← Chapters

အသံတိတ် အမျက်

Vol. 176 Ch. 2476

အသံတိတ် အမျက်

Vol. 176 Ch. 2476

“ ငါကတော့ မတော်တဆ မဟုတ်ဘူးပေါ့ ….”

ကျီချင်းရန် လင်းရီကို ကြည့်လိုက်ပြီး “ ငါ သိချင်တာ …. ငါတို့နှစ်ယောက်ထဲမှာ ဘယ်သူက တကယ်ပဲ မတော်တဆလဲ ….”

ကျီချင်းရန်၏ အမေးကြောင့် လင်းရီမှာ ဆွံ့အသွားခဲ့ရ၏။ ဘယ်လို ပြန်ဖြေရမှန်းပင် မသိတော့ချေ။

အမှန်တော့ … သူမတို့ နှစ်ဦးလုံး ကိုယ်ဝန်ရသွားခဲ့တာက သူ၏ စိတ်ကူးမဟုတ်ခဲ့ပေ။

ထို့ကြောင့် နှစ်ဦးလုံးက မတော်တဆ ဖြစ်ခဲ့သည်ဟု ဆို၍ရသည်။

သို့သော် လက်ရှိ အချိန်၌ ထိုသို့သော စကားမျိုးကို သွားပြောလိုက်၍ မဖြစ်ပေ။

“ ဒါပေါ့ … သူက မတော်တဆ ဖြစ်ခဲ့တာလေ …” လင်းရီ ပြောလိုက်ပြီး “ မင်းက ကိုယ် တရားဝင် လက်ထပ်ထားတဲ့ ဇနီးမယားပဲသာ ….”

ကျီချင်းရန် မည်သည့်စကားမျှ ခွန်းတုံ့ပြန်မလာခဲ့ချေ။ အခန်းမှာ အသံအတိ တိတ်ဆိတ်သွားခဲ့ပြီး နှစ်ဦး၏ နှလုံးခုန်သံတစ်ခုတည်းသာ ကျန်နေရစ်ခဲ့၏။

“ ငါ ခဏလောက် တစ်ယောက်တည်း နေချင်တယ် …”

“ ကောင်းပြီ ….”

လင်းရီ ဘာမျှ ထပ်မဆိုခဲ့ချေ။ ကျီချင်းရန်ကို သူ ကောင်းကောင်း နားလည်သည်။

သူမက အရာအားလုံးကို နားလည်ထားပြီး ဖြစ်၏။ ထို့ကြောင့် ပြောနေလို့လည်း ဘာမျှ ထူးခြားလာမည် မဟုတ်ပေ။

နောက်ပြီး သူနှင့် လျန်ရူရွှယ်၏ ကိစ္စကိုလည်း သူမ သိထားပြီး ဖြစ်၏။

ယခုလို အချိန်၌ သူ ရှင်းပြချင်လျှင်ပင် ဘာပြောလို့ ပြောရမှန်းလည်း မသိပေ။

လင်းရီ အခန်းထဲ ဆက်မနေတော့ဘဲ ထွက်သွားဖို့ ဟန်ပြင်လိုက်သည်။

သို့ပေမယ့် … သူ တံခါးဖွင့်လိုက်သည့် အချိန်မှာပဲ ကျီချင်းရန်၏ အသံက သူ့နောက်ကျောမှ ပဲ့တင်လာသည်။

“ သူ ဘာလို့ ကျိုးဟိုင်မှာ ရှိနေသေးတာလဲ ….”

“ ဟမ် …”

လင်းရီ အံ့အားသင့်သွားခဲ့၏။ “ ကျိုးဟိုင်မှာ ရှိမနေရင် သူက ဘယ်မှာ ရှိနေရမှာ ….”

