အသေးစိတ် စီစဉ် နေရာချထားမှု
Vol. 176 Ch. 2478
ကောင်းကျုံးယွမ်နှင့် ဖုန်းပြောပြီးနောက် လင်းရီ ဖုန်းချပြီး ဟွာချင်းရေကန်သို့ မောင်းထွက်လာခဲ့ကာ သီးသန့်ခန်းတစ်ခု ငှားယမ်းလိုက်သည်။
နာရီဝက်နီးပါးခန့် ကြာပြီးနောက် ချင်းဟန်၊ ကောင်းကျုံးယွမ်နှင့် လျန်ကျင်းမင်တို့ သီးသန့်ခန့်ထဲသို့ အလောတကြီး ရောက်ချလာသည်။
“ ချီးပဲ ဟေ့ကောင် … မင်း အင်မော်တယ်ကျင့်နေတာလား ဘာလား … တစ်နေရာလုံးလည်း သောက်မီးခိုးငွေ့တွေနဲ့ ….” ချင်းဟန်က ဆေးလိပ်ငွေ့များကို ပျောက်ကွယ်သွားအောင် လက်ဖြင့် ဆက်တိုက် ဝှေ့ယမ်းနေသည်။
လင်းရီ သောက်လက်စ စီးကရက်တိုကို ဖိချေလိုက်ပြီး “ အရင် ဝင်ခဲ့ကြ … ငါ မင်းတို့ကောင်တွေကို ပြောစရာ ရှိတယ် …”
လင်းရီ၏ အမူအရာကို မြင်တော့ သုံးယောက်သား အချိန်မဆွဲဝံ့တော့ဘဲ တံခါးကို ပိတ်၍ လင်းရီဘေးနားတွင် ဝင်ထိုင်လိုက်ကြသည်။
“ ဒီလာတဲ့ လမ်းမှာ ကောင်းကြီး ငါတို့ကို ပြောပြထားပြီးပြီ … မင်းရဲ့ အစီအစဉ်ကိုပဲ တန်းပြောလိုက်တော့ ….” ချင်းဟန် ပြောလိုက်၏။
“ ကောင်းပြီလေ …”
“ အခုကစပြီး မင်းတို့ အသုံးပြုနိုင်တဲ့ အာဏာနဲ့ အရင်းအမြစ်တွေ အကုန်လုံးကို အသုံးချပြီး ဇိမ်ခံသင်္ဘောယာဉ် ခရီးစဉ်တစ်ခုကို စီစဉ်ရမယ် … မိုင်ယာမီကနေ စတင် ရွက်လွှင့်ပြီး နောက်ဆုံး ဆိုက်ကပ်ရာက ဂျပန် တိုကျိုပဲ … အရွယ်အစား ကြီးလေ ၊ ကောင်းလေ … ငွေကို ဖြုန်းပစ်ရမှာ မနှမြောနဲ့ …. အောင်မြင်မှု ကြီးကြီးမားမား ရထားတဲ့လူတွေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေးမှာ နာမည်တစ်လုံး ဖန်တီးထားနိုင်တဲ့လူတွေကို အဓိက ပစ်မှတ်ထားရမယ် ….”
ချင်းဟန်၏ မျက်လုံးတို့ ဟိုဘက်ဒီဘက်ရွေ့လျားသွားပြီး “ ဆိုတော့ အခြေခံကျကျ ပြောကြေးဆို အထက်တန်းလွှာ စုဝေးပွဲ တစ်ခု ကျင်းပရမယ်ပေါ့ … အဲ့လိုမလား …”
“ ဒါပေမယ့် အဲ့လို စုဝေးပွဲတွေက အရမ်းကြီး သန့်သန့်ရှင်းရှင်း ဖြစ်နေရင် လူတွေ ပါဝင်ဖို့ စိတ်ဝင်စားကြမှာ မဟုတ်ဘူးနော် …” လျန်ကျင်းမင်က စီးကရက် တစ်လိပ်ကို မီးညှိရင်း ပြောလိုက်သည်။
“ ရင်ဖိုစိတ်လှုပ်ရှားစရာ ကောင်းမယ့် အရာလေး နည်းနည်းပါးပါးတော့ ရှိမှ ဖြစ်မှာ … ငါဘာပြောချင်လဲ မင်း သိပါတယ် ….”
