ကယ်ဆယ်ရေး အစီအစဉ်
Vol. 176 Ch. 2477
ရန်ကျင်း။
လုပေချိန်နှင့် လျန်ရှန့်ဟော်တို့ နှစ်ဦးမှာ ခြံဝန်းထဲတွင် ရေနွေးကြမ်း သောက်နေလျက် ရှိ၏။
ပူပြင်းသည့် နွေရာသီ၌ လေညှင်းတစ်ဝှေ့တိုက်ခတ်သွားတိုင်း သစ်ရွက်ငယ်လေးများကလည်း ညင်သာစွာ ယိမ်းခုန်လှုပ်ရှားနေလေသည်။
“ သူ ဘာပြောလဲ ….” လျန်ရှန့်ဟော် မေးလိုက်သည်။
“ ဘာမှ မပြောဘူး … ဒီတိုင်း ဖုန်းချသွားခဲ့တယ် ….”
လုပေချိန်က ရေနွေးကြမ်း တစ်ကျိုက်သောက်ရင်း “ ပုံစံကြည့်ရသလောက်တော့ ငါ့ကို စိတ်တိုနေတဲ့ပုံပဲ ….”
“ အဲ့လောက်ကြီးလည်း ထွေထူးမဟုတ်တာကိုကွာ … လူငယ်ကတော့ လူငယ်ပါပဲ ….”
“ မနှစ်တုန်းက ပနားမား ကိစ္စကို သူ့စိတ်ထဲ လက်မလွှတ်နိုင်သေးတာကြောင့်လည်း ဖြစ်မယ် ….” လုပေချိန် ပြောလိုက်ပြီး “ သူ ဘယ်လိုခံစားနေရလဲ နားလည်ပေးလို့ရပါတယ် …”
လျန်ရှန့်ဟော် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့၏။
“ အဲ့ကောင်လေးကတော့ သစ္စာနဲ့ သံယောဇဉ်ကို သိပ်တန်ဖိုးထားလွန်းတယ် … ဒါပေမယ့် ငါတို့တွေ ဒီကိစ္စကို သေချာ လေးလေးနက်နက် ကိုင်တွယ်သင့်တယ်မဟုတ်လား ….”
ထောက် …
လုပေချိန်က စီးကရက်တစ်လိပ်ကို မီးညှိရင်း လျန်ရှန့်ဟော်ကိုလည်း တစ်လိပ်ကမ်းပေးလိုက်သည်။
ဆေးလိပ် မီးခိုးငွေ့များကြားထဲ လုပေချိန်၏ ပါးရေတွန့်နေသည့် မျက်နှာမှာ ပို၍ပင် ဆန်းကြယ်နေပြီး ခန့်မှန်းမရနိုင်ဘဲ ဖြစ်နေသည်။
“ ဒီကိစ္စက ကျိန်းသေပေါက် အပေါ်ယံ မြင်နေရသလောက် မရိုးရှင်းဘူး ….”
လျန်ရှန့်ဟော်၏ ရေနွေးကြမ်းခွက်ကို ကိုင်ထားသည့်လက်မှာ လေထုထဲ ရပ်တန့်သွားရင်း “ မင်းပြောချင်တဲ့သဘောက သူတို့တွေ ရှေးဟောင်း စာရွက်စာတမ်းအပေါ် လှုပ်ရှားမှု ရှိလာမယ်ဆိုတဲ့ သဘောလား ….”
လုပေချိန် လေးနက်သည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
“ ဆိပ်ကမ်းပရောဂျက်က အလယ်အလတ်နဲ့ နောက်ပိုင်း အဆင့်ကို ရောက်နေပြီ … တကယ်လို့ တစ်ခုခု ဖြစ်ချင်ရင် အစောကြီးကတည်းက ဖြစ်ပြီးနေပြီ … ဘာလို့ ဒီအချိန်ထိ စောင့်နေမှာ … ငါ့အထင် အမေရိကန်တွေဘက်က လှုပ်ရှားလာဖို့ အချိန် ဘယ်လောက်မှ ကြာတော့မှာ မဟုတ်ဘူး ….”
