အခန်း ၂၃၈
Vol. 24 Ch. 238
အခန်း။ ၂၃၈
“ဓားက သူ့လက်ထဲမှာ... ငါကတော့ စဉ်းတီတုံးပေါ်က ငါးပဲ"
မာဖုန်းသည် ဤရိုးရှင်းလှသော အမှန်တရားကို ကောင်းစွာ နားလည်ထားသည်။
ယခုအခါ သူသည် ကုယွမ်၏ လက်တွင်းသို့ လုံးလုံးလျားလျား ကျရောက်နေခဲ့ပြီ ဖြစ်သည်။
ကုယွမ်၏ ယဉ်ကျေးပျူငှာလှသော အမူအရာနှင့် ပြုံးရွှင်နေသည့် မျက်နှာထားကြောင့် လှည့်စားခြင်းမခံရဲပေ။
သူသာ တစ်စုံတစ်ရာ ကောက်ကျစ်ရန် ကြံစည်မိပါက သို့မဟုတ် တိုက်ရိုက်ငြင်းဆန်လိုက်ပါက ကုယွမ်၏ ကြောက်မက်ဖွယ်ကောင်းလှသော နာမည်ဆိုးကြီးအရ သူ့ကို ၈၀ ရာခိုင်နှုန်းခန့် ရက်ရက်စက်စက် သတ်ဖြတ်ပစ်လိမ့်မည်မှာ သေချာသလောက် ရှိသည်။
မာဖုန်းသည် ကောင်းမွန်သော နောက်ခံအသိုင်းအဝိုင်းမှ ဆင်းသက်လာသူဖြစ်ပြီး သူ၏ဖခင် ဆရာကြီးစိမ်းပြာရောင်သစ်သား၏ အလိုလိုက်ခြင်းကိုသာ အမြဲခံခဲ့ရသဖြင့် ဘဝတွင် ဘာဒုက္ခမျှ မကြုံခဲ့ဖူးသလို ကြီးမားသော အနိမ့်အမြင့်များနှင့်လည်း မဆုံတွေ့ခဲ့ဖူးချေ။
ထို့ကြောင့်ပင် သူသည် ယခုအခါ အလွန် ပျာယာခတ်ကာ ကြောက်လန့်နေပြီး သူ၏ အသက်ကို အပေါင်ထား၍ လောင်းကြေးမထပ်ရဲခြင်းပင်။
အထူးသဖြင့် သူ၏ အသက်အန္တရာယ်နှင့် ရင်းရမည့် ကိစ္စမျိုးတွင် ဖြစ်သည်။
“ငါ့ရဲ့ ဆရာက ငါ့ကို သားအမိကျောက်စိမ်းဆွဲပြားတစ်ခု ပေးထားတယ်။ ငါ့ဆီမှာက သားဆွဲပြားရှိပြီး ဆရာ့ဆီမှာက အမိဆွဲပြားရှိတာ။ မိုင်ပေါင်းတစ်သောင်းအတွင်းမှာဆိုရင် ဆရာ့ကို ဘယ်အချိန်မဆို ဆက်သွယ်လို့ရတယ်...”
