အခန်း ၃၁၄
Vol. 32 Ch. 314
အခန်း (၃၁၄)
ဆုတ်လမ်းမရှိသော သေတွင်း
မြို့ပြင်ရှိ လူများသည် ရုတ်တရက် လူသတ်ငွေ့များ လွှမ်းခြုံလာပြီး မြို့တွင်းရှိ လူများမှာမူ ကောက်ကျစ်စဉ်းလဲကာ လှည့်စားတတ်ကြသည်။
ဖူရင်းဟွာသည် စိတ်ကို တည်ငြိမ်အောင် ပြန်လည်စုစည်းပြီးနောက် မြို့ကျဆုံးတော့မည့် အန္တရာယ်ဆိုးကြီး ကြုံတွေ့နေရသည့် အရိပ်အယောင်ကို စိုးစဉ်းမျှ ထုတ်မပြခဲ့ပေ။ ထိုသို့မဟုတ်ဘဲ သူသည် တည်ငြိမ်ရင့်ကျက်နေပုံရသဖြင့် သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သော ကျန်းဟွေမှာ စိတ်သက်သာရာ ရသွားခဲ့သည်။
ကျန်းဟွေသည် မိမိ၏ တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်ခဲ့ကြောင်း သိထားသည်။ ဖူရင်းဟွာက စစ်သည်သစ်များသည် အသုံးမဝင်ကြောင်း ထောက်ပြခဲ့သည့် အခိုက်အတန့်ကတည်းက စိုးရိမ်စိတ်တစ်ခုက သူ့အား မသက်မသာ နှောင့်ယှက်နေခဲ့သည်။ ထို့ကြောင့် မျက်နှာသာရစေရန်အတွက် သူကိုယ်တိုင် ရှေ့တန်းစစ်မျက်နှာသို့ သွားရောက်ကာ ရန်သူများကို သတ်ဖြတ်ပြပြီး ဟန်ရေးပြရမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ရွှမ့်ထိုင်မြို့ကို ကာကွယ်ခြင်းသည် ရန်ပြည်နယ်ရှိ မျိုးနွယ်စုကြီးအားလုံးအတွက် အလွန်အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ အကယ်၍ သူ၏ တာဝန်ပျက်ကွက်မှု သတင်းသာ ပြန်လည်ပျံ့နှံ့သွားပါက သူ၏ မြင့်မြတ်သော ရာထူးဂုဏ်ဒြပ်ဖြင့်ပင် အပြစ်ဒဏ်မှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ဖူရင်းဟွာထံတွင် မည်သည့် ပုံမှန်မဟုတ်သော အမူအရာမျှ မတွေ့ရသဖြင့် သူ စိတ်သက်သာရာ ရသွားခြင်း ဖြစ်သည်။
သို့သော် သူသည် စစ်ရေးစစ်ရာနှင့် ပတ်သက်၍ ဘာမျှမသိသော လူမိုက်တစ်ဦးဖြစ်သော်လည်း စစ်တပ်ထဲတွင် အချိန်အတော်ကြာ မနေခဲ့ကြဖူးသော အခြား မျိုးနွယ်စုကြီးများမှ မျိုးနွယ်ဝင်များသည်လည်း လူအများ မဟုတ်ကြပေ။ ယနေ့တိုက်ပွဲသည် ထက်မြက်သော လူအများအပြားကို အန္တရာယ်ဆိုးကြီး၏ အရိပ်အယောင်ကို ခံစားမိစေခဲ့သည်။
သူတို့၏ အကြည့်များကို တစ်ယောက်ချင်းစီ ဆုံကြည့်ရင်း ဖူရင်းဟွာသည် တည်ငြိမ်စွာဖြင့် တုံ့ပြန်ခဲ့သည်။
"ယနေ့ စစ်ကူတွေ ရောက်လာတာက ကောင်းတဲ့ အချက်တစ်ခု ဖြစ်ပေမဲ့..."
