← Chapters

အခန်း ၂၃၉

Vol. 24 Ch. 239

အခန်း ၂၃၉

Vol. 24 Ch. 239

အခန်း။ ၂၃၉

သူ၏ ကျင့်ကြံခြင်းအဆင့်အတန်းနှင့်ဆိုလျှင် သူ့ကိုယ်သူ ခုခံကာကွယ်ရန်မှာ လွယ်ကူလှသော်လည်း အကယ်၍ မာဖုန်းကိုပါ အကာအကွယ်ပေးရန် သို့မဟုတ် ကယ်ဆယ်ရန် ကြိုးစားမည်ဆိုပါကမူ အတန်ငယ် ခက်ခဲပေလိမ့်မည်။

သို့သော်ငြားလည်း ယခုအခါ ကုယွမ်တစ်ယောက်တည်းသာ ရှိနေသဖြင့် ကိစ္စရပ်များမှာ များစွာ ပိုမိုလွယ်ကူသွားခဲ့ပြီ ဖြစ်သည်။

“ဘာပဲပြောပြော... တစ်ဖက်လူက ကောင်းကင်လူသားနယ်ပယ်အဆင့်လေးပဲဟာ...”

“ကုယွမ်မှာ ရွှေအမြုတေကျင့်ကြံသူတစ်ယောက်ကို သတ်နိုင်ခဲ့တဲ့ အံ့မခန်းစွမ်းဆောင်ရည် ရှိခဲ့တယ်ဆိုဦးတော့... ငါ့ရဲ့ စိတ်ထဲမှာတော့ အားလုံးကို ကောင်းကောင်းကြီး သဘောပေါက်ထားပြီးသား။ လင်းနို့နက်မိစ္ဆာလို ကောင်မျိုးနဲ့ ငါက... နှစ်ယောက်လုံး ရွှေအမြုတေနယ်ပယ် မဟာကျင့်ကြံသူတွေ ဆိုပေမဲ့... တကယ့်တကယ်ကျ လုံးဝ နှိုင်းယှဉ်လို့ရတာ မဟုတ်ဘူး...”

“အဲဒီကောင်က ပဉ္စမတန်းစား ရွှေအမြုတေအညံ့စားလေးကိုပဲ ဖွဲ့စည်းနိုင်ခဲ့တာ။ ငါကတော့ အဆင့်မြင့် ရွှေအမြုတေကို ပိုင်ဆိုင်ထားတာ အဆင့်ချင်းက မိုးနဲ့မြေလို ကွာခြားနေတာ... ကုယွမ်က ငါ့ကို ဘယ်လိုနည်းနဲ့ လာယှဉ်နိုင်မှာလဲ...”

ကုယွမ်က ဤနေရာတွင် အစီအရင်ကို ကြိုတင်ပြင်ဆင်ထားခြင်းက သူ၏ စေ့စပ်သေချာပြီး သတိကြီးလှသော သဘာဝကို ဖော်ပြနေသည်ဟု ဆိုနိုင်သော်လည်း ဆရာကြီးစိမ်းပြာရောင်သစ်သား၏ အမြင်တွင်မူ ကုယွမ်သည် အလွန် မောက်မာလွန်းသည်ဟုသာ ထင်မြင်မိတော့သည်။ အဘယ်ကြောင့်ဆိုသော် သူနှင့် ကုယွမ်အကြားရှိ ကွာဟချက်မှာ သာမန်အစီအရင်တစ်ခုမျှဖြင့် ကျော်လွှားနိုင်သောအရာ မဟုတ်ခြင်းကြောင့်ပင်။

ကုယွမ်က ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်သည်။

“ဦးလေးဆရာစိမ်းပြာရောင်သစ်သားကတော့ နောက်ပြောင်နေပြန်ပြီဗျာ။ ခင်ဗျားပဲ ကျွန်တော့်ကို အရင်က မကြာခဏ နောက်ကွယ်ကနေ မကောင်းကြံစည်ခဲ့တာ မဟုတ်ဘူးလား။ နောက်ပြီး နတ်ဘုရားကူဂိုဏ်းရဲ့ စစ်မှန်သောမျိုးဆက် လျူကွမ်းနဲ့တောင် ပူးပေါင်းခဲ့သေးတာပဲ။ ကျွန်တော့်ဘက်က ဘာအတွက်လဲဆိုတာကို သေသေချာချာ ထုတ်ပြောပြနေဖို့ လိုဦးမလားခင်ဗျာ"

