်ကွယ်သွားတော့၏။
နောက်ဆုံးတွင် ဆင်ခြင်တုံတရား အနည်းငယ် ပြန်လည်ရရှိလာခဲ့ပုံရလေသည်။ ဖြူဖျော့စုတ်ပြတ်နေသော မျက်နှာထက်တွင် အပြုံးတစ်ပွင့်ပေါ်လာ၏။
“ တကယ်ပဲ ... သခင်လား၊ ဒီဘဝမှာဧကရာဇ်သခင်ကိုထပ်ပြီး မြင်ခွင့်ရတာ မယုံနိုင်စရာဘဲ။ ”
စကားပြောသံများ ပျက်ယွင်းကာ ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများရေတံခွန်ကဲ့သို့ ဆက်တိုက်စီးကျလာနေသည်။ မခံမရပ်နိုင်သော နာကျင်မှုများကို ခံစားနေရရန် အလူးအလဲ ဖြစ်နေတော့၏။
ထိုမြင်ကွင်းက စုရီကို ပြင်းစွာသော နာကျည်းမှုကိုခံစားလိုက်ရသည်။
“ စကားအများကြီး မပြောနဲ့တော့ ... ငါ မင်းကိုအရင်ဆုံး ဒီကနေခေါ်ထုတ်ပေးမယ်။ ”
စုရီမှ လှုပ်ရှားရန် ပြင်လိုက်သည်။ သို့သော်ရှင်းယွမ်ကျိသည် မျက်နှာအရေပြားများ ပဲ့ကျလျက်၊
“ သခင် ... အနားမလာနဲ့။ ”
-ဟု အသည်းအသန် တားဆီးလိုက်၏။ သူ့အသံနှင့်ခန္ဓာကိုယ်သည် မတည်မငြိမ်ဖြစ်ကာ အချိန်မရွေးပေါက်ကွဲဟန်ပြသနေသည်။
“ ဒီ ... ဒီလက်အောက်ငယ်သားက ... သေပြီးသား လူတစ်ယောက်ပါ ဒါကစွဲလမ်းမှု ဝိညာဉ်အကြွင်းအကျန်ပါ ဒီလောကထဲကနေ မကြာခင် ချုပ်ငြိမ်းသွားရတော့မယ်။”
စုရီတစ်ယောက် မျက်မှောင်ကြုတ်လျက် နှလုံးသားတစ်ခုလုံး ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်လာတော့၏။
“ မင်း ... ငါ့ကို ပြောချင်တဲ့ စကား ... တစ်ခုခုရှိသေးလား ... ။ ”
“ ပြောစရာမရှိပါဘူး သခင်က ဒီလက်အောက်ငယ်သားအတွက် သေချာပေါက် လက်စားချေပေးမှာ မဟုတ်လား ...။ ”
“ ဒါ သဘာဝပါပဲ။ ”
“ နှုတ်ဆက်ပါတယ် ။ ”
“ ဘန်း ... ။ ”
စကားဆုံးသည်နှင့် အလင်းများ ဖြာထွက်ကာ ပေါက်ကွဲသွား၏။ စုရီက တံဆိပ် တစ်ခုဖန်တီးကာ ထိုပေါက်ကွဲသွားသော အလောင်းအစအနများကို လောင်ကျွမ်းစေ လိုက်တော့သည်။
ဤသည်မှာ အရာခပ်သိမ်းဖျက်သိမ်းခြင်း ဥပဒေပင်။ ပြာမှုန်များသည် မရှိခဲ့သည့်အလား လုံဝပျက်ပြယ်သွား၏။
နှလုံးသားတစ်ခုလုံး ဒေါသများ၊ ခါးသီးမှုနှင့်အကူအညီမဲ့သော ဝမ်းနည်းမှုများမှာ ပြည့်လျှံလာတော့သည်။
“ ရှင်းယွမ်ကျိ ... ငါမင်းကို လိုက်ပို့ပေးလိုက်ပြီ ငြိမ်းချမ်းပါစေ။ ”
နတ်မီးတောက်များသည် အနီရောင် ပင့်ကူလီလီပန်းများအလား လေဟာနယ်ထဲ ပြန့်ကျဲလျက် အဆုံးတွင် လုံးဝပျောက်ကွယ် သွားတော့၏။
