အခန်း ၂၃၁
Vol. 24 Ch. 231
အခန်း။ ၂၃၁
ထိုသို့ပြောပြီးနောက် လျူကွမ်း၏ မျက်နှာတစ်ခုလုံး ပုပ်သိုးသွားကာ ဘာစကားမျှ ထပ်မပြောတော့ချေ။
သို့သော် သူ၏ ရင်ထဲတွင်မူ နာကျည်းမုန်းတီးစိတ်များမှာ အတိုင်းအဆမရှိ ကိန်းဝပ်နေတော့သည်။
ယနေ့တွင် သူသည် အဖိုးတန်ရတနာများစွာ ဆုံးရှုံးခဲ့ရရုံတင်မကဘဲ သိက္ခာပါ တစိမ့်စိမ့် လျှောကျခဲ့ရခြင်းပင်။
လျူကွမ်းက အရှုံးကို ဝန်ခံလိုက်ပြီးနောက် ကျန်ရှိနေသူများမှာလည်း တိတ်ဆိတ်သွားကြသည်။ သို့သော် ကုယွမ်ကို ကြည့်သော သူတို့၏ အကြည့်များမှာ သိသိသာသာပင် ရှုပ်ထွေးနေခဲ့ကြပြီ ဖြစ်သည်။
ယခင်က ကုယွမ်သည် ရွှေအမြုတေနယ်ပယ် မိစ္ဆာတစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့သည်ဟူသော ကောလာဟလမှာ အခြားသော အကြောင်းအရင်းများကြောင့် သို့မဟုတ် ကုယွမ် ကံကောင်းသွား၍သာ ဖြစ်မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း ယခု မျက်ဝန်းအစုံဖြင့် ကုယွမ်က လျူကွမ်းကို အပြတ်အသတ် အနိုင်ယူလိုက်သည်ကို မြင်တွေ့လိုက်ရချိန်တွင်မူ ကုယွမ်၏ စွမ်းဆောင်ရည်ကို မည်သူမျှ သံသယမဝင်ရဲတော့ချေ။
တကယ့် ပြက်လုံးတစ်ခုပင်။
နတ်ဘုရားကူဂိုဏ်း၏ တပည့်စစ်စစ်ဖြစ်သော လျူကွမ်းပင်လျှင် ကုယွမ်၏ လက်ချက်ဖြင့် ကျရှုံးခဲ့ရသည်ဆိုလျှင် ကုယွမ်အနေဖြင့် ရွှေအမြုတေနယ်ပယ် မိစ္ဆာတစ်ကောင်ကို သတ်နိုင်ခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
“စီနီယာအစ်ကိုလျူက အခုလို ပွင့်ပွင့်လင်းလင်း လက်ခံတာ ကောင်းပါတယ်ဗျာ"
ကုယွမ်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သော်လည်း သူ၏ စကားလုံးများထဲတွင် နက်နဲသော အဓိပ္ပာယ်များ ပါဝင်နေသည်။
“ဒါပေမဲ့ အကြောင်းအရာတစ်ခုကိုတော့ စီနီယာအစ်ကိုလျူ မေ့မပစ်ဖို့ မျှော်လင့်ပါတယ်"
လျူကွမ်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ကုယွမ် ဆိုလိုသည်ကို ကောင်းစွာ သဘောပေါက်သည့်အတွက် အေးစက်စွာ တုံ့ပြန်လိုက်သည်။
“မင်း သတိပေးနေဖို့ မလိုပါဘူး"
