← Chapters

ကမ္ဘာကြီးကို တုန်ဟီးသွားစေမယ့် မုန်တိုင်း

Vol. 176 Ch. 2479

ကမ္ဘာကြီးကို တုန်ဟီးသွားစေမယ့် မုန်တိုင်း

Vol. 176 Ch. 2479

ကျုံးဝေ့တပ်ဖွဲ့ ။

စစ်ဆင်ရေး အစည်းအဝေးခန်းထဲတွင်။

လျန့်ရှန့်ဟော် ၊ လျိုဟုန်နှင့် အခြားသော ရာထူးမြင့် အရာရှိကြီးများ ဤနေရာတွင် စုဝေးလို့နေသည်။

“ အားလုံးပဲ …. တစ်ဖက်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ ….” လုပေချိန် မေးမြန်းလိုက်၏။

“ ဒီအတောအတွင်း စမ်းသပ်ထိုးဖောက်မှု ငါးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပေမယ့် အကုန်လုံး မအောင်မြင်ခဲ့ပါဘူး …” လျိုဟုန် ပြန်ဖြေလိုက်ပြီး “ သူတို့ရဲ့ ကာကွယ်ရေးအင်အားက အတော်လေး တင်းကြပ်တယ် … ကြည့်ရတာ လွယ်လွယ်နဲ့ အရှုံးမပေးဖို့ စိတ်ပိုင်းဖြတ်ထားကြပုံပဲ …”

“ တစ္ဆေနဲ့ ညဉ့်တစ္ဆေ နှစ်ဖွဲ့လုံးတောင် ထွက်လာခဲ့ပြီဆိုတော့ သူတို့မှာသာ အရှုံးပေးဖို့ စိတ်ကူးရှိနေရင် အစောကြီးကတည်းက ထွက်လာမှာတောင် မဟုတ်ဘူး ….” လုပေချိန် တည်တင်းသည့် မျက်နှာအမူအရာဖြင့် ဆိုလိုက်၏။

“ ရှန်းလုံအသင်းကို ပြန်ခေါ်လိုက်ရင်ကော ….”

“ အချည်းနှီးပဲ …” လုပေချိန် ပြောလိုက်ပြီး “ တကယ်လို့ ရှန်းလုံအသင်းကို ပြန်ခေါ်လိုုက်ရင် သူတို့ဘက်က အင်အားပိုကောင်းတဲ့ တပ်ဖွဲ့တွေကို စေလွှတ်လာလိမ့်မယ် …. ငါတို့အတွက် ပိုပြီး အရေးမသာတဲ့ အခြေအနေ ကျရောက်သွားလိမ့်မယ် ….”

“ ဒါဆိုရင်တော့ အခြေအနေက မတိုးသာ၊ မဆုတ်သာ ဖြစ်နေပြီ …. ကောင်းကောင်းမွန်မွန် ဖြေရှင်းဖို့ဆို အတော်လေး ခက်ခဲလောက်တယ် ….”

ရှိနေကြသည့် လူတိုင်းလည်း ဤကိစ္စကို အတွင်းရေးနည်းလမ်းကျကျ ဖြေရှင်းဖို့က မဖြစ်နိုင်လုနီးပါး ဖြစ်သည်ကို နားလည်ကြသည်။

လက်ရှိတွင် တစ်ခုတည်းသော နည်းလမ်းက

ရှေးဟောင်း လက်ရေးစာမူကို လွှဲပေးဖို့ရာပင်။

သို့ပေမယ့်လည်း ဟွာရှဘက်ခြမ်းက မိမိတို့လက်ထဲ ရောက်ရှိ ပိုင်ဆိုင်ပြီးသည့် ပစ္စည်းကို အဘယ်ကြောင်းကြောင့် လွှဲပေးရမည်နည်း။

“ လင်းရီ အခု ဘာတွေ လုပ်နေလဲ ….” လုပေချိန် ရုတ်ချည်း မေးမြန်းလိုက်၏။

“ ကျိုးဟိုင်မှာပဲ …” လျန်ရှန့်ဟော် ပြောလိုက်ပြီး “ ထွေထူး လှုပ်ရှားတာမျိုးတော့ မတွေ့မိဘူး ….”