ဖူရင်းဟွာ၏ အကြည့်များသည် ကျန်းဟွေဆီသို့ ရောက်ရှိသွားသည်။
"အားနည်းချက်တွေက များလွန်းလှတယ်"
ဖူရင်းဟွာ၏ အကြည့်နောက်သို့ လိုက်၍ လူတိုင်းက ကျန်းဟွေကို လှည့်ကြည့်လိုက်ကြရာ သူတို့၏ ဒေါသတရားများ ပေါက်ကွဲထွက်လာတော့သည်။ အချို့က သူ၏ ရာထူးဂုဏ်ဒြပ်ကို တွန့်ဆုတ်သဖြင့် စကားအများကြီး မပြောရဲကြသော်လည်း သူနှင့် မိသားစုနောက်ခံ သိပ်မကွာခြားသော အခြားသူများကမူ ပွင့်ပွင့်လင်းလင်းပင် ပြောဆိုလိုက်ကြသည်။
"အားနည်းချက်တွေ မရှိဘဲ နေမလား။ ငါတို့ရဲ့ စစ်သူကြီးကျန်းရဲ့ စွမ်းရည်တွေက ကုတင်ပေါ်မှာ မိန်းမတွေကို အနိုင်ယူတဲ့နေရာမှာပဲ ရှိတာ၊ သူက စစ်သည်တွေကို ဘယ်လို လေ့ကျင့်ပေးရမလဲဆိုတာ ဘာသိမှာလဲ"
"အို... မင်းပြောတာ မှားနေပြီ။ ငါတို့ စစ်သူကြီးကျန်းရဲ့ အနားမှာ စစ်သည်လေ့ကျင့်ပေးနိုင်တဲ့လူတွေ မရှားပါဘူး။ အဲ့ဒီ စစ်ကွပ်ကဲရေးတဲထဲမှာ သစ်သားရုပ်ထုတစ်ခုပဲ ထားထားရင်တောင် စစ်သည်တွေကို ဒီလိုမျိုး ဖြစ်အောင်တော့ လေ့ကျင့်မှာ မဟုတ်ဘူး မဟုတ်လား။ အရည်အချင်းမရှိတာက တစ်ပိုင်း၊ ဒါပေမဲ့ လူတိုင်းကို လာဆွဲချနေတာကတော့ သူ့အပြစ်ပဲ"
"ကျန်းဟွေ... အခြားသူတွေက မင်းကို ကြောက်ရင်ကြောက်လိမ့်မယ်၊ ငါကတော့ မကြောက်ဘူး။ အကယ်၍ ရွှမ့်ထိုင်မြို့သာ ကျဆုံးသွားရင် မင်းကို ဆွဲချိတ်ပြီး အရှင်လတ်လတ် အရေခွံခွာပစ်မယ်"
"ကျန်မိသားစုရဲ့ အိမ်တော်သခင်ကြီးက အသက်ကြီးပြီး သူငယ်ပြန်နေပြီလား။ ဒီလောက် အရေးကြီးတဲ့ တာဝန်ကြီးကို ဒီလိုကောင်မျိုးလက်ထဲ အပ်နှံရတယ်လို့။ အကယ်၍ သူ ကောင်းကောင်းလုပ်နိုင်ရင် ထားပါတော့၊ သူ့အတွက် ဂုဏ်ဒြပ်တစ်ခု ပေါင်းထည့်ပေးတာမို့ ဘယ်သူမှ ဘာမှပြောမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ ကောင်းကောင်းမလုပ်နိုင်တဲ့အခါကျတော့ လူတိုင်းရဲ့ အသက်ကို ဖုန်မှုန့်လို သဘောထားရာ မရောက်ဘူးလား"