စကားဆုံးသည်နှင့် သူ၏ ဝတ်ရုံလက်အင်္ကျီကို ဝေ့ယမ်းလိုက်ရာ ရတနာသုံးခုမှာ ကုယွမ်၏ ရှေ့မှောက်သို့ ကျရောက်လာတော့သည်။
၎င်းတို့မှာ ခရမ်းပြာအမွှာကြာပန်း၊ ကမ္ဘာမြေအဆီအနှစ်ကျောက်နို့ရည် ဝက်ပုလင်းနှင့် သစ်သားသေတ္တာငယ်တစ်ခုအတွင်း ထည့်သွင်းထားသော မိုးကြိုးပင့်ကူဥတစ်လုံးတို့ ဖြစ်ကြသည်။
ကုယွမ်သည် ဖုံးကွယ်မနေတော့ဘဲ သစ်သားသေတ္တာကို ချက်ချင်းဖွင့်ကာ သေချာစွာ စစ်ဆေးလိုက်သည်။
မိုးကြိုးပင့်ကူဥမှာ လက်သီးဆုပ်ခန့် ရှိပြီး ထိပ်နှစ်ဖက်မှာ အနည်းငယ် ချွန်ကာ ချောမွေ့သော ဗိုင်းလိပ်တံ ပုံသဏ္ဌာန် ရှိသည်။
ဥခွံတစ်ခုလုံးမှာ တောက်ပနေသော ခရမ်းရောင်ကျောက်စိမ်းကဲ့သို့ ဖြစ်နေပြီး ၎င်း၏ မျက်နှာပြင်ထက်တွင် မှုံဝါးဝါး မိုးကြိုးအလင်းတန်းများ တစ်ချက်တစ်ချက် ဖြတ်လက်နေသည်ကို မြင်တွေ့ရသည်။
ဥခွံ၏ အတွင်းပိုင်း၌မူ အလွန် အားကောင်းပြီး သန့်စင်လှသော သက်စောင့်စွမ်းအားများ ကိန်းအောင်းကာ လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။
ရတနာများကို လက်ခံရရှိလိုက်သည့် ထိုအခိုက်အတန့်တွင်ပင် သူ၏ မျက်စိရှေ့၌ သေးငယ်သော စာတန်းအချို့ ဖြတ်ခနဲ ပေါ်လာတော့သည်။
[တာအိုအနှစ်သာရရမှတ် +၄၆၅]
[တာအိုအနှစ်သာရရမှတ် +၅၃၇]
[တာအိုအနှစ်သာရရမှတ် +၆၇၉]
ထို့အပြင် ကုယွမ်က မိုးကြိုးပင့်ကူဥကို ထိတွေ့လိုက်ချိန်တွင်လည်း အချက်အလက်အချို့ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
[သင်သည် မိုးကြိုးပင့်ကူဥ (ရွှေအဆင့်တု) ကို ရရှိထားပါသည်။ ဥဖောက်ရန် တာအိုအနှစ်သာရရမှတ် ၁၀၀၀ သုံးစွဲလိုပါသလား။]
[မိုးကြိုးပင့်ကူဥ (ရွှေအဆင့်တု) သည် ငြိမ်သက်ခြင်းအခြေအနေတွင် ရှိနေပါသည်။ တာအိုအနှစ်သာရရမှတ် ၆၅၀၀ သုံး၍ အဆင့်မြှင့်တင်နိုင်ပါသည်။
အတည်ပြုမလား ငြင်းပယ်မလား။]
[မှတ်ချက် - တာအိုအနှစ်သာရရမှတ် မလုံလောက်ပါက အဆင့်မြှင့်တင်ခြင်း လုံးဝ မအောင်မြင်နိုင်ပါ။ ကျေးဇူးပြု၍ သေချာစွာ ဆုံးဖြတ်ပါ။]
...
“ရွှေအဆင့်တု ဟုတ်လား... ဒီလိုအဆင့်မျိုးလည်း ရှိသေးတာပဲ...”