လက်ရှိအချိန်တွင် စုရီသည် ဝင်စားခြင်းသံသရာကို ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေးချေ။ မဟုတ်သော် ရှင်းယွမ်ကျိကို ဝင်စားခြင်းသံသရာသို့ ပို့ဆောင်နိုင်ပြီး ပြန်လည် မွေးဖွားပေးနိုင်မည်။
မီးလျှံများပျောက်ကွယ်သွားသည်နှင့် လေထုအလယ်မှုန်ဝါးဝါး ဝိညာဉ်ပုံရိပ်တစ်ရိပ် ထွက်ပေါ်လာသည်။ ထိုပုံရိပ်သည် စုရီကို ဝေ့ဝဲရှာဖွေပြီးနောက် အဆုံး၌ ပါးလျ ပျောက်ကွယ်သွား၏။
“ ဂရုစိုက်ပါ ... ။ ”
စုရီမှ တိုးတိုးလေးပြောလိုက်သည်။ သူ့နှလုံးသားထဲ ထူးဆန်းသော ဝမ်းနည်းမှုတစ်ခု ဖြစ်ပေါ်လာ၏။ ထိုစဉ်တစ်စုံတစ်ရာကို ခံစားမိ လိုက်သဖြင့် ကောင်းကင်ပေါ် မော့ကြည့် လိုက်လေသည်။
တစ်ချိန်တည်းမှာပင် ထာဝရ အေးခဲနေခဲ့သော ရေခဲပြင်အောက်၌ နန်းတော် တစ်လုံး၏ အတွင်းခန်းထဲတွင် အစိမ်းရောင် ဝတ်ရုံနှင့် ကျန်းတိုင်အာတစ်ယောက် ထိုင်နေသည်။
လက်ထဲရှိစုတ်တံကို သွေးနီရောင် အရည်အိုးထဲသို့နှစ်ကာ လူသားအရေပြားပေါ်၌ ထူးဆန်းကောက်ကွေးနေသည့် တာအိုပုံစံများ ဖြည်းညှင်းစွာရေးဆွဲနေချေပြီ။
ကြေးဝါမီးခွက်တစ်လုံးသည် မှိန်ဖျော့ဖျော့လင်းလက်လျက် အစက်အပြောက် ရောင်ခြည်တန်းများ ထုတ်လွှတ်ထား၏။
ကျန်းတိုင်အာသည်လည်း ရုတ်တရက် တစ်စုံတစ်ရာခံစားမိဖြင့် တံဆိပ်တစ်ခုထုတ်ပြီး အသက်သွင်းလိုက်သည်။
တံဆိပ်ထံမှ အလင်းတန်းများ ဖြာထွက်လျက် လေထုအလယ် မျက်ရည်စက် အသွင် အလင်းတစ်စက်ဖွဲ့တည်လာသည်။
ထိုအလင်းစက်ထဲ၌ အဖြူရောင် အဝတ်အစားများဖြင့် ရှန့်မူအဖြစ် အသွင်ယူ ထားသော စုရီပုံရိပ်ကို မြင်လိုက်ရ၏။
နောက်ခံသည် လူသူကင်းမဲ့နေသည့် မြစ်ကမ်းနဘေးမှ တိုက်ပွဲမြေပြင်ဖြစ်လေသည်။ ယင်းကို မြင်လိုက်ရသည့်အခါ ကျန်းတိုင်အာ၏ မျက်ဝန်းများ အနည်းငယ်ကျဉ်းမြောင်းသွားပြီး သူ့ခန္ဓာကိုယ်က အလိုလို တင်းမာသွား၏။
“ ဝမ်ယဲ့ ... ။ ”
တစ်ဖက်လူ၏ ရန်သူတော်ဟောင်း တစ်ယောက်အနေဖြင့် ဤအာဏာရှင် မည်မျှ ကြောက်စရာကောင်းသည်ကို သူ အသိဆုံးဖြစ်၏။
ဓမ္မအဆုံးခေတ်မတိုင်မီက ထိုသူသည် တစ်ယောက်တည်းဖြင့် ပြိုင်ဘက်များစွာကို အဆုံးသတ်ပေးခဲ့သည်။
လူတိုင်းသည် ထိုတိုက်ပွဲအပြီးတွင် ဝမ်ယဲ့ဟူသည် ကြောက်စရာကောင်းကြောင်း ဝန်ခံလိုက်ရတော့၏။
