အခန်း ၃၃၉
Vol. 34 Ch. 339
အခန်း (၃၃၉) တောင်ဘက်ပန်းခြံ - ၁၃
ဈေးဝယ်ကုန်တိုက်ရှေ့ရှိ ကားပါကင်တွင်မူ မကောင်းဆိုးဝါးများ၏ ဖျက်ဆီးခြင်း မခံရသေးသော လမ်းမီးတိုင်အမြောက်အမြားမှာ အလုပ်လုပ်နေဆဲဖြစ်ပြီး လရောင်မှာလည်း ထွန်းလင်းနေသဖြင့် ထိုပတ်ဝန်းကျင်မြင်ကွင်းမှာ အတော်လေး ကောင်းမွန်နေဆဲ ဖြစ်သည်။
သို့သော်လည်း ထိုအခိုက်အတန့်၌ ကောင်းကင်ယံသို့ ထိုးတက်သွားသော ဧရာမ မီးတောက်ကြီးတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးကို လိမ္မော်ဝါရောင်အဖြစ်သို့ ရုတ်တရက် ပြောင်းလဲပစ်လိုက်တော့သည်။
ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော လေအားလှိုင်းသည် မီတာတစ်ရာအတွင်းရှိ ကားအများစု၏ မှန်များကို ရိုက်ခွဲပစ်လိုက်ပြီး ထူထပ်သော မီးခိုးလုံးကြီးများသည် ကောင်းကင်ယံသို့ လိပ်တက်သွားကာ ကားပါကင်တစ်ခုလုံး၏ အပူချိန်မှာလည်း ဒီဂရီအနည်းငယ်မျှ မြင့်တက်သွားရသည်။
ပေါက်ကွဲမှု၏ ဗဟိုချက်တွင် ရှိနေသော R2 မှာမူ အခြေအနေစိုးရိမ်ဖွယ်ရှိပြီး သေသည်ရှင်သည်ကို မသိရချေ။
ကောင်းကင်ထက်မှ ဤမြင်ကွင်းကို ကြည့်နေရသော ဖုန်းပုကြွယ်သည် တစ်ကိုယ်တည်း ထွက်ပြေးရန် စိတ်ကူးမရှိဘဲ တည်ငြိမ်စွာ ရှိနေလေသည်။ သူ ယခု Sandbox ထဲမှ “အသက်ရှင်လျက်” လွတ်မြောက်နိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက်မှာ R2သာဖြစ်ကြောင်း သူ ကောင်းကောင်းသိပေသည်။ အကယ်၍ R2 သာ အမှန်တကယ် အသတ်ခံလိုက်ရလျှင် သူသည် အမဲလိုက်ခံရခြင်းမှ လွတ်မြောက်သွားခဲ့သည့်တိုင် ထို “နောက်ဖေးတံခါး” ကို မည်သို့ရှာရမည်မှန်း သိတော့မည် မဟုတ်ချေ။
“ဖုန်းပုကြွယ်”
ရုတ်တရက် R2 ၏ အသံ ထွက်ပေါ်လာခဲ့သည်။ သူသည် အလွန်ဝေးကွာသောနေရာမှ ပြောနေခြင်းဖြစ်သော်လည်း သူပြောလိုက်သည့် စကားလုံးတိုင်းကို ဖုန်းပုကြွယ် ရှင်းလင်းစွာ ကြားနေရသည်။
“မင်းရဲ့ လက်ရှိအမြင့်ကို ထိန်းထားပြီး မွန်းဝေါ့ခ်ခြေလှမ်းကို သုံးပြီး ခဏတောင့်ခံထားဦး”
ဖုန်းပုကြွယ် ပြန်မပြောဘဲ ညွှန်ကြားချက်အတိုင်းသာ လိုက်လုပ်လိုက်သည်။ သူသည် မွန်းဝေါ့ခ်ခြေလှမ်းကို ချက်ချင်း အသုံးပြုကာ ဟင်းလင်းပြင်ကိုနင်းဖြတ်၍ အပေါ်သို့ အကွာအဝေးတစ်ခုအထိ ဆက်လက် ခုန်တက်လိုက်သည်။
တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်၌ R2 သည် တောက်လောင်နေသော မီးတောက်များထဲမှ ထွက်ပေါ်လာပြီး ကားပါကင်၏ အလယ်ဗဟိုသို့ ရောက်ရှိလာလေသည်။ သူသည် တစ်ကိုယ်လုံး ဘာဒဏ်ရာမှ မရရှိထားသလို ဝတ်စုံမှာလည်း အကောင်းအတိုင်း ရှိနေဆဲ ဖြစ်သည်။ အနီးကပ် သေချာကြည့်လျှင် သူ့ခန္ဓာကိုယ်သည် ယခုတွင် တဖျတ်ဖျတ်လက်နေသော အပြာရောင်အလင်းလွှာတစ်ခုဖြင့် ဖုံးလွှမ်းထားကြောင်း တွေ့နိုင်ပေသည်။ ဤအလင်းတန်းသည် အဆင့် ၂ ရှိသော မူမမှန်မှုနှင့် အဆင့်နိမ့်မူမမှန်မှုများကြားရှိ အကြီးမားဆုံး ကွာခြားချက် ဖြစ်သည်။
“စိတ်မကောင်းစရာပဲ... ‘သာမန်ဒေတာ’ တွေက ငါ့ကို မထိခိုက်စေနိုင်ဘူး”
R2 သည် သူ့ပတ်ပတ်လည်ရှိ အော်ရီဂျင်အဖွဲ့ဝင်များကို ကြည့်ကာ ပြောလိုက်သည်။
“ဒီဇာတ်လမ်းထဲက အရာတွေကို သုံးနေတာက အဓိပ္ပာယ်မရှိဘူး”
သူက လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ရင်း “ငါ့ကို သတ်ချင်ရင် မင်းတို့ရဲ့ ကိုယ်ပိုင်စွမ်းအားတွေကိုပဲ သုံးရလိမ့်မယ်”
မူမမှန်များ၏ မျက်နှာများပေါ် မည်သည့်အမူအရာမှ ပြောင်းလဲခြင်း မရှိသော်လည်း သူတို့အားလုံးသည် တညီတညွတ်တည်းဖြင့် တူညီသောတုံ့ပြန်မှုကို တိတ်တဆိတ် ပြုလုပ်လိုက်ကြလေသည်...။ သူတို့သည် တစ်ပြိုင်နက်တည်းဆိုသလို အရပ်မျက်နှာအနှံ့မှ R2 ထံသို့ ပြေးဝင်လာကြတော့သည်။ ထို့ပြင် သူတို့တစ်ဦးချင်းစီကလည်း သူတို့၏ ကိုယ်ပိုင်စွမ်းရည်များကို ထုတ်သုံးလိုက်ကြသည်။
“အထိအခိုက်တွေ မများခင် မင်းတို့ရဲ့ အင်အားအားလုံးကို ပုံအောပြီး ငါ့ကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းဖို့ ကြိုးစားနေကြတာပေါ့...”
R2 က ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။
“ဒါကမှ တကယ့်စစ်မှန်တဲ့ ဗျူဟာပဲ၊ စောစောက ဆီတင်ကားတွေ သုံးတာကလည်း စိတ်ကူးကောင်းတစ်ခုပဲ... မင်းတို့ရဲ့ ဉာဏ်ရည်က ငါထင်ထားတာထက် ပိုမြင့်ပုံရတယ်”
သူ ထိုသို့ပြောပြီးနောက် ရုတ်တရက် အပေါ်သို့ ခုန်တက်လိုက်သည်။
“ဒါပေမဲ့ စိတ်မကောင်းပါဘူး... ဒါက အသုံးမဝင်ဖြစ်သွားဦးမှာပဲ”
R2 ၏ ခုန်ချက်သည် အစပိုင်းတွင် ပြင်းထန်သော်လည်း အလွန်မြင့်သောနေရာသို့ မရောက်သွားဘဲ မြေပြင်မှ နှစ်မီတာခန့်အကွာသို့သာ ရောက်ရှိသွား၏။ သို့သော်လည်း သူ ဆက်လက်လုပ်ဆောင်လိုက်သည့် အရာက ထိုစွမ်းအင်အားလုံး မည်သည့်နေရာသို့ ရောက်သွားသည်ကို လျင်မြန်စွာ ရှင်းပြလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