ကုယွမ် အနည်းငယ် အံ့ဩသွားရသည်။ သူ၏လက်ထဲမှ မိုးကြိုးပင့်ကူဥ၏ အရည်အသွေးမှာ ဤမျှအထိ ကောင်းမွန်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
“ရွှေအဆင့်တု” ဟူသော အဓိပ္ပာယ်ကို သူ နားလည်သည်။ ၎င်းသည် အနီရောင်အဆင့်ထက် ပိုမိုအစွမ်းထက်ပြီး စစ်မှန်သော ရွှေအဆင့်ထက်မူ အနည်းငယ် လိုအပ်ချက် ရှိနေခြင်းကို ဆိုလိုခြင်းပင်။
သို့သော် သေချာစဉ်းစားကြည့်လျှင် ဤသည်မှာ မဆန်းပေ။ မိုးကြိုးပင့်ကူများသည် မိုးကြိုးဓာတ်သဘာဝရှိသော ကူပိုးကောင်များ ဖြစ်ကြပြီး အလွန်ရှားပါးလှသည်။
ကြီးပြင်းလာသော မိုးကြိုးပင့်ကူများသည် ရွှေအမြုတေနယ်ပယ် မဟာကျင့်ကြံသူတစ်ဦးနှင့် အဆင့်တူညီနိုင်စွမ်း ရှိကြပြီ၊ ၎င်းတို့၏ မွေးရာပါ မိုးကြိုးစွမ်းရည်ကြောင့် သာမန်ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူ အမြောက်အမြား ပေါင်းတိုက်လျှင်ပင် အလွယ်တကူ နှိမ်နင်းနိုင်ရန် မလွယ်ကူချေ။
အချို့သော မိုးကြိုးပင့်ကူဘုရင်များဆိုလျှင် ယင်ဝိညာဉ်အဆင့် မဟာတန်ခိုးရှင်ကြီးများ၏ စွမ်းအားမျိုးအထိပင် ရောက်ရှိအောင် ကြီးထွားနိုင်ကြရာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
ထို့ကြောင့် ဤကဲ့သို့သော ကူပိုးကောင်တစ်ကောင်၏ ဥသည် ရွှေအဆင့်တု အရည်အသွေး ရှိနေခြင်းက ဆန်းကြယ်သောအရာ မဟုတ်ပေ။
ဘေးပတ်ဝန်းကျင်ရှိသူများ၏ မနာလိုဝန်တိုစိတ်နှင့် လောဘဇောများ ပြည့်နှက်နေသော အကြည့်များကြားမှပင် ကုယွမ်သည် သူ၏ လက်ဖဝါးကို လှန်ကာ ရတနာသုံးခုစလုံးကို သိုလှောင်အိတ်ထဲသို့ အေးဆေးစွာ သိမ်းဆည်းလိုက်သည်။
ယခုအချိန်သည် မိုးကြိုးပင့်ကူဥကို အဆင့်မြှင့်တင်ရန် အချိန်မဟုတ်သေးချေ။
ကျန်ရှိသော ရတနာနှစ်ခုအနက် ကမ္ဘာမြေအဆီအနှစ်ကျောက်နို့ရည်သည် စစ်မှန်သောချီစွမ်းအင်များကို ပျိုးထောင်ပေးနိုင်ပြီး မူလအရင်းအမြစ်များကို ဖြည့်တင်းပေးကာ ကျင့်ကြံသူ၏ ပါရမီနှင့် အရိုးအဆစ်တည်ဆောက်ပုံကို မြှင့်တင်ပေးနိုင်သည်။
ဤရတနာကိုမူ ပြန်ရောက်သည်နှင့် ချက်ချင်း သန့်စင်ပြီး စုပ်ယူအသုံးချနိုင်သည်။
ခရမ်းပြာအမွှာကြာပန်းအကြောင်းကိုမူ အထူးပြောနေရန် မလိုတော့ပေ။ ၎င်းကို ချက်ချင်း သန့်စင်၍ စုပ်ယူလိုက်ပါက သူ၏ ကျင့်ကြံခြင်းအဆင့်အတန်းကို တိုက်ရိုက် မြှင့်တင်ပေးနိုင်မည်ပင်။
ဤရတနာသုံးခုအနက် တစ်ခုချင်းစီသည် ဝိညာဉ်ကျောက်တုံး သောင်းချီကာ တန်ဖိုးရှိလှပြီး အချို့ဆိုလျှင် ဝိညာဉ်ကျောက်တုံးများစွာ ပေးလျှင်ပင် ဝယ်ယူ၍မရနိုင်သော အဖိုးမဖြတ်နိုင်သည့် ရတနာများ ဖြစ်ကြပေတော့သည်။
ကုယွမ်အတွက်မူ ဤလောင်းကြေးထပ်တိုက်ပွဲသည် အလွန်အမင်း အမြတ်အစွန်းများပြားလှသော ပွဲတစ်ပွဲ ဖြစ်ခဲ့သည်ဟု ဆိုရပေမည်။
“စီနီယာအစ်ကိုဖန်... ကျွန်တော် သွားတော့မယ်ဗျာ"
ကုယွမ်သည် အသက်နှင့်သေခြင်းပလ္လင်ပေါ်မှ ဖျတ်ခနဲ ခုန်ဆင်းလိုက်ပြီး ဖန်ရှောက်ကျဲကို နှုတ်ဆက်ကာ ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။
“ဂျူနီယာညီလေးကု... မင်း...”