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မာဖုန်းက ချက်ချင်း ဖွင့်ဟ၍ပြောဆိုလိုက်တော့သည်။
“အဆင်ပြေတာပေါ့... ဒါဆိုရင် စီနီယာအစ်ကိုမာအနေနဲ့ ဦးလေးဆရာစိမ်းပြာရောင်သစ်သားကို အမြန်ဆုံး ဆက်သွယ်ပေးပါဦး"
ကုယွမ်က ပြုံးလျက် ခေါင်းညိတ်လိုက်ပြီးနောက်
“သူ့ကို အမြန်ဆုံးလာခဲ့ဖို့ ပြောလိုက်ပါ။ ဒီမှာ တစ်ယောက်ယောက်က သူ့ကိုတွေ့ပြီး ကိစ္စအချို့ ဆွေးနွေးချင်လို့လို့ပေါ့။ နာရီဝက်ပဲ အချိန်ပေးမယ်... အကယ်၍ သူ နောက်ကျမယ်ဆိုရင်တော့ နောက်ဆက်တွဲ အကျိုးဆက်တွေကို သူကိုယ်တိုင်ပဲ တာဝန်ယူရလိမ့်မယ်"
ထိုစကားကို ကြားရသောအခါ မာဖုန်း၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ သူ တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်စဉ်မှာပင် ကုယွမ်က ဆက်လက်၍ မှာကြားလိုက်ပြန်သည်။
“သြော်... ပြီးတော့ စီနီယာအစ်ကိုမာ... ကျွန်တော့်ရဲ့ အမည်နဲ့ အထောက်အထားကိုတော့ မပြောမိတာ အကောင်းဆုံးပဲနော်။ အဲဒါအပြင်... ဦးလေးဆရာစိမ်းပြာရောင်သစ်သားကို လာတဲ့အခါ ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝိညာဉ်ဆေးလုံးတွေ... ဥပမာ ကျောက်စိမ်းအနှစ်သာရဆေးလုံး၊ အနှစ်သာရမွေးမြူရေးဆေးလုံး၊ ဝိညာဉ်သိုလှောင်ဆေးလုံး စတာတွေကို အများကြီး ယူဆောင်လာခဲ့ဖို့ သတိပေးလိုက်ဦး။ သူ ယူလာတဲ့ပစ္စည်း များလေလေ... ခင်ဗျား အသက်ရှင်ဖို့ အခွင့်အလမ်းက ပိုများလေလေပဲ"
“ကောင်းပါပြီ... ကောင်းပါပြီ ဂျူနီယာညီလေး... စိတ်ချပါ။ ငါ ဆရာ့ကို အကုန်လုံး အသေအချာ ပြောပြလိုက်ပါ့မယ်"
မာဖုန်းသည် စိတ်ထဲ၌ အနည်းငယ် သက်ပြင်းချနိုင်သွားခဲ့ပြီး သူ၏ မျက်ဝန်းထဲမှ စိုးရိမ်ထိတ်လန့်မှုများမှာလည်း အတန်ငယ် လျော့ပါးသွားကာ ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်သည်။
ကုယွမ်၏ ဆိုလိုရင်းမှာ အလွန် ရှင်းလင်းသည်။ ဆရာကြီးစိမ်းပြာရောင်သစ်သားကို သူ့အတွက် ရွေးနုတ်ဖိုးအဖြစ် အဖိုးတန်ရတနာပစ္စည်းများစွာ ယူဆောင်လာခိုင်းခြင်းပင်။ တစ်နည်းအားဖြင့် ပြောရလျှင် ကုယွမ်သည် သူ့ကို သတ်ဖြတ်ပြီး နှုတ်ပိတ်ရန် အစီအစဉ်မရှိဘဲ သူသာ လိမ္မာရေးခြားရှိရှိ စကားနားထောင်မည်ဆိုပါက ဘာမှ ကြောက်လန့်နေစရာ မလိုပေ။
ထို့နောက် မာဖုန်းသည် တောက်ပလှသော ကျောက်စိမ်းဆွဲပြားတစ်ခုကို ထုတ်ယူလိုက်ပြီး ကုယွမ်၏ စောင့်ကြည့်မှုအောက်၌ စစ်မှန်သောချီစွမ်းအင်ကို သုံး၍ ၎င်းကို စတင်၍ အသက်သွင်းလိုက်တော့သည်။
မကြာမီမှာပင် ကျောက်စိမ်းဆွဲပြားထက်မှ ဝိညာဉ်အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် လင်းလက်လာခဲ့ပြီး အတွင်းမှ တည်ငြိမ်လေးနက်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဖုန်းအာ... ဘာကိစ္စရှိလို့လဲ... တစ်ခုခု အဆင်မပြေတာ ဖြစ်လို့လား"
မာဖုန်းသည် ကုယွမ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် အမှန်အတိုင်းပင် ဖြေကြားလိုက်သည်။
“ဆရာ... ကျွန်တော် အခု မြို့ပြင်ကို ရောက်နေပါတယ်"
ဆရာကြီးစိမ်းပြာရောင်သစ်သားက မေးမြန်းလိုက်သည်။
“မင်း မြို့ပြင်ကို ဘာသွားလုပ်တာလဲ"
မာဖုန်းက စကားကို ခေတ္တဖြတ်လိုက်ရင်း...
