အခန်း ၂၄၀
Vol. 24 Ch. 240
အခန်း။ ၂၄၀
စစ်မှန်သော နဂါးထောင်ချောက်အစီအရင်ကြီးသည် စုစုပေါင်း တစ်ရာ့ရှစ်တိုင်သော နဂါးထောင်ချောက်တိုင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး တိုင်တစ်တိုင်ချင်းစီမှာ အဆင့်မြင့်ဆုံးသော ရတနာများ ဖြစ်ကြကာ ၎င်းတို့အားလုံး ပေါင်းစည်းမိမှသာ ပြီးပြည့်စုံသော နဂါးထောင်ချောက်အစီအရင်ကြီး ဖြစ်လာနိုင်သည်ဟု အဆိုရှိကြသည်။
ကုယွမ် ခင်းကျင်းထားသော မဟာအစီအရင်မှာမူ နဂါးထောင်ချောက်တိုင် အရေအတွက် သိသိသာသာ နည်းပါးလွန်းလှရုံတင်မကဘဲ ၎င်းတို့၏ အရည်အသွေးပိုင်းမှာလည်း အလွန်တရာ ကွာခြားသည်။
နဂါးထောင်ချောက်တိုင်တစ်တိုင်ချင်းစီမှာ အဆင့်မြင့် မှော်လက်နက်အဆင့်၌သာ ရှိချေသည်။
သို့သော်ငြားလည်း ဆရာကြီးစိမ်းပြာရောင်သစ်သား၏ မျက်နှာအမူအရာမှာမူ လုံးဝ ကြည့်ရဆိုးနေခဲ့ပြီ ဖြစ်သည်။
အစပိုင်းက သူသည် ကုယွမ်ကို နှိမ်နင်းရန် မခက်ခဲလှဟု ထင်မှတ်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ ထောင်ချောက်အတွင်းသို့ သက်ဆင်းသွားခဲ့ရကာ ဤဂျူနီယာလေး၏ လက်ချက်ဖြင့် ကြီးမားသော ဆုံးရှုံးမှုကို စတင်ခံစားနေရပြီ ဖြစ်သည်။
အကယ်၍ ဤအခြင်းအရာသာ အပြင်သို့ ပေါက်ကြားသွားပါက ကျင့်ကြံခြင်းလောကမှ လူများစွာ ရယ်မောလွန်းသဖြင့် သေသွားကြလိမ့်မည်ပင်။
“အဖိုးကြီး... ခင်ဗျားအနေနဲ့ ငြိမ်ငြိမ်နေတာ အကောင်းဆုံးပဲနော်"
ကုယွမ်၏ ရုပ်ပုံလွှာသည် မိုင်အနည်းငယ်ကွာဝေးသော ကောင်းကင်လေဟာပြင်ထက်တွင် ထွက်ပေါ်လာခဲ့ပြီး အထက်စီးဆန်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ကျွန်တော့်လက်နဲ့ ရွှေအမြုတေနယ်ပယ် မဟာကျင့်ကြံသူတွေကို သတ်ဖြတ်ခဲ့ဖူးတာမို့... ကျွန်တော့်ရှေ့မှာ လာပြီး ဆရာကြီးလုပ်ဖို့ မကြိုးစားတာ အကောင်းဆုံးပဲ”
ဆရာကြီးစိမ်းပြာရောင်သစ်သား၏ မျက်နှာမှာ တစ်ချက် မှုန်မှိုင်းသွားပြီးမှ ပြန်လည်၍ အေးစက်စူးရှသွားခဲ့ကာ ခဏမျှအကြာတွင် သူက နှာခေါင်းရှုံ့လျက် သရော်လိုက်တော့သည်။
“ကောင်လေးကု... မင်းမှာ စွမ်းရည်အချို့ ရှိတာကို ငါဝန်ခံပါတယ်။ ဒါပေမဲ့ မင်းက ဒီမဟာအစီအရင်လေးတစ်ခုတည်းနဲ့တင် ဒီအဖိုးကြီးကို ပိတ်လှောင်ထားနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား"