ဖန်ရှောက်ကျဲသည် စကားတစ်ခွန်းခုန် ပြောရန် ပါးစပ်ဟလိုက်သော်လည်း ကုယွမ်က နောက်သို့တစ်ချက်မျှ ပြန်မကြည့်ဘဲ ထွက်ခွာသွားသည်ကို မြင်ရသဖြင့် နောက်ဆုံးတွင် ဘာမှမပြောတော့ချေ။
သူသည် အစက ကုယွမ်ကို ကျောက်စိမ်းအိုးမျှော်စင်သို့ တိုက်ရိုက် ခေါ်ဆောင်သွားရန် ရည်ရွယ်ခဲ့ခြင်းပင်။
သို့သော် ကုယွမ်သည် ပြင်းထန်လှသော တိုက်ပွဲကြီးကို ဆင်နွှဲထားခဲ့ရရုံတင်မကဘဲ ယခုလည်း ရရှိလာသော ရတနာအကျိုးအမြတ်များကို အမြန်ဆုံး ပြန်လည်အသုံးချရန်နှင့် ခန္ဓာကိုယ်ကို ပြန်လည်ပျိုးထောင်ရန် အလုပ်ရှုပ်နေမည်မှာ သိသာလှသဖြင့် သူ၏စကားကို နားထောင်ချင်မှ နားထောင်ပေလိမ့်မည်။
အကယ်၍ ယခင်ကဆိုလျှင်မူ သူသည် စီနီယာအစ်ကိုတစ်ဦး၏ အခွင့်အာဏာကို သုံး၍ ကုယွမ်ကို ကျောက်စိမ်းအိုးမျှော်စင်သို့ တိုက်ရိုက်ခေါ်သွားမိလိမ့်မည်။
သို့သော် စောစောက ကုယွမ်၏ ပြောင်မြောက်လှသော ဓားသိုင်းပညာနှင့် ဆန်းပြားသော နည်းဗျူဟာများကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးနောက်တွင်မူ စီနီယာအစ်ကိုတစ်ဦးအနေဖြင့် ကုယွမ်၏ရှေ့မှောက်တွင် မောက်မာရဲတင်းရန် အရှိန်အဝါ မရှိတော့ပေ။
ရှန်ယုမင်း၏ ဘေးမှ ဖြတ်သန်းသွားချိန်တွင် ကုယွမ်က လက်ဦးပြုကာ ကျေးဇူးတင်စကား ပြောလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
“အစ်ကိုရှန်ရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်ဗျာ။ ဒီနေ့ စားပွဲသောက်ပွဲက တကယ့်ကို ထူးခြားပြောင်မြောက်လှပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ တခြားလုပ်စရာ ကိစ္စလေးတွေ ရှိနေသေးလို့ ခွင့်ပြုပါဦး ခင်ဗျာ"
သူက “ဧည့်ဝတ်ကျေပွန်မှု” ဟု ပြောလိုက်ချိန်တွင် အသံကို သိသိသာသာ လေးလံအောင် ဖိပြောသွားခဲ့သည်။
၎င်းစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်မှာ အစောပိုင်းက သူ့ကို ပြဿနာထဲဆွဲသွင်းရန် မြှောက်ပင့်ပေးခဲ့သည့်အပေါ် မကျေနပ်ကြောင်း သွယ်ဝိုက်၍ ဖော်ပြလိုက်ခြင်းပင်။
ကုယွမ်အနေဖြင့် ထိုသို့ပြောခြင်းမှာ မတရားသဖြင့် စွပ်စွဲခြင်း မဟုတ်ပေ။
လျူကွမ်းနှင့် လောင်းကြေးထပ်တိုက်ပွဲ ဖြစ်ပွားခဲ့ရခြင်းမှာ အကယ်၍ ရှန်ယုမင်း ကြားဝင်စွက်ဖက်ခြင်း မရှိခဲ့ပါက လုံးဝ ဖြစ်လာစရာ အကြောင်းမရှိချေ။
