အခန်း ၃၃၂
Vol. 34 Ch. 332
အခန်း (၃၃၂) တောင်ဘက်ပန်းခြံ - ၆
တောင်ဘက်ပန်းခြံမြို့၊ စတန်၏ နေအိမ်။
ဖုန်းပုကြွယ်အနေဖြင့် သူ့ဒဏ်ရာကို ကုသရန်အတွက် အချိန်အတော်ပေးလိုက်ရသည်။ ပထမအချက်မှာ ခါးတွင် ရရှိထားသော ဒဏ်ရာမှာ သူထင်ထားသည်ထက် ပိုမိုကြီးမားနေခြင်းကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာ သူ့အဝတ်အစားများကို ချွတ်မရခြင်းကြောင့် ဖြစ်သည် (ဇာတ်လမ်းနောက်ခံအရ ရရှိထားသော ဂျာကင်အင်္ကျီက ပြဿနာမရှိသော်လည်း ခရမ်းရောင် ဝတ်စုံရှည်ကြီးကိုမူ ချွတ်၍မရချေ)။ ထို့ကြောင့် သူသည် စုတ်ပြဲနေသော နေရာမှတစ်ဆင့်သာ အပ်ဖြင့် ချုပ်ရသဖြင့် အလုပ်တွင်ကျယ်မှု မရှိဘဲ နှောင့်နှေးနေရခြင်း ဖြစ်သည်။
မှန်ပေသည် အဆိုးဆုံးနှင့် အရေးကြီးဆုံးအချက်မှာ... သူသည် ဤကဲ့သို့ အဝတ်ချုပ်၊ အနာချုပ်သည့် ကိစ္စရပ်များတွင် အလွန်အမင်း ညံ့ဖျင်းလွန်းခြင်းပင် ဖြစ်သည်။
ဤအချိန်တွင် ရှာရွန်နှင့် ရှယ်လီတို့သည် အနည်းငယ် တည်ငြိမ်သွားကြပြီ ဖြစ်သော်လည်း ရန်ဒီကမူ ကင်မရာတစ်လုံးဖြင့် အလုပ်ရှုပ်နေဆဲ ဖြစ်သည်။
“ကဲ... အခု ကျွန်တော် ကင်မရာကို ပြန်ဖွင့်လိုက်ပါပြီ”
ရန်ဒီသည် ကင်မရာကို ဖွင့်ကာ သူ့မျက်နှာဆီချိန်၍ စတင်ပြောဆိုတော့သည်။
“ဟုတ်ကဲ့... ရန်ဒီမာရှ် ဖြစ်ပါတယ်၊ ကျွန်တော် တစ်ခုခုကို မှတ်တမ်းတင် ရိုက်ကူးနေတာပါ... အခုဆိုရင် ဧရာမသတ္တဝါကြီးတွေအုပ်စုက ကျွန်တော်တို့ မြို့လေးကို တိုက်ခိုက်နေပြီး ပြတင်းပေါက် အပြင်ဘက်မှာတော့ ကမ္ဘာပျက်မတတ် ရုန်းရင်းဆန်းခတ် ဖြစ်နေပါတယ်”
သူသည် ကင်မရာကို လမ်းဘက်သို့ မျက်နှာမူထားသည့် ပြတင်းပေါက်ဆီသို့ လှည့်လိုက်သည်။
ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်ပါက နေရာအနှံ့တွင် ပုံပျက်နေသော အလောင်းများနှင့် ကျွမ်းထိုးမှောက်ခုံဖြစ်နေသည့် ကားများကို မြင်တွေ့နေရသည်။ မြေအောက်ဓာတ်ငွေ့ပိုက်လိုင်း အများအပြား ပေါက်ကွဲထားပြီး ၎င်းမှ ထွက်ပေါ်လာသော မီးတောက်များကိုလည်း မည်သူမျှ ငြှိမ်းသတ်ခြင်း မပြုကြချေ။ အသက်ရှင်ကျန်ရစ်သူများမှာမူ... ကြောက်လန့်တကြား အော်ဟစ်ထွက်ပြေးနေကြသူများ ရှိသကဲ့သို့ သွေးအိုင်ထဲတွင် လဲလျောင်းရင်း သွေးထွက်လွန်ကာ သေဆုံးမည့်အချိန်ကို စောင့်ဆိုင်းနေရသူများလည်း ရှိသည်။
“ကျွန်တော်လည်း ဒီအိမ်ထဲကို အသက်ရှင်ရက် ပြန်ရောက်ဖို့ မလွယ်ပါဘူး၊ ကံကောင်းလို့ စူပါဟီးရိုး [ဘိ] က ကျွန်တော့်ကို ကယ်တင်ခဲ့လို့ပါ”
ရန်ဒီသည် ဖုန်းပုကြွယ်ကို ကင်မရာဖြင့် စက္ကန့်အနည်းငယ်မျှ ရိုက်ကူးလိုက်ပြီးနောက် သူ့မျက်နှာဆီသို့ ပြန်လည်ချိန်ရွယ်လိုက်ပြန်သည်။
“ရှာရွန်က ကျွန်တော်နဲ့အတူ ရှိနေပြီး ရှယ်လီကတော့...”
