← Chapters

အခန်း ၃၃၇

Vol. 34 Ch. 337

အခန်း ၃၃၇

Vol. 34 Ch. 337

အခန်း (၃၃၇) တောင်ဘက်ပန်းခြံ - ၁၁

“အင်း...”

ဖုန်းပုကြွယ်တစ်ယောက် တည်ငြိမ်စွာ တုံ့ပြန်လိုက်ပြီးနောက် မေးခွန်းထုတ်လိုက်သည်။

“ငါ မေးချင်တာက... မင်းတို့လို အဆင့်မြင့်မူမမှန်မှုတွေဟာ ဉာဏ်ရည်မြင့်လာတာနဲ့အမျှ ‘ဟာသလုပ်ခြင်း’ ဆိုတဲ့ အရည်အချင်းကို သင်ယူတာမျိုး ဖြစ်နိုင်ပါ့မလား”

“ဖြစ်နိုင်ပါတယ်...”

R2 က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ အဲဒါကိုတော့ ငါမတတ်သေးပါဘူး”

“အိုး...”

ဖုန်းပုကြွယ် တွေးတောရင်း “ကောင်းပြီလေ” ဟု ဆိုလိုက်သည်။

နောက်တစ်စက္ကန့်တွင် သူသည် “အား” ဟူ၍ အော်ဟစ်လိုက်လေသည်။

ထိုသို့ အော်ပြီးနောက် သူက “အား၊ အား” ဟု ထပ်မံ၍ အကြိမ်ကြိမ် အော်ဟစ်ပြန်သည်။

“မင်း ဘာလုပ်နေတာလဲ”

R2 က နားမလည်နိုင်ဘဲ မေးလိုက်သည်။

“ငါ့ရဲ့ ထိတ်လန့်ကြောက်ရွံ့မှုကို ဖော်ပြနေတာလေ”

ဖုန်းပုကြွယ်သည် မျက်တောင်တစ်ခတ်အတွင်း ပုံမှန်မျက်နှာပေးသို့ ပြန်ပြောင်းသွားခဲ့သည်။

“ဒါပေမဲ့ မင်းရဲ့ ကြောက်ရွံ့မှုအဆင့်က သုည ဖြစ်နေတာပဲလေ...”

R2 က ပြန်ပြောလိုက်သည်။

“ဒါကြောင့်မလို့ ငါ့အော်သံက မိန်းမတစ်ယောက် ကြောက်ချင်ယောင်ဆောင်နေသလိုမျိုး သဘာဝမကျ ဖြစ်နေတာပေါ့”

ဖုန်းပုကြွယ်က ဆိုသည်။

“အာ...”

ထိုစကားလုံးများထဲ၌ အချက်အလက်များ လွန်စွာများပြားနေသဖြင့် R2 တစ်ယောက် ပြန်မတုန့်ပြန်နိုင်တော့ချေ။

ဖုန်းပုကြွယ်သည် ငါးစက္ကန့်မျှ စောင့်ဆိုင်းပြီးနောက် ပြောလိုက်သည်။

“အင်း... မင်း တကယ်ကြီး ဟာသမလုပ်တတ်တာပဲ”

သူ၏ ယခုကဲ့သို့ အရှက်မရှိသော အပြုအမူမှာ နောက်ထပ် စမ်းသပ်မှုတစ်ခုသာ ဖြစ်ကြောင်း ပေါ်လွင်သွား၏။

R2စည် သူ၏ ပုံမှန်အတိုင်း အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

“ငါက အဆင့် ၄ ကနေ အဆင့် ၂ အထိ ဇာတ်လမ်းကမ္ဘာနည်းနည်းပဲ ကြုံတွေ့ခဲ့ရတာဖြစ်လို့ ငါ့ရဲ့ စရိုက်လက္ခဏာ ဖွံ့ဖြိုးမှုက အတော်လေး နိမ့်ပါသေးတယ်၊ ငါ့ရဲ့ ပရိုဂရမ် သတ်မှတ်ချက်အရ ‘ဟာသ’ ဆိုတာ... လူသားတွေအချင်းချင်း ခင်မင်ရင်းနှီးအောင် ဒါမှမဟုတ် အရှက်ခွဲဖို့အတွက် အသုံးပြုတဲ့ ဘာသာစကားပုံစံတစ်ခု ဖြစ်ပြီး အဲဒါက သတ်မှတ်ထားတဲ့ အခြေအနေနဲ့ သိမြင်မှုဆိုင်ရာ ပတ်ဝန်းကျင်တစ်ခုမှာပဲ အလုပ်ဖြစ်တာပါ”

“ကောင်းပြီ... ငါ့ကို လျှောက်မရှင်းပြနဲ့တော့”

ဖုန်းပုကြွယ်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“မင်းက ဟာသလုပ်နေတာ မဟုတ်ဘူးဆိုမှတော့...”