“တစ်ယောက်ယောက်က ကျွန်တော့်ကို ဒီနေရာကို ခေါ်လာခဲ့တာပါ ဆရာ"
ဆရာကြီးစိမ်းပြာရောင်သစ်သားသည် အခြေအနေ မဟန်ကြောင်း ချက်ချင်း ရိပ်မိသွားခဲ့ပြီး တင်းမာသော လေသံဖြင့် မေးမြန်းလိုက်တော့သည်။
“တကယ်ပဲ ဘာတွေဖြစ်နေတာလဲ... မြန်မြန်ပြောစမ်း”
မာဖုန်းက ပြောလိုက်သည်။
“ဒီလူက ဆရာနဲ့ အငြိုးအတေးအချို့ ရှိနေပုံရပါတယ် ဆရာ။ သူက ဆရာ့ကို ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝိညာဉ်ဆေးလုံးတွေ ယူဆောင်လာခိုင်းပါတယ်... များများယူလာလေ ပိုကောင်းလေပေါ့။ မဟုတ်ရင် သူ ကျွန်တော့်ကို လုံးဝ လွှတ်ပေးမှာ မဟုတ်ဘူး။ ပြီးတော့ ဆရာ့ကို နာရီဝက်အတွင်း ဒီနေရာကို ရောက်အောင်လာခဲ့ဖို့ ပြောပါတယ်... မဟုတ်ရင် အကျိုးဆက်က မတွေးရဲစရာပဲ"
ဆရာကြီးစိမ်းပြာရောင်သစ်သားသည် ခဏမျှ နှုတ်ဆိတ်သွားခဲ့ပြီးနောက် မေးမြန်းလိုက်သည်။
“အဲဒီလူက ဘယ်သူလဲ... ငါ သူ့ကို စကားလှမ်းပြောလို့ ရမလား"
မာဖုန်းသည် ကုယွမ်ကို ထပ်မံ၍ လှမ်းကြည့်လိုက်ရာ ကုယွမ်သည် တည်ငြိမ်အေးစက်သော မျက်နှာထားဖြင့် မည်သည့်တုံ့ပြန်မှုမျှမပြဘဲ ရပ်နေသည်ကို တွေ့ရသဖြင့် သူ၏ ရင်ခွင်တစ်ခုလုံး ထိတ်ခနဲ ဖြစ်သွားရကာ အမြန်ဆုံး ပြန်ပြောလိုက်သည်။
“ဆရာ... တစ်ဖက်လူက စကားမပြောချင်ဘူးဗျ"
“ကောင်းပြီ... ငါ အခုချက်ချင်း ထွက်လာခဲ့မယ်"
ဆရာကြီးစိမ်းပြာရောင်သစ်သား စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် မာဖုန်းနှင့် အဆက်အသွယ်ကို ချက်ချင်း ဖြတ်တောက်လိုက်တော့သည်။
မာဖုန်းက မျက်နှာကို အတင်းအဓမ္မ ပြုံးရင်းဖြင့် မေးလိုက်သည်။
“ဂျူနီယာညီလေးကု... ငါ လုပ်တာ အဆင်ပြေရဲ့လားဗျာ...”
“ကျေးဇူးပါပဲ စီနီယာအစ်ကို"
ကုယွမ်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီးနောက် လက်ကို အသာအယာ မြှောက်လိုက်ရာ မာဖုန်း၏ လက်ထဲရှိ ကျောက်စိမ်းဆွဲပြားမှာ ကုယွမ်၏ လက်တွင်းသို့ အလိုလို ပျံသန်းကာ ရောက်ရှိသွားတော့သည်။
မာဖုန်း၏ မျှော်လင့်တကြီး စိုက်ကြည့်နေမှုကို လျစ်လျူရှုလျက် ကုယွမ်သည် သူ့လက်ထဲရှိ ကျောက်စိမ်းဆွဲပြားကို အသေအချာ စစ်ဆေးကြည့်ရှုရင်း စိတ်ထဲမှ အံ့ဩချီးကျူးနေမိသည်။
သူ၏ အမြင်အရ ဤကျောက်စိမ်းဆွဲပြားသည် မသေမျိုးလောကရှိ မိုဘိုင်းဖုန်းတစ်လုံးနှင့် ဆင်တူသည်။
အဆင့်နိမ့်သော ကော်ပီဗားရှင်းတစ်ခုမျှသာ ဖြစ်ပြီး ဆက်သွယ်ရေးနှင့် တည်နေရာပြသခြင်း အစွမ်းနှစ်ခုသာ ရှိသော်လည်း ထိုအရာက သေချာပေါက် မဆိုးသော ရတနာတစ်ခုပင်။