“ အဲ့လိုသာဆိုရင်တော့ ငါတို့တွေ လင်းရီကို တကယ်ပဲ စေလွှတ်သင့်တယ် ….” လျန်ရှန့်ဟော် ပြောလိုက်သည်။
“ ဒီကိစ္စမှာ သူ ရှိတာနဲ့ မရှိတာက လုံးဝ ကွဲပြားတဲ့ အခြေအနေနှစ်ရပ်ပဲ …”
“ နောက်ကျသွားပြီ …” လုပေချိန် ပြောလိုက်ပြီး “ ငါ့အထင် သူ ဖုန်းချပြီးတာနဲ့ သူ့နည်းသူ့ဟန်နဲ့သူ လှုပ်ရှားလိမ့်မယ် … ငါတို့ စီစဉ်ပေးတာကို လိုက်နာမှာ မဟုတ်ဘူး …. “
လျန်ရှန့်ဟော် ခေတ္တ အေးခဲသွားခဲ့၏။ ထို့နောက် ရယ်မောလိုက်သည်။
“ တကယ်လည်း အဲ့ကောင်က အဲ့လိုလုပ်မယ့်လူစားမျိုးပဲ ….”
လုပေချိန် ပြုံးလျက် သူ၏ ရေနွေးကြမ်းခွက်ကို အောက်သို့ ချလိုက်သည်။
“ ဒါပေမယ့် သူ ဘယ်လိုနည်းနဲ့ ကိုင်တွယ်မလဲဆိုတာတော့ ငါလည်း မခန့်မှန်းတတ်ဘူး ….”
“ ခန့်မှန်းမနေနဲ့ … ဦးနှောက်ပင်ပန်းတာပဲ အဖတ်တင်မယ် ….”
လျန်ရှန့်ဟော်က လုပေချိန်၏ ခွက်ကို ဖြည့်ပေးလိုက်ပြီး “ တကယ်လို့ သူ့အတွေးတွေသာ ခန့်မှန်းရ လွယ်ကူနေရင် အခုချိန်လောက်ဆို မရေမတွက်နိုင်အောင် သေပြီးနေပြီ ….”
“ အဲ့တာလည်း အမှန်ပဲ ….”
“ အရာအားလုံးကို သဘာဝကျကျလေးပဲ ဖြစ်ပျက်ခိုင်းကြတာပေါ့ …”
…
ကျီချင်းရန်၏ ရုံးခန်းထဲ၌။
လင်းရီ ဖုန်းချလိုက်တာကို မြင်တော့ မျက်လုံးများအားလုံးက သူ့အပေါ်တွင် ကျရောက်နေသည်။
“ အစ်ကိုရီ … အခြေအနေ ဘယ်လိုရှိလဲ ….”
“ သိပ်မဟန်ဘူး …” လင်းရီ တင်းမာသည့် အမူအရာဖြင့် ပြန်ပြောလိုက်သည်။
“ အဲ့က အခြေအနေတွေ ဘယ်လိုရှိလဲ ငါ့ကိုပြော ….”
“ ငါတို့ ကုမ္ပဏီက အဲ့မှာ အင်ဂျင်နီယာတွေ ဒါဇင်ချီပြီး စေလွှတ်ထားတယ် … ငါ့ဦးလေး ဦးဆောင်တဲ့ ဟွာရှက ဆောက်လုပ်ရေး လုပ်သားတွေနဲ့ဆို စုစုပေါင်း အယောက်ငါးဆယ်ကျော်တယ် … အခု အကုန်လုံးက ဟိုမှာ ပိတ်မိနေပြီ ….”
