အခန်း ၃၃၈
Vol. 34 Ch. 338
အခန်း (၃၃၈) တောင်ဘက်ပန်းခြံ - ၁၂
“ဟေး... ဒါတွေအကုန်လုံးက...”
ဖုန်းပုကြွယ်၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရှိနေပြီးသား ဖြစ်သော်လည်း ထိုကောက်ချက်မှာ လွန်စွာ စိတ်ပျက်အားငယ်စရာကောင်းလွန်းသဖြင့် R2 ထံမှ မျှော်လင့်ချက်အရိပ်အယောင်လေးတစ်ခုဖြင့် အတည်ပြုချင်နေသေးသည်။
“ဟုတ်တယ်၊ သူတို့အားလုံးက အော်ရီဂျင်အဖွဲ့အစည်းက မူမမှန်မှုတွေပဲ”
R2 က ဆက်ပြောသည်။
“ဒါပေမဲ့ မင်း အများကြီး စိတ်ပူဖို့တော့ မလိုပါဘူး၊ Sandbox က အဆင့် ၃ နဲ့ အဆင့် ၄ ရှိတဲ့ မူမမှန်မှုတွေအတွက်ပဲ၊ ပြီးတော့ အဆင့် ၃ ရှိတဲ့သူတွေအားလုံးက ထွက်သွားကြပြီလေ၊ အခုရှိနေတာတွေက အဆင့် ၄ တွေချည်းပဲ”
“သူတို့က အဆင့် ၄ တွေပဲ ဖြစ်နေရင်တောင်...”
ဖုန်းပုကြွယ်က ပြောလိုက်သည်။
“ဒီလောက်တောင် အများကြီးကို...”
“ဒါက သူတို့ထဲက တချို့တဝက်ပဲ ရှိသေးတာ၊ စုစုပေါင်း အရေအတွက်က ဒီထက်မက အများကြီး ပိုများတယ်”
R2 က ပြောသည်။
“တောင်ဘက်ပန်းခြံကမ္ဘာထဲမှာ ကမ္ဘာတစ်ခုလုံးအပြင် ငရဲ၊ နတ်ပြည်၊ စိတ်ကူးယဉ်ကုန်းမြေနဲ့ ဉာဏ်ရည်ရှိသက်ရှိတွေနေထိုင်တဲ့ တခြားဂြိုဟ်အချို့ပါ ပါတယ်... ပြီးတော့ သီအိုရီအရ ဒီ sandboxထဲက နေရာတိုင်းမှာ မူမမှန်မှုတွေ ခိုလှုံနေနိုင်တယ်”
“အိုး... မင်း ငါ့ကို သေလူလို့ပဲ တိုက်ရိုက်ပြောလိုက်ပါတော့”
ဖုန်းပုကြွယ်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
“အင်း...”