R2 ၏ ခန္ဓာကိုယ်သည် လေထဲတွင် ချက်ချင်းအရှိန်မြှင့်ကာ အလျင်အမြန်လည်ပတ်သွားပြီး သူ့ခြေထောက်များကို ဆန့်တန်းလျက် အရပ်မျက်နှာအနှံ့သို့ လေဟာနယ်ဓားချက်များကို ဆက်တိုက် ပစ်လွှတ်လိုက်တော့သည်။
လခြမ်းပုံသဏ္ဌာန် စွမ်းအားဓားချက် အမြောက်အမြားသည် လေထဲတွင် ဘေးတိုက်လည်ပတ်ရင်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြသည်။ စတီးဓားသွားများကဲ့သို့ ပုံသဏ္ဌာန်ရှိပြီး အမြောက်ဆန်များကဲ့သို့ အားပြင်းလှသော ဤပျံ့ကြဲတိုက်ခိုက်မှုကြီးသည် အော်ရီဂျင်အဖွဲ့အစည်းရှိ မူမမှန်မှုများကို လုံးဝအနားမရအောင် တိုက်ခိုက်တော့သည်။
ပြီးပြည့်စုံသော စက်ဝိုင်းပုံစံ တိုက်ခိုက်မှုစက်ဝိုင်းကြီးတစ်ခုသည် လျင်မြန်စွာ ကျယ်ပြန့်လာပြီး ၎င်းအတွင်းရှိ အရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်ထားသော အားအဟုန်ဖြင့် ဆုတ်ဖြဲဖျက်ဆီးပစ်လိုက်လေသည်။
အမြင့်တစ်နေရာမှနေ၍ ကြည့်နေရသော ဖုန်းပုကြွယ်သည် လုံးဝ မှင်တက်မိသွားခဲ့သည်။ R2 ၏ ကန်ချက်သည် အမှန်တကယ်တွင် ‘မုန်တိုင်းကန်ချက်’ ဖြစ်သော်လည်း ဤအကွက်မှာ ပိုမိုမြင့်မားသောအဆင့်တွင် အသုံးချခြင်းဖြစ်ပြီး သူ အခုလေးတင် သင်ယူထားသော အခြေခံ ‘မုန်တိုင်းကန်ချက်’နှင့် လုံးဝ နှိုင်းယှဉ်မရကြောင်း သူ မြင်နိုင်ပေသည်။
ဤသည်မှာ သည်းထိတ်ရင်ဖိုသုခဘုံ၏ စကေးစနစ်ထဲရှိ အပြင်အဆင်တစ်ခု ဖြစ်ပြီး ဖုန်းပုကြွယ်၏ ‘အလျင်အမြန်ပြုပြင်ခြင်း’မှာ ‘လျင်မြန်စွာပြုပြင်ခြင်း’ မှတစ်ဆင့် အဆင့်တက်လာခြင်းမျိုး ဖြစ်သကဲ့သို့ အခြားစကေးများတွင်လည်း ယခုကဲ့သို့သော အခြေအနေမျိုး ရှိတတ်သည်။
R2 ယခု အသုံးပြုနေသော ‘မုန်တိုင်းကန်ချက် - လှည့်ပတ်နေသောအဖြူရောင်ဓားသွား’ မှာ အကယ်၍ ကျွမ်းကျင်မှုအဆင့်ဖြင့် တိုင်းတာမည်ဆိုပါက သံသယဝင်စရာမလိုဘဲ အဆင့် S ဖြစ်ပေလိမ့်မည်။ သို့သော် လက်တွေ့တွင်မူ ဤအကွက်အတွက် စကေးကတ်ဟူ၍ မရှိချေ။ ဤအကွက်သည် အပိုစကေးနေရာကိုလည်း မယူထားပေ။ အနှစ်သာရအားဖြင့် ၎င်းသည် ‘မုန်တိုင်းကန်ချက်’ မျှသာ ဖြစ်သည်။ အသုံးပြုသူ၏ စွမ်းအားက အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားသည့်အခါ ကွဲပြားသော ပုံစံသစ်တစ်ခု အလိုအလျောက် ဖြစ်ပေါ်လာခြင်းသာ ဖြစ်သည်။
“အိုး... အသက်ရှင်ကျန်နေတဲ့သူ ရှိသေးတာပဲ...”