“ အဲ့အပိုင်းကတော့ အစ်ကိုရီကို တာဝန်ယူခိုင်းလိုက် … သူ ရင်းနှီးတဲ့ မိန်းကလေးတွေက ငါတို့သိတဲ့ မိန်းကလေးတွေထက် ပိုပြီး အဆင့်အတန်းမြင့်တယ် …” ကောင်းကျုံးယွမ် ပြောလိုက်သည်။
“ ကောင်းပြီ … အဲ့အပိုင်းကိုတော့ ငါ ကြံလိုက်မယ် … မင်းတို့က သင်္ဘောခရီးစဉ်ကိုသာ စီစဉ်ကြ … တကယ်လို့ မရေရာတာတွေ ရှိရင် ဝမ်ကျန်းဆိပ်ကမ်းကိုသွားပြီး ပီစုန့်ကျန်းကို သွားရှာလိုက် … ဒါပေမယ့် စံတစ်ခုတော့ ရှိရမယ် …” လင်းရီ လေးလေးနက်နက် ပြောဆိုလိုက်ပြီး “ အထက်တန်းအကျဆုံး ဖြစ်ရမယ် … စံနှုန်းမြင့်လေ ပိုကောင်းလေ၊ လူများလေ ပိုကောင်းလေ၊ သူတို့ရဲ့ လူမှုရေး အဆင့်အတန်းက ပိုမြင့်လေ ပိုကောင်းလေ …”
“ နောက်တစ်ချက်က … မင်းတို့ရဲ့ အထောက်အထားတွေကို လုံးဝ မဖော်ပြရဘူး … နိုင်ငံရပ်ခြားမှာ ရှိတဲ့ မင်းတို့ရဲ့ အင်အားစုတွေကို အသုံးချပြီး ပွဲတစ်ရပ်လုံးကို နိုင်ငံခြားအထောက်အထားနဲ့ နာမည်အောက်မှာပဲ စီစဉ်ရမယ် … ဟွာရှက လူတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာကို လုံးဝ ပေးသိလို့မရဘူး … အထူးသဖြင့် မင်းတို့ တစ်ယောက်ချင်းစီရဲ့ အထောက်အထားတွေပဲ ….”
“ နောက်ဆုံးမှာချင်တာကတော့ ဒီကိစ္စကို တစ်ဆင့်ပြီး တစ်ဆင့် သွားရမယ် … လောဖို့ မလိုဘူး …. ငါပြောတဲ့ ပထမနှစ်ချက်ကို အဆင်ပြေ ချောချောမွေ့မွေ့နဲ့ လုပ်ဆောင်နိုင်အောင် အချိန်လုံလုံလောက်လောက် ယူလို့ရတယ် …”
“ နားလည်ပြီ … ငါတို့ဘက်က အကောင်းဆုံး ကြိုးစားပေးမယ် …” သူတို့အားလုံး ပြောလိုက်၏။
ချင်းဟန်လည်း စီးကရက် တစ်လိပ်ကို မီးညှိလိုက်ပြီး သူ၏ အမူအရာမှာ လေးနက်တည်ကြည်နေသည်။ ပခုံးထက်တွင် ဤမျှ လေးလံသည့် တာဝန်တစ်ရပ်ကို ထမ်းပိုးထားရသည့် ဖိအားက သူ့အတွက်လည်း ပေါ့သေးသေးတော့ မဟုတ်ပေ။
“ အစ်ကိုရီ … ငါ့ဦးလေးကိစ္စက ….”
“ ငါဖုန်းဆက်ပြီး မေးထားပြီးပြီ … လောလောဆယ် အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိဘူး … ဒါပေမယ့် ဒုက္ခတော့ နည်းနည်းခံရလိမ့်မယ် ….”
“ ဒုက္ခ နည်းနည်းရောက်တာက ပြောလောက်တဲ့ ကိစ္စမဟုတ်ပါဘူး … အသက်အန္တရာယ် မရှိသရွေ့ အဆင်ပြေတယ် …” ချင်းဟန်ပြောလိုက်သည်။
“ စိတ်ချ … ဘာအန္တရာယ်မှ ရှိမှာ မဟုတ်ဘူး …” လင်းရီ အာမခံလိုက်၏။
“ အခု သွားပြီး လုပ်စရာရှိတာတွေ အားလုံးကို မှန်မှန်ကန်ကန်နဲ့ လုပ်ကြတော့ … ဒီကိစ္စကို အမြန်ဆုံး အကောင်အထည် ဖော်ကြမယ် …”
“ ဒါဆို ငါတို့ အရင် သွားနှင့်တော့မယ် …. တစ်ခုခုဆိုရင်တော့ ဖုန်းလှမ်းဆက်လိုက်မယ် …”
လင်းရီ ခေါင်းညိတ်လိုက်သည်။
ချင်းဟန်တို့ သုံးဦးလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်သွားခဲ့ကြ၏။
ထောက် …
လင်းရီ ဆေးလိပ်နောက်တစ်လိပ်ကို မီးညှိလိုက်၏။ ပြီးနောက် ရန်စီထံ ဖုန်းခေါ်လိုက်သည်။
သူစဉ်းစားထားသည်များအား သူမထံ ပြောပြလိုက်လေသည်။
“ ဟင် … နင် အခု ဘယ်လိုဖြစ်လို့ အဲ့လို ကိစ္စတွေ လုပ်နေရတာလဲ ….”