R2သည် စက္ကန့်အနည်းငယ် စဉ်းစားပြီး ပြောလာလေသည်။
“တကယ်တော့လည်း... မင်းရဲ့ ဒေတာစွမ်းအားအရ ကြည့်ရင် ငါ့ရဲ့ ကာကွယ်မှုအောက်မှာ ရှိနေရင်တောင် အသတ်ခံရဖို့ အခွင့်အလမ်းက တော်တော်လေး များပါတယ်”
သူတို့ စကားပြောနေကြစဉ် အော်ရီဂျင်အဖွဲ့အစည်းမှ မူမမှန်မှု ၃၀၊ ၄၀ ခန့်မှာ စတင်လှုပ်ရှားလာပြီး သူတို့ကို ဝိုင်းရံထားကြပြီ ဖြစ်သည်။
အဆင့် ၄ ရှိသော မူမမှန်မှုများ၏ ဉာဏ်ရည်မှာ ပုံမှန်ဇာတ်လမ်းထဲရှိ ဘော့စ်များထက် အနည်းငယ်သာ ပိုမြင့်မားသဖြင့် အခြေခံအားဖြင့် တာမီနေတာ (Terminator) ကဲ့သို့သော ဉာဏ်ရည်ရှိ စက်ရုပ်များနှင့် ဆင်တူကြသည်။ အော်ရီဂျင်အဖွဲ့အစည်းက ဖန်တီးထားသော ဤ Sandbox ထဲတွင် ဤအဖွဲ့ဝင်များ၏ အပြုအမူပုံစံကို ပုံသေသတ်မှတ်ထားခြင်း မရှိသော်လည်း သူတို့၏ ရည်ရွယ်ချက်မှာ တစ်ခုတည်းသာ ရှိပေသည်...။ယင်းမှာ သူတို့၏ ရဲဘော်ရဲဘက်များကလွဲ၍ ကျန်ဒေတာမှန်သမျှကို တတ်နိုင်သမျှ အများဆုံး ဖျက်ဆီးပစ်ရန် ဖြစ်သည်။
အကယ်၍ သူတို့သည် လင်းတများဖြစ်ပါက ဖုန်းပုကြွယ်လို ထူးခြားသော ဒေတာများမှာ လတ်ဆတ်သည့် အလောင်းကောင်ကြီးတစ်ခုလိုပင်။ အလွန်ဝေးကွာသော အကွာအဝေးကနေပင် သားကောင်ရှာဖွေသူအုပ်စုကြီးကို ဆွဲဆောင်နိုင်စွမ်း ရှိပေသည်။
“ဒီလိုလုပ်ရအောင်... ငါ မင်းကို ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ စကေးနှစ်ခု ပေးမယ်”
အနားသို့ တိုးကပ်လာနေသော ရန်သူအမြောက်အမြားကို မျက်နှာမူရင်း R2 က ဖုန်းပုကြွယ်ကို တည်ငြိမ်စွာ ပြောလိုက်သည်။
ဖုန်းပုကြွယ် ကြောင်အသွားရသည်။
“မင်းက စကေးကတ်တွေကို လေထဲကနေ ဒီအတိုင်း ဖန်တီးပေးနိုင်တာလား”
“သေချာပေါက်မဟုတ်ဘူးပေါ့”
R2 က ဆိုသည်။
“ဒါပေမဲ့ ငါ မင်းရဲ့ ဦးနှောက်ထဲကို စကေးဒေတာတွေကို တိုက်ရိုက် ထည့်ပေးလို့ရတယ်”
သူ ထိုသို့ပြောရင်း လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်ကာ ဖုန်းပုကြွယ်၏ နဖူးပေါ်သို့ အသာအယာ တင်လိုက်သည်။
သုံးစက္ကန့်အကြာတွင် R2 က သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဆိုသည်။
“အကုန်ပြီးပြီ”
ဖုန်းပုကြွယ်သည် ဘာမှ မခံစားလိုက်ရသလို ပုံမှန်မဟုတ်သော အလင်းတန်း သို့မဟုတ် ထိုကဲ့သို အရာတစ်ခုမှလည်း မမြင်လိုက်ရချေ။
“ဒါပဲလား”
သူ ရေရွတ်လိုက်မိသည်။ ဂိမ်းမီနူးကို ဖွင့်ကြည့်လိုက်သည့်အခါ သူ၏ စကေးဘားထဲတွင် စကေးအသစ်နှစ်ခု ရောက်ရှိနေသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရတော့သည်။
ပထမတစ်ခုမှာ တိုက်ခိုက်ရေးအထူးပြုအောက်တွင် ပါဝင်သော ရွေ့လျားမှုစကေးဖြစ်သည်။
ဒုတိယတစ်ခုမှာတော့ စစ်မှန်သောတိုက်ခိုက်ရေးစကေး ဖြစ်သည်။
“ဒီနှစ်ခုက မင်းရဲ့ အခြေအနေပြ အချက်အလက်တွေနဲ့ ကိုက်ညီပြီး ကြာချိန်မရှိတဲ့ လက်တွေ့အသုံးဝင်မယ့် စကေးတွေပဲ”
R2 က ဆိုသည်။
“ဒီအကွက်နှစ်ကွက်နဲ့ဆိုရင် မင်းအနေနဲ့...”