“ ကိုယ်ဝန် ငါးလ ရှိနေပြီကိုတောင် သူက အလုပ်လုပ်နေတုန်းပဲပေါ့ …”

ကျီချင်းရန် ပြောချင်သည့် အဓိပ္ပာယ်ကို လင်းရီ နားလည်သွားခဲ့သည်။

“ သူ့ အလုပ်က မတူဘူး … တကယ် အရေးကြီးတဲ့ အချိန်မှ မဟုတ်ရင် ထွက်သွားလို့ မရဘူး ….”

“ သူ့မိသားစုကရော ဒီမှာပဲလား …”

လင်းရီ ခေါင်းခါယမ်းလိုက်သည်။ “ ဟင့်အင်း … ဒါပေမယ့် သူ့ကို ဂရုစိုက်ပေးမယ့် နာနီ နှစ်ယောက်တော့ ရှိတယ် …”

“ သူ့ဆီ သွားလိုက် …”

“ အာ … ဘာလို့ သူ့ဆီ သွားရမှာလဲ …..” လင်းရီမှာ အနည်းငယ် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ရသည်။

ကျီချင်းရန် ဘာစကားမျှ မဆိုပေ။ သူမ၏ မျက်ရည်များကို ဖယ်သပ်နေခဲ့၏။ အတော်ကြာအောင် တိတ်ဆိတ်ပြီးတော့မှ

“ ဒီလိုကိစ္စမျိုးတွေ ဖြစ်လာမယ်လို့ ငါ တွေးခဲ့ပြီးသား …. ဒီတိုင်း ဒီလောက် အမြန်ကြီး ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့သလို ငါ စိတ်ကူးခဲ့တဲ့အတိုင်း ဖြစ်လာမယ်လို့လည်း မမျှော်လင့်ထားခဲ့ရုံပဲ ….”

ကျီချင်းရန်မှာ လင်းရီနှင့် လျန်ရူရွှယ်တို့၏ ဆက်နွယ်မှုကို ရှေးယခင်ကတည်းက သိရှိထားပြီး သူမက လင်းရီနှင့် ပြန်ပေါင်းထုပ်ဖို့ ရွေးချယ်ခဲ့သဖြင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးကို သွယ်ဝိုက်ပြီး လက်ခံလိုက်သည်နှင့် မခြားပေ။

လက်ခံခြင်းနှင့်အတူ သေချာသည့် နောက်ဆက်တွဲ ကိစ္စတစ်ချို့ကို ရင်ဆိုင်ရလာမှာကတော့ မလွဲမသွေပင်။

သူမ ရပ်တန့်ဟန့်တားလို့ရနိုင်သည့် အရာလည်း မဟုတ်ပေ။

သို့သော် အရာအားလုံးက ရုတ်တရက် ဆိုက်ရောက်လာခဲ့ပြီး သူမကို ရှောင်တိမ်းဖို့ အခွင့်အရေးလေးပင် မပေးခဲ့ချေ။

“ မင်းက ငါ့ရဲ့ တရားဝင် ဇနီးမယားပဲလေ … ငါက အဲ့ကို ဘာသွားလုပ်ရမှာ ….”

“ ငါ တစ်ကိုယ်ကောင်းဆန်တဲ့လူ မဖြစ်ချင်ဘူး လင်းရီ …”

စကားပြောဆိုရင်း မျက်ရည်များက တစ်ဖန်စီးကျလာပြန်သည်။

“ နင့်လို လူကို ချစ်ကြိုက်မိတာ အရင် ဘဝက ငါ့ဝဋ်ကြွေးတွေပဲ ဖြစ်လိမ့်မယ် … ပြီးတော့ တစ်ခြားလူတွေ ထိခိုက်နာကျင်မှာကိုလည်း မလိုလားဘူး …. တကယ်လို့ ငါက နင့်ကို ငါ့ဘေးနားမှာပဲ နေ့တိုင်းနေ့ ခေါ်ထားမယ်ဆိုရင် ငါ ကျီချင်းရန်က တစ်ကိုယ်ကောင်းဆန်တဲ့ လူတစ်ယောက် ဖြစ်သွားလိမ့်မယ် … ငါ လူဆိုး မဖြစ်ချင်ဘူး ….”