သူသည် ဇနီးနှင့် သမီးဖြစ်သူတို့ကိုပါ ကင်မရာဖြင့် လိုက်လံရိုက်ကူးလိုက်သည်။ ဤကဲ့သို့ အသက်အန္တရာယ် စိုးရိမ်ရသည့် အရေးကြုံနေရသည့်တိုင်အောင် သူသည် သူ၏ အရှက်မရှိတတ်သော စတိုင်အတိုင်း ပြောလိုက်သေးသည်။
“ရှယ်လီ... ကင်မရာကို လက်ပြလိုက်လေ”
“ရန်ဒီ... ရှင် အဲဒီသောက်ကင်မရာကြီးကို အောက်ချလို့ မရဘူးလား”
ရှာရွန်က သူ့ယောကျ်ားကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ကျွန်မတို့ တစ်ခုခုလုပ်ဖို့ စဉ်းစားရမယ်လေ”
ရန်ဒီကမူ အပြစ်ကင်းစင်ဟန်ဖြင့် အရှက်မရှိ ပြန်လည်ဖြေကြားလိုက်သည်။
“ငါလည်း ဘာလုပ်ရမှန်း မသိဘူးလေ၊ ငါ ဆွံ့အသွားပြီလို့ ပြောသားပဲ”
“ဒါဆိုလည်း ကင်မရာကို ချထားပြီး ဒီက ဒဏ်ရာရနေတဲ့ လူကြီးမင်းကို ကူညီပေးပါလား”
ရှာရွန်သည် အတော်လေး ကျိုးကြောင်းဆီလျော်သော အကြံပြုချက်တစ်ခုကို ပေးလိုက်သည်။
“မပူပါနဲ့ မစ္စစ်မာရှ်၊ ကျွန်တော့်ဘာသာ အဆင်ပြေပါတယ်”
ဖုန်းပုကြွယ်မှာ ကပျာကယာပင် ငြင်းပယ်လိုက်ရသည်။ သူသည် မည်သည့်တောင်ဘက်ပန်းခြံ မြို့သားတစ်ဦးဦးထံမှ ဆေးကုသမှုကို မခံယူလိုပေ။
ဤကမ္ဘာထဲတွင် ရန်ဒီ့ကို ထားလိုက်ပါဦး... တရားဝင်ဆေးပညာရှင်များပင်လျှင် လူနာကို ကယ်တင်နိုင်ခဲပြီး အသက်ရန်ရှာတတ်ကြသည် မဟုတ်ပါလား။ ဖုန်းပုကြွယ်၏ မှတ်ဉာဏ်ထဲတွင် ကန်နီတစ်ယောက် မီးလောင်ဒဏ်ရာဖြင့် ဆေးရုံတက်ဖူးသည်။ ဆရာဝန်များက သူ့ခန္ဓာကိုယ်ကို ခွဲစိတ်၍ နှလုံးကို ထုတ်ယူပြီး အာလူးမီးဖုတ်တစ်လုံးနှင့် အစားထိုးလဲလှယ်ပေးခဲ့ဖူးသည်။ နောက်တစ်ကြိမ်တွင် ကန်နီသည် အာသီးခွဲစိတ်မှု ပြုလုပ်ခဲ့သော်လည်း ခွဲစိတ်ပြီးနောက် မထင်မှတ်ဘဲ HIV ပိုး ကူးစက်ခံခဲ့ရသည်။
ဤကဲ့သို့သော သာဓကများမှာ ရေတွက်၍ပင် မရနိုင်ချေ။ ကန်နီ အပါအဝင် ဇာတ်ကောင်အများအပြားမှာ ငရဲလမ်းဆေးရုံတွင် ထူးဆန်းသော ရောဂါမျိုးစုံဖြင့် သေဆုံးခဲ့ဖူးကြသည်။
အကျဉ်းချုပ်ရလျှင် ဤတောင်ဘက်ပန်းခြံမြို့သားများကို သူ့အား ဆေးကုသခွင့်ပေးခြင်းမှာ ၎င်းတို့အား သူ့ကို သတ်ခိုင်းသည်ထက်ပင် ပိုမိုအန္တရာယ်ကြီးမားလှသည်။
“ကျွန်တော်တို့ တီဗီဖွင့်ပြီး သတင်းကြည့်ကြမလား... ကျွန်တော့်ဒဏ်ရာကလည်း မကြာခင် ပြီးတော့မှာပါ”
ဖုန်းပုကြွယ်က အကြောင်းအရာကို ချက်ချင်း လွှဲပြောင်းလိုက်သည်။
ရှာရွန်လည်း ထိုအကြံဉာဏ်မှာ သင့်တော်သည်ဟု ထင်သဖြင့် ဧည့်ခန်းရှိ တီဗီကို အမြန်သွားဖွင့်လေသည်။
ရန်ဒီ၏ ကင်မရာကလည်း တီဗီစခရင်ဆီသို့ ချက်ချင်း ဝှေ့ယမ်းသွားတော့သည်။
ကံကောင်းသည်ဟု ပြောရမလား... ဤမျှ ပြင်းထန်လှသော သဘာဝဘေးအန္တရာယ်ကြီး ဆိုက်ရောက်နေသည့်တိုင် တီဗီလိုင်းများ ရှိနေသေးပြီး ရုပ်သံလိုင်းများမှာလည်း ရပ်တန့်မသွားချေ။ တီဗီပွင့်လာသည်နှင့် တပြိုင်နက် ကပ်ဘေးကြုံတွေ့နေရသည့် တိုက်ရိုက်ရုပ်သံဖိုင်များ ပေါ်လာတော့သည်။
“ဒါကတော့ နယူးယောက်မြို့ကနေ တိုက်ရိုက်သတင်းပေးပို့ချက် ဖြစ်ပါတယ်၊ အဲဒီမှာလည်း ဧရာမ ပူးကောင်ကြီးတွေရဲ့ တိုက်ခိုက်ခြင်းကို ခံနေရပါတယ်”
စခရင်ပေါ်မှ နောက်ခံစကားပြောသံ ထွက်ပေါ်လာသည်။
“သတင်းပေးပို့ချက်တွေအရ ပူးကောင်တွေရဲ့ ကျူးကျော်မှုဟာ ကမ္ဘာတစ်ဝန်းက အဓိက မြို့ကြီးတွေကိုပါ ကူးစက်ပျံ့နှံ့နေပြီ ဖြစ်ပါတယ်...”
ရန်ဒီက အံ့ဩတကြီး ရေရွတ်လိုက်သည်။
“အို... ဘုရားသခင် ဒီမကောင်းဆိုးဝါးတွေက ကမ္ဘာအနှံ့မှာ ရှိနေတာလား”
တိုက်ရိုက်သတင်း ရုပ်သံဖိုင်မှာ အနည်းငယ် လှုပ်ခါနေပြီး ရိုက်ကူးနေသူမှာ ဟယ်လီကော်ပတာပေါ်တွင် ရှိနေပုံရသည်။ ဝေဟင်မှ ရိုက်ကူးထားသော မြင်ကွင်းများအရ မြို့ကြီးများ၏ ပျက်စီးဆုံးရှုံးမှုမှာ ပိုမိုဆိုးရွားလှသည်။ ပူးကောင်အုပ်ကြီးများသည် လမ်းမများပေါ်တွင် လျှောက်သွားနေကြပြီး ပေါက်ကွဲမှုများနှင့် ပြိုကျနေသော အဆောက်အအုံများကို နေရာအနှံ့ တွေ့ရသည်။ စစ်သားအချို့မှာ ပိုက်ကွန်သဏ္ဌာန် စစ်ကြောင်းဖြန့်ကာ ထိုသတ္တဝါကြီးများကို စက်သေနတ်များဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်နေကြသော်လည်း ထိုအကောင်ကြီးများမှာမူ ဘာမှမဖြစ်သကဲ့သို့ပင်...။
“ဟို မကောင်းဆိုးဝါးတွေကို ကြည့်စမ်းပါဦး...”
ရှာရွန်က တီဗီသတင်းထဲမှ ဧရာမပူးကောင်ကြီးများကို လက်ညှိုးထိုးပြရင်း မေးလိုက်သည်။
“ရန်ဒီ... ကျွန်မတို့ ဘာလုပ်ကြမလဲ”
ရန်ဒီ စကားမပြောနိုင်ခင်မှာပင် ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်တစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။ ကျယ်လောင်သော အသံကြီးနှင့်အတူ...