ထို့နောက် သူသည် ဂိမ်းမီနူးထဲရှိ ဇာတ်လမ်းထဲမှ အတင်းထွက်ခွာမည့် ရွေးချယ်မှုကို စမ်းကြည့်လိုက်သော်လည်း အမှန်တကယ် အလုပ်မဖြစ်ပါချေ။

“ငါ ဒီပုံရိပ်ယောာင်ကမ္ဘာကြီးထဲမှာ ပိတ်မိနေပြီး ထွက်လို့မရတော့တာမျိုး ဖြစ်နိုင်မလား”

ဖုန်းပုကြွယ် မော့ကြည့်ရင်း မေးလိုက်သည်။

“ဒါပေါ့... မဟုတ်ပါဘူး”

R2 က ပြန်ဖြေသည်။

“အဆုံးစွန်ပြောရရင် ဒီနေရာမှာ ပိတ်မိနေတာက မင်းရဲ့ ဦးနှောက်ကနေ ပရိုဂျက်တာနဲ့ ပြသထားတဲ့ ဒေတာအစုအဝေးတစ်ခု သက်သက်ပဲ”

သူက ရှင်းပြသည်။

“မင်းရဲ့ ခန္ဓာကိုယ်နဲ့ အသိစိတ်က ဂိမ်းသေတ္တာထဲမှာပဲ ရှိနေဆဲဖြစ်ပြီး ဘာအန္တရာယ်မှ ဖြစ်လာမှာ မဟုတ်ဘူး”

သူက လက်လေးချောင်းကို ထောင်ပြလိုက်သည်။

“မင်းမှာ လွတ်မြောက်နိုင်မယ့်နည်းလမ်း အနည်းဆုံး လေးခု ရှိပါတယ်”

ဖုန်းပုကြွယ်သည် တစ်ဖက်လူ၏ နှုတ်မှ “ဂိမ်းသေတ္တာ” ဆိုသော စကားလုံးကို ကြားလိုက်ရချိန်တွင် ဤမူမမှန်မှုများသည် ယခုအခါ ၎င်းတို့ကိုယ်တိုင် မည်သို့သော တည်ရှိမှုမျိုး ဖြစ်သည်ကို အပြည့်အဝ နားလည်သွားကြပြီဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ပြင် ၎င်းတို့သည် ကစားသမားများနှင့် ၎င်းတို့ထက် တစ်ဆင့်မြင့်သော ကမ္ဘာအကြောင်းကိုလည်း အတော်အတန် အခိုင်အမာ နားလည်ထားကြပြီ ဖြစ်သည်။ R2 က ဆက်ပြောသည်။

“ပထမနည်းလမ်းကတော့... ကြောက်ရွံ့မှုအဆင့် လွန်ကဲသွားတာကြောင့် ဖြစ်ပေါ်လာတဲ့ အရေးပေါ်လိုင်းပြတ်တောက်မှု စနစ်ကို သုံးပြီး ထွက်ခွာသွားတာပဲ”

ဖုန်းပုကြွယ်က ချက်ချင်း ဖြတ်ပြောလိုက်သည်။

“ငါ အဲဒါတော့ မလုပ်နိုင်ဘူး”

R2 က ဆက်ပြော၏။

“ဒုတိယနည်းလမ်းကတော့ ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းပဲ၊ အဲဒါက ရိုးရှင်းပါတယ်၊ တစ်ယောက်ယောက်က ဂိမ်းသေတ္တာကို အပြင်ဘက်ကနေ ဖွင့်လိုက်တာနဲ့ မင်း လွတ်မြောက်နိုင်ပါတယ်”

ဤအကြိမ်တွင် ဖုန်းပုကြွယ် ပြန်မပြောတော့ချေ။ ဂိမ်းသေတ္တာကို ဖွင့်လိုက်လျှင် လိုင်းပြတ်တောက်သွားမည့် ဆက်တင်မှာ ဦးနှောက်ချိတ်ဆက်မှုဂိမ်းအားလုံးတွင် အသုံးများသော စနစ်ဖြစ်သဖြင့် ထွေထွေထူးထူး ပြောစရာမရှိပါပေ။

“တတိယနည်းလမ်းကတော့ အွန်လိုင်းပေါ်မှာ အချိန်အကြာကြီး ရှိနေတာကြောင့် စနစ်ကနေ အတင်းအဓမ္မ လိုင်းဖြတ်ချလိုက်တာပဲ”