“ အသံလေးနည်းနည်းတောင် မကြားရဘူးဆိုတော့ … ဒီကောင် ဘာတွေများ ကြိတ်ကြံနေပါလိမ့် …” လုပေချိန် ရေရွတ်လိုက်သည်။

“ သူ့အိမ်မှာတင်ကို ပြဿနာတွေ တော်တော်တက်နေတာ … ပြီးတော့ ဘေးနားမှာ ယုံကြည်အားကိုးလို့ရမယ့် လူလည်း မရှိတော့ တကယ်လို့ လှုပ်ရှားချင်တယ်ဆိုရင်တောင် အတော်လေး ခက်လိမ့်မယ် …” လျိုဟုန် ပြောလိုက်သည်။ “ နောက်ပြီး သူ့ရဲ့ အစွမ်းအစနဲ့ ဟိုမှာ ဖြစ်နေတဲ့ အခြေအနေကို ခန့်မှန်းကြည့်ဖို့ မခဲယဉ်းဘူး … ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့က တစ်ဦးတစ်ယောက်တည်း အင်အားနဲ့ မဖြစ်နိုင်တာကို သူ ကောင်းကောင်း သဘောပေါက်ပါတယ် ….”

“ လုံးဝကြီးလည်း ဘယ်ဟုတ်မှာ ….”

ထောက် …..

လုပေချိန် စီးကရက် တစ်လိပ်ကို မီးညှိလိုက်သည်။ “ ဒီကောင် တည်ငြိမ်နေတယ်ဆိုတာ မဟုတ်တာ တစ်ခုခု လုပ်နေလို့ပဲ …. သူဘာလုပ်နေလဲပဲ ငါတို့မသိတာ …”

ရှိသမျှ မျက်လုံးတိုင်းက လုပေချိန် အပေါ်သို့ ကျရောက်လာခဲ့၏။

“ ခေါင်းဆောင်က လင်းရီအပေါ်မှာ အကုန် ပုံအောပြီး လောင်းကြေးထပ်တော့မလို့လား ….” လျိုဟုန် ပြုံးလျက် မေးလိုက်၏။

“ ဟွာရှရဲ့ အနာဂတ်ကို နို့နံ့တောင် မစင်သေးတဲ့ သူငယ်နှပ်စားလေးတစ်ယောက်အပေါ် အကုန်ပုံအောဖို့ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ …” လုပေချိန်က ဆေးလိပ်ငွေ့များ မှုတ်ထုတ်ရင်း “ အချိန်တိုအတွင်းတော့ အာဖရိကမှာ ဘာပြဿနာမှ ဖြစ်လာဦးမှာ မဟုတ်ဘူး … တည်ငြိမ်ရေးကို ဦးစားပေးဖို့ သူတို့ကို ပြောလိုက် … အသေအပျောက် ဖြစ်မှာကို ရှောင်…. အချိန်ဆွဲနိုင်သမျှ ဆွဲထားခိုင်းပြီး လုံခြုံရေးက ဦးစားပေးပဲ …”

“ နားလည်ပါပြီ …” လျိုဟုန် ပြန်ဖြေလိုက်၏။

“ လင်းရီကိုရော ဘယ်လိုလုပ်ရမလဲ …”

“ သူ့ဘာသူ လုပ်ချင်တာ လုပ်ပါလေ့စေ ….”

လုပေချိန် ပြောလိုက်ပြီး “ တကယ်လို့ ဖြေရှင်းနည်းလမ်း ရှိမယ်ဆိုရင်လည်း ကော်းတာပေါ့ …. မရှိဘူးဆိုလည်း ငါ တစ်ခြား တစ်ခုခု စဉ်းစားလိုက်မယ် … ဘာပဲဆိုဆို ရှေးဟောင်းလက်ရေးစာမူကိုတော့ သူတို့လက်ထဲ ထည့်ပေးလိုက်လို့ မရဘူး ….”

“ နားလည်ပါပြီ ….”

….

တိလိရာ့ကျွန်း။

ကန်ဒါယာသစ်တောအနီး။

လင်းကျင်ကျန့်နှင့် သူ့အသင်းသားများက အနားယူနေကြ၏။

“ အပြင်ဘက်မှာ အတော်လေး ဂယက်ထနေပြန ….” စုန့်ကျင်းမင်က ဆေးလိပ်ဖွာရင်း “ တစ္ဆေနဲ့ ညဉ့်တစ္ဆေတွေက ဟွာရှရဲ့ အင်ဂျင်နီယာ အုပ်စုကို ဝိုင်းထားတယ် ….”