ဖုန်းပုကြွယ်၏ ဆန့်ကျင်ဘက်နံရံကြီးသည် ဝုန်းခနဲ ပြိုကျသွားပြီး ပူးကောင်ကြီး၏ ဧရာမခေါင်းကြီးက အထဲသို့ တိုးဝင်လာတော့သည်။ ဤချစ်စရာကောင်းသော သတ္တဝါ၏ မျက်နှာမှာ လူနှစ်ယောက်စာမျှ မြင့်မားနေပြီး နှာခေါင်းမှ “ဝူး... ဝူး...” ဟု တိုးညင်းသော အသံကြီးများကို ပြုလုပ်နေလေသည်။
အတိအကျ ထိုအချိန်၌ပင်... ဖုန်းပုကြွယ်သည် ဒဏ်ရာကို ချုပ်ရုံတင်မက သွေးတိတ်အောင်ပါ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်သည်။
“အိုးမိုင်ဂေါ့ဒ်... အဖဘုရားသခင်”
ရန်ဒီက ထိတ်လန့်တကြား အော်ဟစ်သည်။
“ဒီဘက်ကိုလာ”
ဖုန်းပုကြွယ်သည် မတ်တတ်ထရပ်လိုက်ပြီး ဖြစ်ကာ သူ့နောက်မှ တံခါးကို ဖွင့်လိုက်ရင်း စတန်၏ မိသားစုဝင်များအတွက် လမ်းဖယ်ပေးလိုက်သည်။
“ပြေးကြတော့”
ထိုဇနီးမောင်နှံသည်လည်း အချိန်ဆွဲမနေဘဲ သမီးဖြစ်သူကို ဆွဲကာ အပြင်သို့ အပြေးအလွှား ထွက်သွားကြတော့သည်။
ဖုန်းပုကြွယ်၏ M733 မန်ဒို စက်သေနတ်မှာမူ မီးပွင့်မတတ် အလုပ်လုပ်နေပြီး ပူးကောင်ကြီး၏ မျက်လုံးများဆီသို့သာ စူးစိုက်ပစ်ခတ်နေလေသည်။
သို့သော် ထိုဧရာမမကောင်းဆိုးဝါးကြီးမှာ တစ်ကိုယ်လုံး ဓားမတိုး၊ ကျည်မတိုးနိုင်သည့်အလား အားလုံးကို လျစ်လျူရှု၍ မည်သည့်အတားအဆီးမျှ မရှိဘဲ ရှေ့သို့ တိုးဝင်လာဆဲ ဖြစ်သည်။
“ကျစ်... သာမန်လက်နက်တွေကိုတော့ တကယ်ကြီး လုံးဝမမှုတာပဲ...”
ဖုန်းပုကြွယ် စိတ်ပျက်လက်ပျက်ဖြင့် တံတွေးထွေးလိုက်သည်။ သူသည် လက်ရှိအကျပ်အတည်းကို ဖြေရှင်းရန်အတွက် “ဤဇာတ်လမ်းနောက်ခံတွင် မရှိသော” အခြားနည်းလမ်းအချို့ကို အသုံးပြုရမည်ဖြစ်ကြောင်း နားလည်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း ဖုန်းပုကြွယ်သည် လက်ထဲမှ သေနတ်ကို လွှင့်ပစ်ကာ ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ပြီးခဲ့သည့် ဇာတ်လမ်းကမ္ဘာတွင် ရရှိခဲ့သော သတ်ကွက်တစ်ကွက်ဖြစ်သည့် တောင်ဘက်ကြယ်စုနဂါးပျံလက်သီးကို အသုံးပြုလိုက်တော့သည်။
တိုက်ခိုက်ရေး ကျွမ်းကျင်မှုအဆင့် C တွင် တိုက်ခိုက်ရေးစကေးများ အောင်မြင်စွာ အသက်သွင်းနိုင်စွမ်းမှာ ၇၅% ရှိပေသည်။ ထို့အပြင် ရေခဲမှော်ဆရာ၏ ဇွဲလုံ့လမှ တက်ကြွစွမ်းရည်များအားလုံးအပေါ် ၁၀% အောင်မြင်မှုနှုန်း မြှင့်တင်ပေးသည့် အကျိုးအာနိသင်ကြောင့် ဤစကေးသည် အခက်အခဲမရှိ ချောမွေ့စွာ အသက်ဝင်သွားတော့သည်။
သူ၏ သက်လုံအမှတ် ၈၀၀ ခန့် ကုန်ခမ်းသွားသည်နှင့် ဖုန်းပုကြွယ်၏ ခန္ဓာကိုယ်ပတ်လည်တွင် တောက်ပသော ခရမ်းရောင်တိုက်ခိုက်ရေးစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သူ့လက်သီးများသည် ရှေ့သို့ အရှိန်အဟုန်ပြင်းစွာဖြင့် တိုးဝင်သွားပြီး ပုံရိပ်ယောင်များစွာအဖြစ် တရိပ်ရိပ်ပြောင်းလဲသွားကာ တရစပ်ထိုးနှက်တော့သည်။
လက်သီးစွမ်းအားများကြောင့် ပူးကောင်ကြီး၏ မေးစေ့အောက် မြေပြင်ပေါ်တွင် ချက်ချင်းဆိုသလို ကျင်းငယ်လေးများ ဖြစ်ပေါ်လာလေသည်။
ဤတောင်ဘက်ကြယ်စုနဂါးပျံလက်သီးဟုခေါ်သော အကွက်မှာ လူသိများသည့် မြောက်ဘက်ကြယ်စု အက်ကွဲလက်သီးနှင့် အလွန်ဆင်တူသော်လည်း လက်တွေ့တွင်မူ ထိုနှစ်ခုစလုံးမှာ ကွာခြားချက် အလွန်ကြီးမားပေသည်။ မြောက်ဘက်ကြယ်စုလက်သီးမှာ ခန္ဓာကိုယ်အတွင်းရှိ အချက်အခြာနေရာများကို ထိုးနှက်ပြီး အတွင်းမှ အပြင်သို့ ပေါက်ကွဲစေသည့် လျှို့ဝှက်ချက် ရှိသော်လည်း တောင်ဘက်ကြယ်စုလက်သီးမှာမူ အဓိကအားဖြင့် အပြင်ဘက်မှ အတွင်းဘက်သို့ ဖြတ်တောက်ခြင်းနှင့် ထိုးဖောက်ခြင်းတို့ကို အခြေခံထားခြင်းဖြစ်သည်။