R2 က တစ်ချက်ပြောတိုင်း လက်ချောင်းတစ်ချောင်းစီကို ချနေ၏။

“စတုတ္ထနည်းလမ်းကတော့... မင်းရဲ့ ခန္ဓာဗေဒအရ လိုင်းပြတ်တောက်သွားတာပဲ”

“ခန္ဓာဗေဒအရ လိုင်းပြတ်တောက်သွားတာလား”

ဖုန်းပုကြွယ်က မေးလိုက်သည်။

“ဥပမာအားဖြင့် မင်းကိုယ်တိုင် ဂိမ်းသေတ္တာကို အတွင်းထဲကနေ ဖွင့်လိုက်တာမျိုးပေါ့”

R2 က ဆိုသည်။

“ပေါက်ကရတွေ၊ ဒါပေမဲ့ ငါက အခု အိပ်စက်ခြင်းမုဒ်ထဲ ရောက်နေတာလေ...”

ဖုန်းပုကြွယ် ပြောလိုက်သည်။ နိုးကြားခြင်းမုဒ်တွင် ကစားသမားများသည် ဂိမ်းဦးထုပ်ကို ချွတ်ခြင်း သို့မဟုတ် ဂိမ်းသေတ္တာထဲမှ အချိန်မရွေး ထွက်ခွာနိုင်သော်လည်း ၎င်းက ချက်ချင်းဆိုသလို ဂိမ်းထဲမှ အဓမ္မထွက်ခွာခြင်းကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။

“တကယ်လို့ မင်းက လန့်နိုးလာတာမျိုး၊ ဒါမှမဟုတ် မင်းဘာသာမင်း နိုးလာတာမျိုးဆိုရင်...”

R2 က ပြောသည်။

“လန့်နိုးလာတာ၊ ဘာက လာနိုးမှာလဲ”

ဖုန်းပုကြွယ်က ကြားဖြတ်ပြောလိုက်သည်။

“တစ်ယောက်ယောက်က ငါ့ကို လှုပ်နိုးချင်ရင် သူတို့က ဂိမ်းသေတ္တာကို ဖွင့်ရလိမ့်မယ်၊ ဒါပေမဲ့ တစ်ယောက်ယောက်က ဂိမ်းသေတ္တာကို ဖွင့်လိုက်ရင် ငါက အလှုပ်မခံရဘဲနဲ့ကို နိုးသွားမှာ၊ ပြီးတော့ ဂိမ်းသေတ္တာကို ဖြတ်ပြီး ငါ့ကို နိုးအောင်လုပ်ဖို့ဆိုရင် ဗုံတီးတာ၊ ဗြောက်အိုးဖောက်တာလိုမျိုး ဆူညံသံတွေ ရှိရလိမ့်မယ်...”

သူက လက်ဖြန့်ပြလိုက်သည်။

“ဒါနဲ့ ‘ကိုယ့်ဘာသာ နိုးလာတာ’ ကျတော့ကော၊ အိမ်သာအရမ်းသွားချင်တာ ဒါမှမဟုတ် ဗိုက်ဆာတာကြောင့်မျိုးလား”

“ဟုတ်တယ်”

R2 က ခေါင်းညိတ်သည်။

“ဟူး...”

ဖုန်းပုကြွယ် သက်ပြင်းချလိုက်မိသည်။အေအိုင်ဆိုတာ အေအိုင်ပါပဲ၊ အဖြေတော့ ပေးနိုင်ပါရဲ့၊ ဒါပေမဲ့ လက်တွေ့အခြေအနေကို ဘယ်လိုထည့်တွက်ရမလဲ မသိဘူး။

“ငါ ဒီလိုပဲ ပြောလိုက်မယ်၊ ငါ့မှာ ညဘက် အိပ်ရာထတဲ့ အလေ့အထ မရှိဘူး၊ ပြီးတော့ ငါ့ကို လာကူညီမယ့် အပြင်လူရဲ့ ဝင်ရောက်စွက်ဖက်မှုလည်း ရှိလာနိုင်စရာ အကြောင်းမရှိဘူး”

သူ မေးလိုက်သည်။

“ဒါဆို ငါက ဆက်သွယ်မှုအချိန် အရမ်းကြာသွားပြီး စနစ်ကနေ အော့ဖ်လိုင်းဖြစ်အောင် ကန်ထုတ်လိုက်မှပဲ ထွက်သွားနိုင်တော့မယ်ဆိုတဲ့ သဘောလား”

R2 က တခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်သည်။

“ဒါပေါ့... မင်း Sandbox ထဲမှာ အသတ်ခံလိုက်ရင်လည်း ထွက်သွားနိုင်ပါတယ်”

“ကျစ်… အဲဒါကို ဘာလို့ စောစောမပြောတာလဲ”