“ သူတို့ ပိတ်ဆို့ခံထားရတာ ဖြစ်မယ် …” လင်းရီ ဝင်ပြောလိုက်၏။
“ ငါ ကြားဖူးတာတော့ အမေရိကန်စစ်တပ်နဲ့ ဂျပန်ရဲ့ ကိုယ်ပိုင် ကာကွယ်ရေးတပ်တွေက အဲ့ဒီမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ အတွက် စခန်းချနေကြတာတဲ့ …. ဒါပေမယ့် အသေးစိတ်တော့ ငါလည်း မသိဘူး …” ကောင်းကျုံးယွမ် ပြောလိုက်သည်။ “ ငါ့ဦးလေးကို ပြန်ခေါ်နိုင်သရွေ့ တစ်ခြားဟာတွေကို ငါ ဂရုစိုက်မနေဘူး …”
“ ဒီအကြောင်းတွေ နောက်မှ ပြောကြတာပေါ့ …” ဟော်ယွမ်ယွမ်က ကြားဖြတ်ပြောလိုက်ပြီး “ ငါတို့ရဲ့ အစွမ်းအစနဲ့ဆိုရင် သူတို့ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်ခေါ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး … ဒီကိစ္စက နိုင်ငံနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်သွားပြီ …”
“ အခြေအနေတွေက မင်းတို့ တွေးထင်နေသလို မရိုးရှင်းဘူး … ကမ္ဘာကြီးရဲ့ တည်ငြိမ်အေးချမ်းမှုကိုပါ ထိခိုက်စေတဲ့အထိအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ် … တကယ်လို့ တစ်ခုခု မှားယွင်းသွားခဲ့ရင် တစ်ကမ္ဘာလုံး ပရမ်းပတာတွေ ဖြစ်သွားလိမ့်မယ် …”
စစချင်းတုန်းကတော့ လင်းရီလည်း ဤကိစ္စကို အလေးအနက် မထားခဲ့ချေ။
သို့သော် ကောင်းကျုံးယွမ် ရှင်းပြသည်ကို နားထောင်ပြီးနောက် အရာအားလုံးက ရှင်းလင်းလာသည်။
ဤသည်က ဂရုတစိုက် စီစဉ်ထားသည့် ၊ ကောက်ကျစ်လှသည့် ပူးပေါင်းကြံစည်မှု တစ်ခု ဖြစ်၏။
သူတို့တွေက ရှေးဟောင်း လက်ရေးစာမူအတွက် ရောက်လာခဲ့ကြခြင်း ဖြစ်ရမည်။
လက်ရှိ အခြေအနေအတိုင်းဆိုပါက လူတွေကို ပြန်ခေါ်ဖို့က ခက်ခဲသည်ထက်ကို ကျော်လွန်နေသည်။
“ ဒါဆို ငါတို့ ဘာဆက်လုပ်ကြမှာ … တကယ်ပဲ ဖြေရှင်းနိုင်မယ့် နည်းလမ်း မရှိတော့ဘူးလား ….” ကောင်းကျုံးယွမ် မေးမြန်းလိုက်သည်။
“ မင်းတို့အားလုံး အရင် ပြန်နှင့်ကြ … ဒီလို ကိစ္စမျိုးက ညတွင်းချင်း ဖြေရှင်းလို့ရတဲ့ ပြဿနာ မဟုတ်ဘူး … ငါ ကိုင်တွယ်နိုင်မယ့် နည်းလမ်း ရှာလိုက်မယ် …”
ကောင်းကျုံးယွမ်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
“ အစ်ကိုရီ … မင်းက အစွမ်းအစရှိမှန်း ငါသိတယ် … ဒါပေမယ့် အရာအားလုံးကို မင်းအပေါ်ချည်းပဲ ငါ အားမကိုးချင်ဘူး … ဒါက ငါ့မိသားစုပြဿနာ … ငါ ဒီတိုင်းထိုင်ပြီး ဘာမှမလုပ်ဘဲ မနေနိုင်ဘူး ….”
“ မင်း ဘာစဉ်းစားနေလဲ ငါသိတယ် … ထပ်မပြောနဲ့တော့ ….”