နှစ်ပေါင်းများစွာကြာပြီးနောက် ထိုရင်းနှီးသည့်ပုံရိပ်ကို ပြန်မြင်ရချိန်မျိုးတွင် သူ့ ဝိညာဉ်သည် တည်ငြိမ်ခြင်း မရှိတော့ချေ။
ချက်ချင်းပင် သူ့ကိုယ်သူ ဤမျှ လွှမ်းမိုးမှုခံနေရမှန်း သတိထားမိကာ ပြုံးလျက် ခေါင်းရမ်းလိုက်မိသည်။
“ အဖိုးကြီးဝမ် ... နှစ်တွေ ဒီလောက် ကြာပြီးနောက်မှာတောင် မင်းကိုမြင်တဲ့အခါမှာ တည်ငြိမ်မှုကို မဆုံးရှုံးဘဲ မနေနိုင်သေးဘူး။ ”
-ဟု ညည်းတွားလိုက်သည်။
တစ်ဆက်တည်းမှာပင် ကျန်းတိုင်အာက မေးစေ့ကိုပွတ်သပ်လျက် အလင်းမျက်ရည်စက် အတွင်းမှ ဝမ်ယဲ့၏ပုံရိပ်ထံ သေချာစွာ စစ်ဆေးနေခဲ့သည်။
ထိုအချိန်တွင် စုရီသည်လည်း ဗလာဖြစ်နေသော အထက်ကောင်းကင်ထံ မော့ကြည့်လျက် ထိုအချင်းအရာကို ခံစားမိသွားပုံရ၏။
“ ကျန်းတိုင်အာ ... မင်း ဒီနေရာကို တစ်နေရာရာကနေ ကြည့်နေတာ ငါသိတယ်။”
ကျန်းတိုင်အာတစ်ယောက် လန့်သွားပြီး သူ့ခန္ဓာကိုယ်က သိမ်မွေ့စွာ တည့်မတ်သွားခဲ့၏။ အလင်းမျက်ရည်စက်ထဲရှိ ရှန့်မူမျက်ဝန်းများမှာ အေးစက်ပြီး သတ်ဖြတ်ရန်ရည်ရွယ်ချက်များ ပြည့်နှက်နေချေပြီ။
“ မင်း ဘယ်နေရာမှာပဲ ပုန်းနေပါစေ ... ငါမင်းကိုရှာပြီး အရေခွံခွာမယ်၊ မင်းရဲ့ဝိညာဉ်ကို သန့်စင်မယ်၊ မင်းရဲ့အသားတွေ အရည်ဖျော်ပြီး အလောင်းရုပ်သေးရုပ် ဖြစ်လာခြင်းဆိုတဲ့ အရသာကို ခံစားစေမယ်။”
စကားဆုံးသည်နှင့် ရှန့်မူပုံရိပ်သည် ကျောခိုင်းလျက် အလင်းမျက်ရည်စက်အတွင်းမှ ပျောက်ကွယ်သွားလေသည်။
နောက်တစ်ခဏတွင် ကျန်းတိုင်အာ အမူအရာသည် မရေမရာတုန်လှုပ်သွားတော့၏။ များမကြာခင် အလင်းမျက်ရည်စက်သည်လည်း ပျောက်ကွယ်သွားသည်။
“ မင်းငါ့ကို ဆက်ဆံချင်တာလား ... အဲဒီနတ်ဘုရားတွေရဲ့ နှာခေါင်းအောက်မှာ ရှင်သန်နိုင်မလားဆိုတာ အရင်ကြည့်မယ်။ ”
ထို့နောက် ကျန်းတိုင်းအာသည်လည်း တိတ်ဆိတ်သွားတော့၏။ တစ်ဖက်လူသည် အမှန်ပင် နှလုံးသားသေသိမ်သူဖြစ်သည်။
ရန်ငြိုးများကို သေသည့်တိုင် ခွင့်မလွှတ်တတ်ဘဲ ပြန်လည်ပေးဆပ်စေရန် အစွမ်းကုန်ကြိုးစားတတ်၏။ ဆိုလိုသည်မှာ သူ့ရန်သူများသည် သေသည့်တိုင် မအေးချမ်းတတ်ကြချေ။
သို့သော် ယနေ့ခေတ် အင်မော်တယ်မြေသည် လုံးဝပြောင်းလဲနေပြီ ဖြစ်သည်။ နေရာအနှံ့အပြားတွင် နတ်ဘုရား အစေခံ အင်အားစုများ ရှိနေပြီဖြစ်၏။