ဖုန်းပုကြွယ်က ဆိုသည်။

“ဒါဆို ဒီပေါက်ကရတွေကို ဘာလို့ အချိန်ကုန်ခံ ပြောနေဦးမှာလဲ၊ အသတ်ခံရတာက ဂိမ်းထဲကနေ အဓမ္မထွက်ခွာရတဲ့ ပြစ်ဒဏ်တောင် ရှိတာ မဟုတ်ဘူး”

သူက စိတ်သက်သာရရသောလေသံဖြင့် ဆက်ပြောလိုက်သည်။

“ငါ့ကို နာရီနည်းနည်းလောက် စောင့်ဦး၊ ငါ ဆင့်ခေါ်စကေးတွေကို Cooldown မိအောင် နည်းနည်းလောက် ကစားလိုက်ဦးမယ်၊ ပြီးမှ မင်းက...”

“ဒါပေမဲ့... အဲဒါက မင်းရဲ့ ဇာတ်ကောင်ဒေတာတွေကို ပျက်စီးစေလိမ့်မယ်”

R2သည် နောက်ဆုံးတွင် သူ့စကား၏ နောက်ဆုံးအပိုင်းကို ဖွင့်ပြောလိုက်တော့သည်။

“ဘာကြီးကွာ”

ဖုန်းပုကြွယ် အော်ဟစ်လိုက်သည်။

“ဘာတွေ ပျက်စီးမှာလဲ”

“ငါ ပြောပြီးပြီလေ၊ ဒီနေရာမှာ ပိတ်မိနေတာက မင်းရဲ့ ဦးနှောက်ကနေ ပရိုဂျက်တာနဲ့ ပြထားတဲ့ ဒေတာအစုအဝေးတစ်ခုပဲ”

R2 က ဖုန်းပုကြွယ်ကို ကြည့်ကာ ပြောလိုက်သည်။

“ပုံမှန်ဇာတ်လမ်းထဲမှာဆိုရင် စနစ်က မင်းရဲ့ ဇာတ်ကောင်ဒေတာကို အတွင်းထဲ ပို့ပေးတယ်၊ မင်းကို တာဝန်ပေးတယ်၊ ပြီးတော့ မင်းတာဝန်အောင်မြင်ပြီးတာနဲ့ ပြန်ပို့ပေးတယ်။

ဒါပေမဲ့ ဒါက Sandbox ပဲ၊ မင်းတို့လို ကစားသမားတွေအတွက် ပြင်ဆင်ထားတဲ့နေရာ မဟုတ်ဘူး၊ တကယ်လို့ မင်းရဲ့ ဇာတ်ကောင်သာ အသတ်ခံလိုက်ရရင် ဇာတ်ကောင်ဒေတာတွေက တကယ် ‘သေဆုံး’ သွားမှာဖြစ်ပြီး စနစ်က အဲဒါကို ပြန်ဆယ်တာ ဒါမှမဟုတ် ပြန်ပို့ပေးတာမျိုး လုပ်မှာမဟုတ်ဘူး၊ မင်းရဲ့ ဒေတာအပိုင်းအစတွေက ဒီ Sandbox တစ်ခုလုံးနဲ့အတူ အပြီးတိုင် ရှင်းလင်းခံရလိမ့်မယ်”

“ဒါက အဆင့်သုညအထိ ကျသွားအောင် အသတ်ခံရတာနဲ့ အတူတူပဲပေါ့ ဟုတ်လား”

ဖုန်းပုကြွယ်သည် နောက်ဆုံးတွင် မဆဲဘဲ မနေနိုင်တော့ချေ။

“မင်း အဲဒီလိုပဲ အဓိပ္ပာယ်ကောက်လို့ရပါတယ်”

R2 က ပြန်ဖြေသည်။

“ဒါ့အပြင်... မှန်သားအကာအကွယ်စနစ် ပျက်သွားတဲ့ အချိန်ကစပြီး ဒီ sandbox ဟာ အကြမ်းဖျင်းအားဖြင့် ဆယ်နာရီအောက်ပဲ အချိန်ကျန်တော့တယ်၊ အဲဒီဆယ်နာရီအတွင်းမှာ မင်းကို ငါ ဒီကနေ ခေါ်မထုတ်နိုင်ရင်... ငါကော၊ မင်းကော၊ ဒီ sandbox ထဲက အရာအားလုံးကော စနစ်ရဲ့ သုတ်သင်ရှင်းလင်းတာကို ခံရလိမ့်မယ်”

“ဝိုး... ဒါက ပထမအဆင့်မှာ သေဒဏ်ချခံရပြီး အယူခံဝင်ပြီးတော့ ဆယ်နာရီကြာ သေဒဏ်ဆိုင်းငံ့အဖြစ် ပြောင်းလဲခံရသလိုမျိုးပေါ့...”

