လင်းရီ၏ စီစဉ်မှုများ
Vol. 176 Ch. 2481
ကမ္ဘာ့နာမည်ကြီး ခရီးသွားမြို့တော် တစ်ခုဖြစ်သည်နှင့်အညီ မိုင်ယာမီ၏ ရွှေရောင် ကမ်းခြေက အလွန်ခမ်းနားလှပနေသည်။
ဆိပ်ကမ်းတွင် ရပ်နားထားသည့် Ocean Symphony သင်္ဘောကြီးကလည်း ရေထဲ မျောလွင့်နေသည့် မိုးမျှော်တိုက်ကြီးပမာ ကြီးမားလွန်းလှ၏။
လူတို့က ကမ်းခြေတွင် လဲလျောင်းရင်း နွေးထွေး သက်တောင့်သက်သာရှိသည့် နေရောင်ခြည်နှင့် အေးမြသည့် ပင်လယ်လေညှင်းများကို နှစ်သက်ခံစားကာ အနားယူနေကြသည်။
အရာအားလုံးက အေးချမ်းတည်ငြိမ်နေသည်။
လင်းရီသည်လည်း နေကာမျက်မှန်တစ်လက်ကို ဆင်မြန်းထားရင်း လက်ထဲတွင် အေးစိမ့်နေသည့် ကိုကာကိုလာတစ်ဘူးကို ကိုင်လျက် ပက်လက်ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာ လဲလျောင်းနေကာ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေလျက် ရှိသည်။
ဂျစ် ဂျစ် ..
လင်းရီ၏ ဘလူးတုနားကြပ်ထဲမှ စက်သံတစ်ခု ထွက်ပေါ်လာသည်။
“ လူကြီးမင်းလင်း … နာရီဝက်နေရင် ခရီးသည်တွေ သင်္ဘောပေါ် တက်ပါတော့မယ် … တစ်ခြား စီစဉ်စရာတွေ ရှိသေးလား …”
“ မရှိဘူး … စီစဉ်ထားတဲ့အတိုင်းပဲ လုပ်ဆောင်မယ် … ဘယ်လို မတော်တဆမှုမျိုး ဖြစ်တာမှ မလိုချင်ဘူး … လုံခြုံရေးက ဦးစားပေးပဲ …”
“ နားလည်ပါပြီ …”
မလှမ်းမကမ်းရှိ Ocean Symphony ကြည့်ရင်း လင်းရီ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
“ ဒီတစ်ခေါက်တော့ … ကစားပွဲ အကြီးကြီးတစ်ခုကို ဖန်တီးလိုက်ကြတာပေါ့ ….”
ဖုန်းပြောပြီး မကြာမီ ဆိပ်ကမ်းသို့ တီဗွီသတင်းထောက်များ ရောက်ရှိလာခဲ့၏။
၎င်းတို့ကြည့်ရသည်မှာ ဇိမ်ခံသင်္ဘောခရီးစဉ်ကို ရိုက်ကူးပြီး အင်တာဗျူးလုပ်ဖို့ စီစဉ်နေဟန်ပင်။
ဤသည်ကို မြင်တော့ တော်တော်လေး ရယ်ချင်စရာ ကောင်းလှသည်ဟု လင်းရီ ခံစားနေရ၏။
ဒီလူတွေက ခဏနေ သင်္ဘောပေါ်မှာ ဘာဖြစ်မလဲဆိုတာကို မသိကြဘူးပဲ …
နာရီဝက်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး ခရီးသည်များက သင်္ဘောပေါ်သို့ စတင်တက်ရောက်ကြသည်။
အစပိုင်း တက်ရောက်သူ ခရီးသည်ဦးရေက မများပြားသော်လည်း ၎င်းတို့ထဲတွင် အနိမ့်ဆုံး ကြွယ်ဝချမ်းသာသူကပင် လူလတ်တန်းစား အဆင့်တော့ ရှိမည် သေချာသည်။
တစ်ယောက်ချင်းစီတိုင်းက ခရီးဆောင်အိတ်များ ဆွဲရင်း စိတ်လှုပ်ရှားမှုအပြည့်နှင့် ဖြစ်နေကြ၏။
တစ်ယောက်ပြီး တစ်ယောက် …
သင်္ဘောပေါ် တက်ရောက်လာသည့် ခရီးသည် ဦးရေက ဖြည်းဖြည်းချင်း များပြားလာပြီး မကြာမီ လူတန်းရှည်ကြီး တစ်ခု ဖြစ်ပေါ်လာခဲ့၏။
အရာအားလုံးက လင်းရီ၏ အစီအစဉ်အတိုင်း ဆက်လက် ရှေ့လက်နေသည်။
ညနေ သုံးနာရီဝန်းကျင်လောက် ရောက်တော့ လင်းရီ၏ နားထဲတွင် ခန်းဂျိ နာခါဒါ၏ အသံက ထွက်ပေါ်လာခဲ့သည်။