ကုယွမ်သည် ကြီးမားသော အကျိုးအမြတ်များကို ရရှိခဲ့သည်မှာ မှန်သော်လည်း အမှန်အတိုင်း ပြောရလျှင် ဤအခြေအနေ ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းမှာ ရှန်ယုမင်းကြောင့် ဖြစ်ပြီး သူ၏ စိတ်ရင်းအမှန်က ဘာလဲဆိုသည်ကိုမူ မသိနိုင်ပေ။
ကုယွမ် လောင်းကြေးထပ်ပွဲမှ ရရှိခဲ့သော ရတနာများမှာလည်း သူ၏ ကိုယ်ပိုင်အရည်အချင်းဖြင့် အနိုင်ယူရရှိခဲ့ခြင်း ဖြစ်ပြီး ရှန်ယုမင်းနှင့် ဘာမျှ သက်ဆိုင်ခြင်း မရှိချေ။
ရှန်ယုမင်းသည် ကုယွမ်၏ သရော်စာစကားကို သဘောပေါက်ခြင်း ရှိမရှိ မပြသဘဲ ခပ်ဖွဖွ ရယ်မောလိုက်ပြီး ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။
“အားနာမနေပါနဲ့ အစ်ကိုကုရယ်... ဂရုစိုက်ပြီး သွားပါဦး"
လျူကွမ်းမှာမူ အသက်နှင့်သေခြင်းပလ္လင်ထက်တွင် တစ်ခွန်းမျှ မဟဘဲ မတ်တတ်ရပ်နေဆဲ ဖြစ်ပြီး မှုန်မှိုင်းနေသော မျက်နှာဖြင့် ကုယွမ် ထွက်ခွာသွားရာ နောက်ကျောပြင်ကို စိုက်ကြည့်ရင်း ရွေ့လျားခြင်း မရှိတော့ချေ။
...
ကုယွမ်သည် သူ၏ နေအိမ်သို့ ပြန်ရောက်သောအခါ ပထမဦးစွာ ခြံဝင်းအတွင်းရှိ တားမြစ်ချက် မှော်အစီအရင်များကို အသက်သွင်းလိုက်ပြီးနောက် ခြံဝင်းအနှံ့တွင် နဂါးထောင်ချောက် အစီအရင်ကို ထပ်မံချထားလိုက်သည်။
ထို့နောက်မှသာ ခရမ်းပြာအမွှာကြာပန်း ထည့်ထားသော သစ်သားသေတ္တာကို ထုတ်ယူလိုက်တော့သည်။
သစ်သားသေတ္တာကို ဖွင့်လိုက်သောအခါ အတွင်း၌ တစ်ပေကျော်ခန့် ရှည်လျားသော အမွှာကြာပန်းကို မြင်တွေ့လိုက်ရသည်။ ကြာပန်းနှစ်ပွင့်အနက် တစ်ပွင့်မှာ ခရမ်းရောင် ဖြစ်ပြီး အခြားတစ်ပွင့်မှာ ပြာရောင် ဖြစ်သည်။
တစ်ပွင့်က နံနက်ခင်း နေမင်း၏ နွေးထွေးတောက်ပသော အရှိန်အဝါမျိုး ရှိနေပြီး အခြားတစ်ပွင့်မှာမူ အေးစက်သန့်စင်သော သဘာဝကို ဆောင်နေသည်။
ဤအရာသည်ကား စစ်မှန်သော ခရမ်းပြာအမွှာကြာပန်းပင် ဖြစ်ပေတော့သည်။
ကုယွမ်သည် ၎င်းကို အထက်မှအောက်သို့ သေချာစွာ စစ်ဆေးကြည့်လိုက်ပြီး အထူးသဖြင့် မပွင့်ရသေးသော ကြာငုံနှစ်ငုံကို ကြည့်ကာ နှမြောတသဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်မိသည်။