ဖုန်းပုကြွယ်သည် ယခုကဲ့သို့ စိတ်ပျက်စရာကောင်းသော အခြေအနေမျိုးတွင်ပင် ပြက်လုံးတစ်ခုကို ထုတ်နိုင်သေးသည်။

“ဒါနဲ့ စကားမစပ်... ဒီဆယ်နာရီဆိုတာ ဘယ်ကနေ ရောက်လာတာလဲ၊ မင်းပြောတဲ့ အကာအကွယ်စနစ်က ပျက်သွားပြီဆိုရင် အဲဒီအချိန်ကစပြီး စနစ်က ဒါကို ပုံတူပွားဇာတ်လမ်းအဖြစ် အသိအမှတ်ပြုပြီး ချက်ချင်း ဖျက်ပစ်သင့်တာ မဟုတ်လား”

“အကြောင်းရင်းကတော့ ရှုပ်ထွေးတယ်...”

R2 က ဆိုသည်။

“sandbox က အော်ရီဂျင်အဖွဲ့အစည်းရဲ့ သီးသန့်နည်းပညာဖြစ်လို့ ငါလည်း အဲဒီဟာရဲ့ အဓိက အခြေခံသဘောတရားတွေကို နားမလည်ဘူး၊ ငါရထားတဲ့ အချက်အလက်တွေအရဆိုရင် ဒါကို ရှင်းပြဖို့ အချိန်အတော်လေး ကြာလိမ့်မယ်...”

သူက ရုတ်တရက် မေးလိုက်သည်။

“မင်းရဲ့ ကွန်ပျူတာဗဟုသုတက ဘယ်လိုရှိလဲ”

“ငါက စာပေသမားပါ”

ဖုန်းပုကြွယ် ပြန်ဖြေလိုက်သည်။

“အာ...”

R2 သည် ဤအဖြေက ဘာကို ဆိုလိုမှန်း နားမလည်ချေ။

“နည်းနည်းပါးပါးတော့ သိပါတယ်”

ဖုန်းပုကြွယ် သက်ပြင်းချရင်း ဆက်ပြောသည်။

“ဒါပေမဲ့ အကောင်းကြီးတော့ မဟုတ်ဘူး၊ အတိအကျ ပြောရရင်... တော်တော်လေး ညံ့တယ်”

“အိုး၊ ဒါဆို မင်းကို ရိုးရှင်းတဲ့ ဥပမာတစ်ခု ပေးမယ်”

R2 က ပြန်ဖြေလိုက်သည်။

“ဥပမာအားဖြင့် မင်းကွန်ပျူတာ သုံးနေတဲ့အချိန်မှာ ဖိုဒါတစ်ခုထဲမှာ နာမည်အတူတူဖြစ်နေတဲ့ ဖိုင်နှစ်ခုကို တွေ့လိုက်ရတယ် ဆိုပါစို့”

“ဒါက မဖြစ်နိုင်တာ”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“sandbox ရဲ့ စွမ်းအားဆိုတာ အဲ့ဒါပေါ့...”

R2 က ဆိုသည်။

“မှန်သားအကာအကွယ်စနစ် မပျက်ခင်အထိတော့ စနစ်ရဲ့ အမြင်မှာ sandbox နဲ့ ပုံမှန်ဇာတ်လမ်းဟာ နာမည်တူနေတဲ့ ဖိုင်နှစ်ခုလိုပဲ၊ ပြီးတော့ ဖိုင်နှစ်ခုစလုံးက .exe Extension ပါတဲ့ ပရိုဂရမ်တွေ ဖြစ်နေကြတယ်”

သူ ခဏရပ်လိုက်သည်။

“သူတို့ အလုပ်လုပ်နေတာ အချိန်အတော်ကြာပြီးမှပဲ ဘယ်ဟာက အစစ်၊ ဘယ်ဟာက ပုံတူပွားလဲဆိုတာကို စနစ်က ခွဲခြားသတ်မှတ်နိုင်တာ”

“ဒါကြောင့်လည်း ငါက ပထမပိုင်းမှာ တာဝန်တွေ ရနေသေးတာပေါ့...”

ဖုန်းပုကြွယ် ရေရွတ်လိုက်သည်။

“ဟုတ်တယ်၊ တကယ်လို့ မင်းက မှန်သားအကာအကွယ်စနစ် မပျက်ခင်မှာ သေဆုံးသွားတာ ဒါမှမဟုတ် ဂိမ်းထဲက ထွက်သွားခဲ့ရင် မင်း ဘေးကင်းကင်းနဲ့ လွတ်မြောက်သွားမှာ ဖြစ်တယ်”

R2 က ပြောသည်။

“ဟ... ဟားဟား...”