ထိုစကားကို ကြားလိုက်ရချိန်တွင် ဆရာကြီးစိမ်းပြာရောင်သစ်သား၏ စိတ်ထဲ၌ ထိတ်လန့်တုန်လှုပ်သွားရပြီး သူ၏ မျက်ဝန်းအစုံထဲ၌ သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ကာ ချက်ချင်းပင် ငြင်းဆန်လိုက်တော့သည်။

“တူလေးကု... မင်း တစ်ခုခု လွဲမှားနေပြီထင်တယ် ငါ့လို အဖိုးကြီးက မင်းအပေါ် ဘာအငြိုးအတေးမှ မရှိဘဲနဲ့ ဘာလို့ မကောင်းကြံစည်ရမှာလဲ"

သူ၏ ဦးနှောက်ထဲ၌ အတွေးပေါင်းများစွာ ချက်ချင်း ဗလောင်ဆူသွားခဲ့ရသည်။

ငါက အမြဲတမ်း အစစအရာရာ သတိအကြီးကြီးထားပြီး လှုပ်ရှားခဲ့တာကို ကုယွမ်က ဘယ်လိုနည်းနဲ့ ငါ့ရဲ့ ဒီလျှို့ဝှက်ချက်ကို အစောကြီးကတည်းက သိသွားရတာလဲ...

“အော်... ဟုတ်လား၊ အကယ်၍ ဦးလေးဆရာစိမ်းပြာရောင်သစ်သားဘက်က အသိအမှတ်မပြုဘူးဆိုရင်လည်း ဒီအတိုင်းပဲ ထားလိုက်ကြတာပေါ့"

ကုယွမ်က ထပ်မံ၍ ခပ်ဟဟ ရယ်မောလိုက်ပြန်သည်။

သူ၏ မျက်နှာအမူအရာမှာ “ခင်ဗျား ဝန်မခံလည်း ကိစ္စမရှိဘူး ကျွန်တော်ကတော့ ခင်ဗျားလက်ချက်လို့ပဲ သတ်မှတ်ထားတယ်” ဟု ပြောနေသကဲ့သို့ပင်။

ဆရာကြီးစိမ်းပြာရောင်သစ်သားက သူ၏ လေသံကို ပြောင်းလဲလိုက်ရင်း...

“တူလေးကု... အခု ငါကိုယ်တိုင်လည်း ဒီကို ရောက်လာပြီဆိုတော့... မင်း ငါ့ရဲ့ တပည့်ကို လွှတ်ပေးသင့်ပြီ မဟုတ်လား"

“တပည့်...”

ကုယွမ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက်...

“ကျွန်တော့်အထင်တော့... တပည့်ထက် ခင်ဗျားရဲ့ သားအရင်းလို့ ပြောရင် ပိုမှန်လိမ့်မယ် ထင်တယ်နော်"

ဆရာကြီးစိမ်းပြာရောင်သစ်သား၏ မျက်ဝန်းအစုံမှာ ချက်ချင်းပင် ထက်မြက်သော ဓားတစ်စင်းပမာ ဖြစ်သွားခဲ့ပြီး ကုယွမ်၏ ထံသို့ စူးစိုက်ကျရောက်သွားတော့သည်။

သို့သော်ငြားလည်း ကုယွမ်ကမူ တစ်ဖက်လူထံမှ တဖြည်းဖြည်း ထွက်ပေါ်လာနေသော ဖိအားကြီးကို လုံးဝ လျစ်လျူရှုလျက် တိတ်ဆိတ်စွာပင် ပြန်လည်ပြုံးပြနေခဲ့သည်။

“ငါ မင်းကို အထင်သေးမိသွားတာပဲ”

ဆရာကြီးစိမ်းပြာရောင်သစ်သားသည် ကုယွမ်ကို ခဏမျှ စိုက်ကြည့်နေပြီးနောက် သက်ပြင်းချလိုက်မိသည်။ သို့သော် သူ၏ စိတ်တွင်းရှိ သတ်ဖြတ်လိုစိတ်မှာမူ ယခင်ကထက် ပိုမိုပြင်းထန်လာခဲ့ပြီ ဖြစ်သည်။