ပြောရင်းဆိုရင်းနှင့်ပင် သူ၏ နောက်ကျောဘက် ကောင်းကင်ယံထက်သို့ စူးရှလှသော အစိမ်းရောင် ဝိညာဉ်အလင်းတန်းတစ်ခု ဒုံးပျံပမာ ထိုးတက်သွားခဲ့ပြီး ၎င်းအလင်းတန်း ဖြန့်ကြက်သွားသည်နှင့်အတူ မြေပြင်ထက်မှ လျှံပယ်လှသော သစ်ပင်ပန်းမန်များ ထပ်မံ၍ ထိုးထွက်ပေါက်ပွားလာခဲ့ပြန်သည်။
ဟင်းလင်းပြင်အတွင်းရှိ တားမြစ်ချက်ဝိညာဉ်အလင်းတန်းများပင်လျှင် ပါးလွှာလှသော အစိမ်းရောင်အလင်းများ စွန်းထင်းသွားခဲ့ရပြီးနောက် ကွဲအက်ကာ ပျက်စီးသွားခဲ့ရတော့သည်။
ကုယွမ်သည် ဤနဂါးထောင်ချောက်အစီအရင်၏ သခင်ဖြစ်ကာ မဟာအစီအရင် တုန်ခါသွားမှုကို ချက်ချင်း အာရုံခံမိလိုက်ပြီး အစီအရင်အပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းမှာလည်း သိသိသာသာ လျော့ပါးသွားခဲ့ရသည်။
“သစ်သားဝိညာဉ်အလင်း...”
ကုယွမ်သည် မျက်န်းကို အနည်းငယ် ကျဉ်းမြောင်းလိုက်ရင်း ဤနတ်ဘုရားအတတ်ပညာကို မှတ်မိသွားခဲ့သည်။
၎င်းမှာ နတ်ဘုရားအလင်းတန်းအဆင့် အတတ်ပညာတစ်မျိုးဖြစ်ပြီး အလွန် ကြီးမားလှသော အဖျက်စွမ်းအား ရှိသည်။
ဤသစ်သားဝိညာဉ်အလင်း နတ်ဘုရားအတတ်ပညာသည် ဆရာကြီးစိမ်းပြာရောင်သစ်သား၏ မွေးရာပါနတ်ဘုရားစွမ်းရည်များအနက် တစ်ခုဖြစ်ပြီး သူ၏ တာအိုကျင့်စဉ်၏ ပြယုဂ်တစ်ခုလည်း ဖြစ်သည်။
“ရွှေအမြုတေနယ်ပယ် မဟာကျင့်ကြံသူပီပီ... တကယ့်ကို လက်စွမ်းထက်တာပဲ”
ကုယွမ်က ခပ်တိုးတိုး ချီးကျူးလိုက်ရင်း သူ၏ လက်နှစ်ဖက်ဖြင့် ဓမ္မတံဆိပ်တစ်ခုကို လျင်မြန်စွာ ဖန်တီးလိုက်ကာ နဂါးထောင်ချောက်အစီအရင်၏ စွမ်းရည်အားလုံးကို အပြည့်အဝ ထုတ်ဖော်လိုက်တော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
မဟာအစီအရင်တစ်ခုလုံး ချက်ချင်းပင် သက်ဝင်လှုပ်ရှားလာခဲ့ပြီး မည်းမှောင်လှသော တိုင်ကြီး ကိုးတိုင်မှာ အဆက်မပြတ် နေရာရွေ့လျားပြောင်းလဲလာခဲ့ကြကာ ကောင်းကင်ယံထက်မှ တားမြစ်ချက်ဝိညာဉ်အလင်းတန်းများကို ပစ်လွှတ်လျက် တစ်ဖက်လူ၏ သစ်သားဝိညာဉ်အလင်းများကို ထပ်မံ၍ မောင်းထုတ်ပစ်လိုက်ပြန်သည်။
“နှမြောစရာကောင်းတာက... ခင်ဗျား ကျွန်တော့်ကို အထင်သေးမိသွားတာပဲ...”