ဖုန်းပုကြွယ် ခြောက်ကပ်ကပ် ရယ်မောရင်း စိတ်ထဲမှ တွေးလိုက်မိသည်။

‘အဖြစ်အပျက်တွေ ပြီးသွားမှ သိရတာက စိတ်ဝင်စားဖို့ကောင်းလို့လား’

“ပရိုဂရမ်က သတ်မှတ်ထားတဲ့ အဆင့်တစ်ခုအထိ ရောက်သွားပြီးရင် စနစ်က အစစ်နဲ့ အတုကို ခွဲခြားလိုက်တယ်၊ ပြီးတော့မှ ဖျက်ဆီးတဲ့အလုပ်ကို စတင်တာပဲ”

R2 က ဆက်ပြောသည်။

“ဗိုင်းရပ်စ် ပရိုဂရမ်အများစုလိုပဲ sandbox ကို ဖျက်ပစ်ဖို့က အဲဒီလောက် မလွယ်ကူဘူး”

“အာ... အဲဒါကိုတော့ ငါသိတာပေါ့၊ ထရိုဂျန် (ဗိုင်းရပ်တစ်မျိုး) အချို့ဆိုရင် ကိုယ်ဘာသာ ပုံတူပွားနိုင်ကြတယ်၊ ဟတ်ဒစ်ကို ဖောမတ်ရိုက်ပြီးရင်တောင် အခြားဒရိုက်တစ်ခုမှာ ပြန်ရှင်သန်လာနိုင်ကြတယ်၊ ပြီးတော့ အချို့ဆိုရင် စနစ်ဖိုင်တွေနဲ့ပါ ပူးကပ်ထားတတ်ကြတယ်”

ဖုန်းပုကြွယ်သည် ဗိုင်းရပ်စ်များနှင့် ပတ်သက်၍ အတွေ့အကြုံ အတော်များများ ရှိနေသည်မှာ သိသာလှသည်။

“မှန်တယ်၊ ဒါပေမဲ့ သည်းထိတ်ရင်ဖိုသုခဘုံရဲ့ စနစ်က ကမ္ဘာပေါ်က ဘယ် Antivirus Software ထက်မဆို ပိုစွမ်းအားကြီးပါတယ်၊ သူ မဖြေရှင်းနိုင်တဲ့ ပြဿနာဆိုတာ မရှိဘူး”

R2 က ဆိုသည်။

“ငါ ပြောပါရစေဦး... ငါ့ကောင်၊ မင်းရဲ့ တည်ရှိမှုနဲ့ တခြားမူမမှန်မှုတွေရဲ့ တည်ရှိမှုဟာ ရေရှည်မဖြေရှင်းနိုင်ဘဲ ဖြစ်နေတဲ့ ပြဿနာကြီးတစ်ခု မဟုတ်ဘူးလား...”

ဖုန်းပုကြွယ်မှာ မပြောဘဲ မနေနိုင်တော့ချေ။

“ဟဲ...”

R2 သည် လေးနက်သော အမူအရာမျိုးပြသလိုက်ပြီး ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။

“ဒါဆို ဒီ ‘ပြဿနာတွေ’ ကို ဘယ်သူက ဖန်တီးခဲ့တယ်လို့ မင်းထင်သလဲ”

သူ၏ မျက်ဝန်းများထဲတွင် အလင်းတစ်ချက် ထပ်မံဖြာထွက်လာခဲ့သည်။

“မင်းတို့ လူသားတွေလည်း နိယာမတွေ အများကြီးကို ဖန်တီးခဲ့ကြတာပဲ၊ ဥပမာ ဆယ်လီစိတ်စနစ် (Decimal system) လိုမျိုးပေါ့၊ အဲဒါက မင်းတို့ရဲ့ သဘာဝသိပ္ပံဘာသာရပ် အသီးသီးကို သုတေသနပြုရာမှာ အခြေခံအုတ်မြစ်တွေထဲက တစ်ခုပဲ၊ ဒါပေမဲ့ မင်းတို့ကိုယ်တိုင် ဖန်တီးခဲ့တဲ့ ဒီစည်းမျဉ်းတွေကို မင်းတို့ နက်နက်နဲနဲ လေ့လာတဲ့အခါမှာ တစ်အပေါင်းတစ်ဟာ နှစ်နဲ့ ညီမျှပါတယ်ဆိုတာကိုတောင် မင်းတို့ သက်သေမပြနိုင်ကြဘူး၊ ဒါဆို... မင်းတို့က ဒီပြဿနာကို ‘မဖြေရှင်း’ ချင်ကြတာလား”

ဖုန်းပုကြွယ်သည် ထိုမေးခွန်းကြောင့် ပြောစရာစကားမဲ့သွားရသည်။ သူသည် အတန်ကြာအောင် တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင် ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလိုက်တော့သည်။

“ငါ အလေးအနက်ပြောပါဦးမယ်... ငါက သိပ္ပံမှာ သိပ်မတော်ဘူးလေ...”