လင်းရီ၏ ရင်ဘက်တစ်ခုလုံး ဆစ်ခနဲ နာကျင်သွားခဲ့၏။ ကျီချင်းရန်၏ သနားကြင်နာမှုက ဤကိစ္စအပေါ် သူမ၏ နာကျည်းမှုများအားလုံးကို ခွင့်လွှတ်ပေးစေခဲ့သည်။

“ ဒီအချိန်ရောက်မှတော့ အဲ့လောက် အများကြီး တွေးမနေနဲ့တော့ … ကျန်းမာရေးက အရေးကြီးတယ် … မငိုနဲ့တော့ …”

“ နင် ငါ့ကို စိတ်ပူပေးဖို့ မလိုဘူး ….”

“ ကိုယ်ဝန်ဆောင်နေတဲ့အချိန် ပြင်းထန်တဲ့ စိတ်ခံစားချက်တွေက ကလေးရဲ့ ဦးနှောက်ဉာဏ်ရည်ကို သွားပြီး ထိခိုက်စေတယ် … မင်းအတွက်တင် မဟုတ်ဘူး … ကလေးအတွက်မို့ ပြောနေရတာ ….”

လင်းရီ၏ စကားလုံးက ချက်ချင်း အကျိုးသက်ရောက်မှု ပြလာခဲ့၏။

ကျီချင်းရန် အငိုတိတ်သွားခဲ့သည်။

သူမ၏ နှလုံးသားထဲတွင် ကလေးက အမြဲတမ်း ပထမ ဦးစားပေးဖြစ်ပြီး ဝမ်းဗိုက်ထဲရှိ ကလေးလေးအား မည်သို့သော အန္တရာယ်မျှ ကျရောက်စေမှာ မဟုတ်ချေ။

“ ငါ အခု အိပ်တော့မယ် … နင် ထွက်သွားသင့်ပြီ ….”

လင်းရီ တိတ်ဆိတ်သွား၏။ နောက်ဆုံးတွင်တော့ … ဘာမျှမပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။

ယခုအချိန်တွင် သူမကို တိတ်ဆိတ်သည့် သီးသန့်နေရာလေး တစ်ခု ပေးထားသည်က အကောင်းဆုံးသော ရွေးချယ်မှု တစ်ခုပင်။

လင်းရီသည် ဧည့်သည်များအတွက် ဖယ်ထားသည့် အိပ်ခန်းထဲသို့ သွား၍ ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေလျက် ရှိသည်။ ပြတင်းပေါက် အပြင်ဘက်ရှိ လရောင်ကို ငေးမောရင်း မနက် အရုဏ်တက်သည်အထိ မလှုပ်မယှက် ထိုင်နေခဲ့လေသည်။

လင်းရီ၏ အစီအစဉ်အရ … အလုပ်ထွက်ပြီးနောက်တွင် တာအိုရသေ့ အလုပ်အကိုင်ကို စတင်ပြီး စနစ်မစ်ရှင်များကို ဖြည်းဖြည်းချင်း လုပ်ဆောင်မည်။

သို့သော် ယခု … ဤကဲ့သို့သော အခြေအနေဖြင့် လင်းရီ လုံးဝ လုပ်ချင်စိတ် မရှိတော့ပေ။

****

နောက်တစ်နေ့ နံနက်ခင်း ၊ လင်းရီ အိပ်ရာထသည့်အချိန်၌ ကျီချင်းရန်မှာ အိပ်ခန်းထဲ မရှိတော့။

လင်းရီ ထင်မှတ်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ သူမ၏ စိတ်ခံစားချက်တို့က အင်မတန် ကောင်းမွန်နေသည်။