ထို့ကြောင့် တစ်ဖက်လူအနေဖြင့် သူ့ထံသို့အန္တရာယ်ကင်းကင်းနှင့် ရောက်ရှိရန် ဦးစွာကြိုးစားရပေဦးမည်။
***
အခန်း ၁၂၈၀ -
နောက်ဆုံး ရာဇသံပေးပို့ခံရခြင်း။
ကျောက်စိမ်းအလင်း မြင့်မြတ်မြေ။ တောင်စောင်းအစွန်းတွင် ရှေးဟောင်းနန်းတော် တစ်လုံး ထည်ဝါစွာတည်ရှိနေသည်။
ကျောက်စိမ်းအလင်း မြင့်မြတ်မြေ ဂိုဏ်းခေါင်းဆောင် ချီရှောင်ကျန်းနှင့် ဂိုဏ်း၏ အရေးပါသည့်ပုဂ္ဂိုလ်များ ထိုနန်းတော်အတွင်း စုဝေးနေကြ၏။
ဗလာနယ်ပယ် အဆင့်သတ်မှတ်ချက် ပထမဖြစ်သော ယင်ရှုနှင့် သူမ၏ဆရာသခင် အင်မော်တယ်ဘုရင် ခုန်ရီတို့သည်လည်း ထိုထဲတွင် ပါရှိနေသည်။
“ သတင်းကို အတည်ပြုပြီးပြီ ... အဲဒီရှန့်မူဟာ စုရီပဲ ... သူကအင်အားစု(၉)ခုရဲ့ အင်မော်တယ်ဘုရင်တွေကို မျှားခေါ် သတ်ပစ်လိုက်တယ် အဲဒီထဲက ...
... သူဟာ လူမြင်ကွင်းထဲ ထွက်ပေါ်မလာတော့တာ ငါးလတိုင်နေပြီ ကြည့်ရတာ အင်အားစုအသီးသီးဆီကနေ သူ ရှောင်တိမ်းနေတယ်ထင်တယ်။ ”
ချီရှောင်ကျန်းက နက်ရှိုင်းသောအသံဖြင့် ပြောကြားလိုက်သည်။ သူသည် ငှက်မွှေးဝတ်ရုံ ဝတ်ဆင်ထားပြီး မြင့်မြတ်သောလေထုကို ထုတ်လွှတ်နေ၏။
“ ဒါက ဘယ်လိုများဖြစ်ရတာလဲ။ ”
ယင်ရှုမှ အံ့အားသင့်သွားသည်။ ထိုစဉ်အချိန်တုန်းက သူမသည် ဘိုးဘေးကြီး၏ မိခင်နှင့်ကလေး ကျောက်စိမ်းခေါင်းလောင်းကို အသုံးပြုကာ လိုက်ရှာခဲ့ဖူးသည်။
ထို့ကြောင့် စုရီသည် သူမသခင်ကို နတ်ဘုရားဒုက္ခစွမ်းအားများ ဖယ်ရှားပေးရန် သဘောတူခဲ့၏။
သူမနှင့် သူမ၏သခင်သည် စုရီဟူသည် ဝမ်ယဲ့ဝင်စားသူဖြစ်နိုင်ကြောင်း ထင်ကြေးအချို့ ရှိထားပြီးဖြစ်သည်။ သို့သော် ဂိုဏ်းကို ပြန်၍ အသိပေးခြင်းမရှိခဲ့ချေ။
သို့သော် တာအိုစုရီသည် လက်ရှိ မိမိတို့ရင်ဆိုင်နေရသော အခက်အခဲများကို ကူညီနိုင်ကြောင်းကိုမူ တင်ပြထားသည်။
အစောပိုင်းတွင် ဂိုဏ်းချုပ်နှင့် အကြီးအကဲအချို့သည် စိတ်ဝင်စားခြင်း မရှိချေ။ များမကြာခင် စုရီ၏ ဂုဏ်သတင်းအကြောင်း ကြားသိလာရပြီးနောက် လူတိုင်း စိတ်လှုပ်ရှားလာတော့သည်။
သတ္တမတံခါး ခံတပ်မြို့ရှိ အကြိတ်များ ဖယ်ရှားပေးခြင်း၊ ကောင်းကင်ဘုံ အမဲလိုက်ပွဲ၊ ယနေ့ အင်အားစုကိုးခု၏ လုပ်ကြံသတ်ဖြတ်မှု စသည့်ဖြစ်ရပ်များသည် သာမန်အင်မော်တယ် ဘုရင်များပင် လုပ်ဆောင်နိုင်သည့် အရာ မဟုတ်ချေ။