ထို့ကြောင့် ကြည့်ရသည်မှာ ဆင်တူသော်လည်း ၎င်းတို့၏ အခြေခံသဘောတရားများမှာ လုံးဝ ကွဲပြားခြားနားလှသည်။ တောင်ဘက်ကြယ်စုလက်သီးဖြင့် ပစ်မှတ် (လူသားအရွယ်အစား) ကို ဖျက်ဆီးသည့် လုပ်ငန်းစဉ်တွင် အဆင့်သုံးဆင့် ပါဝင်ပေသည်။ ပထမအဆင့်မှာ ပြိုင်ဘက်၏ အသက်ရှူနှုန်းကို နှောင့်ယှက်ခြင်းနှင့် ကာကွယ်ရေးစွမ်းအင်များကို ဖြိုခွဲခြင်း ဖြစ်သည်။ ဒုတိယအဆင့်မှာ လက်သီးထဲတွင် ကွယ်ဝှက်ထားသော ဖြတ်တောက်ခြင်းစွမ်းအားများကို ပြိုင်ဘက်၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း စုစည်းစေခြင်း ဖြစ်ပြီး၊ တတိယအဆင့်မှာမူ လျှပ်စီးကဲ့သို့ မြန်ဆန်လှသော ထိုးဖောက်လက်ညှိုးဖြင့် နောက်ဆုံးပိတ် အဆုံးသတ်လိုက်ခြင်း ဖြစ်သည်။
ဤထိုးနှက်ချက်ကြောင့် ပစ်မှတ်၏ ခန္ဓာကိုယ်ပေါ်တွင် နီရဲသော အက်ကြောင်းများစွာ ပေါ်လာမည်ဖြစ်ပြီး ၎င်းမှာ နောက်ဆုံးလက်ညှိုး၏ ဖြတ်တောက်မှုကြောင့် ဖြစ်သည်။ စက္ကန့်အနည်းငယ်အကြာတွင် တိုက်ခိုက်မှု၏ စွမ်းအားအပြည့် ထွက်ပေါ်လာချိန်တွင် မည်မျှသန်မာသော ခန္ဓာကိုယ်ဖြစ်ပါစေ အပိုင်းပိုင်းအစစ စုတ်ပြဲသွားရမည်သာ ဖြစ်သည်...။
သို့သော်လည်း... ဖုန်းပုကြွယ်ရှေ့မှ ပစ်မှတ်မှာ အရွယ်အစား ကြီးမားလွန်းလှသည်...။
သူ၏ တိုက်ခိုက်မှုသည် အကျိုးသက်ရောက်မှုရှိပြီး ပူးကောင်ကြီး၏ အမွေးအမှင်များနှင့် အောက်ခံအသားစအချို့ကို သွေးချင်းချင်းနီအောင် လုပ်နိုင်ခဲ့သော်လည်း ဤဒဏ်ရာမျိုးမှာ သေလုမြောပါး ဖြစ်စေရန် ဝေးစွ... လူနှင့် နှိုင်းယှဉ်ရလျှင် ဤဒဏ်ရာမှာ မုတ်ဆိတ်ရိတ်ဓားဖြင့် မေးစေ့အသားစကို အနည်းငယ် ခြစ်မိရုံမျှသာ ရှိပေလိမ့်မည်။
သို့သော်လည်း ဧရာမပူးကောင်ကြီးမှာ သိသိသာသာ နာကျင်သွားပုံရသည်။ ၎င်းသည် ညည်းတွားရင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားလိုက်သည်။
ဖုန်းပုကြွယ်သည် ဤအကျိုးသက်ရောက်မှုအပေါ် ကျေနပ်သွား၏။ မကောင်းဆိုးဝါး နောက်ဆုတ်သွားသည့် အခွင့်အရေးကိုသုံးကာ သူသည် တံခါးဝသို့ အမြန်ပြေးသွားပြီး ဆေးဝါးပစ္စည်းများကို ကျောပိုးအိတ်ထဲသို့ ကမန်းကတန်း သွတ်ထည့်၍ ပုခုံးပေါ်လွယ်လိုက်သည်။ ထို့နောက် သေနတ်ကို ကောက်ကိုင်ပြီး အပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။
…
ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန ဌာနချုပ်၊ ဝန်ကြီး၏ ရုံးခန်းအတွင်း။
ထိုအချိန်တွင် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေသော ပြည်တွင်းလုံခြုံရေးဝန်ကြီးသည် ရုံးစားပွဲနောက်တွင် အေးအေးလူလူ ထိုင်နေပြီး ဝန်ထမ်းများနှင့် စစ်သားအဖွဲ့များ၏ အစီရင်ခံတင်ပြချက်များကို နားထောင်နေလေသည်။ ဒေးဗစ်ကို သူသတ်ပစ်ခဲ့သည့်ကိစ္စမှာမူ ယခုထက်ထိ ဖုံးကွယ်ထားနိုင်ဆဲ ဖြစ်ပုံရသည်။
“အခုဆိုရင် အရပ်မျက်နှာအနှံ့ကနေ ပူးကောင်တွေဟာ ပိုပြီးတော့ အုပ်စုလိုက် တိုးဝင်လာနေပါတယ်”
ဝတ်စုံပြည့် ဝတ်ဆင်ထားသော ပြည်တွင်းလုံခြုံရေး ဝန်ထမ်းတစ်ဦးက ဝန်ကြီးစားပွဲပေါ်ရှိ မြေပုံကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
“ကျုပ်တို့ ဝီကီပီးဒီးယားမှာ ရှာကြည့်ပြီးပါပြီ၊ ပူးကောင်တွေဟာ အန်းဒီးစ်တောင်တန်းက သတ္တဝါတွေ ဖြစ်ပြီး အဲဒီတောင်တန်းတွေကတော့ ဒီနေရာမှာ ရှိပါတယ်...”
ပြည်တွင်းလုံခြုံရေးဝန်ကြီးသည် လက်ချောင်းများကို ယှက်ထားပြီး တံတောင်ဆစ်ကို စားပွဲပေါ်တင်ကာ အထက်စီးဆန်သော လေသံဖြင့် မေးလိုက်သည်။
“ပန်ပိုက်တီးဝိုင်းတွေရဲ့ အခြေအနေက ဘာဖြစ်သွားပြီလဲ၊ သူတို့ကို ဂွမ်တာနာမိုပင်လယ်အော် (ကျူးဘားတောင်ပိုင်း အမေရိကန်စစ်စခန်း စခန်းချရာနေရာ) ဆီကို ပို့ပြီးပြီလား”
ရုံးခန်းထဲရှိ အခြားလူများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်က ပြန်ဖြေလိုက်သည်။
“ဆရာ... အခုချိန်မှာ ကျုပ်တို့က အဲဒီလမ်းဘေးဖျော်ဖြေရေးသမားတွေထက် ပိုပြီးကြီးမားတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတာပါ...”