R2 သည် သူ့အကွက် ပြီးဆုံး၍ မြေပြင်သို့ ဆင်းသက်ပြီးနောက် လှည့်ပတ်နေသောအဖြူရောင်ဓားသွားဒဏ်မှ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သည့် အော်ရီဂျင် အဖွဲ့အစည်းက မူမမှန်မှုကို ချက်ချင်း လှည့်ကြည့်လိုက်သည်။
ဝေါင်း။
ကျားတစ်ကောင်၏ ဟိန်းသံနှင့်အတူ လျင်မြန်လှသော အရိပ်တစ်ခု ပြေးဝင်လာခဲ့သည်။
အသက်ရှင်ကျန်ရစ်သူသည် R2 ဆီသို့ အောင်မြင်စွာ တိုးကပ်လာပြီး သူ့လက်ဝါးများကို သားရဲတစ်ကောင်၏ အစွယ်များကဲ့သို့ ထိုးနှက်လိုက်ရာ ထိုတိုက်ခိုက်မှုများမှ ပယင်းရောင်အလင်းတန်းများ ဖြာထွက်လာလေသည်။
ထိုတိုက်ခိုက်မှုသည် စွမ်းအားပြင်းကြောင်း ထင်ရှားလှသဖြင့် ဤမူမမှန်မှုမှာ သာမန်ပြိုင်ဘက် မဟုတ်သည်ကတော့ သေချာပေသည်။
ခြေလှမ်းမတည်မငြိမ် ဖြစ်နေသော R2 သည် ခုခံရန်အတွက် သူ၏ လက်မောင်းနှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ကြက်ခြေခတ်ကာရုံသာ တတ်နိုင်လိုက်သည်။ ထိုရိုက်ချက်၏ အားအဟုန်ကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး နောက်သို့ လွင့်ထွက်သွားရသည်။
ရှပ်…ဘန်း။
R2 ၏ ခြေထောက်နှစ်ဖက်သည် မြေပြင်ပေါ်တွင် ပွတ်တိုက်မိပြီး အရှိန်ကို အနည်းငယ်မျှသာ လျှော့ချနိုင်လိုက်သည်...။ နောက်ဆုံးတွင် သူ့ကျောပြင်သည် ဈေးဝယ်ကုန်တိုက်၏ နံရံတစ်ခုနှင့် ဆောင့်မိသွားပြီး ကွန်ကရစ်နံရံအထူကြီး၏ အပိုင်းအစတစ်ခု အက်ကွဲသွားပြီးမှသာ သူ လုံးဝ ရပ်တန့်သွားခဲ့သည်။
“ဒါကြောင့်ကိုး... ‘သားရဲအသွင်မြှင့်တင်ခြင်းအတတ်’ ကို ခံယူထားတာကိုး... အဆင့် ၄ အကောင်တစ်ကောင်က ဒီလောက်ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
R2 သက်ပြင်းချလိုက်သည်။
“ယွမ်... ကတော့ တကယ့်ကို အန္တရာယ်များတဲ့ အရာတစ်ခုကို ထပ်လုပ်လိုက်ပြန်ပြီ၊ ငါ ပြန်ရောက်ရင် သေချာပေါက် အစီရင်ခံရလိမ့်မယ်”
“ဟေး... ငါကတော့ တကယ်ကြီး ဘေးကနေပဲ ရပ်ကြည့်နေချင်တာပါနော်…”
ထိုအခိုက်အတန့်တွင် ဖုန်းပုကြွယ်သည် R2 ၏ အုပ်စုလိုက်တိုက်ခိုက်ရေးစကေး ပြီးဆုံးသွားသည်ကို မြင်လိုက်ရသဖြင့် မွန်းဝေါ့ခ်ခြေလှမ်းကို အသုံးပြုကာ လေထဲမှ ဖြည်းညှင်းစွာ ဆင်းသက်လာပြီး R2 ၏ ဘေးနားမလှမ်းမကမ်းတွင် လာရောက် ရပ်တန့်လိုက်သည်။
“ဒါပေမဲ့ ငါမေးချင်နေတုန်းပဲ... မင်း ငါ့အကူအညီ လိုသေးလား”
“မင်း ငါ့ကို အထင်သေးနေတာပဲ...”