သူ၏ လျှို့ဝှက်လှုပ်ရှားမှုများနှင့် မာဖုန်း၏ စစ်မှန်သော အထောက်အထားများမှာ ကုယွမ်၏ထံသို့ မည်သို့ ပေါက်ကြားသွားခဲ့သည်ကို သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်ရသည်။ သို့သော် ကုယွမ်သည် သူ၏ လျှို့ဝှက်ချက်များစွာကို သိရှိထားပြီးဖြစ်ကာ သူသည် ကုယွမ်ကို အသက်ရှင်လျက် လုံးဝ ပေးမထွက်နိုင်ပေ။

“ကောင်လေး... မင်းမှာ စွမ်းရည်အချို့ ရှိတာကို ငါသိပါတယ်။ ဒါပေမဲ့ မင်းက မိစ္ဆာကောင်တစ်ကောင်ကို သတ်နိုင်ခဲ့ရုံမျှနဲ့ ငါ့ကိုပါ လျစ်လျူရှုလို့ရပြီလို့ ထင်နေရင်တော့... မင်း တကယ်ကို မှားသွားလိမ့်မယ်”

သူ စကားပြောနေစဉ်မှာပင် ပါးလွှာလှသော အစိမ်းရောင် ဝိညာဉ်အလင်းတန်းများသည် ဆရာကြီးစိမ်းပြာရောင်သစ်သား၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင် အရပ်မျက်နှာအနှံ့သို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားတော့သည်။

ရှဲ... ရှဲ... ရှဲ...

ထိုအစိမ်းရောင်အလင်းတန်း ဖြတ်သန်းသွားသော နေရာတိုင်းရှိ မြေပြင်နှင့် ကျောက်ဆောင်များပေါ်မှ မြက်ပင်များနှင့် အညှောက်ကလေးများမှာ ချက်ချင်းပင် ထိုးထွက်ပေါက်ပွားလာခဲ့ကြသည်။

ထိုအပင်များသည် အားဆေးအပြင်းစား တစ်ခွက်ကို သောက်သုံးလိုက်ရသည့်အလား မျက်စိရှေ့မှောက်တင်ပင် လျင်မြန်စွာ ကြီးထွားလာခဲ့ကြပြီး အသက်ရှူကြိမ်အနည်းငယ်အတွင်းမှာပင် ကုယွမ်၏ ဒူးဆစ်ခန့်အထိ မြင့်မားလာခဲ့ကာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ထူထပ်လှသော သစ်သားဝိညာဉ်ချီများ ပြည့်နှက်သွားတော့သည်။

ဖော်ပြ၍မရနိုင်သော စွမ်းအားထူးတစ်ခုက မြေပြင်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့ပြီး ဖုံးကွယ်ထားသော တားမြစ်ချက်မှော်အစီအရင်အားလုံးကို နောက်သို့ တွန်းပို့ပစ်လိုက်သည်။

ထိုအခိုက်အတန့်တွင် ကုယွမ်သည်လည်း ယခင်က မာဖုန်း ကြုံတွေ့ခဲ့ရသော ခံစားချက်မျိုးနှင့် ဆင်တူသည်ကို ခံစားလိုက်ရတော့သည်။

သူ၏ ကောင်းကင်နှင့်မြေပြင်အကြား ဆက်သွယ်မှုမှာ ချက်ချင်း ဖြတ်တောက်ခြင်း ခံလိုက်ရပြီး ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေပြင်၏ မူလချီစွမ်းအင်များမှာလည်း သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေတော့ပေ။

ကုယွမ်သည် အရပ်မျက်နှာအနှံ့မှ ရောက်ရှိလာသော ကြီးမားလှသည့် ဖိအားကြီးကြောင့် လှုပ်ရှားရန် ခက်ခဲလာခဲ့ရပြီး သူ၏ ခန္ဓာကိုယ်တွင်းရှိ စစ်မှန်သောချီများပင်လျှင် စတင်၍ ထုံထိုင်းကာ ရပ်တန့်လာခဲ့ရတော့သည်။