“ ကျုံးဝေ့တပ်ဖွဲ့က မသွားဘူးလား ….” လင်းကျင်ကျန့် မေးလိုက်၏။

“ သွားတယ် … ဒါပေမယ့် ဘာမှမထူးဘူး ….” စုန့်ကျင်းမင် ပြောဆိုလိုက်ပြီး “ တစ္ဆေနဲ့ ညဉ့်တစ္ဆေတွေရဲ့ အဆင့်က ကျုံးဝေ့တပ်ဖွဲ့နဲ့ တန်းတူရှိတယ် … နောက်ပြီး တစ်ဖက်က လူအင်အား အသာစီးနဲ့ဆိုတော့ သူတို့ ဘယ်လိုမှ နိုင်မှာ မဟုတ်ဘူး ….”

လင်းကျင်ကျန့် ခေတ္တ အတွေးနက်သွားခဲ့ပြီး “ ငါ့သား … အဲ့ကောင် ဘာဖြေရှင်းနည်းလမ်းမှ မစဉ်းစားဘူးလား ….”

“ သူ့ကြည့်ရတာ အဲ့ကိုတောင် မသွားဘူးနဲ့တူတယ် …”

“ မသွားဘူး ဟုတ်လား …. ဒီလိုပွဲမျိုးကို သူ မသွားဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာ ….”

“ သူ့မိန်းမက ကိုယ်ဝန်ရှိနေပြီလေ …. မဆင်မခြင် လျှောက်သွားနေလို့ ဘယ်ရမှာ ….” စုန့်ကျင်းမင် ပြောပြလိုက်သည်။

“ ပြီးတော့ ဒီလို အခြေအနေမျိုးမှာ အတင်းအကြပ် အင်အားသုံးတာကလည်း အသုံးမဝင်ဘူး … သံတမန် နည်းလမ်းနဲ့ပဲ ဖြေရှင်းရမှာ ….”

“ မျက်လုံးမြင်တဲ့လူတိုင်း ဒီပြဿနာက ဖြေရှင်းဖို့ မဖြစ်နိုင်တဲ့ ကိစ္စရပ်ဆိုတာ လူတိုင်း သိတယ် …” လင်းကျင်ကျန့် ပြောလိုက်ပြီး “ သူတို့က‌ ရှေးဟောင်း လက်ရေးစာမူကို လိုချင်တယ်… ဟွာရှဘက်က မပေးချင်ဘူး … နှစ်ဖက်လုံးက တင်းခံနေကြမှာ … နောက်ဆုံး ဘယ်သူက ပိုပြီး တောင့်ခံနိုင်မလဲဆိုတဲ့ တိုက်ပွဲပဲ ….”

“ အမေရိကန်ဘက်ခြမ်းမှာ တာဝန်ယူထားတဲ့လူက ဂါးလဒ်… သူ့ရဲ့ ရှေ့နောက်မညီတဲ့ ဉာဏ်ရည်နဲ့ လုပေချိန်ကို ဘယ်နည်းနဲ့မှ ယှဉ်နိုင်မှာ မဟုတ်ဘူး …” စုန့်ကျင်းမင်က ပြာတစ်ချက် တောက်ချ၍ “ ဒါပေမယ့် လုပေချိန် ဘယ်နည်းသုံးပြီး ကိုင်တွယ်ဖြေရှင်းမလဲဆိုတာကိုတော့ ငါ တကယ်ပဲ စဉ်းစားလို့ မပေါက်ဘူး ….”