လင်းရီ သူ့ပခုံးကို ပုတ်ပေးလိုက်ပြီး “ ငါ့ကို ယုံကြည်ထားလိုက် … အဆင်ပြေသွားလိမ့်မယ် ….”
ကောင်းကျုံးယွမ် ဘာပြန်ပြောရမှန်း မသိတော့ဘဲ လေးလေးနက်နက် ခေါင်းညိတ်ပြရုံသာ တတ်နိုင်လေသည်။
“ အစ်ကိုရီ … ကျေးဇူးပါပဲ … ငါ မင်းကို အားနာမနေတော့ဘူးနော် ….”
“ ဘာလို့ ငါ့ကို လာပြီး ယဉ်ကျေးပြနေတာ …” လင်းရီ ပြုံးလျက် “ ပြန်ပြီး မိသားစုကို စိတ်မပူဖို့ ပြောလိုက် … “
“ နားလည်ပြီ ….”
နှစ်သိမ့်သည့် စကားတစ်ချို့ ဆိုပြီးနောက် ကောင်းကျုံးယွမ်နှင့် ဟော်ယွမ်ယွမ်တို့ ထွက်ခွာသွားခဲ့ကြသည်။
လင်းရီ ဆိုဖာပေါ်တွင် ထိုင်လျက် တိတ်ဆိတ်နေသည်။
ကျီချင်းရန်လည်း ဘာပြောလို့ ပြောရမှန်း မသိဖြစ်နေကာ သူ့ဘေးနားတွင် တိတ်တိတ်လေး ထိုင်ရုံသာ တတ်နိုင်တော့သည်။
လက်ရှိ အခိုက်အတန့်၌ ၊ တိတ်တိတ်လေး နေပေးသည်က သူ့အတွက် အကောင်းဆုံးသော အကူအညီပင်။
မသိစိတ်အလျောက် လင်းရီ အိတ်ကပ်ထဲသို့ လက်ရောက်သွားခဲ့ပြီး …
ထို့နောက် လက်ကို ပြန်ရုတ်လိုက်၏။
“ မင်း လုပ်စရာ ရှိတာ လုပ်လေ … ငါ တစ်ခြားကိစ္စလေးတွေ လုပ်စရာရှိသေးတယ် …”
“ အင်း …” ကျီချင်းရန် ပေါ့ပါးစွာ ခေါင်းညိတ်လိုက်၏။
လင်းရီ မတ်တပ်ထရပ်ပြီး အပြင်သို့ ထွက်ခွာသွားခဲ့သည်။
ကားပါကင်နေရာကို ရောက်တော့ လင်းရီ ကားထဲသို့ ဝင်ထိုင်သည်။ သို့သော် မောင်းထွက်သွားဖို့ အလျင်မလိုသေးဘဲ စီးကရက် တစ်လိပ်ကို မီးညှိလိုက်၏။
ဤအရာများအားလုံးကို ကျီချင်းရန် ဝယ်ထားပေးခြင်းပင်။
လင်းရီအတွက် လိုရမယ်ရ မောက်ထိုင် နှစ်သေတ္တာနှင့် ပရီမီယမ် စီးကရက် ဘရန်းမျိုးစုံကို အမြဲတမ်း ဝယ်ထားပေး၏။
စီးကရက်ကို တိတ်ဆိတ်စွာဖွာရင်း စိတ်ထဲ၌ ကိစ္စရပ်များအားလုံးကို သေချာ စီစစ်နေသည်။
ကျုံးဝေ့တပ်ဖွဲ့ တစ်ခုလုံး စေလွှတ်ထားသည့်တိုင် မည်သည့် ရလဒ်မျှ ရှိမလာသေးပေ။
သူကိုယ်တိုင် သွားရောက်လျှင်လည်း အခြေအနေက များများစားစား ထူးခြားလာမှာ မဟုတ်ချေ။
ထို့ကြောင့် အလျင်စလို ပြေးသွားသည်က ဉာဏ်ကောင်းသည့် ရွေးချယ်မှု တစ်ခုတော့ မဟုတ်တန်ရာ။
ဤသည်က အကြမ်းနည်းသုံးပြီး ကိုင်တွယ်၍မရသည့် ပြဿနာရပ်တစ်ခု ဖြစ်၏။
မဟုတ်ပါက မည်သူမဆို အောင်မြင်ပြီးတာ ကြာပြီ ဖြစ်သည်။
စီးကရက်ကို လက်ချောင်းနှစ်ခုခြား ညှပ်ရင်း လင်းရီ အချိန်အတော်ကြာအောင် တွေးနေလျက် ရှိကာ နောက်ဆုံးတွင်မှ လျိုဟုန်ထံသို့ ဖုန်းခေါ်လိုက်၏။
အကြိမ်ရေ အနည်းငယ် တုန်ခါပြီးနောက် ဖုန်းကောက ချိတ်ဆက်သွားခဲ့လေသည်။
တစ်ဖက်သူ စကားပြောလာမှာကို စောင့်ဆိုင်းမနေဘဲ လင်းရီ တိုက်ရိုက်ပဲ ပြောဆိုလိုက်၏။
“ ဟိုမှာ အခြေအနေ ဘယ်လိုရှိလဲ ….”