“တကယ် နှမြောစရာကောင်းတာပဲ... ဒီခရမ်းပြာအမွှာကြာပန်းက အလွန်ဆုံးရှိမှ အသက်သက်တမ်း နှစ်တစ်ထောင်ကျော်ပဲ ရှိသေးတာကိုး။ အကယ်၍ ဒါက လုံးဝ ဖူးပွင့်သွားခဲ့မယ်ဆိုရင် ဆေးစွမ်းပြည့်ဝမှုက ဆတိုး တိုးတက်လာမှာ ဖြစ်ပြီး... ငါ့ကို ကောင်းကင်ဘုံလူသားနယ်ပယ်ရဲ့ မဟာပြီးပြည့်စုံခြင်းအဆင့်အထိ တိုက်ရိုက် ရောက်ရှိသွားစေဖို့ လုံလောက်လိမ့်မယ်"
အသက်သက်တမ်း နှစ်တစ်ထောင်ချင်း တူညီသော ဝိညာဉ်ဆေးပင်များ ဖြစ်လင့်ကစား တစ်ခုက နဝမအဆင့် ဖြစ်နိုင်ပြီး အခြားတစ်ခုက ပထမအဆင့် ဖြစ်နိုင်ရာ ၎င်းတို့၏ ဆေးဖက်ဝင်စွမ်းရည် ကွာဟချက်မှာ မိုးနှင့်မြေကဲ့သို့ ကွာခြားလှသည်။
ဤခရမ်းပြာအမွှာကြာပန်းသည် သက်တမ်း အလွန်မရင့်သေးသော်လည်း ၎င်း၌ ပါဝင်သော ဆေးစွမ်းအင်များမှာ ကုယွမ်ကို နယ်ပယ်ငယ်တစ်ခု တိုက်ရိုက်တက်လှမ်းစေပြီး ကောင်းကင်ဘုံလူသားနယ်ပယ်၏ အောင်မြင်မှုအဆင့်ကြီးသို့ ရောက်ရှိစေရန် လုံလောက်သည်။
ကုယွမ်အနေဖြင့် ကောင်းကင်ဘုံလူသားနယ်ပယ်သို့ စတင်ဖောက်ထွက်အောင်မြင်ခဲ့သည့် အချိန်မှစ၍ ယခုအချိန်အထိ ရေတွက်ရလျှင် အမှန်တကယ်တော့ လေးလခန့်သာ ရှိသေးသည်။
အကယ်၍ သူသည် ပုံမှန်အတိုင်းသာ အဆင့်ဆင့် ကျင့်ကြံအားထုတ်နေမည်ဆိုပါက ဤအဆင့်သို့ ရောက်ရှိရန် ဆယ်စုနှစ်တစ်ခုမက ပင်ပန်းကြီးစွာ ကြိုးစားရပေလိမ့်မည်။
သို့သော် ယခု ဤခရမ်းပြာအမွှာကြာပန်း ရှိနေပြီဖြစ်ရာ အခြေအနေက လုံးဝ ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။
ခရမ်းပြာအမွှာကြာပန်းတစ်ပင်တည်းဖြင့် ဆယ်စုနှစ်တစ်ခုစာ ပင်ပန်းစွာ ကျင့်ကြံအားထုတ်ရမှုကို အစားထိုးနိုင်စွမ်း ရှိသည်။
ဤအချက်က ကျင့်ကြံသူတစ်ဦး အောင်မြင်မှုရရှိရန်အတွက် ဝီရိယရှိရှိ ကျင့်ကြံခြင်းက အရေးကြီးသော်လည်း အဖိုးတန်လှသော ကျင့်ကြံခြင်း အရင်းအမြစ် ရတနာများ ရှိနေခြင်းကလည်း အလွန် အရေးပါကြောင်း သက်သေပြနေခြင်းပင်။
“ထားလိုက်ပါတော့... နယ်ပယ်ငယ်တစ်ခု တိုးတက်သွားတာတောင် တကယ်ကို မဆိုးပါဘူး။ ငါ ရောင့်ရဲရမှာပေါ့"
အစောပိုင်းက အခြားသူများ၏ လောဘဇော ပြည့်နှက်နေသော အကြည့်များကို ပြန်လည်တွေးတောမိရင်း ကုယွမ် ခပ်ဖွဖွ ရယ်မောလိုက်မိသည်။
အကယ်၍ သူသည် စောစောက သူ၏ လုံလောက်သော ခွန်အားစွမ်းရည်ကို ပြသနိုင်ခြင်း မရှိခဲ့ပါက၊ အဖိုးတန်လှသော ခရမ်းပြာအမွှာကြာပန်း၊ ကမ္ဘာမြေအဆီအနှစ်ကျောက်နို့ရည်နှင့် မိုးကြိုးပင့်ကူဥတို့ကို လုယူရန် လက်ရဲဇက်ရဲ လှုပ်ရှားမည့်သူများ သေချာပေါက် ရှိလာပေလိမ့်မည်။