“မင်းတို့ကို ငါ မေးနေတယ်လေ...”
ပြည်တွင်းလုံခြုံရေးဝန်ကြီးက ရိုင်းစိုင်းစွာ ဖြတ်ပြောလိုက်ပြီး စားပွဲကို လက်သီးဖြင့် ဝုန်းကနဲ ထုကာ ဟိန်းဟောက်လိုက်သည်။
“...သူတို့ကို သင်္ဘောပေါ် တင်လိုက်ပြီလားလို့ မေးနေတာကွ”
“မတင်ရသေးပါဘူး ဆရာ”
ထိုလူက ပြန်ဖြေလိုက်သည်။
“ပန်ပိုက်တီးဝိုင်းကို ဖမ်းဆီးဖို့ တာဝန်ပေးထားတဲ့ ဝန်ထမ်းတွေအကုန်လုံးကို အခု ပူးကောင်အန္တရာယ် ဖြေရှင်းဖို့အတွက် နေရာပြောင်းရွှေ့ တာဝန်ပေးလိုက်ရလို့ပါ”
“ငါ မင်းတို့ကို အမိန့်ပေးပြီးသားလေ”
ပြည်တွင်းလုံခြုံရေးဝန်ကြီးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူသည် စားပွဲကို လက်သီးဖြင့် ထပ်မံဆောင့်ထုကာ မတ်တတ်ရပ်လိုက်လေသည်။
“အဲဒီ ပီရူးဗီးယန်ပန်ပိုက်တီးဝိုင်းတွေဟာ မနေ့ညကတည်းက ဂွမ်တာနာမိုကို သွားမယ့် သင်္ဘောပေါ်မှာ ရှိနေရမှာကွ”
သူသည် သူ့ကိုယ်သူ လက်မဖြင့်ညွှန်ပြရင်း ဒေါသတကြီး ဟိန်းဟောက်တော့သည်။
“ဒီနေရာမှာ ငါက အမိန့်ပေးပိုင်ခွင့်ရှိသူပဲ၊ မင်းတို့ အခုချက်ချင်း အဲဒီ ပီရူးတီးဝိုင်းတွေကို သင်္ဘောပေါ်တင်တာ ငါလိုချင်တယ်”
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် စစ်သားတစ်ဦးက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ပါ ဆရာ”
ထို့နောက် သူ့လေသံက တဖြည်းဖြန်း တိုးညင်းသွားလေသည်။
“ဒါပေမဲ့ သူတို့ကို ဒီလောက်အထိ အော်ဟစ်ပြောဆိုဖို့တော့ မလိုပါဘူးဗျာ...”
ထိုသို့ပြောပြီးနောက် သူသည် အနိုင်ကျင့်ခံရသော ကလေးငယ်တစ်ဦးကဲ့သို့ ရှိုက်ကြီးတငင် ငိုကြွေးရင်း လှည့်ထွက်သွားတော့သည်။
…
ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနမှ ဝန်ထမ်းများဖြစ်ကြသည့် ထိုငတုံးများနှင့် စိတ်ဓာတ်နုနယ်လွန်းသူများမှာ ၎င်းတို့၏ အထက်လူကြီး၏ လှည့်စားခြင်းကို အပြည့်အဝ ခံနေရစဉ်မှာပင်... ကလေးများကို တင်ဆောင်လာသော လေယာဉ်မှာမူ ပီရူးနိုင်ငံ၏ တောအုပ်တစ်ခုနှင့် ကပ်လျက်ရှိသော ကွင်းပြင်တစ်ခုထဲသို့ ဆင်းသက်လိုက်ပြီ ဖြစ်သည်။
မူလတန်းကျောင်းသား ငါးဦးအပြင် လေယာဉ်ပေါ်တွင် လေယာဉ်အဖွဲ့သားနှစ်ဦးသာ ပါရှိကြသည်။ ထိုသူတို့မှာ နှုတ်ခမ်းမွှေးနှင့် လေယာဉ်မှူးကြီးနှင့် အရပ်ရှည်ရှည် တွဲဖက်လေယာဉ်မှူးတို့ ဖြစ်ကြသည်။
ယခုအချိန်တွင် ထိုနှစ်ဦးစလုံးမှာ ရေဒီယိုအကြီးစားနှင့်တူသော ဆက်သွယ်ရေးစက်တစ်ခုရှေ့တွင် ဆောင့်ကြောင့်ထိုင်နေကြသည်။ နှုတ်ခမ်းမွှေးနှင့် လူက စကားပြောစက်ကို ကိုင်ကာ အဆက်မပြတ် ခေါ်ဆိုနေသော်လည်း မည်သည့်တုံ့ပြန်မှုမှ မရရှိချေ။
သူတို့ ဆင်းသက်ခဲ့သည်မှာ နာရီဝက်မက ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း လာရောက်ကြိုဆိုရမည့် ကုန်တင်ကားမှာမူ အရိပ်အယောင်ပင် မမြင်ရသေးပေ။
“ဂြိုဟ်တုဆက်သွယ်ရေး ပြတ်တောက်သွားပြီ၊ ရေဒီယိုကလည်း ဘာမှ ပြန်မဖြေဘူး”
နှုတ်ခမ်းမွှေးနှင့် လူက လက်လျှော့လိုက်ပုံရသည်။ သူသည် စကားပြောစက်ကို ချထားလိုက်ပြီး ဘေးမှ အရပ်ရှည်ရှည်လူကို ပြောလိုက်သည်။
အဓိကဇာတ်ကောင်လေးဦးမှာမူ သူတို့နှင့် မလှမ်းမကမ်းတွင် ရပ်နေကြခြင်းဖြစ်သည်။ ယင်းကို ကြားသောအခါ စတန်က အနားသို့ လျှောက်သွားပြီး ပြောလိုက်သည်။
“ကောင်းပါပြီ... အခြေအနေကို ကျွန်တော် ပြန်သုံးသပ်ကြည့်မယ်...”