ကျောက်စိမ်းအလင်း မြင့်မြတ်မြေသည် ဓမ္မအဆုံးခေတ်တွင် ပြင်းစွာပျက်စီးယိုယွင်းရပြီး ဂိုဏ်းအတွင်း အင်မော်တယ်ဘုရင်သုံးပါးသာ ကျန်ရှိတော့သည်။
၎င်းတို့အနက် နှစ်ပါးသည် နတ်ဘုရားကပ်ဘေးဒုက္ခကို ခံစားနေခဲ့ရသည်။ ထို့ကြောင့် ကျောက်စိမ်းအလင်းမြင့်မြတ်မြေမှာ အခြားအင်မော်တယ်ဘုရင် အင်အားစုများ ထက်ပင် နိမ့်ကျနေချေပြီ။
မကြာသေးမီနှစ်များအတွင်း ဝိညာဉ်တစ်သောင်းဂိုဏ်းသည် သူတို့အပေါ် မျက်စိကျလာခြင်းသည် ကြီးစွာသော ပြဿနာဖြစ်လာစေသည်။
ဤနှစ်များအတွင်း ကျောက်စိမ်းအလင်း မြင့်မြတ်မြေ၏ လက်အောက်ခံအင်အားစုများ အတွင်း ကျူးကျော်ဝင်ရောက်လာကာ အကြောင်းမဲ့ဖျက်ဆီးနေခဲ့၏။
အခြေအနေသည် အလွန်ပင် မတည်မငြိမ်ဖြစ်စေကာ မခံမရပ်နိုင်အောင် ဒေါသထွက်စရာဖြစ်စေခဲ့သည်။
သို့သော် ဝိညာဉ်တစ်သောင်းဂိုဏ်း၏ စွမ်းအားသည် အထွတ်အထိပ်တွင်ရောက်နေပြီး သူတို့ ယှဉ်ပြိုင်နိုင်သည်ထက် များစွာ ကျော်လွန်နေချေ၏။
နှစ်ပေါင်းများစွာ တည်ရှိခဲ့သော ဂိုဏ်း၏အုတ်မြစ်နှင့် အင်မော်တယ်ဘုရင် အဆင့် ရတနာများသည်သာ မရှိခဲ့ပါက လုံးဝ ကျူးကျော်ဝါးမြိုခြင်း ခံရနိုင်ပေမည်။
မည်သို့ပင်ဆိုစေကာမူ အနှေးနှင့်အမြန်သာ ရှိပေတော့မည်။ ယခုပင် လအနည်းငယ်အတွင်း အင်မော်တယ်ဘုရင်များ ဧည့်ခံပွဲကျင်းပကာ ဝိညာဉ်တစ်သောင်း ဂိုဏ်းခေါင်းဆောင်သည် သူတို့ကို ဖိအားပေးရန် ကြံစည်နေချေပြီ။
ထိုဧည့်ခံပွဲတွင် ကျောက်စိမ်းအလင်း မြင့်မြတ်မြေအပါအဝင်၊ အခြားမြင့်မြတ်မြေ သုံးပါးကိုလည်း ဖိတ်ကြားထားသည်။
ရည်ရွယ်ချက်မှာ သူတို့ မြင့်မြတ်မြေ သုံးပါးလုံးကို အညံ့ခံလာစေရန် ဦးတည်သော ဖိအားပေးမှုများဖြစ်လာနိုင်မည်။
ဤအခြေအနေတွင် စုရီထံမှ အကူအညီကိုအရေးတကြီး လိုအပ်နေပြီဖြစ်၏။ ထို့ကြောင့် ကျောက်စိမ်းအလင်း မြင့်မြတ်မြေမှ လူတိုင်းသည် စုရီသတင်းကို လိုက်လံ စုံစမ်းနေကြခြင်းပေပင်။
ကံဆိုးသည်မှာ စုရီသည် အင်အားစုအသီးသီးမှ အင်မော်တယ်ဘုရင် (၄၄)ပါးကို သတ်ဖြတ်ပြီးနောက် လုံးဝ ပျောက်ကွယ်သွားသည်။
ယင်းက သူတို့အားလုံး၏ နှလုံးသားများ လေးလံစွာဖြင့် အောက်ခြေသို့ နစ်မြုပ်သွားစေ တော့၏။