ကောင်းကင်လူသားနယ်ပယ်ကျင့်ကြံသူတစ်ဦး၏ အကြီးမားဆုံးသော အားသာချက်မှာ ကောင်းကင်နှင့်မြေပြင်၏ မူလချီစွမ်းအင်များကို မိမိစိတ်ကြိုက် အချိန်မရွေး လှုံ့ဆော်အသုံးချနိုင်ကာ ၎င်းတို့ကို နတ်ဘုရားအတတ်ပညာများအဖြစ် ပြောင်းလဲနိုင်ခြင်း ဖြစ်ပြီး မိမိ၏ စစ်မှန်သောချီ မည်မျှပင် ကုန်ခမ်းသွားပါစေ ကောင်းကင်နှင့်မြေပြင်၏ မူလချီစွမ်းအင်များကို ပြန်လည်သန့်စင်ယူခြင်းဖြင့် အချိန်မရွေး အလွယ်တကူ ဖြည့်တင်းနိုင်ခြင်းပင်။

သို့သော်ငြားလည်း ယခုအခါ ဤကြီးမားလှသော အားသာချက်မှာ ဆရာကြီးစိမ်းပြာရောင်သစ်သား၏ လက်ချက်ဖြင့် ရိုက်ချိုးဖျက်ဆီးခြင်း ခံလိုက်ရပြီ ဖြစ်သည်။

“ရွှေအမြုတေနယ်ပယ်... နယ်မြေစွမ်းအား...”

ကုယွမ်၏ မျက်ဝန်းအစုံမှာ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

ဤရွှေအမြုတေနယ်မြေစွမ်းအားဟူသည် ရွှေအမြုတေနယ်ပယ် မဟာကျင့်ကြံသူများသာ ပိုင်ဆိုင်သည့် ထူးခြားသော စွမ်းရည်တစ်ရပ်ဖြစ်ပြီး ကျင့်ကြံသူ၏ တာအိုနတ်ဘုရားအတတ်ပညာများနှင့် ဆက်နွှဲနေသော စကြဝဠာငယ်တစ်ခုကဲ့သို့ပင်။

ဤရွှေအမြုတေနယ်မြေအတွင်း၌ ပြင်ပလူများ၏ ကျင့်ကြံခြင်းစွမ်းအားမှာ အဆမတန် လျော့နည်းသွားတတ်ပြီး မိမိ၏ စွမ်းအားကိုမူ အပြည့်အဝထက် ကျော်လွန်၍ တစ်ဆယ့်နှစ်ဆ သို့မဟုတ် ထို့ထက်မက ပိုမိုထုတ်ဖော်ကာ အသုံးပြုနိုင်သည်။

အကယ်၍ ဆက်လက်၍ ကျင့်ကြံအားထုတ်မည်ဆိုပါက ဤနယ်မြေစွမ်းအားမှာ တဖြည်းဖြည်း ပိုမိုခိုင်မာလာပြီး နောက်ဆုံး၌ ပြီးပြည့်စုံသော ကမ္ဘာငယ်တစ်ခုအဖြစ်သို့ပင် ဆင့်ကဲပြောင်းလဲသွားနိုင်သည်။

ထို့အပြင် ဤကဲ့သို့သော ထူးခြားသည့် နယ်မြေစွမ်းရည်မျိုးမှာ အဆင့်မြင့် ရွှေအမြုတေအဆင့် ဖွဲ့စည်းနိုင်ခဲ့သူများသာ ပိုင်ဆိုင်နိုင်သည့် အရာမျိုး ဖြစ်သည်။

ရွှေအမြုတေနယ်ပယ် မဟာကျင့်ကြံသူများကို ရင်ဆိုင်ရန် ခက်ခဲရခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းမှာလည်း ဤစွမ်းရည်နှင့် များစွာ သက်ဆိုင်နေသည်။

စဉ်းစားကြည့်လျှင် ကောင်းကင်လူသားနယ်ပယ် ကျင့်ကြံသူအချို့ ရောက်ရှိလာပြီး တိုက်ပွဲပင် မစရသေးမီ၊ ရွှေအမြုတေမဟာကျင့်ကြံသူက သူ၏ နယ်မြေစွမ်းအားကို ဖြန့်ကြက်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူများမှာ စိတ်ဓာတ်များ ပျာယာခတ်သွားရကာ သူတို့၏ စွမ်းအား ၆၀ ရာခိုင်နှုန်းခန့်ကိုသာ ထုတ်ဖော်နိုင်တော့ပြီး ပြန်လည်ခုခံရန်ပင် လမ်းစပျောက်သွားရတတ်သည်။

“ကောင်လေး... ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ ငါ့ရဲ့ သားကို အမြန်ဆုံး အပ်နှံလိုက်ရင် မင်းရဲ့ အသက်ကို ချမ်းသာပေးနိုင်ကောင်း ပေးနိုင်လိမ့်မယ်"

ကုယွမ်တစ်ယောက် လှုပ်ရှားရခက်ခဲနေသည်ကို မြင်သောအခါ ဆရာကြီးစိမ်းပြာရောင်သစ်သား၏ နှုတ်ခမ်းထောင့်များတွင် အေးစက်စက် အပြုံးတစ်ခု ပေါ်ထွက်လာပြီး...