အဆုံးမရှိသော လှောင်ပြောင်သရော်မှုများနှင့် ဒေါသတကြီး ဆဲဆိုကျိန်ဆဲသံများကို ကြားရသောအခါ ကျန်းဟွေ၏ မျက်နှာသည် နီမြန်းလာပြီး ဒေါသတရားများက သူ့ကို ဝါးမြိုသွားခဲ့သည်။ သူသည် ဒေါသလည်းထွက်၊ မခံမရပ်လည်း ဖြစ်နေခဲ့သည်။ ယခုအခိုက်အတန့်အထိပင် သူသည် မိမိကိုယ်ကိုယ် ဘာမှမှားယွင်းခဲ့သည်ဟု မခံစားရသေးချေ။
‘အရင်က လူတိုင်းလည်း ဒီလိုပဲ လုပ်ခဲ့ကြတာပဲ၊ ငါ့အလှည့်ကျမှ ဘာလို့ မှားရတာလဲ။’
၎င်းသည် အကျိုးအမြတ်အချို့ ရယူရန်သက်သက်သာဖြစ်ပြီး တာဝန်ယူရန်အတွက် သူ လုံးဝ မစဉ်းစားခဲ့ဖူးချေ။ သူ၏ အမြင်တွင် သူကိုယ်တိုင် စစ်ရေးစစ်ရာ၌ ကျွမ်းကျင်မှုမရှိသဖြင့် လေ့ကျင့်ရေးကိစ္စအားလုံးကို လက်အောက်ငယ်သားများထံ လွှဲအပ်ထားခြင်းက မည်သို့ မှားယွင်းနေသနည်း။
ဆဲဆိုကြိမ်းမောင်းမှုများကြောင့် မှင်တက်နေသော ကျန်းဟွေကို ကြည့်ရင်း ဖူရင်းဟွာ၏ နှလုံးသားထဲတွင် ကျေနပ်မှုအရသာတစ်ခု စိမ့်ထွက်လာခဲ့သည်။ သူသည် ကျန်းဟွေကို သေစေချင်ရုံသာမက ဆင်းရဲဒုက္ခ အပြည့်ဖြင့် မချိမဆံ့ သေဆုံးသွားစေချင်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် အချိန်ကိုက်ပင် စကားဖြတ်ပြောလိုက်ပြီး ကျန်းဟွေ ပြန်လည်ချေပရန် ပြင်နေသော စကားလုံးများကို ပိတ်ဆို့လိုက်တော့သည်။
"တိတ်စမ်း။ ရန်သူတော်ကြီးက အရှေ့မှာ ရောက်နေပြီ၊ အခုက ဒါတွေကို ငြင်းခုံနေရမယ့် အချိန်မဟုတ်ဘူး"
"အမှားအမှန်ကိုတော့ ငါ ရန်ပြည်နယ် ဘုရင်ခံရုံးကို စာပို့ထားပြီးပြီ၊ အဲ့ဒီကျရင် ဆုံးဖြတ်ပေးမယ့်သူ ရှိလိမ့်မယ်"
"အခု အဓိကက ရန်သူကို ခုခံတွန်းလှန်ဖို့ ဗျူဟာပဲ"
ဖူရင်းဟွာ၏ စစ်သေနာပတိ အရှိန်အဝါနှင့် မြို့ပြင်ရှိ ကျန့်နန်စစ်တပ်၏ ဖိအားများကြောင့် သူတို့သည် ခေတ္တမျှ ငြိမ်သက်သွားခဲ့ကြသည်။ လူအုပ်ကြီးသည် တိတ်ဆိတ်သွားသော်လည်း သူတို့၏ မျက်လုံးများထဲတွင် ဒေါသရိပ်များ ကျန်ရှိနေဆဲဖြစ်ကာ ကျန်းဟွေပင်လျှင် အံကြိတ်၍ နှုတ်ဆိတ်နေခဲ့ရသည်။