“ ငါပြောပါတယ် လူငယ်တစ်ယောက် ပေါ်မှာပဲ လုံးဝမီခိုနေလို့မရဘူးလို့ ... အခုတော့ သူ စော်ကားလိုက်တဲ့ အင်အားစုတွေကြောင့် အဲဒီစုရီက မျက်နှာပြဖို့ဝံ့တော့မှာ မဟုတ်ဘူး။ ”
အကြီးအကဲတစ်ယောက်မှ ညည်းတွားလိုက်သည်။ ထိုစကားကြောင့် ယင်ရှုမှ စုရီကိုယ်စားဝင်ရောက်ပြောကြားရန် ပြင်လိုက်သော်လည်း အဆုံးတွင် ပါးစပ်ပိတ်လိုက်ရသည်။
“ ဘိုးဘေးယင်ရှန်ရွှယ် ဒီမှာရှိနေသေးရင် ကောင်းမှာပဲ။ ”
တစ်စုံတစ်ယောက်က သက်ပြင်းချ လိုက်သည်။ သူတို့အတွက် ဘိုးဘေးကြီးသည် တစ်ခုတည်းသော အားကိုးရာဖြစ်၏။
ဓမ္မအဆုံးခေတ်မတိုင်မီက ထိုက်ကျင်း အထွတ်အထိပ်သို့ ရောက်ရှိခဲ့သော ဒဏ္ဍာရီလာ ဘိုးဘေးယင်ရှန်ရွှယ်သည် ဘေးအန္တရာယ်ကို ရှောင်ရှားရန်အတွက် စာပေခေတ်တွင် ခိုလှုံရန် အချိန်မြစ်ထံ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
“ အခု ဒါတွေပြောနေတာ အသုံးမဝင်ဘူး အင်မော်တယ်ဘုရင် ဧည့်ခံပွဲကျင်းပဖို့အတွက် လအနည်းငယ်ပဲ ကျန်တော့တယ်။ ”
“ မှန်တယ် ... နည်းလမ်းရှာပြီး အမြန်ဆုံး အပြည့်အဝ ပြင်ဆင်ရမယ်။ ”
သို့သော် ဤသည်မှာစကားများသာဖြစ်၏။ မည်သူမျှ ဤအခြေအနေအတွက် ဖြေရှင်းချက် မပေးနိုင်ချေ။ နောက်ဆုံးတွင် သူတို့သည် အလွန်အားနည်းနေပြီဖြစ်သည်။
ဝိညာဉ်တစ်သောင်းဂိုဏ်းကို တိုက်ခိုက်ရန်မဖြစ်နိုင်ချေ။ ထိုစဉ်တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် အင်မော်တယ်ဘုရင် ခုန်ရီက၊
“ ဘာတွေစိုးရိမ်နေတာလဲ တာအိုစုက ကတိပေးထားတာမို့ သူရောက်အောင်လာမှာပါ သူက ကြွက်လိုလူမဟုတ်ဘူး။ ”
-ဟု ပြောကြားလိုက်သည်။
လူတိုင်း အံ့အားသင့်သွားပြီး သူတို့၏မျက်လုံးများသည် အင်မော်တယ်ဘုရင် ခုန်ရီထံ လှည့်သွားကြသည်။
“ အကြီးအကဲခုန်ရီ ... မင်းဘယ်လိုလုပ် ဒီလောက်သေချာနေရတာလဲ။ ”
ဂိုဏ်းခေါင်းဆောင် ချီရှောင်ကျန်းက မေးလိုက်သည်။ ထိုအဖြေကို လူတိုင်းမှလည်း စိတ်ဝင်စားလာကြ၏။
“ ဒီကမ္ဘာကြီးမှာ တာအိုစုရီစကားကို မယုံကြည်ရဖူးဆိုရင်တော့ ဘယ်အရာကိုမှ ယုံကြည်နေစရာ မလိုတော့ပါဘူး ဒီအတွက် ငါ့အသက်နဲ့ အာမခံနိုင်တယ်။ ”
တစ်ဖက်တွင် ယင်ရှုသည် စုရီဟူသည် ထာဝရညဧကရာဇ်ဖြစ်ကြောင်း ပြောကြားချင် လာတော့သည်။