“ နှစ်နည်းရှိတယ် … တစ်နည်းက ပစ္စည်းကို လွှဲပေးဖို့နဲ့ နောက်တစ်နည်းက ကျွန်းပေါ်က ကိစ္စပဲ ….” လင်းကျင်ကျန့် ပြောလိုက်ပြီး “ ဒါပေမယ့် ငါ့သားကလည်း ဒီတိုင်း ငြိမ်ငြိမ်တော့ မနေလောက်ပါဘူး … သူ လှည့်ကွက် နည်းနည်းပါးပါး သုံးလာလောက်တယ် … ငါတော့ တော်တော်လေး သိချင်နေပြီ …”

“ ကျုံးဝေ့တပ်ဖွဲ့က လူတွေအားလုံး မစ်ရှင်ထွက်သွားကြတာကို သူတစ်ယောက်တည်း ကျိုးဟိုင်မှာ ဘာမှ များများစားစား လုပ်နိုင်မှာ မဟုတ်ဘူး ….” စုန့်ကျင်းမင် အေးအေးလူလူ သေလံဖြင့် ပြောလိုက်ပြီး “ ငါ သွားပြီး ကူညီပေးလိုက်ရမလား ….”

“ ဟာသပဲ … ငါ လင်းကျင်ကျန့်ရဲ့သားက ဘယ်တုန်းက သူများ အကူအညီကို ယူစရာလိုလို့ …” လင်းကျင်ကျန့် ပြောလိုက်ပြီး “ ဒီတိုင်း ဘေးကနေ အေးဆေး စောင့်ကြည့်စမ်းပါ ….”

“ ကျစ် ကျစ် ကျစ် … မင်း သူ့ကို နားမလည်နိုင်သေးဘူးပဲ ….”

“ မင်း ဘာစကားပြောတာ ….”

“ မင်းရဲ့ သားက မင်းထက်တောင် ပိုပြီး မိုက်တိမိုက်ကန်း နိုင်သေးတယ် …” စုန့်ကျင်းမင် ပြောလိုက်ပြီး “ တကယ်လို့ သူသာ ဂရုမစိုက်ဘဲ လျှောက်လုပ်လိုက်ရင် အခြေအနေတွေ ပိုဆိုးသွားပြီး ကမ္ဘာကြီးရဲ့ တည်ငြိမ်အေးချမ်းရေးကိုပါ ထိခိုက်လာလိမ့်မယ် ….”

စုန့်ကျင်းမင်၏ စကားကိုကြားတော့ လင်းကျင်ကျန့် တိတ်ဆိတ်သွားပြီး အတွေးနက်သွားခဲ့သည်။

“ မနှစ်တုန်းက ပနားမား အဖြစ်အပျက်ကို မှတ်မိလား … တကယ်လို့ သူသာ ရူးသွပ်သွားရင် ကိုယ့်အသက်ကိုယ်တောင် ဂရုစိုက်တဲ့ကောင် မဟုတ်ဘူး … တကယ်ပဲ တစ်ခုခု ဖြစ်သွားခဲ့ရင် မင်းမိန်းမကို မင်း ကိုင်တွယ်နိုင်မှာလား ….”

“ သူ့ရဲ့ ရဲဘော်ကို ကယ်တင်ပေးဖို့အတွက် မဟုတ်ရင် အဲ့လိုဖြစ်မှာ မဟုတ်ဘူး ….”

“ သူ မကယ်ဘူးလို့ မင်းပြောနိုင်တယ်ပေါ့ ….” စုန့်ကျင်းမင် မေးလိုက်၏။

“ မကယ်ဘူးဆိုရင်တော့ သူလင်းရီ မဟုတ်တော့သလို မင်းရဲ့သား ဖြစ်ဖို့လည်း မတန်တော့ဘူး ….”

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လင်းကျင်ကျန့် နောက်ဆုံးတော့ စကားပြောလာသည်။

“ အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ထားလိုက် ….”

“ တကယ်လို့ တစ်ယောက်ချင်းတိုက်ခိုက်မယ့် တိုက်ပွဲဆို ငါ ဝင်မပါဘူး ….”

“ ဒါပေမယ့် သူတို့က အုပ်စုဖွဲ့လာမယ်ဆိုရင်ကော …”

“ …. အဲ့တာဆိုရင်တော့ မတူညီတဲ့ ဇာတ်လမ်း နောက်တစ်ပုဒ် ဖြစ်သွားပြီ ….”