သူ ခေတ္တရပ်ပြီး ပြောလိုက်သည်။
“ပြည်တွင်းလုံခြုံရေးဝန်ကြီးက ခင်ဗျားတို့ကို အမိန့်ပေးပြီး ကျွန်တော်တို့ ကလေးငါးယောက်ကို ပီရူးကို ခေါ်လာခိုင်းတယ်၊ အန်းဒီးစ်တောင်တန်းထဲမှာ လေယာဉ်ဆင်းခိုင်းတယ်၊ ပြီးရင် တခြား အစိုးရဝန်ထမ်းတွေက ကျွန်တော်တို့ကို လာခေါ်လိမ့်မယ်။ ထို့နောက် သူတို့က ကျွန်တော်တို့ကို ပီရူးနိုင်ငံရဲ့ မြို့တော် လီမာကို ဘယ်လိုသွားရမလဲဆိုတာ လမ်းညွှန်ပေးပြီး ပီရူးအစိုးရကို ဖြုတ်ချခိုင်းမယ်... အဲဒါ ဟုတ်ပါသလား”
စက္ကန့်အနည်းငယ်အကြာတွင် နှုတ်ခမ်းမွှေးနှင့် လူက ပြန်ဖြေလိုက်လေသည်။
“ဟုတ်တယ်... အတိအကျ အဲဒီအတိုင်းပဲ”
ကိုင်းလ်ကမူ ဉာဏ်ပညာ အကန့်အသတ်မရှိ (ဉာဏ်အလွန်နည်းသော) ရှိပုံရသည့် ထိုလူကြီးကို ကြည့်ကာ မေးလိုက်သည်။
“ခင်ဗျား ထင်တာကတော့ ဒီအစီအစဉ်ကြီးက အဆင်ပြေရဲ့လား”
“မပြေဘူး... ဒါက လုံးဝ အဓိပ္ပာယ်မရှိတဲ့ အစီအစဉ်ပဲ”
နှုတ်ခမ်းမွှေးနှင့် လူက ချက်ချင်းပင် ပြန်လည်ဖြေကြားလိုက်သည်။
အရပ်ရှည်ရှည်လူကလည်း ဝင်ပြော၏။
“ရိုးရိုးသားသား ပြောရရင်... ပီရူးဗီးယန်ပန်ပိုက်တီးဝိုင်းတွေကို အမြစ်ပြတ်ချေမှုန်းမယ့် စစ်ဆင်ရေးကြီးတစ်ခုလုံးက... တကယ်ကို နားမလည်နိုင်စရာကြီးပဲ”
ထိုသို့ပြောစဉ် သူသည် လက်ညှိုးနှစ်ချောင်းကို အချင်းချင်း ပွတ်သပ်နေပြီး သူ့လေသံမှာ အမှားလုပ်မိထားသော ကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်နေလေသည်။
စတန်က သူ့လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလိုက်သည်။
“ခင်ဗျားတို့ကိုယ်တိုင်လည်း သူတို့လုပ်ရပ်က နားမလည်နိုင်စရာလို့ ထင်နေမှတော့... ကျွန်တော်တို့ကို အိမ်ပြန်ပို့ပေးလို့ မရဘူးလား”
နှုတ်ခမ်းမွှေးနှင့်လူက ရှင်းပြသည်။
“အာ... မင်း နားမလည်ပါဘူး ကလေး၊ ငါတို့ရဲ့ မူလအစီအစဉ်က ဒီမှာ ဆင်းပြီး ကင်းထောက်အဖွဲ့က လေယာဉ်ကို ဆီပြန်ဖြည့်ပေးတာကို စောင့်ဖို့ပဲ... ဆီမဖြည့်ဘဲနဲ့တော့ ငါတို့ ဘယ်မှ သွားလို့မရဘူး”
“အိုး... အဲဒါက အံ့သြစရာကောင်းလိုက်တာ”
အဝေးတွင် စိတ်ပျက်လက်ပျက် ထိုင်နေသော ခရစ်ဂ်က အချိန်ကိုက်ပင် လှောင်ပြောင်ပြောဆိုလိုက်သည်။
“ဒါဆို ကျွန်တော်တို့ ဒီနေရာကနေထွက်ဖို့ တခြားနည်းလမ်း ရှာရတော့မှာပေါ့”
ကိုင်းလ်က စမ်းသပ်သည့်အနေဖြင့် မေးမြန်းသည်။
နှုတ်ခမ်းမွှေးနှင့် လူက ပုခုံးတွန့်ပြလိုက်သည်။
“ကြည့်ရတာ ဒါက တစ်ခုတည်းသော နည်းလမ်းပဲ ထင်တယ်”
ဆယ်မိနစ်ခန့်အကြာတွင် လက်နက်မဲ့ဖြစ်နေသော ပြည်တွင်းမြေလုံခြုံရေး လေယာဉ်မှူးနှစ်ဦးသည် ကလေးငါးဦးကို ဦးဆောင်ကာ ထူထပ်သော တောနက်ကြီးထဲသို့ လမ်းလျှောက်ဝင်သွားကြတော့သည်။
နောက်ဆုံးမှ လျှောက်လာသော ခရစ်ဂ်ကမူ တည်ငြိမ်စွာဖြင့်ပင် ဆက်လက်ညည်းတွားနေလေသည်။
“ဒါက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီ၊ ငါတို့က ဒီခြောက်ခြားစရာကောင်းတဲ့ တောအုပ်ကြီးထဲကို လမ်းလျှောက်ဝင်လာကြတယ်၊ တဖြည်းဖြည်းနဲ့ ပိုပျော်စရာကောင်းလာပြီပေါ့”
စတန်က လှည့်ကြည့်ကာ ပြောလိုက်သည်။
“မင်း သိလား ခရစ်ဂ်... မင်းရဲ့ စိတ်နေစိတ်ထားက အရမ်းစိတ်ပျက်ဖို့ကောင်းတယ်”
ကန်နီကလည်း ဝင်ပြော၏။
“အတိအကျပဲ”
ကန်နီက ထပ်ပြောသည်။
“အမြဲတမ်း ညည်းညူနေတတ်တဲ့ ကောင်မျိုးနဲ့ ဘယ်သူမှ ကစားချင်မှာ မဟုတ်ဘူး”
“ဟေး... ရှေ့ကို ကြည့်လိုက်ကြစမ်း”
အရပ်ရှည်ရှည်လူက ရုတ်တရက် တစ်ခုခုကို မြင်သွားသဖြင့် အော်ဟစ်လိုက်သည်။