“ ဘာပဲဖြစ်ဖြစ်၊ ငါတို့အရင် ပြင်ဆင်ထားသင့်တယ်။ ”
ဂိုဏ်းချုပ်မှ သက်ပြင်းချကာ ရေရွတ်လိုက်သည်။ အကြီးအကဲ ခုန်ရီထံက အဖြေသည် ကျေနပ်လောက်စရာ မရှိခဲ့ချေ။
“ ဂိုဏ်းချုပ် မကောင်းတော့ဘူး။ ”
ထိုစဉ် အဖိုးကြီးတစ်ဦး အပြေးအလွှား ဝင်ရောက်လာတော့၏။ လူတိုင်း ထိုအစေခံထံ လှည့်ကြည့်လိုက်ကြသည်။
“ ဂိုဏ်းချုပ် ဝိညာဉ်တစ်သောင်းဂိုဏ်းက အင်မော်တယ်ဘုရင်ဧည့်ခံပွဲမတိုင်မီ အညံခံဖို့ ပြောကြားလာပါတယ် ... ပြီးတော့ ထွက်ပေါက် အားလုံးကိုလည်း ပိတ်ချလိုက်ပါပြီ။ ”
ထိုအဖိုးကြီးက ရောက်ရှိသည်နှင့် ဂိုဏ်းချုပ်ထံ အရိုအသေပေးကာ တုန်ရင်စွာဖြင့် တင်ပြလာခဲ့သည်။ ဤသတင်းက လူအုပ်ကြီးကို ချက်ချင်းတိတ်ဆိတ်သွားစေ၏။ လေထုအတွင်း သေမင်းတမန်ရနံ့များ ပြည့်နှက်လာချေပြီ။
အခြေအနေသည် သူတို့ထင်ထားသည်ထက် ပို၍မြန်ဆန်လာပြီဖြစ်၏။ ဒေါသကြောင့်လူတိုင်း မျက်နှာများ နီရဲလာကုန်သည်။
အခန်းအတွင်း အချိန်များ တရွေ့ရွေ့ ကုန်လွန်လာနေသည်။ လေထုအတွင်းတွင် တိတ်ဆိတ်မှုသည်သာ ကြီးစိုးနေတော့၏။
“ ဂိုဏ်းချုပ် ... အခုချိန်မှာ ငါတို့အင်အားနဲ့ ဝိညာဉ်တစ်သောင်းဂိုဏ်းကို တိုက်ခိုက်တာက အနိုင်ရဖို့ မျှော်လင့်ချက် လုံးဝမရှိတော့ပါဘူး ...
... ဆန့်ကျင်ဘက်အနေနဲ့ သူတို့ကို သေသည်အထိ တိုက်ခိုက်ရင် ဂိုဏ်းသားတွေ ဘယ်လောက်တောင် အသက်ပေးရမလဲဆိုတာ တကယ်မတွေးတတ်အောင်ပါပဲ။ ”
အကြီးအကဲတစ်ဦးမှ အချိန်အတော်ကြာ တိတ်ဆိတ်နေသည့် အခြေအနေကို ဖြိုခွင်းရန် လေးနက်စွာစကားဆိုလာ၏။
ထိုအကြီးအကဲ အမည်သည် ရွှေဖုန်းဟဲဖြစ်ပြီး အိုမင်းနေသော မျက်နှာပေါ်၌ ဝမ်းနည်းကြေရိပ်များ ပြသနေသည်။ ထို့နောက် သူက လူတိုင်းထံဝေ့ကြည့်လိုက်ကာ၊
“ ဂိုဏ်းထဲက တပည့်တွေရဲ့ အသက်ကို ငဲ့ကွက်ပြီးတော့ ဒီအဖိုးကြီး အကြံဉာဏ်တစ်ခု ပေးချင်ပါတယ် ... ။ ”
-ဟု စကားစလာတော့သည်။
လေထုသည် ပို၍လေးလံလာပြီး အကြီးအကဲရွှေဖုန်းဟဲ၏ အကြံဉာဏ်အပေါ် လူတိုင်းတွက်ဆနိုင်ကာ မျက်နှာများ ရုတ်ချည်း မည်းမှောင်ကုန်၏။ အဆုံးတွင် အင်မော်တယ် ဘုရင် ခုန်ရီက မျက်မှောင်ကြုတ်လျက်၊
“ တခြား ဘာအကြောင်းပြချက် ရှိသေးလဲ။ ”
-ဟု ဖြတ်မေးလိုက်သည်။ ရွှေဖုန်းဟဲက အသက်ကိုပြင်းပြင်းရှူပြီး ခေါင်းရမ်းပြလာ၏။