မနေ့ညတုန်းက မည်သည့် တစ်စုံတစ်ရာ ကြီးကြီးမားမားတို့မျှ မဖြစ်ပျက်ခဲ့သည့်အတိုင်း ပုံမှန်ရှိသည်ဟု ထင်မှတ်ရ၏။

ကောင်းသည့်ကိစ္စရပ်တစ်ခုဟု ထင်မှတ်ရသော်လည်း ယင်းဖြစ်ရပ်ကပဲ လင်းရီ၏ နှလုံးသားကို အတော်လေး ကြောက်ရွံ့တုန်လှုပ်စေနေမိသည်။

ကျီချင်းရန်၏ ပုံမှန်ဆန်လွန်းသည့် အပြုအမူများက သူ မယုံကြည်နိုင်လောက်အောင်ကို ပုံမှန်မဟုတ်ဘဲ ဖြစ်နေသည်။

သူမ ရူးမိုက်သည်များ ပြုလုပ်မှာကို သူ အတော်လေး ကြောက်ရွံ့နေမိသည်။

မနက်စာ စားသောက်ပြီးနောက် ထုံးစံအတိုင်း နှစ်ဦးက ကုမ္ပဏီသို့ ကားမောင်းပြီး အတူထွက်လာသည်။

လမ်းတစ်လျှောက်တွင်လည်း တိတ်ဆိတ်နေခဲ့သည်။

ကလင် ကလင် ကလင် …

အေးစက်တိတ်ဆိတ်နေသည့် လေထုကို လင်းရီ စကားခေါင်းစဉ် တစ်ခုရှာ၍ ဖြိုခွဲတော့မည့် အချိန်မှာပဲ သူ့ဖုန်းက အသံမြည်လာသည်။

ကောင်းကျုံးယွမ်က ဆက်သွယ်လာခဲ့ခြင်း ဖြစ်၏။

“ အစ်ကိုရီ … မင်း အခု ဘယ်မှာလဲ …”

“ ကုမ္ပဏီသွားတဲ့လမ်းမှာ … ဘာကိစ္စရှိလို့ ….”

ဘာကြောင့်မှန်းတော့မသိ။ မသိစိတ်အလျောက် သတင်းကောင်းတစ်ခုခုကြောင့် ဖုန်းဆက်လိုက်တာတော့ မဖြစ်နိုင်ဟု လင်းရီ စိတ်ထဲ ခံစားနေရ၏။

“ ကိစ္စက နည်းနည်းရှုပ်တယ် … ဖုန်းထဲမှာ ရှင်းပြလို့မရဘူး … ငါတို့လည်း အခု ဥက္ကဌကျီရဲ့ ကုမ္ပဏီကို လာနေပြီ ….”

“ ငါတို့ …” လင်းရီ ဇဝေဇဝါဖြစ်စွာ အသံမြင့်မိလိုက်သည်။

“ အင်း .. ငါနဲ့ ယွမ်ယွမ် …”

“ ကောင်းပြီ … ငါ ရုံးခန်းထဲမှာ စောင့်နေမယ် …”

စကားအနည်းငယ် ပြောဆိုပြီးနောက် လင်းရီ ဖုန်းချလိုက်၏။

မည်သည့်အကြောင်းကြောင့် ဖုန်းဆက်လာခဲ့လဲဆိုတာကို ကျီချင်းရန် သိချင်နေသော်လည်း သူမ မမေးမြန်းခဲ့ချေ။

“ ကောင်းကြီးနဲ့ ယွမ်ယွမ်က ခဏနေ ကုမ္ပဏီ ရောက်လာမယ်တဲ့ … ကြည့်ရတာ ပြဿနာ တစ်ချို့ တက်နေတဲ့ပုံပဲ ….”