“ဒါမှမဟုတ်ရင်တော့... မင်းရဲ့ အရေခွံကို ခွါပြီး မင်းရဲ့ အရိုးတွေကို ထုတ်ပြီး မင်းရဲ့ ဝိညာဉ်ကို ယင်မီးတောက်နဲ့ ကင်ပြီး နှိပ်စက်ပစ်ဖို့ ငါဝန်မလေးဘူး။ အဲဒီအခါကျရင် မင်း ဘဝမှာ သေရတာကမှ ပိုပြီး သက်သာဦးမယ်လို့ တောင်းတမိသွားစေရမယ်”

“အဖိုးကြီး... ခင်ဗျားက တကယ်ပဲ ကျွန်တော့်ကို ထောင့်ပိတ်မိသွားပြီလို့ ထင်နေတာလားဗျာ"

ကုယွမ်က သရော်လိုက်ပြီးနောက် သူ၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မြူခိုးအမျှင်တန်းလေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

သူသည် ကြိုတင်၍ စနစ်တကျ ပြင်ဆင်လာခဲ့သူဖြစ်ရာ သေချာပေါက် စီမံကိန်းမှာ အကွက်စေ့သည်။

"အဆင့်မြင့် ရွှေအမြုတေကို ပိုင်ဆိုင်ထားတဲ့ မဟာကျင့်ကြံသူတစ်ယောက်မှာ ဒီလိုမျိုး ဆန်းကြယ်တဲ့ နယ်မြေစွမ်းရည်ရှိတယ်ဆိုတာကို... ငါက ကြိုသိပြီးသားလေ..."

“ဘာ... မျက်လှည့်အတတ်လား မဟုတ်ဘူး... ဒါက ရုပ်သေးခန္ဓာတု နတ်ဘုရားအတတ်ပညာပဲ”

သူ့ရှေ့မှောက်မှ ကုယွမ် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရချိန်တွင် ဆရာကြီးစိမ်းပြာရောင်သစ်သား လန့်ဖျန့်သွားခဲ့ရပြီးနောက် ချက်ချင်းပင် အခြေအနေကို ရိပ်မိသွားခဲ့သည်။

သူ၏ သိမြင်မှုမျက်စိအောက်တွင် သာမန်မျက်လှည့်အတတ် သို့မဟုတ် ထင်ယောင်ထင်မှားဖြစ်စေသော အတတ်များဖြင့် လှည့်စားရန် မဖြစ်နိုင်ရာ ကုယွမ် အသုံးပြုခဲ့သော နည်းလမ်းမှာ သူ၏ မျက်စိကိုပင် ဖုံးကွယ်နိုင်လောက်အောင် အလွန်တရာ ဆန်းကြယ်ထက်မြက်လှသည်မှာ သေချာသည်။

ဤသည်က ကုယွမ်အနေဖြင့် လွန်ခဲ့သောအချိန်ကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့ကြောင်း သက်သေပြနေသည်။

ဆရာကြီးစိမ်းပြာရောင်သစ်သားသည် တိုက်ပွဲအတွေ့အကြုံ အလွန် ကြွယ်ဝသူဖြစ်ကာ သူ၏ သားဖြစ်သူမှာ ကုယွမ်၏ လက်ထဲတွင် ရှိနေသည်ဆိုစေဦးတော့ ဤနေရာမှာ ကုယွမ် ကြိုတင်ပြင်ဆင်ထားသည့် ပင်မစစ်တလင်းဖြစ်နေသဖြင့် အရင်ဆုံး မြို့ပြင်ဘက်သို့ ပြန်လည်ဆုတ်ခွာရန် ဆုံးဖြတ်လိုက်သည်။