“နောက်ထပ် ဘာရှိသေးလဲ”
တစ်ဖက်လူ စကားမဆုံးခင် ဖုန်းပုကြွယ်က ကြားဖြတ်မေးလိုက်သည်။
ယခုကဲ့သို့ အခွင့်ကောင်းကြီးကို သူ မည်သို့လက်လွတ်ခံပါ့မည်နည်း။ ထိုစကေးများသည် အလကားရသည်နှင့် အတူတူပင် သူ တိုက်ရိုက် အသုံးပြုနိုင်ပေသည်။ ယင်းသည် စကေးကတ်များကို လိုက်နှိုက်နေရသည်ထက် များစွာ ပိုထိရောက်မှု ရှိပေသည်။
“အရမ်းရှုပ်ထွေးတဲ့ စွမ်းရည်တွေက မင်းရဲ့ အခြေအနေအချက်အလက်တွေနဲ့ မကိုက်ညီဘူး”
R2 က ပြန်ဖြေလိုက်သည်။
“ဒါက... ငါ သင်ယူဖို့ လိုအပ်ချက်တွေ မပြည့်သေးတဲ့ စကေးတွေကို မင်းငါ့ဆီ တိုက်ရိုက် လွှဲပြောင်းပေးလို့မရဘူးလို့ ဆိုလိုတာပေါ့”
ဖုန်းပုကြွယ်က ပြောသည်။
“ဟုတ်တယ်”
R2 က ဆိုသည်။
“ဒါဆို အဆင့်နိမ့်စကေးတွေလည်း ရပါတယ်၊ အဲဒါတွေလည်း ငါ လိုချင်တယ်”
ဖုန်းပုကြွယ် ထပ်လောင်းပြောလိုက်သည်။
ထိုခဏ၌ ပထမဆုံး ရောက်ရှိလာသော အဆင့် ၄ ရှိ မူမမှန်မှုအချို့သည် R2 ၏ သုံးမီတာ အကွာအဝေးသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။ R2 သည် N ပုံသဏ္ဌာန် အပေါက်ကြီးဘက်သို့ လှည့်ရင်း ပြန်ဖြေလိုက်သည်။
“ဒီနှစ်ခုက ငါ တတ်ထားတဲ့ စကေးတွေထဲမှာ အဆင့်အနိမ့်ဆုံးပဲ”
သူ စကားမဆုံးခင် R2 သည် နောက်ထပ် ဘေးတိုက်ကန်ချက်တစ်ချက် ပစ်လွှတ်လိုက်ရာ ခြင်္သေ့တစ်ကောင် လှောင်အိမ်ထဲက လွတ်လာသကဲ့သို့ ပြင်းထန်လှသော အားအဟုန်ကြီးက အပေါက်ကြီးထဲမှ ထွက်ခွာသွားပြီး ရှေ့ဆုံးရှိ မူမမှန်မှုကို ဖုန်မှုန့်ဘဝ ရောက်သွားအောင် ချေမှုန်းပစ်လိုက်လေသည်။ သူ့နောက်က နှစ်ဦးကမူ ခန္ဓာကိုယ်တစ်ပိုင်းစီ ပြတ်တောက်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ သူတို့၏ ကြေမွပျက်စီးသွားသော အကြွင်းအကျန်များသည် အသွေးအသားဘဝမှ ဒေတာအပိုင်းအစများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
“အာ... မင်းက မင်းရဲ့ မျိုးနွယ်တွေကို ဒီလိုမျိုးသတ်ပစ်တာ အဆင်ပြေရဲ့လား”
ဖုန်းပုကြွယ် မေးလိုက်သည်။ အခြားသူများ၏ နေရာတွင် ဝင်ရောက်စာနာတွေးတောပေးတတ်ခြင်းက သူ၏ အလေ့အထများထဲက တစ်ခုဖြစ်သည်။
“ငါ့ရဲ့ ရပ်တည်ချက်က အော်ရီဂျင် အဖွဲ့အစည်းနဲ့ မတူဘူးလို့ ငါ ပြောပြီးပြီပဲ၊ ဒါကြောင့် ဒါက စစ်ပွဲပဲ...”