ထို့နောက် ကုယွမ်က ထိုကျောက်စိမ်းဆွဲပြားကို သူ၏သိုလှောင်အိတ်ထဲသို့ သာမန်ကာလျှံကာ ထည့်လိုက်ရာ မာဖုန်း၏ နှုတ်ခမ်းထောင့်များ တွန့်ကနဲ ဖြစ်သွားသော်လည်း ဘာမှမပြောဘဲ အောင့်အီးနေလိုက်ရသည်။
သူ၏စိတ်ထဲတွင်မူ ဒီတစ်ကြိမ် ငါသာ အသက်ရှင်လျက် လွတ်မြောက်သွားရင် ဒီဆုံးရှုံးမှုကို ဘယ်လိုနည်းနဲ့မဆို ပြန်ပေးဆပ်ခိုင်းရမယ်ဟု ကြံစည်နေမိသည်။
သို့သော်ငြားလည်း မာဖုန်းသည် မကြာမီမှာပင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရိပ်မိလိုက်သည်။ သူ မော့ကြည့်လိုက်ရာ ကုယွမ်က သူ့ကို မပြုံးမရယ်သော မျက်နှာထားဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ဂျူနီယာညီလေးကု... မင်း ဘာလုပ်မလို့...”
ကုယွမ်က ပြုံးလိုက်ရင်း...
“ကျေးဇူးပါပဲ စီနီယာအစ်ကိုကြီးရာ... ခင်ဗျားရဲ့ တာဝန်ကတော့ ပြီးဆုံးသွားပါပြီ။ အခုတော့ အနားယူလိုက်လို့ရပါပြီ"
မကောင်းတော့ဘူး….
မာဖုန်းသည် အနားယူလိုက်ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို နားမလည်သော်လည်း အလိုလိုသိစိတ်အရ အန္တရာယ်အငွေ့အသက်ကို ပြင်းထန်စွာ ခံစားလိုက်ရသဖြင့် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထောင်တက်သွားကာ ဘာမှမပြောတော့ဘဲ လွတ်မြောက်ခြင်းမှော်အတတ်ကို သုံး၍ ထွက်ပြေးရန် ပြင်တော့သည်။
"မင်း ပြေးချင်နေတာလား...
အလကားပဲ... ငါက အားလုံးကို ကြိုတင်ပြင်ဆင်ထားပြီးသားကွ.
ဒီနေ့တော့ ငါ့လက်ထဲကနေ မင်း ဘယ်လိုနည်းနဲ့မှ လွတ်သွားစရာ အကြောင်းမရှိဘူး..."
သူက လက်ကို အသာအယာ ဝေ့ယမ်းလိုက်ရုံမျှဖြင့် တားမြစ်ချက်မှော်အစီအရင်စွမ်းအားများ စုစည်းလာခဲ့ပြီး ကောင်းကင်လေဟာပြင်ကြီးတစ်ခုလုံးကို ဖိနှိပ်ပစ်လိုက်တော့သည်။
မိုင်ပေါင်းများစွာအတွင်းရှိ ဟင်းလင်းပြင်ကြီးမှာ ချက်ချင်းပင် ချိတ်ပိတ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။
ကောင်းကင်နှင့်မြေပြင်၏ မူလချီစွမ်းအင်များ ပုံမှန်လည်ပတ်စီးဆင်းမှုပင်လျှင် ရုတ်တရက် ရပ်တန့်သွားခဲ့ရသည်။
မာဖုန်းသည် ထွက်ပြေးရန် ခန္ဓာကိုယ်ကို လှည့်လိုက်စဉ်မှာပင် ကြီးမားလှသော ဖိအားကြီးတစ်ခုက ဘေးပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို သံမဏိပြားကြီးတစ်ခုပမာ ခိုင်မာတောင့်တင်းသွားစေကာ သူ့ကို အသက်ပင် ရှူရကျပ်လာစေသည်ကို ခံစားလိုက်ရသည်။