သို့သော်ငြားလည်း ဆရာကြီးစိမ်းပြာရောင်သစ်သား လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် ဘေးပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ထက်မှ မြူခိုးများနှင့် ဝိညာဉ်အလင်းတန်းများက တစ်ခုနှင့်တစ်ခု အပြန်အလှန် ယှက်နွယ်လာခဲ့ကြပြီး ကောင်းကင်ယံထက်တွင် ထူထပ်လှသော ပိုက်ကွန်ကြီးတစ်ခုအသွင် ဖန်တီးလိုက်တော့သည်။

မိုင်ပေါင်းများစွာအတွင်း၌ မရေမတွက်နိုင်သော တားမြစ်ချက်ဝိညာဉ်အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် လင်းလက်လာခဲ့ကြသည်။

ပတ်ဝန်းကျင်အရပ်ရပ်တွင် မည်းမှောင်လှသော တိုင်ကြီးများ မတ်မတ်ရပ်တည်လာခဲ့ကြပြီး... ဟင်းလင်းပြင်ကြီးတစ်ခုလုံးကို ဖိနှိပ်ချုပ်ချယ်ရန်အတွက် နန်းတော်ကိုးခုအစီအရင်ကို ဖွဲ့စည်းကာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်လိုက်ကြတော့သည်။

ဆရာကြီးစိမ်းပြာရောင်သစ်သား၏ ရွှေအမြုတေနယ်မြေစွမ်းအားမှာ ဤတားမြစ်ချက်အလင်းတန်းများ ထွက်ပေါ်လာချိန်တွင် လေလျှော့လိုက်သည့် ပူဖောင်းတစ်ခုပမာ ချက်ချင်းပင် အစိတ်ပိုင်းများစွာ ကွဲအက်သွားခဲ့ရပြီး ကွယ်ပျောက်သွားတော့သည်။

ဤနေရာတစ်ခုလုံးမှာ မဟာအစီအရင်၏ စွမ်းအားဖြင့် ပိတ်ဆို့ခြင်း ခံလိုက်ရပြီဖြစ်ရာ ဆရာကြီးစိမ်းပြာရောင်သစ်သားကိုယ်တိုင်ပင်လျှင် သူ၏ ကျင့်ကြံခြင်းစွမ်းအား ၄၀ ရာခိုင်နှုန်းခန့်အထိ ဖိနှိပ်ချုပ်ချယ်ခြင်း ခံလိုက်ရတော့သည်။

ထို့အပြင် သူ၏ ပြင်ပကမ္ဘာကြီးနှင့် ဆက်သွယ်ထားသော စိတ်အာရုံစွမ်းအားများပင်လျှင် ဤမဟာအစီအရင်ကြီးကြောင့် လုံးဝ ပြတ်တောက်သွားခဲ့ရပြီ ဖြစ်သည်။

“နဂါးထောင်ချောက်အစီအရင်..”

ဘေးပတ်ဝန်းကျင်ရှိ သံမဏိပမာ မည်းမှောင်လှသော နဂါးထောင်ချောက်တိုင်ကြီး ကိုးတိုင်ကို ကြည့်ရင်း ဆရာကြီးစိမ်းပြာရောင်သစ်သား၏ မျက်နှာအမူအရာမှာ အလွန် ဆိုးရွားသွားခဲ့ရတော့သည်။ သူသည် ဤမဟာအစီအရင်ကြီး၏ နောက်ခံအရင်းအမြစ်ကို သေချာပေါက် သိရှိနားလည်သည်။

ရှေးဟောင်းခေတ်ဦး၏ ကြီးမြတ်သော အစီအရင်ကြီး ဆယ်ခုအနက် နဂါးထောင်ချောက်အစီအရင်သည် တစ်ခုအပါအဝင်ဖြစ်ပြီး စစ်မှန်သောနဂါးကိုပင် ပိတ်မိ၍ သတ်ဖြတ်နိုင်စွမ်းရှိသည်ဟု ပြောစမှတ်ပြုကြသည်။

ကုယွမ် ယခုခင်းကျင်းထားသော အစီအရင်မှာမူ စစ်မှန်သော နဂါးထောင်ချောက်အစီအရင်၏ အလွန်တရာ ရိုးရှင်းအောင် လျှော့ချထားသည့် ပုံတူဗားရှင်းမျှသာ ဖြစ်ပြီး စစ်မှန်သော စွမ်းရည်၏ တစ်ထောင်ပုံ တစ်ပုံမျှပင် ရှိမည်မဟုတ်ပေ။

All Chapters