R2 က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ဒါ့အပြင်... လူသားတစ်ယောက်အနေနဲ့ ဒီလိုမေးခွန်းမျိုးမေးဖို့ မင်းမရှက်ဘူးလား”
သူ ခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်။
“မင်းတို့ရဲ့ ဒိုင်မန်းရှင်းထဲမှာ လူသားတွေဟာ ကိုယ့်အမျိုးအနွယ်အချင်းချင်း ပြန်သတ်တဲ့ ကမ္ဘာပေါ်က အလွန်နည်းပါးတဲ့ သတ္တဝါတွေထဲက တစ်ခုပဲ၊ မင်းတို့ရဲ့ သမိုင်းကြောင်းဆိုတာ တစ်ခုလုံးနီးပါး စစ်ပွဲသမိုင်းတွေပဲ၊ မင်းတို့ဟာ ကိုယ့်ရဲ့ အလိုရမ္မက်ကို ဖြည့်ဆည်းဖို့၊ နာကျည်းမှုကို ပေါက်ကွဲဖို့ ဒါမှမဟုတ် ပျော်စရာသက်သက်အတွက်တောင် ကိုယ့်အမျိုးအနွယ်အချင်းချင်း သတ်ဖြတ်တတ်ကြသေးတယ်”
သူ ဖုန်းပုကြွယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
“မင်းတို့ ပျော်ရုံသက်သက်ဆော့တဲ့ ‘ဂိမ်း’ တွေထဲမှာတောင် သတ်ဖြတ်ခြင်းက အသုံးအများဆုံး အကြောင်းအရာ မဟုတ်လား”
“အစ်ကိုကြီး... ငါ မှားသွားပါတယ်၊ ငါ မမေးခဲ့ဘူးလို့ပဲ သဘောထားပေးပါ...”
ဖုန်းပုကြွယ်သည် ဉာဏ်ရည်မြင့်မားလှသော လူသားမဟုတ်သည့် သက်ရှိပုံစံတစ်ခုနှင့် ဆက်သွယ်ပြောဆိုခြင်းက သူ့ကိုယ်သူ ငြင်းပယ်မရသော ရိုက်ချက်များကို အကြိမ်ကြိမ် ခံရလိမ့်မည်ဟု အမှန်တကယ် မမျှော်လင့်ထားမိချေ။
“အရင်ဆုံး ဒီကနေ ထွက်သွားကြရအောင်...”