နဂါးထောင်ချောက်အစီအရင်သည် လုံးဝဥဿုံ သက်ဝင်လှုပ်ရှားသွားခဲ့ပြီဖြစ်ရာ ကုယွမ်သည် သူ၏ စိတ်အာရုံဖြင့် ငွေရောင်နဂါးရေနတ်ဓားကို စေလွှတ်လိုက်တော့သည်။
၎င်းဓားမြှောင်သည် သာယာနာပျော်ဖွယ်ကောင်းသော အသံဖြင့် မြည်ဟီးလျက် တောက်ပနေသော ငွေရောင်ဓားအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ မဟာအစီအရင်အတွင်းသို့ တိုးဝင်သွားခဲ့သည်။
ထိုငွေရောင်ဓားအလင်းတန်းမှာ ကောင်းကင်ယံထက်တွင် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားခဲ့ပြီးနောက် တစ်ခုမှ နှစ်ခု၊ နှစ်ခုမှ လေးခု ထိုမှတစ်ဆင့် ခဏချင်းအတွင်းမှာပင် တစ်ဆယ့်ခြောက်
စင်းသော ဓားအလင်းတန်းများအဖြစ်သို့ အသွင်ပြောင်းလဲသွားကာ တစ်ခုနှင့်တစ်ခု အပြန်အလှန် ယှက်နွယ်လျက် ဓားအစီအရင်တစ်ခုကို ဖွဲ့စည်းကာ နဂါးထောင်ချောက်အစီအရင်ကြီးနှင့် ပေါင်းစပ်သွားတော့သည်။
ဓားအစီအရင် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အတုမဲ့ကာ ထက်မြက်လှသော ဓားချီစွမ်းအင်များမှာ ပေတစ်ရာပတ်လည်အတွင်းသို့ ပြင်းထန်စွာ ဖြန့်ကြက်သွားခဲ့ပြီး ၎င်း၏ အတိုင်းအတာအတွင်းရှိ ဒြပ်ရှိဒြပ်မဲ့ အရာအားလုံးကို အပိုင်းပိုင်းပြတ်တောက်သွားစေတော့သည်။
ကုယွမ်၏ ဓားသိုင်းအတတ်မှာ အလွန် ဆန်းကြယ်လှပြီး ဓားအလင်းခွဲဖြာခြင်း နှင့် ဓားချီပိုးမျှင် ဟူသော ဓားတာအို၏ မြင့်မြတ်လှသည့် နယ်ပယ်နှစ်ခုစလုံးကို ကောင်းစွာ နားလည်သဘောပေါက်ထားသူ ဖြစ်သည်။ သို့သော်ငြားလည်း ၎င်းတို့မှာ ဓားသိုင်းအတတ်၏ အသွင်ပြောင်းလဲမှု အဆင့်များသာ ရှိသေးသည်။
ဓားတာအိုနယ်ပယ်တွင် ပိုမိုမြင့်မားသောအဆင့်သို့ ဆက်လက်တက်လှမ်းရန်အတွက် လမ်းစဉ်နှစ်ခု ရှိသည်။
ပထမလမ်းစဉ်မှာ ဓားတစ်စင်းဖြင့် အတတ်ပေါင်းစုံကို ခြေမှုန်းခြင်းဟု ခေါ်တွင်ပြီး ၎င်းမှာ မိမိ၏ ပျံသန်းဓားကို အတုမဲ့ထက်မြက်အောင် ကျင့်ကြံအားထုတ်ကာ ရှေ့သို့ တည့်တည့်မတ်မတ် ချည်းကပ်တိုက်ခိုက်ခြင်းပင်။
၎င်း၌ သတ္တဝါအားလုံးကို သတ်ဖြတ်နိုင်စွမ်းရှိသော ကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းရည် ပါရှိသည်။
ဓားအလင်းအောက်တွင် မည်သည့်အရာမျှ ခုခံနိုင်စွမ်းမရှိပေ။