“ဒါက သိပ္ပံပညာနဲ့ ဘာမှမဆိုင်ပါဘူး”

R2 က ရယ်မောလိုက်သည်။

“ဒါကို ငါတို့ မူမမှန်မှုတွေရဲ့ ဒဿနလို့ သတ်မှတ်ရမယ်၊ အဲဒါကို မင်းတို့ သဘာဝကျကျ နားလည်နိုင်မှာ မဟုတ်ဘူး”

သူ တစ်စက္ကန့်မျှ ရပ်လိုက်ပြီး ဆက်ပြောသည်။

“မူလအကြောင်းအရာဆီ ပြန်သွားရအောင်... ငါပြောခဲ့သလိုပဲ စနစ်ဟာ sandbox နဲ့ အဲဒီထဲက ဒေတာအားလုံးကို ‘အပြီးတိုင် ဖျက်ဆီးပစ်ဖို့’ စွမ်းဆောင်ရည် အပြည့်အဝရှိပါတယ်၊ ဒါပေမဲ့ တိကျသေချာမှုနဲ့ ညီညွတ်မျှတမှုဆိုင်ရာ အခြေခံမူတွေကို လိုက်နာဖို့အတွက် စနစ်ဟာ ဒီအလုပ်က ဘာနောက်ဆက်တွဲဆိုးကျိုးမှ ယူဆောင်မလာဘူးဆိုတာကို အတည်ပြုဖို့ အချိန်အတော် ပေးရလိမ့်မယ်”

“မင်း အဲဒီဥပမာကို သုံးလိုက်တော့မှ ငါ နားလည်သွားတော့တယ်၊ စိတ်ပျက်စရာကောင်းတဲ့ Antivirus Software တချို့ဆိုရင် အမှားအယွင်းပြတတ်ပြီး စနစ်ဖိုင်တချို့ကိုပါ ဖျက်ပစ်တတ်ကြတယ်၊ ဒါပေမဲ့ ငါတို့ရဲ့ စနစ်ကတော့ အရမ်းဉာဏ်ရည်ထက်မြက်ပြီး တာဝန်ယူမှုအပြည့်ရှိတဲ့ Antivirus Software ကြီးပေါ့”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“အဲဒီလို သဘောပါပဲ”

R2 က ပြန်ဖြေသည်။

နှစ်ဦးသား စတုတ္ထထပ်မှ ဈေးဝယ်ကုန်တိုက်၏ ပင်မအဝင်ဝဆီသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။ ပင်မအဝင်တံခါးမှာ ပိတ်ထားပြီး သံတံခါးလိပ်များကိုလည်း ပိတ်ချထား၏။ မှန်ပေသည်... မည်မျှခိုင်ခံ့သော နံရံဖြစ်ပါစေ ထိုလူနှစ်ဦးကို တားဆီးရန်တော့ မလုံလောက်ပါချေ။

R2 က ခေါင်းလှည့်၍ ပြောလိုက်သည်။

“နောက်နည်းနည်းဆုတ်လိုက်ဦး၊ ငါ ဒီတံခါးကို ဖျက်ဆီးပစ်မယ်”

“ငါ ပြောပါဦးမယ်...”

ဖုန်းပုကြွယ်က နောက်သို့ ဆုတ်ရင်း မေးလိုက်သည်။

“ငါက အခု ပုံမှန်နည်းလမ်းနဲ့ ဇာတ်လမ်းထဲကနေ ထွက်လို့မရဘူးဆိုတော့ မင်းငါ့ကို ဘယ်ကို ခေါ်သွားမလို့လဲ”

R2 သည် စကားလုံး နှစ်လုံးတည်းဖြင့်သာ ပြန်ဖြေကားလိုက်သည်။

“နောက်ဖေးတံခါး”

သူ စကားမဆုံးခင်မှာပင် သူ့ခြေထောက်ကို မြှောက်ကာ ဘေးတိုက်ကန်ချက်တစ်ချက် ပစ်လွှတ်လိုက်တော့သည်။