“ အသေးစိတ် မမေးနဲ့ … လောလောဆယ် ငါ့ကို အဲ့တစ်ချက် ကူပြီး စီစဉ်ပေးဦး …. နိုင်ငံခြားသား မိန်းကလေးတွေဆိုရင် အကောင်းဆုံးပဲ … ပိုက်ဆံက ပြဿနာ မရှိဘူး … လိုသလောက် သုံးလို့ရတယ် … ဆယ်လီလား ၊ မော်ဒယ်လ်တွေလား … ငါ့အတွက် ရအောင် လုပ်ပေးနိုင်မယ်ဆို အဆင်ပြေတယ် …” လင်းရီ ပြောလိုက်သည်။
“ ငါ ခဏနေကျရင် မင်းအကောင့်ထဲကို သန်း ၅၀ လွှဲပေးလိုက်မယ် … မလောက်ရင် ထပ်ပြောလိုက် …”
“ အိုကေ ….”
ရန်စီနှင့် ဖုန်းပြောပြီးနောက် လင်းရီ အာယာနဲ မစ်ဆူထံ ဖုန်းခေါ်လိုက်သည်။
“ လူကြီးမင်းလင်း …”
လင်းရီ၏ ဖုန်းကောကို လက်ခံရရှိလိုက်တော့ အာယာနဲ မစ်ဆူ၏ လေသံထဲတွင် ဝမ်းသာအားရဖြစ်သည့် လေသံတစ်စွန်းတစ်စ ပါဝင်နေသည်။
“ အရေးကြီးတယ် … လိုရင်းပဲ ပြောမယ် …” လင်းရီ ပြောလိုက်ပြီး “ ငါ လူအင်အား လိုတယ် … အားကိုးလို့ ရမယ့် လူဆယ်ယောက် လိုချင်တယ် … အရေးကြီးတဲ့ အချိန်အခိုက်အတန့်တွေမှာ အသက်စတေးဖို့တောင် နောက်မတွန့်မယ့် လူစားမျိုးတွေ ….”
“ ကောင်းပြီ … ကျွန်မ နားလည်ပြီ …” အာယာနဲ မစ်ဆူ လေးနက်စွာ ပြန်ပြောလာခဲ့ပြီး “ ကျွန်မ ကူညီပေးနိုင်မယ့် တစ်ခြား ကိစ္စတွေရော ရှိသေးလား ….”
“ လောလောဆယ်တော့ ဒီလောက်ပဲ … မင်းဘက်ခြမ်းကသာ အဲ့တာကို အရင်ပြီးအောင် စီစဉ်ပေး … ပြီးတော့ လျှို့လျှို့ဝှက်ဝှက်နဲ့ လုပ်ဆောင်ရမယ် … မင်းရဲ့ အထောက်အထားကို မပေါ်စေနဲ့ …”
“ အင်း … ကျွန်မ သဘောပေါက်တယ် …”
“ ငါ အခု ဖုန်းချလိုက်တော့မယ် … တကယ်လို့ ကိစ္စတစ်ခုခုဆို ဖုန်းနဲ့ပဲ ဆက်သွယ်ကြမယ် ….”
“ အိုကေ … လူကြီးမင်း … ကျေးဇူးပြုပြီး ဘေးကင်းအောင် နေပါနော် ….”
“ နားလည်တယ် …..”