ထိုစူးရှလှသော ထက်မြက်မှုသက်သက်ဖြင့်ပင် မရေမတွက်နိုင်သော နတ်ဘုရားအတတ်ပညာမျိုးစုံကို ဓားတစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်သည်။
အခြားသော လမ်းစဉ်တစ်ခုမှာမူ ဓားတစ်စင်းမှ အတတ်ပေါင်းစုံ ပေါက်ဖွားခြင်းဟု အမည်ရကာ ၎င်းမှာ ပထမလမ်းစဉ်နှင့် လုံးဝ ဥဿုံ ဆန့်ကျင်ဘက် သဘာဝ ရှိသည်။ ဓားတစ်စင်းတည်းမှ မရေမတွက်နိုင်သော ပြောင်းလဲမှုများ၊ ထူးခြားလှသော နတ်ဘုရားအတတ်ပညာများနှင့် မန္တန်မျိုးစုံကို ပေါက်ဖွားစေခြင်းဖြစ်ပြီး ၎င်း၏ အသွင်ပြောင်းလဲမှုများမှာ အဆုံးအစမရှိဘဲ အလွန် နက်နဲရှုပ်ထွေးလှသည်။
ထိုနည်းတူစွာပင် ၎င်းသည် အဆုံးမဲ့ပြောင်းလဲမှုများနှင့် ကြီးမားလှသော စွမ်းရည်များ ကိန်းအောင်းနေသည့် ဓားအစီအရင်ကြီးတစ်ခုကိုလည်း ဖန်တီးနိုင်စွမ်း ရှိသည်။
ကုယွမ်သည် ဤဓားတာအိုလမ်းစဉ်နှစ်ခုစလုံးကို သဘာဝကျကျပင် ကောင်းစွာ နားလည်သဘောပေါက်ထားခဲ့ပြီး ဖြစ်သည်။
ထို့အပြင် ၎င်းသည် ကျောက်စိမ်းရှုခင်းနက်နဲသောအမြုတေဓားကျမ်း၌ဖြစ်စေ သို့မဟုတ် မငြိမ်သက်သောကောင်းကင်မိစ္ဆာကွပ်မျက်ခြင်းဓားကျမ်း၌ဖြစ်စေ ညီညွတ်သော မှတ်တမ်းမှတ်ရာများ ရှိပြီးသား ဖြစ်သည်။
ကုယွမ် ပေါက်ဖွားစေခဲ့သော ဤဓားအစီအရင်သည် သူ စတင်နားလည်သဘောပေါက်ခါစသာ ရှိသေးသဖြင့် အလွန် ကျွမ်းကျင်လှသည်မဟုတ်သော်လည်း ၎င်း၏ စွမ်းရည်မှာမူ အနည်းငယ်မျှပင် အားနည်းခြင်း မရှိပေ။
ဓားအစီအရင်သည် နဂါးထောင်ချောက်အစီအရင်နှင့် တစ်သားတည်း ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။ တစ်ခုက ပိတ်လှောင်ပြီး တစ်ခုက တိုက်ခိုက်ရာ အတုမဲ့ထက်မြက်လှသော ဓားအသွားများကို အထပ်ထပ် တိုးပွားစေကာ ဖျက်ဆီးခြင်းစွမ်းအားကို ဆထက်ထိုင်မက မြင့်မားသွားစေတော့သည်။
အနည်းဆုံးတော့ ဆရာကြီးစိမ်းပြာရောင်သစ်သားအနေဖြင့် ဤအခိုက်အတန့်တွင် ပိုမိုသတိထားရတော့မည်ပင်။
အဘယ်ကြောင့်ဆိုသော် နဂါးထောင်ချောက်အစီအရင် လည်ပတ်လာသည်နှင့်အမျှ သူ၏ ဘေးပတ်ဝန်းကျင်ရှိ စိမ်းလန်းလှသော သစ်သားဝိညာဉ်အလင်းများမှာ စတင်၍ အစိတ်စိတ်အမွှာမွှာ ကွဲအက်လာခြင်းကြောင့်ပင်။
ထက်မြက်လှသော ငွေရောင်ဓားအလင်းတန်းများ၏ ခုတ်ပိုင်းမှုမှာ အနှိုင်းမဲ့ ဖြတ်တောက်နိုင်စွမ်း ရှိသည်။ ထိုသစ်သားဝိညာဉ်အလင်းများသည် ရုပ်သွင်ရှိပြီး ဒြပ်မရှိသော်လည်း ဓားအလင်းအောက်တွင် အပိုင်းပိုင်းပြတ်တောက်ကုန်ရသည်။