"စစ်သည်အသစ်တွေက ပထမဆုံးတိုက်ပွဲမှာ တိုက်ခိုက်ရမှာကို ကြောက်ရွံ့တတ်ကြပြီး စစ်မြေပြင်ရဲ့ သွေးချောင်းစီးမှုကို မကျွမ်းကျင်ကြသေးတာ သဘာဝပဲ၊ အထူးသဖြင့် ကျန့်နန်စစ်တပ်လို ရက်စက်ကြမ်းကြုတ်တဲ့ စစ်တပ်နဲ့ ရင်ဆိုင်ရတဲ့အခါမျိုးမှာပေါ့"
"ဒီနေ့ တိုက်ပွဲတစ်ခုတည်းမှာတင် စစ်ပြေးဦးရေ အမြောက်အမြား ပေါ်ထွက်လာခဲ့ပြီ"
"အကယ်၍ ဒီအခြေအနေကို မတားဆီးနိုင်ရင် ကြီးမားတဲ့ ဘေးဒုက္ခဆိုးကြီး ဆိုက်ရောက်လာလိမ့်မယ်"
ဖူရင်းဟွာ၏ လေးနက်တည်ကြည်ပြီး တိုးညှင်းသော လေသံကို ကြားရသောအခါ အောက်ရှိလူများ၏ စိတ်ထဲမှ မကျေနပ်မှုများ ကွယ်ပျောက်သွားပြီး စတင်စိုးရိမ်လာကြတော့သည်။
"တစ်ချက်ပြောပြပေးပါဦး... စစ်သေနာပတိဖူမှာ အစီအစဉ် ရှိပါသလား"
ဖူရင်းဟွာသည် စကားပြောလိုက်သော လူကို စိုက်ကြည့်လိုက်သည်။
"လက်ရှိ အခြေအနေအရ ဆုတ်လမ်းအားလုံးကို ဖြတ်တောက်ပြီး ကံကောင်းလိုစိတ် မျှော်လင့်ချက်တွေကို စွန့်လွှတ်လိုက်မှသာ သေတွင်းထဲကနေ ရှင်သန်ခြင်းလမ်းစကို ရှာဖွေနိုင်လိမ့်မယ်"
"ဒါဆို စစ်သေနာပတိဖူ... ကျွန်တော်တို့ သေတွင်းထဲကနေ ရှင်သန်ခြင်းလမ်းစကို ဘယ်လိုရှာရမလဲ"
"နောက်ပေါက်ကို ပိတ်ဆို့ပြီး မြို့နဲ့အတူ အသက်ကို မြှုပ်နှံရမယ်"
ဖူရင်းဟွာ၏ စကားကို ကြားလိုက်ရသောအခါ တဲအတွင်းရှိ စစ်သူကြီးများအားလုံး မျက်နှာပျက်သွားကာ အချင်းချင်း ကြည့်လိုက်ကြသည်။ မြို့တံခါးကို ပိတ်ဆို့လိုက်ခြင်းက သာမန်စစ်သည်များ ထွက်ပြေးခြင်းကို သေချာပေါက် တားဆီးနိုင်မည်ဖြစ်သော်လည်း သူတို့ကိုယ်တိုင်လည်း ထွက်ခွာရန် ခက်ခဲသွားပေလိမ့်မည်။
အခြားသူများ သေဆုံးနိုင်သော်လည်း သူတို့ မသေနိုင်ချေ။ သူတို့အနက် အများစုမှာ ငယ်ရွယ်သေးပြီး ခံစားရမည့် စည်းစိမ်ချမ်းသာနှင့် ဂုဏ်ဒြပ်များစွာ ကျန်ရှိနေသေးသည်။