သူ၏ တစ်ကိုယ်လုံးမှာ ထူးဆန်းလှသော ထွက်ပြေးဟန် အနေအထားအတိုင်းပင် ရေခဲပြင်ထဲတွင် ပိတ်မိနေသည့် ငါးကလေးတစ်ကောင် သို့မဟုတ် ပယင်းကျောက်ထဲက ပိုးကောင်လေးတစ်ကောင်ပမာ လုံးဝ မလှုပ်ရှားနိုင်တော့ချေ။
သူ၏ ခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်းစွမ်းအားများမှာ ချုပ်နှောင်ခြင်း ခံထားရသည်ဆိုသော်လည်း သူ၏ အတွေးအာရုံနှင့် မျက်ဝန်းများမှာမူ များစွာ ထိခိုက်ခြင်း မရှိပေ။
ထိုအခိုက်အတန့်တွင် သူ၏ မျက်ဝန်းအစုံ၌ ပြင်းထန်လှသော ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေပြီး တစ်စုံတစ်ခုကို ပြောချင်ဟန်ဖြင့် မျက်လုံးများက အနည်းငယ် လှုပ်ရှားနေရှာသည်။
ကုယွမ်မှာမူ ဤတားမြစ်ချက် ဖိအားများ၏ သက်ရောက်မှုကို လုံးဝ မခံရပေ။
သူသည် အစပိုင်းက မာဖုန်းကို တိုက်ရိုက် အစဖျောက် သတ်ဖြတ်ပစ်ရန် စီစဉ်ထားသော်လည်း အသေအချာ စဉ်းစားကြည့်ပြီးနောက် စိတ်မလောရန် ဆုံးဖြတ်လိုက်သည်။
ဆရာကြီးစိမ်းပြာရောင်သစ်သားနှင့် မာဖုန်းတို့မှာ အပေါ်ယံတွင် ဆရာနှင့် တပည့်ဖြစ်ကြသော်လည်း လက်တွေ့တွင်မူ သွေးသားတော်စပ်သော သားအဖများ ဖြစ်ကြသည်။
ဆရာကြီးစိမ်းပြာရောင်သစ်သားအနေဖြင့် ဤတိတ်တဆိတ်မွေးထားသော တရားမဝင်သား မာဖုန်းကို ဤမျှအထိ ချစ်မြတ်နိုးလှရာ မာဖုန်း၏ ခန္ဓာကိုယ်ထက်၌ တစ်စုံတစ်ခုသော အသက်ကယ်အစီအရင် သို့မဟုတ် လျှို့ဝှက်ချက်များ ထည့်သွင်းပေးထားခြင်း ရှိ၊ မရှိ မည်သူမျှ မပြောနိုင်ပေ။
အကယ်၍ သူသည် ယခုအချိန်တွင် မာဖုန်းကို သတ်ဖြတ်လိုက်ပြီး ဆရာကြီးစိမ်းပြာရောင်သစ်သားက ချက်ချင်း သိရှိသွားပါက နောက်ဆက်တွဲ ပြဿနာများ ရှုပ်ထွေးသွားနိုင်သည်။
ကုယွမ်က မာဖုန်းကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့ စီနီယာအစ်ကိုရာ... လောလောဆယ်တော့ ခင်ဗျား ဘာဘေးအန္တရာယ်မှ ကြုံရမှာ မဟုတ်ပါဘူး"
ပြောပြီးသည်နှင့် သူက မာဖုန်းကို သတိမေ့သွားအောင် လုပ်လိုက်ပြီး ဝိညာဉ်သားရဲအိတ်ထဲသို့ ထည့်သွင်းလိုက်ကာ ဘေးပတ်ဝန်းကျင်မှ တားမြစ်ချက်အရှိန်အဝါများကို ရုပ်သိမ်းလျက် ထိုနေရာ၌ပင် တည်ငြိမ်စွာ စောင့်ဆိုင်းနေလိုက်တော့သည်။
နာရီဝက်ခန့် ကုန်လွန်သွားပြီးနောက် ကုယွမ်၏ အာရုံခံစားမှုက ရုတ်တရက် နိုးကြားလာခဲ့ပြီး မျက်လုံးများကို ဖွင့်လိုက်သည်။ ဝေးကွာလှသော ကောင်းကင်ယံထက်တွင် အမည်းစက်လေးတစ်စက် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