ဆရာကြီးစိမ်းပြာရောင်သစ်သားသည် သူ၏ မာနာစွမ်းအားအားလုံးကို အပြည့်အဝ လည်ပတ်စေလျက် မဟာအစီအရင်၏ ဖိနှိပ်မှုကို ခုခံနေရရုံတင်မကဘဲ ဆန်းကြယ်လှသော ထောင့်ချိုးများမှ ရုတ်တရက် ပျံသန်းဝင်ရောက်လာတတ်သည့် ဓားအလင်းတန်းများကိုလည်း အမြဲမပြတ် ကာကွယ်နေရသည်။
ဤသို့ ခုခံနေရသည့်တိုင်အောင် သူသည် ပြင်းထန်သော ဖိအားကို စတင်ခံစားလာရပြီ ဖြစ်သည်။
အရပ်မျက်နှာအနှံ့မှ ရောက်ရှိလာသော ချုပ်နှောင်ခြင်းစွမ်းအားများမှာ တောင်တန်းကြီးများပမာ ဖိနှိပ်နေပြီး အဆုံးအစမရှိဘဲ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။
သူ၏ ကျင့်ကြံခြင်းစွမ်းအား မည်မျှပင် နက်နဲသည်ဆိုစေဦးတော့ ယခုအခါ အလွန် လက်ပေါက်ကပ်သည်ဟု ခံစားနေရကာ သူ၏ ချီစွမ်းအားများပင်လျှင် အနည်းငယ် တုံ့ဆိုင်းနှေးကွေးလာခဲ့ရသည်။
လောကီလောကရှိ ပြင်ပတာအိုအတတ်မျိုးစုံအနက် အစီအရင်တာအိုသည် အကြီးမားဆုံးသော စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး အာနည်းသူအနေဖြင့် အားများသူကို အနိုင်ယူရန်၊ အားနည်းသူဖြင့် အားသန်သူကို လွှမ်းမိုးရန်အတွက် အကောင်းဆုံးသော နည်းလမ်းအဖြစ် တစ်လောကလုံးက အသိအမှတ်ပြုထားကြသည်။
အဘယ်ကြောင့်ဆိုသော် အစီအရင်များသည် ကောင်းကင်နှင့်မြေပြင်၏ သဘာဝစွမ်းအားကြီးတစ်ခုလုံးကို လှုံ့ဆော်အသုံးချနိုင်ပြီး ၎င်းတို့ကို မတူညီသော နတ်ဘုရားစွမ်းရည်များအဖြစ် ပြောင်းလဲနိုင်ခြင်းကြောင့်ပင်။
အကယ်၍ မူလဝိညာဉ်စစ်မှန်သောနတ်မင်းကဲ့သို့သော ထာဝရအသက်ကို မရရှိသေးသရွေ့ လူသားတစ်ဦးတည်း၏ စွမ်းအား မည်မျှပင် ကြီးမားပါစေဦးတော့ ကမ္ဘာလောကကြီးတစ်ခုလုံး၏ စွမ်းအားကို ဘယ်လိုမှ ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။
ထို့အပြင် မူလဝိညာဉ်စစ်မှန်သောနတ်မင်းတစ်ပါးပင်လျှင် ကမ္ဘာလောကကြီးတစ်ခုလုံးနှင့် နှိုင်းယှဉ်ပါက အလွန်တရာ သေးငယ်လွန်းလှပေဦးမည်။
သေချာပေါက်ပင် ယခု ကုယွမ် ခင်းကျင်းထားသော နဂါးထောင်ချောက်အစီအရင်၏ စွမ်းရည်မှာ ထိုမျှအထိ အလွန်အကျွံ ကြီးမားလှသည်တော့ မဟုတ်ပေ။