“ အင်း …” ကျီချင်းရန် ခပ်သာသာ တစ်ချက် ခေါင်းညိတ်လိုက်သည်။

လင်းရီ အခြား ဘာမျှ ထပ်မဆို‌ချေ။ ကောင်းမိသားစု၏ အရေးကိစ္စ တစ်စုံတစ်ရာသာ ဖြစ်လိမ့်မည်ဟု တွေးထင်လိုက်တော့၏။

အကယ်၍ ဟော်ယွမ်ယွမ်၏ ကိစ္စသာ ဖြစ်မည်ဆိုပါက သူမက ကျီချင်းရန်ကို အရင်အသိပေးလောက်၏။ ကောင်းကျုံးယွမ်ကို သူ့ထံသို့ အရင် ဖုန်းဆက်ခွင့် မပြုလောက်ချေ။

သူ့ အတွေးများကို ခေတ္တ ဘေးချိတ်ထားရင်း … လင်းရီသည် ချောင်ရန် အုပ်စုသို့ သက်တောင့်သက်သာ ဖြစ်စွာ ကားမောင်းလာခဲ့၏။

သူ ရုံးခန်းကို ရောက်ပြီး မကြာမီ ကောင်းကျုံးယွမ်နှင့် ဟော်ယွမ်ယွမ်တို့ အထဲဝင်လာသည်။

“ မနက်ခင်း အစောကြီး ဖုန်းဆက်လာတယ်ဆိုတော့ ဘာကိစ္စလဲ ….”

“ ငါတို့ မိသားစုက အာဖရိကမှာ ဆိပ်ကမ်း ပရောဂျက် တစ်ခု ရှိတယ် … ဒါပေမယ့် အဲ့မှာ အတော်လေး ပရမ်းပတာ ဖြစ်နေသလိုပဲ … မင်းသိတဲ့အတိုင်းပဲ .. ငါ့ဦးလေးနဲ့ တစ်ခြားလူတွေ ဟိုမှာ ပိတ်မိနေပြီ ….” ကောင်းကျုံးယွမ် စိုးရိမ်နေသည့် အမူအရာဖြင့် ပြောဆိုလာခဲ့၏။

“ မင်း သူတို့ကို ပြန်ခေါ်ပေးနိုင်မယ့် နည်းလမ်းတစ်ခုခုလောက် စဉ်းစားပေးပါလား ….”

“ ဟမ် … အဲ့လိုတွေ ဖြစ်နေတာလား …”

လင်းရီ အတော်လေး အံ့အားသင့်သွားခဲ့သည်။ ထိုမျှ ကြီးမားသည့် ကိစ္စရပ်ကြီး တစ်ခု ဖြစ်နေသော်ငြားလည်း အင်တာနက်ပေါ်တွင် မည်သည့် သတင်းမျှ မမြင်တွေ့သည်ကတော့ ထူးဆန်းနေသည်။

“ စိုးရိမ်ဖို့ မလောနဲ့ဦး … ငါ ဖုန်းဆက်ပြီး ဘာတွေ ဖြစ်နေလဲ မေးကြည့်လိုက်ဦးမယ် ….”

ထိုသို့ ပြောပြီးနောက် လင်းရီ ဖုန်းထုတ်၍ နင်ချဲ့ထံ ဖုန်းခေါ်လိုက်သည်။

သို့သော် .. မတူညီသည့် နံပါတ်နှစ်ခုလုံးကို ခေါ်ဆိုပြီးသည့်တိုင် နှစ်ခုလုံးက ဖုန်းပိတ်ထားလေသည်။

လင်းရီ၏ ရင်ခုန်နှုန်းတို့ မြန်ဆန်သွားပြီး မကောင်းသည့် ခံစားချက်တို့က ရင်ထဲ ပေါက်ဖွားလာခဲ့သည်။

လင်းရီ၏ မျက်နှာအမူအရာ မလှသည်ကို မြင်တော့ ကောင်းကျုံးယွမ်၏ နှလုံးမှာ လည်ချောင်းဝသို့ တစ်ဆို့လာခဲ့ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်လာသည်။