“ မင်း သိပြီးသွားပြီပေါ့ ….”
“ အင်း … စိုးရိမ်ရလား … ဟိုဘက်မှာ လူအင်အားက ဘယ်လောက်ရှိလဲ ….”
“ အကုန်လုံးဆို အယောက် ၁၀၀ လောက်တော့ ရှိမယ် … လောလောဆယ်တော့ ငါတို့လည်း ဖြေရှင်းနည်းလမ်းကို ရှာလို့ မတွေ့သေးဘူး ….”
“ သူတို့က ဘယ်သူတွေတုန်း …”
“ တစ္ဆေတွေနဲ့ ညဉ့်တစ္ဆေတွေ ၊ ငါတို့လိုမျိုး နာမည်ကြီးတဲ့ အဖွဲ့အစည်းပဲ … ဒီတစ်ခါတော့ သူတို့တွေ အတည်ကြီး လုပ်နေကြတာ ….”
“ အထက်ရဲ့ ရပ်တည်ချက် သဘောထားကရော ဘယ်လိုလဲ …”
“ ဘယ်လိုတန်ကြေးပဲ ပေးဆပ်ရ ပေးဆပ်ရ၊ လူတွေကို ပြန်ခေါ်ရမယ် ….”
“ နားလည်ပြီ … ကျုပ် အခု ဖုန်းချလိုက်တော့မယ် …”
လိုချင်သည့် သတင်းအချက်အလက်များ ရရှိပြီးနောက် လင်းရီ ဖုန်းချလိုက်ပြီး စီးကရက် နောက်ထပ်တစ်လိပ်ကို မီးညှိလိုက်သည်။
တစ္ဆေ အဖွဲ့အစည်းက အမေရိကန်ဘက်မှ ဖြစ်ပြီး ညဉ့်တစ္ဆေများက ဂျပန်ဘက်မှ ဖြစ်ကာ အဖွဲ့အစည်း နှစ်ခုလုံးက အင်မတန် အားကောင်းသည့် အဖွဲ့အစည်းများ ဖြစ်ကြ၏။ ၎င်းတို့၏ ခွန်အားကလည်း ကျုံးဝေ့တပ်ဖွဲ့နှင့် တန်းတူယှဉ်နိုင်သည်။
နောက်ပြီး သူတို့၏ ရည်မှန်းချက်ပန်းတိုင်ကလည်း ပြောနေစရာ မလိုအောင်ကို ရှင်းလင်းလှသည်။
အကယ်၍ ရှေးဟောင်းလက်ရေးစာမူကို လွှဲပေးလိုက်မည်ဆိုပါက အခြေအနေကို လွယ်လင့်တကူ ဖြေရှင်း၍ရသည်။
သို့သော် ပြဿနာက … ထိုပစ္စည်းကို အလွယ်လေး ပေးလိုက်ဖို့က လုံးဝ မဖြစ်နိုင်နေခြင်းပင်။
အချိန်က တရွေ့ရွေ့နှင့် ကုန်ဆုံးသွား၏။
လင်းရီလည်း စီးကရက်များကို တစ်လိပ်ပြီး တစ်လိပ် ဆက်တိုက်သောက်နေသည်။
ကားထဲတွင်လည်း အခိုးအငွေ့တို့ ပြည့်နှက်နေပြီး တစ်စုံတစ်ဦးက အင်မော်တယ် ကျင့်ကြံနေသည်နှင့်ပင် ဆင်တူနေတော့သည်။