သူတို့၏ အမူအရာကို မြင်သောအခါ ဖူရင်းဟွာက နှာခေါင်းရှုံ့၍ လှောင်ပြောင်လိုက်သည်။
"လူကြီးမင်းတို့... အခြေအနေကို အခုထိ သဘောမပေါက်ကြသေးဘူးလား"
"ရွှမ့်ထိုင်မြို့ကို ခုခံကာကွယ်ရင် မြို့ကျဆုံးသွားနိုင်ပေမဲ့ ရှင်သန်ဖို့ အခွင့်အရေး ရှိသေးတယ်။ အကယ်၍ ရွှမ့်ထိုင်မြို့ကနေ ထွက်ပြေးပြီး မြို့ကျဆုံးသွားတဲ့အခါ မင်းတို့ အသက်ရှင်မယ်လို့ အာမခံနိုင်မလား"
ပြောပြောဆိုဆိုဖြင့် ဖူရင်းဟွာသည် ထင်ရှားသော မိသားစုကြီးအချို့မှ အနွယ်အဖွားများကို လက်ညှိုးထိုးပြလိုက်သည်။
"အထူးသဖြင့် မင်းတို့အနည်းငယ်ကို ကျန့်နန်မင်းသားက မင်းတို့ရဲ့ အိမ်တွေကို ချေမှုန်းပြီး မျိုးနွယ်စုတစ်ခုလုံးကို သုတ်သင်ပယ်ရှင်းပစ်မှာ မဟုတ်ဘူးလား"
"မင်းတို့ ဒီမြို့ထဲကို ခြေချလိုက်တဲ့ အခိုက်အတန့်ကစပြီး မင်းတို့မှာ ရွေးချယ်စရာ မရှိတော့ဘူး။ ဒီမှာပဲနေပြီး မင်းတို့လက်ထဲက ဓားတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကာ မင်းတို့ကိုယ်တိုင်နဲ့ မင်းတို့ရဲ့ မိသားစုတွေအတွက် သေးငယ်လှတဲ့ ရှင်သန်ခြင်း အခွင့်အရေးကို တိုက်ယူမလား"
"ဒါမှမဟုတ် သရဲဘောကြောင်သူတွေလို ထွက်ပြေးပြီး ထိတ်လန့်တုန်လှုပ်ခြင်း၊ လှောင်ပြောင်ကဲ့ရဲ့ခြင်းတွေကြားထဲကနေ သေခြင်းတရား ရောက်လာမှာကို စောင့်မလား"
"ငါကတော့ မင်းတို့ကို ယောက်ျားကောင်းတွေလို ပြုမူစေချင်တယ်၊ သေရမယ်ဆိုရင်တောင် စစ်မြေပြင်မှာ သေပွဲဝင်ပါ၊ ကိုယ့်မိသားစုကို ကာကွယ်ရင်း စစ်မြေပြင်မှာ လဲကျသွားပါ"
"အိမ်ထဲမှာတင် ပိတ်မိနေပြီး ကုတင်ပေါ်ကနေ ဆွဲချခံရတာမျိုး၊ ဒါမှမဟုတ် အသည်းအသန် ထွက်ပြေးရင်း ကြွက်တွေလို အဖမ်းခံရပြီး အမြဲတမ်း ထိတ်လန့်ကြောက်ရွံ့စွာ နေထိုင်ရတာမျိုး မဖြစ်ပါစေနဲ့"
"မင်းတို့ ဘာပဲရွေးချယ်ရွေးချယ်... ငါကတော့ ဒီမြို့ရိုးပေါ်မှာ ရှိနေပြီး နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမှာပါ..."