၎င်းသည် မိုင်အနည်းငယ်အတွင်းရှိ ကောင်းကင်နှင့်မြေပြင်၏ စွမ်းအားကိုသာ လှုံ့ဆော်နိုင်ခြင်းပင်။
သို့သော်ငြားလည်း ဆရာကြီးစိမ်းပြာရောင်သစ်သားသည်လည်း တကယ့် ထိပ်တန်းကျလှသော ဂန္ထဝင်ပုဂ္ဂိုလ်ကြီး မဟုတ်သေးရာ ဤအစီအရင်က သူ့ကို နှိမ်နင်းရန် လုံလောက်သည်။
သို့သော်လည်း ဆရာကြီးစိမ်းပြာရောင်သစ်သားသည် ဂိုဏ်းကြီးတစ်ခုမှ အဆင့်မြင့် ရွှေအမြုတေကျင့်ကြံသူတစ်ဦး ဖြစ်သည်နှင့်အညီ သူ့ထံတွင်လည်း လျှို့ဝှက်လက်နက်အချို့ သဘာဝကျကျ ရှိနေသည်။
အခြေအနေ မဟန်တော့သည်ကို မြင်တွေ့လိုက်ရချိန်တွင် ဆရာကြီးစိမ်းပြာရောင်သစ်သားသည် ကောင်းကင်ယံထက်သို့ အစိမ်းရောင် ဝိညာဉ်အလင်းတန်းတစ်ခုကို ဝေါခနဲ ထွေးထုတ်လိုက်တော့သည်။
ထိုဝိညာဉ်အလင်း ဖြာထွက်သွားသည်နှင့်အတူ စိမ်းလန်းလှသော သစ်သားဒိုင်းမှော်လက်နက်တစ်ခု ထွက်ပေါ်လာခဲ့ပြီး မြကျောက်ရောင် အလင်းတန်းများကို လွှတ်ထုတ်လိုက်တော့သည်။
ထိုအလင်းတန်းများထဲမှ ဆူးများပြည့်နှက်နေပြီး နဂါးနှင့် မြွေများပမာ တွန့်လိမ်လှုပ်ရှားနေသော အစိမ်းရောင် နွယ်ပင်များ ချက်ချင်း ပေါက်ပွားလာခဲ့ကြကာ ကုယွမ်၏ ဓားအစီအရင်နှင့် ထိုးဖောက်ဝင်ရောက်လာနေသော တားမြစ်ချက်ဖိအားများကို တားဆီးကာ ပိတ်ဆို့လိုက်တော့သည်။
ကုယွမ်၏ ဓားအစီအရင်သည် အနှိုင်းမဲ့ထက်မြက်လှသဖြင့် ထိုနွယ်ပင်များကို အပိုင်းပိုင်း ဖြတ်တောက်နိုင်သော်လည်း ထိုနွယ်ပင်များ၌ မပျက်စီးနိုင်သော ထူးခြားသည့် သဘာဝ ပါရှိနေပုံရကာ ဖြတ်တောက်လိုက်တိုင်း အသစ်အသစ်သော နွယ်ပင်များ အဆက်မပြတ် ပြန်လည်ပေါက်ပွားလာခဲ့ကြသည်။
ထို့နောက် ဆရာကြီးစိမ်းပြာရောင်သစ်သားက လက်ညှိုးတစ်ချက် ထပ်မံတောက်လိုက်ပြန်ရာ သစ်သားနတ်ဘုရားမိုးကြိုးများ ပေါက်ကွဲ၍ထွက်ပေါ်လာခဲ့ပြီး ထိုမိုးကြိုးအလင်းတန်းများကြောင့် နဂါးထောင်ချောက်အစီအရင်နှင့် ကုယွမ်၏ ဓားအစီအရင်တို့မှာ အပြင်းအထန် တုန်ခါသွားခဲ့ရကာ ပြိုကွဲလုနီးပါး ဖြစ်သွားခဲ့ရသည်။
မည်းမှောင်လှသော နဂါးထောင်ချောက်တိုင် ကိုးတိုင်ပင်လျှင် ပြင်းထန်စွာ တုန်ခါသွားခဲ့ရပြီး ဝိညာဉ်အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ဖြစ်ကာ မည်သည့်အချိန်တွင်မဆို ပြိုလဲပျက်စီးသွားတော့မည့်အလား ရှိနေခဲ့ပြီ ဖြစ်သည်။
“သက်စောင့်မှော်လက်နက်...”