*******

အချိန်က သူ့အလိုလို ကုန်ဆုံးနေပြီး မကြာမီမှာပဲ နောက်လဝက် ကုန်ဆုံးသွားခဲ့၏။

ဓားစာခံ ထိန်းသိမ်းထားသည့် ဖြစ်ရပ် ဖြစ်ပျက်သည်မှာ တစ်လကျော် ကြာညောင်းခဲ့လေပြီ။

လင်းရီ အစီအစဉ်၏ ခြေလှမ်းတိုင်းကလည်း တည်တည်ငြိမ်ငြိမ်နှင့် တိုးတက်နေပြီး ထွေထူး မည်သည့် ပြဿနာမျှတော့ ပေါ်မလာသေးချေ။

အစီအစဉ်ကို ဤမျှကြာအောင် အချိန်ဆွဲထားရသည့် ရည်ရွယ်ချက်ကတော့ ဖော်ထုတ်ခံရမည့် အရေးမှ ကာကွယ်ဖို့အတွက် ဖြစ်၏။

ထိုစဉ် ကျီချင်းရန်နှင့် လျန်ရူရွှယ်တို့၏ ကိုယ်ဝန်သက်တမ်းကလည်း ခြောက်လကျော်လာခဲ့လေပြီ။

ယခုဆိုလျှင် သူတို့၏ ဝမ်းဗိုက်များက မြင်သာသည်အထိ ဖောင်းကားလာခဲ့တော့၏။

ကိုယ်ဝန်ဆောင်ခြင်း၏ နောက်ပိုင်းအဆင့်သို့ ဝင်ရောက်လာသည်နှင့် အမျိုးသမီးနှစ်ဦး၏ ကိုယ်ဝန်ဆောင် နောက်ပိုင်း လက္ခဏာရပ်များလည်း စတင်လာသည်။

အလုပ်ကိုတော့ အခြေခံအားဖြင့် ဘေးချိတ်ထားလိုက်တော့၏။

နှစ်ဦးသား မိခင်နှင့် ကလေးအသုံးအဆောင်ပစ္စည်းဆိုင်တွင် ဆုံတွေ့ပြီးကတည်းက လင်းရီနှင့် ကျီချင်းရန်တို့ နှစ်ဦး၏ ဆက်ဆံရေးက အမြဲတမ်း အနည်းငယ် ဝေးကွာနေခဲ့သည်။

သို့သော် အချိုးအကွေ့ အလှည့်အပြောင်းတစ်ခုက မနေ့ညက ဖြစ်ပေါ်ခဲ့၏။

သူမ ဝမ်းဗိုက်ထဲရှိ ကလေးက သူမကို တစ်ခါ ကန်လိုက်သ်ည။

ယင်းက ကျီချင်းရန်ကို အတိုင်းမသိ ပျော်ရွှင် ထိတ်လန့်သွားစေပြီး ထိတ်ထိတ်ပျာပျာ ဖြစ်စွာဖြင့် မသိစိတ်အလျောက် လင်းရီကို လှမ်းခေါ်လိုက်၏။

ထိုအခွင့်အရေးမှတစ်ဆင့် နှစ်ဦးသားမှာ ပြန်လည်း နီးကပ်လာပြီး ကလေး၏ လှုပ်ရှားမှုကို အတူခံစားရင်း ရေခဲပြင်လို အေးစက်နေသည့် ဆက်ဆံရေးလည်း ဖြည်းဖြည်းချင်း အရည်ပျော်လာခဲ့တော့၏။

ထိုညနေခင်း ။ ညနေစာစားပြီးနောက် သူတို့ အပေါ်ထပ်သို့ တက်ချိန်။

ကျီချင်းရန် ရုတ်ချည်း စကားပြောလာသည်။

“ နင် သူ့ဆီ သွားကြည့်ပေးသင့်တယ် …”

“ ဘယ်သူ့ကိုလဲ ….”

“ သူ့ကိုလေ …”

လင်းရီ ချက်ချင်း နားလည်သွားသည်။

သူမက လျန်ရူရွှယ်ကို ညွှန်းဆိုနေခြင်းပင်။

“ ဘာလို့ သွားကြည့်မှာ … မင်းနဲ့ပဲ နေမယ်လေ ….”

ကျီချင်းရန် အသက်ပြင်းပြင်း ရှူသွင်းပြီး …

ထို့နောက် တီးတိုးလေသံဖြင့် “ ငါ တစ်ကိုယ်ကောင်းဆန်တဲ့လူ မဖြစ်ချင်ဘူး …”

“ ဘယ်လိုပဲပြောပြော …. “

“ …. ကလေးကတော့ အပြစ်ကင်းတယ် …”

All Chapters