ထိုအမည်းစက်လေးမှာ တဖြည်းဖြည်းနှင့် ပိုမိုကြီးမားလာခဲ့ပြီး ၎င်းမှာ လွတ်မြောက်ခြင်းအလင်းတန်းကို ရစ်ပတ်လျက် အရှိန်အဟုန်ဖြင့် ပျံသန်းလာနေသော လူသားတစ်ယောက်၏ ရုပ်ပုံလွှာ ဖြစ်ကြောင်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
ကုယွမ်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ထိုနေရာ၌ပင် မလှုပ်မယှက် ရပ်တန့်ကာ ချဉ်းကပ်လာနေသော လူရိပ်ကို စိုက်ကြည့်နေလိုက်သည်။
မကြာမီမှာပင် ထိုလူ၏ ရုပ်သွင်ကို အသေအချာ မြင်တွေ့လိုက်ရတော့သည်။
ထိုသူမှာ ပိန်ပိန်ခြောက်ခြောက် ခန္ဓာကိုယ်ရှိပြီး၊ စိမ်းပြာရောင် တာအိုဝတ်ရုံကို ဆင်ယင်ထားကာ၊ ဝတ်ရုံလက်စက္ခာများ တလူလူလွင့်လျက် မုတ်ဆိတ်မွေးရှည်ကြီးဖြင့် မသေမျိုးတစ်ပါးကဲ့သို့သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ထိုသူက အခြားသူမဟုတ်ဘဲ ဆရာကြီးစိမ်းပြာရောင်သစ်သားပင်။
ဆရာကြီးစိမ်းပြာရောင်သစ်သားသည် ကောင်းကင်ယံမှ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့ပြီး ကုယွမ်၏ ရှေ့မှောက်သို့ ရောက်ရှိလာကာ သူ၏ မျက်နှာထက်တွင် ရန်လိုသော အရိပ်အယောင်များဖြင့် ပြောလိုက်သည်။
“ဒီအဖိုးကြီးကို ဘယ်သူကများ နောက်ပြောင်ကျီစယ်နေတာလဲလို့ စဉ်းစားနေတာ... တကယ်တော့ မင်း ဖြစ်နေတာကိုး တူလေးကု...”
သူ၏ မျက်ဝန်းများက ကုယွမ်အပေါ်၌ စူးစိုက်သွားခဲ့ပြီး အံ့ဩခြင်း၊ စူးစမ်းလိုခြင်းနှင့် သံသယစိတ်များ ပြည့်နှက်နေသော်လည်း မကြာမီမှာပင် တည်ငြိမ်ခြင်းသို့ ပြန်လည်ရောက်ရှိသွားကာ လေးနက်စွာ မေးလိုက်တော့သည်။
“ဒီအဖိုးကြီးအနေနဲ့ တူလေးအပေါ် ဘယ်လိုနေရာမှာများ ပြစ်မှားမိလို့လဲဆိုတာ မသိရဘူးလား။ မင်းက ဒီလောက်အထိ အပင်ပန်းခံပြီး ငါ့ကို ဒီနေရာကို အရောက်ခေါ်ရအောင်အထိ လုပ်ရတာလဲ"
သူသည် စကားပြောနေစဉ်အတွင်းမှာပင် သူ၏ စိတ်အာရုံစွမ်းအားကို သိမ်မွေ့စွာ ဖြန့်ကြက်လျက် ဘေးပတ်ဝန်းကျင် မိုင်ပေါင်းများစွာကို အကဲခတ်ကြည့်ရှုလိုက်ရာ ပါးလွှာလှသော အစီအရင်ခြေရာအချို့မှတစ်ပါး အခြားသော ထူးခြားသည့် အန္တရာယ်မျိုးကို မတွေ့ရှိရပေ။
ဤသည်က သူ့ကို စိတ်သက်သာရာ ရရှိသွားစေသည်။
ယခုအခါ မာဖုန်းသည် ကုယွမ်၏ လက်တွင်းသို့ ရောက်ရှိနေပြီဖြစ်ကာ အကယ်၍ ကုယွမ်၏ နောက်ကွယ်တွင် ကြီးမားလှသော အကူအညီ သို့မဟုတ် အားကိုးရမည့် ကျင့်ကြံသူကြီးများ ရှိမနေပါက ဤပြဿနာကို ဖြေရှင်းရန်မှာ သူ့အတွက် များစွာ မခက်ခဲလှပေ။