“ တကယ်တော့ အခုချိန်မှာ ဦးညွှတ်ပြီး နာခံဖို့ရွေးချယ်တာက ... ကျောက်စိမ်အလင်း မြင့်မြတ်မြေရဲ့ အုတ်မြစ်ကို ကယ်တင်ရုံတင် မကဘဲ လက်စားချေမဲ့ အခွင့်အရေးကိုလည်း စောင့်မျှော်နိုင်ပါလိမ့်မယ်။ ”
ထို့နောက် လူတိုင်းထံဝေ့ကြည့်ကာ နောက်ဆုံးတွင် အင်မော်တယ်ဘုရင်ခုန်ရီထံ အဆုံးသတ်လိုက်၏။
“ သိုင်းဦးလေး ... ကျောက်စိမ်းအလင်း မြင့်မြတ်မြေတစ်ခုလုံး ဒီကမ္ဘာကြီးပေါ်ကနေ ပျောက်ကွယ်သွားမဲ့အရာကို ... တကယ်ပဲ လက်ပိုက်ကြည့်နေနိုင်တာလား။ ”
“ မင်း ... ဝံ့သလား။ ”
အင်မော်တယ်ဘုရင် ခုန်ရီတစ်ယောက် မျက်နှာပျက်ယွင်းသွားသည်။ ရွှေဖုန်းဟဲသည် ဂရုမစိုက်ခဲ့ဘဲ တည်ငြိမ်စွာဖြင့်၊
“ သိုင်းဦးလေး ငါ့ကိုယုံပါ ... ဝိညာဉ်တစ်သောင်းဂိုဏ်းရဲ့ မဟာအကြီးအကဲနဲ့ ဆက်သွယ်ပြီးပါပြီ သူက ငါတို့မြင့်မြတ်မြေကို နှိပ်စက်မှာမဟုတ်သလို ဘယ်သူ့အသက်ကိုမှ မထိခိုက်စေရဘူးလို့ ကတိပေးပါတယ်။ ”
-ဟု ဖွင့်ဟလာတော့၏။
ထိုစကားကို ကြားသောအခါတွင် ယင်ရှုသည်ပင် မျက်လုံးများပြူးကျယ်လျက် ဒေါသထွက်လာလေသည်။
“ အကြီးအကဲရွှေ ... ဒါဆို မင်းက ရန်သူနဲ့တိတ်တိတ်လေး ပူးပေါင်းနေတာလား မင်း ဘယ်လိုဝံ့သလဲ။ ”
“ ယင်ရှု ... ငါက မင်းရဲ့စီနီယာ တစ်ယောက်ပါ ဒီနေ့မင်းရဲ့ဆရာကြောင့်သာ တက်ရောက်ခွင့်ရတာကို မမေ့ပါနဲ့ စကားပြောဆင်ခြင်ပါ ...
... ငါဟာ ဂိုဏ်းအတွက် ဂုဏ်သိက္ခါကို အောက်ချပြီး ညှိနှိုင်းပေးနေတာ .. ငါ့နှလုံးသားနဲ့ ဝိညာဉ်က အနစ်နာခံဖို့ ဆန္ဒမရှိခဲ့ရင် ဒီလိုကတိ ရလိမ့်မယ်လို့ မင်းထင်လား။ ”
အကြီးအကဲရွှေဖုန်းဟဲက မျက်နှာပျက်ယွင်းလျက် ယင်ရှုကို အော်ငေါက် လိုက်လေသည်။ အင်မော်တယ်ဘုရင် ခုန်ရီမှ ယင်ရှုထံ လက်ကာပြလိုက်ကာ၊
“ ဒါ မင်းရဲ့ သဘောထားလား။ ”
-ဟု ရွှေဖုန်းဟဲထံ ပြန်မေးတော့၏။
“ မဟုတ်ဘူး ... ငါ့ရဲ့သဘောထားလည်း ပါတယ်။ ”
ရုတ်တရက် သတ္ထုသံကဲ့သို့ အိုမင်းနေသောအသံတစ်သံ ထွက်ပေါ်လာ၏။ လူတိုင်း အံ့အားသင့်သွားပြီး ထိုသူကို မယုံနိုင်စွာ ပြန်လှည့်ကြည့်လိုက်ကြသည်။
ပိန်ပိန်ပါးပါးနှင့် ငွေရောင်ဆံပင်၊ ငွေရောင်မုတ်ဆိတ်ရှည်များရှိသည့် အဘိုးကြီး တစ်ယောက် အခန်းထဲ ဝင်ရောက်လာတော့၏။
“ အကြီးအကဲဝေယွမ် အဲဒါမင်းပဲ။ ”
***
***