၎င်းနောက် ချက်ချင်းပဲ လင်းရီ ချိုးယွီလော့ထံ ဖုန်းခေါ်လိုက်သည်။

အလားတူစွာ ဖုန်းနံပါတ် နှစ်ခုလုံးက အသံမေးလ်သို့သာ ကူးပြောင်းသွားခဲ့၏။

မျက်နှာပျက်ပျက်နှင့်ပဲ လင်းရီ နောက်လူတစ်အုပ်စုထံ ဖုန်းခေါ်ကြည့်လိုက်သည်။

အကုန်လုံးကို ဆက်သွယ်၍ မရပေ။

ဤသည်က မည်သည်ကို ဆိုလိုနေမှန်း လင်းရီ ကောင်းကောင်း နားလည်နေသည်။

ကျုံးဝေ့တပ်ဖွဲ့က မစ်ရှင်တစ်ခုကို ထမ်းဆောင်နေကြခြင်းပင်။

ရုံးခန်းတစ်ခုလုံး တစ်စပြင်နှယ် တိတ်ဆိတ်သွားခဲ့ပြီး လင်းရီမှာ ဖုန်းပွတ်ရင်း မျက်နှာအမူအရာမှာလည်း ပုံမှန်မဟုတ်သည့် လေးနက်တင်းမာမှုတို့ဖြင့် ပြည့်နှက်နေသည်။

ကောင်းကျုံးယွမ်၏ ပြဿနာ သပ်သပ်သာလျှင် မဟုတ်တော့ဘဲ ကျုံးဝေ့တပ်ဖွဲ့၏ ပြဿနာလည်း ပါဝင်နေသည်။

တိတ်ဆိတ်မှုက တစ်မိနစ်ကျော် ၊ နှစ်မိနစ်ရောက်သည်အထိ တည်တံ့နေခဲ့ပြီး နောက်ဆုံးတွင်တော့ လင်းရီ လုပေချိန်၏ နံပါတ်ကို ဆက်သွယ်လိုက်၏။

သူ့အမြင်၌ ထိုသို့သော ကိစ္စရပ်မျိုးကို လျိုဟုန်တစ်ဦးတည်းက ဆုံးဖြတ်ပိုင်ခွင့် ရှိမှာ မဟုတ်ချေ။

အကြိမ်ရေ အနည်းငယ် တုန်ခါပြီးနောက် ဖုန်းကောက ချိတ်ဆက်သွားခဲ့၏။

“ ဟယ်လို …”

“ သူတို့ ဘယ်တုန်းက ထွက်သွားခဲ့ကြတာ ….”

“ တမြန်မနေ့ကပဲ ….”

လုပေချိန်က လင်းရီ ပြောချင်သည့် အဓိပ္ပာယ်ကို နားလည်နေသည်။ နောက်ပြီး သူ့ကို ကွယ်ဝှက်ထားလို့လည်း မရပေ။ ထို့ကြောင့် ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်၏။

“ ဘာလို့ ကျုပ်ကို အသိမပေးတာ ….”

“ မီလိက ကိုယ်ဝန်ရှိနေပြီ … မိသားစုအရေးက ဦးစားပေးပဲ …” လုပေချိန် ပြောလိုက်ပြီး “ ထွေထူးလည်း မဟုတ်တော့ မင်းကို အသိမပေးဖို့ ဆုံးဖြတ်လိုက်တာ ….”

လင်းရီ ခွန်းတုံ့ပြန်ခြင်းမပြု။

နှစ်ဦးနှစ်ဖက်လုံးက တိတ်ဆိတ်နေသည်။

ခေတ္တကြာပြီးနောက် လင်းရီ ဖုန်းချလိုက်ပြီး လုပေချိန်ကို စကားပြောဖို့ အခွင့်အရေး မပေးခဲ့ချေ။

All Chapters