ပြောပြီးနောက် ဖူရင်းဟွာသည် သူတို့ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ ဖူရင်းဟွာသည် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ သူတို့၏ နှလုံးသားထဲတွင် အမှန်တကယ် အရေးကြီးဆုံးအရာက ဘာလဲဆိုသည်ကို လောင်းကြေးထပ်နေခြင်း ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဤအချိန်၌ မည်သူမျှ ထွက်၍ မချေပရဲကြချေ။ သူတို့သည် သာမန်လူသားတို့၏ အသက်ကို တန်ဖိုးမထားဘဲ ပစ်ပယ်ထားနိုင်သော်လည်း မိမိတို့၏ မိသားစုများနှင့် မျိုးနွယ်စုဝင်များကိုမူ အလွန်အမင်း တန်ဖိုးထားကြသည်။ သူတို့သည်
မိမိကိုယ်ကိုယ် ထူးခြားမြင့်မြတ်သည်ဟု ယူဆကြပြီး အလိုလိုက်ခံထားရကာ နုနယ်လှသော်လည်း အကယ်၍ မျိုးနွယ်စုမှ အကြီးအကဲများ၏ အကျိုးအတွက်ဆိုလျှင်မူ သူတို့၏ အသက်ကို စွန့်လွှတ်ရန်နှင့် သွေးမြေကျရန် ဝန်လေးကြမည် မဟုတ်ပေ။
အကယ်၍ သူတို့သာ သူရဲဘောကြောင်စွာ တိတ်တဆိတ် ပြန်သွားခဲ့မည်ဆိုပါက အိမ်ရှိ ဇနီးမယား၊ သားသမီးများနှင့် အကြီးအကဲများကို ရင်ဆိုင်ရန် မျက်နှာမရှိရုံသာမက သေဆုံးသွားသည့်တိုင် ဘိုးဘေးဘီဘင်များကို မျက်နှာပြရဲကြမည် မဟုတ်ချေ။ မျိုးနွယ်စုဝင် အကြီးအကဲများကပင် သူတို့ကို မိသားစုစာရင်းမှ တိုက်ရိုက် ပယ်ဖျက်ပစ်ကြပေလိမ့်မည်။
မျက်စိဖြင့် မြင်နိုင်သော ကျောက်တုံးကြီးတစ်ခုက မြို့တံခါးကို ပိတ်ဆို့ထားသည်ကို ထားပါတော့၊ မြို့နောက်ကွယ်ရှိ လမ်းအားလုံးကို တူးဆွဖျက်ဆီးပစ်လျှင်ပင် မြို့ကျဆုံးသည့်အခါ သူတို့သည် ဆက်လက်ထွက်ပြေးကြဦးမည်သာ ဖြစ်သည်။ သို့သော် မျက်စိဖြင့် မမြင်နိုင်သော ကျောက်တုံးကြီးတစ်ခုက သူတို့၏ နှလုံးသားပေါ်တွင် ဖိနှိပ်ထားသဖြင့် ထွက်ပြေးချင်လျှင်ပင် ပြေး၍ မရနိုင်တော့ချေ။
မိမိတို့၏ ဇနီးမယား၊ သားသမီး၊ ဖခင်နှင့် ညီအစ်ကိုများ၏ စိတ်ပျက်အားလျော့နေသော အကြည့်များကို မည်မျှလောက်သောသူများက တောင့်ခံနိုင်ပါမည်နည်း။ မျိုးနွယ်စုတစ်ခုလုံး အန္တရာယ်ဆိုးကြီးနှင့် ရင်ဆိုင်နေရချိန်တွင် မည်မျှလောက်သောသူများက လျစ်လျူရှုထားနိုင်ပါမည်နည်း။
ထို့ပြင် လက်ရှိအခြေအနေမှာ ထွက်ပြေးရုံမျှဖြင့် ရှင်သန်နိုင်မည့် အခြေအနေမျိုး မဟုတ်ချေ။ မျိုးနွယ်စုတစ်ခုလုံးကို ရွှေ့ပြောင်းထွက်ပြေးခြင်းမှာ လူသုံးလေးငါးယောက်ကဲ့သို့ မဟုတ်ပေ၊ ပစ်မှတ်မှာ ကြီးမားလွန်းလှသည်။ အထူးသဖြင့် ဤမျိုးနွယ်စုကြီးများအတွက်မူ ပို၍ပင် သိသာထင်ရှားလှပေသည်။