R2 က ဖုန်းပုကြွယ်ဘက် လှည့်ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။
သူ့အပြုံးသည် စက္ကန့်ဝက်ပင် မခံခဲ့ပါချေ။ အဘယ်ကြောင့်ဆိုသော် သဲအိတ်အရွယ်အစားရှိသော လက်သီးတစ်လုံးက သူ့မျက်နှာတည့်တည့်သို့ ရုတ်တရက် ရိုက်မိသွားသောကြောင့် ဖြစ်သည်။
“သားရဲအသွင် မြှင့်တင်ခြင်း” ခံယူထားသူသည် သူ၏ အားသာချက်ကို အသုံးချကာ အနားသို့ ရောက်ရှိလာပြီ ဖြစ်သည်။ သူသည် လက်သီးရော ခြေထောက်ပါ အသုံးပြုလျက် လက်သီးချက်များနှင့် ကန်ချက်များကို ပေါင်းစပ်ကာ R2 ကို နံရံတွင် ကပ်ထားပြီး ကရုဏာမဲ့စွာ အဆက်မပြတ် ထိုးနှက်တော့သည်။
“အဲဒီ နောက်ဆုံးတစ်ချက်ကတော့ မဆိုးပါဘူး”
R2 သည် အထိုးခံနေရင်း အလွန်တည်ငြိမ်သော လေသံဖြင့် သူ့ပြိုင်ဘက်ကို စကားပြောလိုက်သည်။
“ဒါပေမဲ့ အခု ထိုးနေတာတွေကတော့ ယားယံတာကို ဖိနပ်ပေါ်ကနေ ကုတ်နေသလိုမျိုးပဲ”
ရုတ်တရက် R2 ၏ ပုံရိပ်က ဖုန်းပုကြွယ်၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွား၏။
နောက်တစ်စက္ကန့်တွင် ကောင်းကင်ယံမှ ဓားအလင်းတန်းတစ်ခု ကျဆင်းလာပြီး သားရဲအသွင် မြှင့်တင်ထားသော မူမမှန်မှုကို အပေါ်မှအောက်သို့ ထက်ပိုင်း ပိုင်းချလိုက်တော့သည်။ ၎င်း ပြုတ်ကျသွားချိန်တွင် ဖုန်းပုကြွယ်သည် သူရပ်နေရာထောင့်မှ အလောင်း၏ ဖြတ်ပိုင်းကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ ဓားချက်၏ အံ့အားသင့်ဖွယ်လျင်မြန်မှုကြောင့် ဖြတ်ပိုင်းမှာ ထူးခြားစွာ သန့်စင်နေပြီး အတွင်းကလီစာများ၊ အရိုးများ၊ ကြွက်သားများ... အားလုံးကို ခန္ဓာဗေဒပြရုပ်ပုံကားချပ်တစ်ခုကဲ့သို့ ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရလေသည်။
R2 သည် အေးအေးလူလူဖြင့် မြေပြင်သို့ ဆင်းသက်ကာ ငြိမ်သက်စွာ မတ်တပ်ရပ်လိုက်သည်။
“ကုန်ကုန်ပြောရရင် အဆင့် ၄ ပဲ ရှိသေးတာမလို့ ဒေတာစွမ်းအားက ကန့်သတ်ချက် ရှိတယ်၊ ဒီလိုအကွက်မျိုးကို အချိန်တိုအတွင်းမှာ အဆက်မပြတ် အသုံးမပြုနိုင်ဘူး”
သူတွေးတောရင်း ရေရွတ်လိုက်ပြီးနောက် ဖုန်းပုကြွယ်ဘက်သို့ လှည့်မကြည့်ဘဲ ပြောလိုက်သည်။
“မင်းရဲ့ စေတနာနဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ မင်း အဲဒီကတ်တွေကို အခု သိမ်းထားလိုက်လို့ ရပါပြီ”
ထိုအခိုက်အတန့်တွင် ဖုန်းပုကြွယ်သည် သေမင်းဖဲချပ်များကို ကိုင်လျက် လုံးဝ ကြောင်အနေသောမျက်နှာပေးဖြင့် နေရာတွင်တင် တောင့်တောင့်ကြီး ဖြစ်နေတော့သည်။
သူသည် ယခုလေးတင် ကူညီပေးချင်ရုံသာ ရှိသေးသော်လည်း မထင်မှတ်ဘဲ သူ လက်မြှောက်ချိန်မှာပင် တိုက်ပွဲက ချက်ချင်း ပြီးဆုံးသွားခဲ့ရခြင်းဖြစ်သည်။
“အင်း... အဟမ်း”
ဖုန်းပုကြွယ်သည် သူ၏ စိတ်ဝိညာဉ်လက်နက်ကို ပြန်သိမ်းလိုက်ပြီး သူ့ကိုယ်သူ လှောင်ပြောင်လိုက်သည့်အလား လည်ချောင်းတစ်ချက် ရှင်းလိုက်သည်။
“ကောင်းပါပြီ၊ အခုတော့ မင်းရဲ့ စွမ်းအားကို ငါတော်တော်လေး နားလည်သွားပါပြီ... လမ်းပြပါတော့”