လူတိုင်း ရှေ့သို့ လှမ်းကြည့်လိုက်သောအခါ မြေပြင်ပေါ်တွင် မြင့်မားလှသော မြေပုံအများအပြားကို တွေ့လိုက်ရသည်။ ထိုမြေပုံကြီးများသည် ယေဘုယျအားဖြင့် စက်ဝိုင်းပုံသဏ္ဌာန်ရှိပြီး အချင်း အနည်းဆုံး ခြောက်မီတာ သို့မဟုတ် ခုနစ်မီတာခန့် ရှိကာ အလယ်တွင်မူ ဟာလာဟင်းလင်း ဖြစ်နေပုံရသည်။ ထိုမြေပုံကြီးများသည်... ဧရာမသတ္တဝါကြီးတစ်ကောင်ကောင် မြေအောက်မှ တွားသွားရုန်းထွက်လာခဲ့သည့် အမှတ်အသားများနှင့် တူနေလေသည်။
…
ဖုန်းပုကြွယ် အိမ်ထဲမှ ပြေးထွက်လာခဲ့သည်။ ရေဒါပေါ်ရှိ မြားပြချက်အရ ထိုမိသားစုသုံးဦးမှာ သိပ်မဝေးသေးသဖြင့် သူသည် ခြေကုန်တင်ကာ နောက်မှ အမှီလိုက်လေသည်။
သူ ခြေလှမ်းအနည်းငယ်မျှသာ ပြေးရသေးသော်လည်း သူ့နောက်မှ တိုးညင်းသော ဟိန်းဟောက်သံကို ကြားလိုက်ရသည်။ တောင်ဘက်ကြယ်စု နဂါးပျံလက်သီးကြောင့် ဒဏ်ရာရသွားခဲ့သော မကောင်းဆိုးဝါးသည် အိမ်တစ်လုံးလုံးကို နင်းခြေဖျက်ဆီးကာ လမ်းမပေါ်သို့ အမီလိုက်လာခြင်း ဖြစ်သည်။
ဖုန်းပုကြွယ် နောက်လှည့်ကြည့်လိုက်သောအခါ ပူးကောင်ကြီး၏ မေးစေ့အောက်ရှိ သွေးချင်းချင်းနီနေသော ဒဏ်ရာမှာ မျက်စိဖြင့် မြင်နိုင်သည့် အရှိန်အဟုန်ဖြင့် ပြန်လည်ပျောက်ကင်းနေသည်ကို တွေ့လိုက်ရသည်။
“မယုံနိုင်စရာပဲ... ကိုယ်တိုင်ပြန်ကောင်းနိုင်စွမ်းတောင် ရှိနေတာပဲ”
ဖုန်းပုကြွယ် စိတ်ထဲမှ တွေးလိုက်သည်။ ဤကဲ့သို့သော ပူးကောင်ကြီးကို အပြတ်အသတ် သတ်ဖြတ်နိုင်ရန်အတွက် မိစ္ဆာဆင်းသက်ခြင်းကို သုံးမှသာ ဖြစ်နိုင်ချေရှိမည်ဟု သူ တွက်ချက်လိုက်မိသည်။
သို့သော်လည်း... သူတစ်ကောင်တည်းကို သတ်နိုင်ခဲ့လျှင်ပင် ဘာထူးခြားသွားမည်နည်း။ ဤ “အမွေးပွ သေမင်း” များမှာ ထောင်ပေါင်းများစွာ ရှိနေပြီး နေရာအနှံ့တွင် ရှိနေခြင်းဖြစ်သည်။ အကောင်တစ်ရာကို သတ်ပစ်လျှင်ပင် အခြေအနေတစ်ခုလုံးကို ပြောင်းလဲနိုင်မည်မဟုတ်ချေ။ တစ်ကောင်တည်းဆိုလျှင်မူ ဆိုဖွယ်မရှိတော့ချေ။ ထို့ကြောင့်ပင် စနစ်က သူ့ကို “ရှင်သန်ရန်” တာဝန် ပေးထားခြင်း ဖြစ်ပေလိမ့်မည်။
“ငါက တောင်ဘက်ပန်းခြံရဲ့ အဓိကဇာတ်ကောင် မဟုတ်ဘူး၊ ဒီလို မကောင်းဆိုးဝါးမျိုးနဲ့ တွေ့ရင် ဂရုမစိုက်ရင် အလွယ်တကူ အသတ်ခံရနိုင်တယ်...”
ဖုန်းပုကြွယ်သည် ရှေ့သို့ ပြေးလွှားနေရင်း ရေရွတ်လိုက်မိသည်။
“ဒါနဲ့... ဒီလို ကမ္ဘာပျက်မတတ်ကိစ္စကြီး ဖြစ်နေတာကို ဟောဒီက စူပါမိတ်ဆွေကြီးများအဖွဲ့ (တောင်ဘက်ပန်ခြံ လူမှုအဖွဲ့အစည်းတွင် ယေရှု၊ ဗုဒ္ဓ၊ မိုဟာမက်၊ ခရစ်ရှနား ၊ ဂျိုးဇက်စမစ်၊ လောင်ဇူး နှင့် အကွာမန်း အစရှိသူတို့ ပါဝင်သော စူပါဟီးရိုးအဖွဲ့) က ဘယ်ရောက်ကုန်ကြတာလဲ၊ အားလုံး ပျောက်သွားကြတာလား”
ဝူးရှ်….။
ထူးဆန်းသော အသံကြီးတစ်ချက် ထပ်မံထွက်ပေါ်လာပြီး ဧရာမ အဖြူရောင်ပူးကောင်ကြီးတစ်ကောင်သည် လမ်းဘေးရှိ အိမ်တစ်လုံးကို တိုက်ချကာ ဖုန်းပုကြွယ်ရှေ့မှ လမ်းကို ပိတ်ဆို့လိုက်ပြန်သည်။
“အား အား၊ ငါ့လက်မောင်း”
လမ်းသွားလမ်းလာတစ်ဦးမှာ ထိုဧရာမမကောင်းဆိုးဝါးကြီး၏ ပါးစပ်ထဲတွင် ကိုက်ခဲခံထားရခြင်းဖြစ်သည်။ ထိုလူ၏ ဘယ်ဘက်လက်တစ်ခုလုံးမှာ ပူးကောင်ကြီး၏ သွားများကြားထဲသို့ ရောက်နေပြီး ခန္ဓာကိုယ်တစ်ဝက်ခန့် သွေးများ ပေကျံနေသော်လည်း လက်မောင်းက လုံးဝပြတ်မသွားသေးဘဲ တကိုယ်လုံး မြိုချခံရလုနီးပါး ဖြစ်နေလေသည်။
ထိုလမ်းသွားလမ်းလာမှာ နာကျင်လွန်းသဖြင့် ရုန်းကန်အော်ဟစ်နေသည်ကို မြင်သောအခါ ဖုန်းပုကြွယ်သည် စကားတစ်ခွန်းမျှမဆိုဘဲ ကြင်နာတတ်သော စိတ်ထားဖြင့် သူ၏ စက်သေနတ်ကို မြှောက်ကာ ပူးကောင်ကြီး၏ မျက်နှာဆီသို့ ကျည်ဆန်များ တရစပ်ပစ်ခတ်လိုက်ပြီး ထိုဒုက္ခသည်ကို ချက်ချင်းပင် အဆုံးစီရင် (သက်သာရာရစေ) လိုက်တော့သည်…။
တစ်ချိန်တည်းမှာပင် ဖုန်းပုကြွယ်သည် ဘေးဘက်သို့ အမြန်ရှောင်ကွင်းကာ ပူးကောင်ကြီး၏ ဘေးမှ ဖြတ်ကျော်လိုက်သည်။ လမ်းမ၏ အကျယ်အဝန်းနှင့် သူ၏ အမြန်နူန်းကို အသုံးချကာ သူသည် မကောင်းဆိုးဝါး၏ အနောက်ဘက်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။