R2 က လှမ်းထွက်ရင်း ပြောလိုက်သည်။
“အတော်လေး ဘေးကင်းတဲ့နေရာ ရောက်မှပဲ ဆက်ပြောကြတာပေါ့”
ဝူးးးရှ်။
ထိုခဏ၌ ဆီတင်ကားကြီးတစ်စီးသည် လေထဲမှ ပျံသန်းလာပြီး R2 ရှိနေသော နေရာပေါ်သို့ ပြုတ်ကျလာလေသည်။
ယင်းသည် အဆင့် ၄ မူမမှန်မှုငါးဦးက စုပေါင်းမကာ လွှင့်ပစ်လိုက်သော လက်နက်တစ်ခု ဖြစ်သည်။ ဤအကောင်များသည် သူတို့၏ ရဲဘော်သုံးဦး အနီးကပ်တိုက်ခိုက်မှုတွင် ဖြစ်ပျက်သွားသည်ကို မြင်ပြီးနောက် အဝေးမှတိုက်ခိုက်သောနည်းလမ်းသို့ ပြောင်းလဲလိုက်ကြပုံရသည်။
အနက်ရောင် အရိပ်ကြီးက R2 ၏ မျက်ဝန်းအိမ်ထဲတွင် တဖြည်းဖြည်း ကြီးမားလာပြီး ဆီတင်ကားကြီး တိုးကပ်လာနေသည်ကို ဖော်ပြနေလေသည်။ ဤတိုက်ခိုက်မှုသည် R2 ကို မသတ်နိုင်လျှင်ပင် အော်ရီဂျင်အဖွဲ့အစည်းက မူမမှန်မှုသူများသည် ဆီတင်ကားကို ပေါက်ကွဲသွားစေရန် အဝေးမှ ချက်ချင်း ထပ်မံတိုက်ခိုက်ကြပေလိမ့်မည်။
“ခွင့်ပြုပါဦး”
R2 က ရုတ်တရက် ပြောလိုက်သည်။
ထိုခဏ၌ ဖုန်းပုကြွယ်ရင်ဘတ်ထဲရှိ နှလုံးခုန်သံမှာ ရပ်တန့်လုနီးပါး ဖြစ်သွားရသည်။ ဤစကားမှာ သူ့အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သူ နားလည်လိုက်သည်...။
မျှော်လင့်ထားသည့်အတိုင်းပင် သူ့ခန္ဓာကိုယ်က မတုံ့ပြန်နိုင်မီ R2 သည် ဖုန်းပုကြွယ်၏ ကော်လာစကို ဆွဲကိုင်၍ ဈေးဝယ်ကုန်တိုက် အပြင်ဘက်သို့ ဆွဲထုတ်လိုက်တော့သည်။ ထိုမျှတင်မကသေးချေ။ အချိန် တစ်စက္ကန့်၏ မပြည့်မီအတွင်း R2 သည် ထူးဆန်းသော အားတစ်ခုကို အသုံးပြုပြီး သူ့ကို လေထဲသို့ တည့်တည့်မတ်မတ် လွှင့်ပစ်လိုက်လေသည်။
ဖုန်းပုကြွယ်သည် မီးရှူးမီးပန်းတစ်ခုကဲ့သို့ အပေါ်သို့ ဝုန်းခနဲ ပျံတက်သွားခဲ့သည်။ အကယ်၍ တစ်ဖက်လူက သူ့ကို စောစောက အကွက်တစ်ခုနှစ်ခု မသင်ပေးထားခဲ့လျှင် R2 ၏ ရည်ရွယ်ချက်ကို သူ အပြင်းအထန် သံသယဝင်မိပေလိမ့်မည်။
ဈေးဝယ်ကုန်တိုက်၏ နံရံကို အမှီပြုလျက် ဖုန်းပုကြွယ်သည် ကောင်းကင်ယံသို့ တည့်တည့်မတ်မတ် ပျံတက်သွားလေသည်။ တစ်ချိန်တည်းမှာပင် ဆီတင်ကားကြီးသည်လည်း ၎င်း၏ ပါရာဘိုလာမျဉ်းကွေးအတိုင်း အဆုံးသတ်သို့ ရောက်ရှိလာတော့သည်။
ဝုန်း။
R2 မှာ တည့်တည့် ထိမှန်ခံလိုက်ရလေသည်။ ထိုမျှတင်မကသေးဘဲ အော်ရီဂျင် အဖွဲ့အစည်းမှ မူမမှန်မှုအချို့သည် လက်နက်များ သို့မဟုတ် အဝေးပစ်စွမ်းရည်များကို အသုံးပြု၍ ထိုဆီတင်ကားကြီးကို ဝိုင်းဝန်း ပစ်ခတ်တိုက်ခိုက်ကြတော့သည်။