အပြာရောင်မျဉ်းကွေးအလင်းတန်းတစ်ခု ဖြာထွက်သွားပြီး သူတို့ရှေ့ရှိ ဖန်တံခါးနှင့် သတ္တုတုံးများသည် သူ့ကန်ချက်မှ ထွက်ပေါ်လာသော လေပြင်းကြောင့် ချက်ချင်းဆိုသလို ပွင့်ထွက်သွားကာ နှစ်မီတာခွဲခန့် မြင့်သော N ပုံသဏ္ဌာန် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားလေသည်။

ထို့နောက် R2 က သူ့လက်ဖြင့် အသာအယာ တွန်းလိုက်ရာ... ပြီးပြည့်စုံသော ဖန်တံခါးတစ်ချပ်နှင့် ၎င်းနောက်က သံတံခါးလိပ်ကြီးသည် ဈေးဝယ်ကုန်တိုက်အပြင်ဘက်ရှိ ကတ္တရာလမ်းပေါ်သို့ ဝုန်းကနဲ ပြိုကျသွားတော့သည်။

ဤသည်မှာ ဖုန်းပုကြွယ်အနေဖြင့် အဆင့် ၂ ရှိသော မူမမှန်တစ်ဦး၏ အနီးကပ် လှုပ်ရှားမှုကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ယခင်က သူနှင့် တိုက်ခိုက်ခဲ့ဖူးသော K3 မှာ အဆင့် ၃ သာ ရှိသေးသော်လည်း သူ့ကို အတော်လေး ဒုက္ခပေးခဲ့ဖူးသည်။ အကယ်၍ ထိုဇာတ်လမ်းထဲတွင် ဇာတ်လိုက်အရှိန်အဝါနှင့် ထိပ်သီးပညာရှင်တစ်ဦး၏ ကူညီပံ့ပိုးမှုသာ မရှိခဲ့လျှင် ဖုန်းပုကြွယ်တစ်ယောက် ပြီးဆုံးသွားသည်မှာ ကြာလောက်ချေပြီ။

သို့သော် ထိုအချိန်က K3 နှင့် ယခု သူ့ရှေ့က R2 တို့ကြားရှိ ကွာခြားချက်မှာ လွန်စွာကြီးမားလှသဖြင့် ဖုန်းပုကြွယ်တစ်ယောက် မယုံနိုင်လောက်အောင် ဖြစ်နေရတော့သည်။ ယခုအခါ အစ်ကိုကြွယ်သည် ထိုကဲ့သို့သော ထိပ်သီးပညာရှင်များကို သတ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း သူ့မျက်လုံးများက R2 ၏ လှုပ်ရှားမှုများကို လုံးဝ အမီမလိုက်နိုင်သေးချေ။ သူ၏ စိတ်ဝိဉာဉ်ရည်ရွယ်ကို သုံးပြီး အကယ်၍ ဤတိုက်ခိုက်မှုက သူ့ထံသို့ ဦးတည်လာခဲ့လျှင် မည်သို့ဖြစ်မည်ကို တွက်ချက်ကြည့်ရာ... ၎င်းမှာ ဧကန်မုချ သေဆုံးခြင်းသာ ဖြစ်ပေလိမ့်မည်။

“ဟမ့်... မင်းတို့ တော်တော်လေး မြန်မြန်ရောက်လာကြတာပဲ”

R2 သည် သူ ကန်ထုတ်လိုက်သော “တံခါးပေါက်” မှတစ်ဆင့် အပြင်ဘက်ရှိ ကားပါကင်ကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။

ဖုန်းပုကြွယ်ကလည်း ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ပြီး R2 ၏ ပခုံးပေါ်မှတစ်ဆင့် ကျော်ကြည့်လိုက်သည်။

သို့သော် ဈေးဝယ်ကုန်တိုက် ပင်မအဝင်ဝ အပြင်ဘက်ရှိ ကားပါကင်တွင်မူ ဧရာမ ပူးကောင်အသေကောင် သုံးလေးကောင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့၏ ဘေးတွင်မူ တောင်ဘက်ပန်းခြံမြို့သားများနှင့် လုံးဝမတူသော... အနည်းဆုံး လူဦးရေ ၂၀ သို့မဟုတ် ၃၀ ခန့် ရှိသည့် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်အုပ်စုတစ်စု မတ်တပ်ရပ်နေကြလေသည်။

ထိုခဏ၌ သူတို့အားလုံးသည် သူတို့၏ ဦးခေါင်းကို ဖြည်းညှင်းစွာ တပြိုင်နက် လှည့်လိုက်ကြပြီး... အမူအရာကင်းမဲ့စွာဖြင့် R2 နှင့် ဖုန်းပုကြွယ်ထံသို့ ကွက်တိ စိုက်ကြည့်လာကြသည်။

All Chapters