ပင်လယ်ပြင်ကို ပိတ်ဆို့ထားပြီး မြောက်ဘက်ရှိ လူပြည်နယ်မှ ဝမ်မိသားစုကလည်း လမ်းကို ပိတ်ဆို့ထားသဖြင့် ဆုတ်လမ်းမရှိချေ။ အနောက်ဘက်သို့ ထွက်ပြေးမည်ဆိုပါကလည်း ယွီပြည်နယ်၏ ဘုရင်ခံနှင့် ယွီပြည်နယ်မှ မင်းစိုးရာဇာ မိသားစုများအကြား တင်းမာသော အခြေအနေနှင့် တိုးမည်ဖြစ်ရာ သူတို့၏ ကံကြမ္မာမှာလည်း မရေမရာ ဖြစ်သွားပေလိမ့်မည်။
အကယ်၍ သူတို့က လူစုခွဲလိုက်မည်ဆိုလျှင်လည်း အလားတူ ခက်ခဲလိမ့်မည် ဖြစ်သည်။ အိမ်နှင့်ဝေးကွာသော နေရာများတွင် လူတို့သည် တန်ဖိုးမဲ့လှသည်။ ထို့ပြင် ယခုအခါ လောကကြီးမှာ ပိုမိုမတည်ငြိမ်ဘဲ ဓားပြများ သောင်းကျန်းနေချိန် ဖြစ်သည်။
ထို့အပြင် ကျန့်နန်မင်းသား၏ လက်အောက်ခံ လျှို့ဝှက်ကွန်ရက်အဖွဲ့သည်လည်း လွယ်လွယ်နှင့် စနောက်၍ရသော အရာမဟုတ်ချေ။ လူစုခွဲလိုက်ခြင်းက တစ်ယောက်ချင်းစီအလိုက် ချေမှုန်းရန် ပိုမိုလွယ်ကူသွားစေလိမ့်မည်။ ထိုအချိန်ကျလျှင် ဆယ်ယောက်တွင် တစ်ယောက် ရှင်သန်ရန် ထားပါတော့၊ သွေးမျိုးဆက်တစ်ခုကို ထိန်းသိမ်းနိုင်လျှင်ပင် ကံကောင်းလှပြီ ဖြစ်သည်။
၎င်းမှာ ယခင်စကားအတိုင်းပင် ဖြစ်သည်။ ဖူရင်းဟွာ မထွက်ခွာနိုင်ပါက သူတို့အားလုံးသည်လည်း ဤနေရာတွင် ရှိနေရမည်ဖြစ်ပြီး သူနှင့်အတူ မြှုပ်နှံသင်္ဂြိုဟ်ခြင်း ခံရမည် ဖြစ်သည်။
သူတို့အနေနဲ့ ကြည်ဖြူသည်ဖြစ်စေ၊ မကြည်ဖြူသည်ဖြစ်စေ စကားလုံးများကို ဤမျှအထိ ပြောဆိုထားပြီး လူအများအပြား ရှိနေသည့်အတွက်၊ အကယ်၍ မည်သူမဆို အမှန်တကယ် ထွက်ပြေးခဲ့မည်ဆိုပါက အသက်ရှင်ကျန်ရစ်သည့်တိုင် မည်သည့် အဓိပ္ပာယ်မျှ ရှိတော့မည်မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် မြို့ကျဆုံးသွားပါက လူတိုင်း သေဆုံးကြရမည်ဖြစ်ပြီး စောစော သေခြင်း သို့မဟုတ် နောက်ကျမှ သေခြင်း၊ မတ်တတ်ရပ်လျက် သေခြင်း သို့မဟုတ် ဒူးထောက်လျက် သေခြင်းသာ ကွာခြားပေလိမ့်မည်။ အကယ်၍ မြို့မကျဘဲ ကာကွယ်နိုင်ခဲ့မည်ဆိုလျှင်လည်း ထွက်ပြေးခဲ့သူများသည် လူတိုင်း၏ ကဲ့ရဲ့ရှုတ်ချခြင်း၊ မုန်းတီးခြင်းကို ခံရမည်ဖြစ်ရာ သေဆုံးရသည်ထက်ပင် ပိုမို ဆိုးရွားပေလိမ့်မည်။
ထို့ကြောင့် ဖူရင်းဟွာ စကားပြောလိုက်သည့် အခိုက်အတန့်ကတည်းက သူတို့၏ ဆုတ်လမ်းမှာ လုံးဝ ပြတ်တောက်သွားခဲ့ပြီဖြစ်သည်။