ဖုန်းချပြီးနောက် လင်းရီ ဘေးသို့ ပစ်ချထားလိုက်ပြီး လက်ကို ခေါင်းအုံးရင်း ကုတင်ပေါ်သို့ လှဲချလိုက်သည်။
အကယ်၍ အခြားနည်းလမ်းတစ်ခုခု ရှိမည်ဆိုပါက လင်းရီသည် အာယာနဲ မစ်ဆူထံသို့ ဆက်သွယ်မှာ မဟုတ်ချေ။
သို့သော် ကျုံးဝေ့တပ်ဖွဲ့ဝင်များ အားလုးက ထွက်ခွာသွားပြီဖြစ်ရာ ၎င်းတို့ကို လှမ်းခေါ်ဖို့ကလည်း အဆင်မပြေပေ။
ထိုကဲ့သို့သော အခြေအနေအောက်တွင် သူ လုံးဝဥဿုံ ယုံကြည်နိုင်သည့်လူက အာယာနဲမစ်ဆူ တစ်ဦးတည်းသာရှိသည်။
အချိန်က ကုန်ဆုံးသွား၏။ နောက် တစ်နာရီကျော် ကြာပြီးနောက် လင်းရီ ထပြီး သုသေတန စင်တာသို့ မောင်းထွက်လာခဲ့ကာ ရှန်းထျန်းကျိုးနှင့် ဆုံသည်။
“ ကြားသားမိုးကြိုးပါလား ဒါရိုက်တာလင်း ….”
လင်းရီ ခေါင်းညိတ်ပြီး ရှန်းထျန်းကျိုးထံသို့ အလျင်အမြန် လျှောက်လှမ်းလာသည်။
“ ဘော့စ်ရှန်း …. ကျုပ် ခင်များနဲ့ ပြောစရာလေး ရှိတယ် … ရုံးခန်းထဲသွားပြီး စကားပြောကြတာပေါ့ …”
“ ကောင်းပြီလေ … ငါ ရေနွေးကြမ်း ဖောက်လိုက်ဦးမယ် ….”
“ မလိုဘူး … အခုက အရေးကြီးကိစ္စမို့ ….”
တစ်ခုခု မူမမှန်တာကို ခံစားမိတော့ ရှန်းထျန်းကျိုးလည်း လောကဝတ်တွေ လုပ်မနေတော့ဘဲ လင်းရီနှင့်အတူ ရုံးခန်းထဲ လိုက်လာပြီး တံခါးကို လော့ခ်ချလိုက်၏။
“ ဘာတွေ ဖြစ်နေတာ … မင်း ကြည့်ရတာ အတော်လေး အလျင်လိုနေသလိုပဲ …..”
ရှန်းထျန်းကျိုး မှတ်မိသလောက်ဆိုလျှင် လင်းရီ ယခုကဲ့သို့ အလောသုံးဆယ် နိုင်နေတာမျိုးကို တစ်ကြိမ်မှ မမြင်တွေ့ဖူးခဲ့ချေ။
“ ကျုပ် ရီမုကွန်ထိုးစစ်စတမ် တစ်ခုကို ဖန်တီးဖို့ လူတစ်စုလိုချင်တယ် …. အဲ့တာ အဆင်ပြေနိုင်မလား ….”
“ ဘာကို ထိန်းချုပ်ချင်တာ ….”
“ ငါးဖမ်းလှေ အသေးလေးတစ်ခုကို ထိန်းချုပ်ဖို့ပါပဲ … သတ်မှတ်ထားတဲ့ လမ်းကြောင်းကို start/stop နဲ့ အလိုအလျောက် သွားလာနိုင်ရမယ် ….”
“ ဟမ် ….”
ရှန်းထျန်းကျိုး အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး “ ဒါ လွယ်တော့ မလွယ်ဘူးပဲ …”
“ အခွင့်အရေးတောင် မရှိဘူးလား ….”
“ ရှိတာက ရှိတယ် … ဒါပေမယ့် တော်တော်လေး ခက်မှာ … အောင်မြင်နိုင်မယ်လို့တော့ အာမ မခံနိုင်ဘူး ….”
ရှန်းထျန်းကျိုး၏ အဖြေက လင်းရီ၏ ရင်ဘက်ကို အေးစိမ့်သွားခဲ့စေသည်။
“ ဒီလိုဆိုရင်ကော … ခင်များကို အချိန်တစ်လပေးမယ် .. အဲ့ဒီအချိန်အတွင်းမှာ လုပ်နိုင်တာမှန်သမျှ အကုန် လုပ်ပေး … ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး ဘာမှ စိတ်ပူစရာမလိုဘူး … လူလိုရင်လည်း ငှားလို့ရတယ် … တစ်ခုတည်းသော လိုအပ်ချက်က လျှို့ဝှက်ထားနိုင်ဖို့ပဲ … သတင်းအချက်က လုံးဝ လုံးဝ ပေါက်ကြားသွားလို့ မရဘူး …”
အတန်ကြာအောင် အတွေးနက်ပြီးနောက် ရှန်းထျန်းကျိုး ခေါင်းညိတ်လိုက်၏။ “ ငါ့အကောင်းဆုံးတော့ ကြိုးစားပေးမယ် … ဒါပေမယ့် လုံးဝကြီးတော့ မျှော်လင့်မထားနဲ့ … မဟုတ်ရင် ငါ့အတွက်လည်း ဖိအားအတော်လေး များရတယ် ….”