ဒေါက် ဒေါက် ဒေါက် …
လင်းရီ အတွေးနက်နေစဉ်မှာပဲ ကားပြတင်းပေါက်မှန်ကို လာခေါက်သည့် အသံကြားလိုက်ရပြီး ကျီချင်းရန်က အပြင်ဘက်၌ ရောက်ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
“ မင်း အပြင်သွားမလို့လား ….” ကားထဲက ထွက်၍ လင်းရီ ပြောလိုက်ပြီး “ ငါ လိုက်ပို့ပေးမယ်လေ …”
ကျီချင်းရန် မီးခိုးငွေ့များအား လက်ဖြင့် ဝေးဝေးခါထုတ်လိုက်ပြီး “ ဘာလို့ ဆေးလိပ်တွေ အဲ့လောက်တောင် သောက်နေရတာလဲ … နင် စောစောစီးစီး သေချင်နေတာလား …”
“ အဲ့လောက်လည်း မဆိုးပါဘူးဟ ….”
လင်းရီ ပြုံးလိုက်ပြီး ကားထဲရှိ လေများ အပြင်သို့ ထွက်သွားစေရန်အတွက် တံခါးပေါက်ကို ဖွင့်လိုက်သည်။
“ ငါ မထွက်သွားသေးမှန်း မင်း ဘယ်လိုလုပ်ပြီး သိတာ …”
“ နင် စောနက အိတ်ထောင်ထဲ လက်နှိုက်နေတာ မြင်လိုက်တယ်လေ … နင် ဆေးလိပ်ရှာနေမှန်း သိသားပဲ ….”
လင်းရီ ပြုံးလိုက်၏။
တကယ်ကို သူ့အကြောင်း အသိဆုံးလူက ကျီချင်းရန်ပင်။
“ နင်လုပ်စရာရှိတာလုပ် … ငါ့ကို အဲ့လောက်အများကြီး စိတ်ပူစရာ မလိုဘူး ….”
လင်းရီ အနည်းငယ် တောင့်တင်းသွားခဲ့သည်။ အတန်ငယ် အံ့အားသင့်သွားသော်လည်း တည်ငြိမ်သည့် အပြုံးတစ်ခုကို အတင်းအကျပ် လုပ်ယူလျက်
“ တစ်ခြားလုပ်စရာတွေ မရှိပါဘူးကွာ … ဒီတိုင်း ဖုန်းလေးနည်းနည်းပါးပါး ဆက်ရုံပါပဲ … ဘယ်မှ မသွားပါဘူး ….”
ကျီချင်းရန်က နေရာတွင် ရပ်နေရင်း လင်းရီ၏ မျက်လုံးများထဲသို့ တည့်တည့်စိုက်ကြည့်လိုက်သည်။
“ ငါတို့ အတူနေလာတာ လေးနှစ်ကျော်ပြီ …. နင့်စိတ်ကိုတောင် မဖတ်နိုင်သေးဘူးဆိုရင် ကလေးအမေ ဖြစ်ဖို့တောင် တန်မှာ မဟုတ်ဘူး ….”