ဤနေရာမှ လှမ်းကြည့်လျှင် အဝေးတွင် ပြေးနေသော မိသားစုသုံးဦးကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
ရှာရွန်သည် သမီးဖြစ်သူ၏ လက်ကိုဆွဲကာ ရှေ့ဆုံးမှ ပြေးနေပြီး ရန်ဒီကမူ လက်ကိုင်ကင်မရာကို ကိုင်ကာ နောက်မှကပ်လျက် လိုက်ပါနေခြင်းဖြစ်သည်။ သူသည် သူတို့ ထွက်ပြေးနေသည်ကို အဆက်မပြတ် ရိုက်ကူးနေရင်း နောက်ခံစကားပြောနေပြန်သည်။
“ဟုတ်ကဲ့... အခု ကျွန်တော်တို့ ထွက်ပြေးနေကြတာပါ... ဟူး...ဟောဟဲ... ကြည့်စမ်းပါဦး၊ ဒါကတော့ ကျွန်တော့်ရဲ့ ဇနီးနဲ့ သမီးဖြစ်ပါတယ်၊ သူတို့လည်း ထွက်ပြေးနေကြရပါတယ်၊ ဟေး ရှယ်လီ ကင်မရာကို လက်ပြလိုက်ပါဦး”
ရှယ်လီကမူ နောက်သို့ လှည့်ကြည့်ကာ ဖခင်ဖြစ်သူကို ဆဲရေးလိုက်လေသည်...။
ဝုန်း။
ပေါက်ကွဲသံတစ်ခုနှင့်အတူ အညိုရောင် ပူးကောင်ကြီးတစ်ကောင်သည် လမ်းမပေါ်သို့ ပြေးဝင်လာပြီး ရန်ဒီနှင့်အခြားသူနှစ်ဦးဆီသို့ တိုးဝင်သွား၏။
ထိုသုံးဦးလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး လမ်းဘေးတွင် ရပ်ထားသော ဘတ်စ်ကားအပျက်ကြီးတစ်စီးထဲသို့ စုပြုံတိုးဝင်ကာ ပုန်းအောင်းလိုက်ကြသည်။
ထိုဘတ်စ်ကားမှာ စွန့်ပစ်ထားသည်မှာ ကြာပြီဖြစ်ပြီး တံခါးများလည်း ပွင့်နေလေ၏။
သူတို့ ကားထဲသို့ ပြေးဝင်သွားသည်ကို မြင်လျှင် ဖန်းပုကြွယ်သည် ဒုက္ခရောက်တော့မည်ကို ချက်ချင်း ရိပ်မိသွားပြီး ကျိန်ဆဲလိုက်မိသည်။
“သေစမ်း... ဒီကောင်တွေရဲ့ အိုင်ကျူကတော့ သရဲကားတွေထဲမှာ သေသွားတတ်တဲ့ အမှိုက်တွေအတိုင်းပဲ၊ ဘတ်စ်ကားထဲ ပြေးဝင်သွားမှတော့ အိုးထဲက လိပ်လို ပိတ်မိသွားပြီပေါ့ဟ”
ယခုအချိန်တွင် ဖန်းပုကြွယ်အနေဖြင့် သူတို့ကို စွန့်ပစ်ထားခဲ့၍ မရတော့ပေ။ သူသည် ဤမျှအထိ ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ခဲ့ပြီးပြီဖြစ်ရာ ယခုမှ တာဝန်ကို စွန့်လွှတ်ကာ ကုန်တိုက်ကြီးဆီသို့ တစ်ယောက်တည်း ထွက်ပြေးရန် မဖြစ်နိုင်တော့ချေ။
“ငါ ဒီနေ့ ဒီဘေးထွက်တာဝန်ကို သေရင်သေ၊ မသေရင် အပြီးသတ်ရမယ်”
ဖုန်းပုကြွယ်က အော်ဟစ်ကြုံးဝါးရင်း ဘတ်စ်ကားဆီသို့ တဟုန်ထိုး ပြေးသွားတော့သည်။
သို့သော် သူအံ့ဩသွားရသည်မှာ သူ ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးသော်လည်း ဘေးဘက်လမ်းကြားမှ နောက်ထပ် အပြာရောင်ပူးကောင်ကြီးတစ်ကောင် ထွက်လာပြီး ၎င်း၏ အဖော်ဖြစ်သော အညိုရောင်ပူးကောင်ကြီးနှင့်အတူ ဘတ်စ်ကားဆီသို့ ဝိုင်းအုံသွားကြခြင်း ဖြစ်သည်။
ထိုဧရာမသတ္တဝါကြီးနှစ်ကောင်မှာ ငါးသေတ္တာဘူးကို ဝိုင်းနေသည့် ကြောင်ကြီးနှစ်ကောင်ကဲ့သို့ ဘတ်စ်ကားကြီးကို ဖိညှပ်ကာ လက်သည်းများဖြင့် ကုတ်ခြစ်နေကြသဖြင့် ကားကြီးမှာ ခဏအတွင်း ပုံပျက်သွားပြီး ပြတင်းပေါက်မှန်များအားလုံး ကွဲကြေကုန်တော့သည်။
အတိအကျ ထိုအချိန်၌ပင် ဖုန်းပုကြွယ်၏ မျက်စိရှေ့၌ မယုံနိုင်စရာ ကောင်းလှသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေသည်။
ရန်ဒီသည် ဘတ်စ်ကားထဲမှ ဝုန်းကနဲ ပြေးထွက်လာခဲ့သည်…။
သူသည် အပြင်သို့ ပြေးထွက်လာပြီး ကားနှင့် ငါးမီတာ သို့မဟုတ် ခြောက်မီတာခန့် အကွာအဝေးသို့ ရောက်သောအခါ ကင်မရာကို ဘတ်စ်ကားပေါ်ရှိ မကောင်းဆိုးဝါးကြီးနှစ်ကောင်ဆီသို့ လှည့်ကာ အော်ပြောလိုက်သည်။
“ဒါကတော့ ကျွန်တော် ဘတ်စ်ကား အပြင်ဘက်ကနေ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင် ဖြစ်ပါတယ်၊ ယေး”
ထိုသို့ ပြောပြီးနောက်တွင်... သူသည် ထိုဘတ်စ်ကားထဲသို့ တကယ်ကြီး အပြေးအလွှား ပြန်လည်ဝင်ရောက်သွားတော့သည်။