“ အဆင်ပြေတယ် … ခင်များ အကောင်းဆုံးသာ ကြိုးစားပေးပါ ….”
“ ကောင်းပြီလေ ….”
သုတေသန စင်တာထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီ အခြားမည်သည့် နေရာမျှ မသွားတော့ဘဲ ကျိုကျုံးဗီလာသို့သာ ပြန်လာခဲ့လိုက်သည်။
သူ ခဏလောက် အနားယူချင်သည်။
နောက်ဆက်တွဲ နေ့ရက်များတွင် လင်းရီဘက်က သူ့အစီအစဉ်ထဲတွင် မည်သည့် မှားယွင်းမှုမျှ မရှိရလေအောင် တစ်ခုချင်းစီ အသေးစိတ် စီစဉ်ခဲ့၏။
ချင်းဟန်နှင့် သူ့ကောင်နှစ်ယောက်ကလည်း လျင်လျင်မြန်မြန်နှင့် လုပ်ဆောင်နေသည်။ သတင်းကို ကြေညာထားပြီး တုံ့ပြန်မှုတို့ကလည်း အများအပြား ရရှိခဲ့သည်။
အရာအားလုံးက လင်းရီ မျှော်လင့်ထားသည့် လမ်းကြောင်းအတိုင်း ဦးတည်နေသည်။
သို့သော် ယင်းက အပေါ်ယံ မြင်နေရသည့် အရာများသာ ဖြစ်ပြီး နောက်ကွယ်က အခြေအနေများနှင့် ပတ်သက်၍တော့ မရှင်းလင်းသေးပေ။
သူ့ဘက်က ဤမျှ ကြိုးစားပမ်းစားနှင့် လုပ်ဆောင်ထားသော်လည်း အမေရိကန်ဘက်က အမိန့်တစ်ချက်တည်းဖြင့် အရာအားလုံးကို ပိတ်ဆို့ပစ်လိုက်နိုင်သည်။ ထိုအခါ အရာအားလုံးက သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။
မီးပူကြပ်တိုက်ဖြစ်နေစဉ်အတောအတွင်း လင်းရီ သေချာသည့် သတင်းတစ်ခုကိုလည်း ရရှိလိုက်၏။
အမေရိကန်ဘက်က ဟွာရှသို့ ဆက်သွယ်လာ၍ ရှေးဟောင်းလက်ရေးစာမူကို ကမ်းလှမ်းပေးဖို့ တောင်းဆိုလာသည်။
နှစ်ဘက်ခြမ်းလုံးက မတိုးသာ၊ မဆုတ်သာ အခြေအနေသို့ ကျရောက်နေပြီး မည်သည့်ဘက်ကမျှလည်း အလျှော့မပေးလိုကြချေ။
နှစ်သစ်ကူးပြီးသည့် အချိန်အခါမှ ယခုဆိုလျှင် အချိန်ခုနစ်လ ကျော်လာခဲ့ပြီ ဖြစ်ပြီး ထိုသူများက နောက်ဆုံးတော့ အချိန်အခါကောင်းကို တွေ့ရှိသွားခဲ့ကြပြီး လှုပ်ရှားလာခဲ့ကြ၏။
ကံကောင်းသည်မှာတော့ တစ်ဖက်က ဓားစာခံများကို မသတ်သေးဘဲ ထိန်းချုပ်ရုံမျှသာ ထိန်းချုပ်ထားခြင်းပင်။ မည်သည့်အချိန် ပြန်လွှတ်ပေးလာမလဲဆိုတာကတော့ အတိအကျ ပြောလို့မရချေ။
လက်ရှိ အချိန်၌ လင်းရီ တတ်နိုင်သည့်အရာကား
စောင့်ဆိုင်းဖို့ပဲ ဖြစ်၏။
သူ မသိလိုက်ခင်မှာပဲ လဝက်ခန့် ကုန်ဆုံးသွားခဲ့ပြီး အရာအားလုံးကလည်း တည်တည်ငြိမ်ငြိမ်နှင့် လည်ပတ်နေသည်။
သို့သော် အတွင်းသတင်းကို သိရှိထားသူများအဖို့ … ဧရာမ မုန်တိုင်းကြီးတစ်ခုက မဝေးတော့ပြီ ဖြစ်ကြောင်းကို သိရှိနေကြသည်။