ကုယွမ်သည် အစပိုင်းက စစ်ကူအဖြစ် ရှောင်ချင်းနှင့် အားဝူတို့ကို ခေါ်ထုတ်ရန် ရည်ရွယ်ထားသော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ထိုအတွေးကို ချက်ချင်း ဖျောက်ပစ်လိုက်သည်။
ဆရာကြီးစိမ်းပြာရောင်သစ်သားသည် အဆင့်မြင့် ရွှေအမြုတေမဟာကျင့်ကြံသူ ပီပီ ယခင်က လင်းနို့နက်မိစ္ဆာထက် များစွာ ပိုမိုလက်ပေါက်ကပ်ပြီး ရင်ဆိုင်ရခက်ခဲသည်။
ရှောင်ချင်းနှင့် အားဝူတို့မှာ အားနည်းသူများ မဟုတ်ကြသော်လည်း ဆရာကြီးစိမ်းပြာရောင်သစ်သားနှင့် နှိုင်းယှဉ်ပါက အလှမ်းကွာဝေးနေသေးရာ အကယ်၍ ၎င်းတို့ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိသွားပါက နောင်တရရန်ပင် အချိန်မီတော့မည် မဟုတ်ပေ။
ဆရာကြီးစိမ်းပြာရောင်သစ်သား ထုတ်ယူလိုက်သော သစ်သားဒိုင်းမှာမူ သေချာပေါက် သူ၏ သက်
စောင့်မှော်လက်နက်ပင်။
ရွှေအမြုတေနယ်ပယ်သို့ ရောက်ရှိပြီးနောက်တွင် သူ၏ တာအိုကျင့်စဉ်နှင့် တစ်သားတည်းကျကာ အမြဲတစေ ပြုစုပျိုးထောင်ရမည့် သက်စောင့်မှော်လက်နက်တစ်ခုကို သွန်းလုပ်နိုင်ခွင့် ရှိသည်။
၎င်းကို ပြုစုပျိုးထောင်သည့် သက်တမ်း ကြာမြင့်လေလေ မိမိ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပမာ ပိုမိုအသားကျလာလေလေဖြစ်ပြီး စွမ်းရည်မှာလည်း ပိုမိုကြီးမားလာလေလေ ဖြစ်သည်။
ဆရာကြီးစိမ်းပြာရောင်သစ်သား ထုတ်ယူလိုက်သော သစ်သားဒိုင်း၏ အရည်အသွေးမှာ ကုယွမ်၏ ငွေရောင်နဂါးရေနတ်ဓားထက် များစွာ မြင့်မားလွန်းခြင်းမရှိသော်လည်း ၎င်း၏ စွမ်းရည်မှာမူ များစွာ ပိုမိုကြီးမားသည်။
ကျင့်ကြံခြင်းအဆင့်အတန်း ကွာဟမှု အားသာချက်အပြင် အခြားသော အကြောင်းရင်းမှာ ဤသက်စောင့်မှော်လက်နက်ကို ဆရာကြီးစိမ်းပြာရောင်သစ်သားကိုယ်တိုင် ထိန်းချုပ်အသုံးပြုချိန်တွင် ပိုမိုပြင်းထန်လှသော အာနိသင်များကို ထုတ်ဖော်နိုင်ခြင်းကြောင့်ပင်။