လင်းရီ တဟားဟား ရယ်မောလိုက်၏။
ရင်ဘက်ထဲ တင်းကြပ်နေသည်များလည်း ချက်ချင်း ပြေလျော့သွားခဲ့သည်။
“ ဒီကိစ္စက စိုးရိမ်ဖို့ကောင်းတယ် ထင်ရပေမယ့် တကယ်တမ်း လက်တွေ့ကျ အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး … ငါသွားရင်တောင် ဘာ အန္တရာယ်မှ ရှိမှာ မဟုတ်ဘူး … ခဏပဲသွားပြီး ပြန်လာခဲ့မယ် ….”
“ ငါ အဲ့စကားတွေ မကြားချင်ဘူး ….”
ကျီချင်းရန် တစ်ဖက်သို့ ခေါင်းလှည့်သွားခဲ့ပြီး တင်းမာသည့် မျက်နှာထားကို ရည်ရွယ်ချက်ရှိရှိ ဆင်မြန်းထားလျက် “ နင် မှန်တယ် ထင်တာကိုလုပ် … ဒါပေမယ့် နင် တစ်ခုခု ဖြစ်သွားခဲ့လို့ကတော့ ငါတို့ကလေးလည်း အဖေရှိတော့မှာ မဟုတ်ဘူး … အဲ့ခါကျ ကလေးကြီးလာတဲ့အချိန် လူတွေ သူ့ကို အနိုင်ကျင့်ကြလိမ့်မယ် … အဲ့မြင်ကွင်းကို နင့်ဘာနင် စိတ်ကူးယဉ်ကြည့်ပေါ့ ….”
လင်းရီ ဘယ်လိုမှကို မရယ်ဘဲ မနေနိုင်တော့ချေ။
“ အင်းပါ အင်းပါ ဟုတ်ပါပြီ …”
သူ ရှေ့သို့ လျှောက်လှမ်းလာပြီး ကျီချင်းရန်ကို ရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်သည်။
“ ထွက်သွား … ငါ့နား ပူးတိကပ်တိ လာမလုပ်နဲ့ …”
သူမ၏ ချစ်ဖို့ကောင်းသည့် အပြုအမူကို မြင်တော့ လင်းရီ ပြုံးလိုက်ပြီး သူမကို ပို၍ တင်းကြပ်နေအောင် ဖက်ထားလိုက်ကာ နဖူးထက်သို့ အနမ်းတစ်ပွင့် ချန်ထားခဲ့လိုက်၏။
“ ငါ ကတိပေးတယ် … မနှစ်ကလို အဖြစ်မျိုး နောက်တစ်ကြိမ် မဖြစ်စေရဘူး … မင်းနဲ့ ဗိုက်ထဲက ကလေးလေးတွေအတွက် ငါ ကတိတည်မယ် ….”
“ အင်းပါ …. ငါ နားလည်ပါတယ် …”
ကျီချင်းရန် ခေါင်းမာချင်ယောင် ဆောင်နေတာကို ရပ်တန့်လိုက်ပြီး သူမ၏ မပျော်မရွှင် ဖြစ်နေမှုများအားလုံးကို စိတ်၏ အနက်ရှိုင်းဆုံး တစ်နေရာတွင် မြုပ်နှံထားလိုက်တော့သည်။
ယခုလို အချိန်မျိုး၌ လင်းရီအတွက် လုံးဝ စိတ်အေးချမ်း တည်ငြိမ်မှုက အရေးကြီးနေမှန်း သူမ နားလည်သည်။
“ ဂရုစိုက်ဦး ….”
“ ငါ သတိထားမှာပါ ….”
လင်းရီ ကားထဲသို့ ပြန်ဝင်သွားခဲ့သည်။
ထို့နောက် ဖုန်းထုတ်၍ ကောင်းကျုံးယွမ်ထံ ဆက်သွယ်လိုက်၏။
“ လောင်ချင်နဲ့ လျန်ကြီးကို ခေါ်ခဲ့လိုက် … ဟွာချင်းရေကန်မှာ ဆုံကြမယ် … ငါတို့ ဆွေးနွေးစရာလေးတွေ ရှိတယ် ….”
“ မြန်လေ ကောင်းလေပဲ … အချိန်မဖြုန်းနဲ့ … “