“ လူကြီးမင်းလင်း … လူတွေ အကုန်ရောက်ပါပြီ … စာရင်းတင်ထားတာ ၅၃၁၃ ယောက် ရှိတယ်ဆိုပေမယ့် တကယ့် လက်တွေ့ သင်္ဘောပေါ် ရောက်လာသူကတော့ ၅၂၀၀ ဝန်းကျင်လောက်ပဲ ရှိပါတယ် … “
“ ရတယ် … ၅၀၀၀ ကျော်ရင်ကို လုံလောက်ပြီ …”
“ နားလည်ပါပြီ …”
ဖုန်းချပြီးနောက် လင်းရီ မတ်တပ်ထပြီး အညောင်းဆန့်လိုက်သည်။ အဝတ်အစား နောက်တစ်စုံ လဲပြု၍ သင်္ဘောပေါ်သို့ တိတ်တဆိတ် တက်လာခဲ့ပြီး သူ့အတွက် သီးသန့်ပြင်ဆင်ထားသည့် အပေါ်ဆုံး အထပ် အခန်းထဲသို့ ဦးတည်လိုက်၏။
အရာအားလုံးက အဆင်သင့်ဖြစ်ပြီး သင်္ဘောကလည်း ရွက်လွှင့်ဖို့ အဆင်သင့် ရှိနေသော်လည်း လင်းရီ စိတ်မချနိုင်သေးပေ။
အမေရိကန်များ၏ လုပ်ရိုးလုပ်တမ်းများကို သူ ကောင်းကောင်း သိ၏။ သင်္ဘောက နိုင်ငံတကာ ရေပိုင်နက်ထဲသို့ ရောက်ရှိမှသာ သူ၏ ထိန်းချုပ်မှုအောက်ထဲသို့ အပြည့်အဝ ရောက်ရှိမှာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ယခုက အပျော်စောနေရမည့် အချိန် မဟုတ်သေးပေ။
သင်္ဘော ဆိပ်ကမ်းကနေ တစ်ဖြည်းဖြည်းချင်း ထွက်ခွာသွားသည့် အချိန်ရောက်တော့မှ လင်းရီ စိတ်သက်သာရစွာ သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။
ကလင် ကလင် ကလင် …
လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာခဲ့၏။ ခန်းဂျိ နာခါဒါက ဆက်သွယ်လာခဲ့ခြင်းပင်။
“ လူကြီးမင်းလင်း … သင်္ဘော စတင် ထွက်ခွာပါပြီ … ပြင်ဆင်ထားတဲ့ ပစ္စည်းတွေကို ဘယ်အချိန် စလိုက်ရမလဲ …”
“ နည်းနည်း ထပ်စောင့်လိုက်ဦး …”
လင်းရီ အချိန်ကို တစ်ချက် ကြည့်လိုက်ပြီး” ညသန်းခေါင်ကျော်တာနဲ့ သင်္ဘောက နိုင်ငံတကာ ရေပိုင်နက်ထဲကို ရောက်ပြီ … အဲ့တော့မှ စကားပြောကြတာပေါ့ … အခုလောလောဆယ်တော့ ဘာမှ မလုပ်သေးနဲ့ … ခရီးစဉ်ကို ပျော်ပါးလိုက် … လောင်းကစားလေး ဘာလေးလုပ် … ကုန်ကျစရိတ်ကို ငါရှင်းပေးမယ် ….”
“ လူကြီးမင်းလင်းက ကြင်နာလွန်းနေပါပြီ … အကုန်လုံးက မိတ်ဆွေတွေကိုပဲ အဲ့လိုလုပ်ပေးဖို့ မလိုပါဘူး ….”
“ ဟားဟား ….”
လင်းရီ မောလိုက်ပြီး “ ဒါဆိုလည်း ငါ့ဘက်က အားနာမနေတော့ဘူးနော် … အလုပ်ပြီးရင် မင်းတို့ကို စိတ်မပျက်စေရပါဘူး….”
“ လူကြီးမင်းလင်းက ယဉ်ကျေးလွန်းနေပါပြီ … ဒါ ကျုပ် လုပ်သင့်လုပ်ထိုက်တာပါ …”
ခေတ္တ စကားပြောပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။
သူ့ကိုယ်သူ ဝိုင်တစ်ခွက် ငှဲ့ပြီး တစ်ငုံသောက်ရင်း ပြတင်းပေါက် အပြင်ဘက်ရှိ ပင်ယ်ပြင်ကြီးကို ငေးကြည့်လိုက်သည်။
လက်ရှိတွင် တစ်ကမ္ဘာလုံးက အာဖရိက အရေးကို အာရုံစိုက် စောင့်ကြည့်နေကြ၏။
သို့ပေမယ့်လည်း မကြာမီ လူ အယောက် ၅၂၀၀ ကျော် တင်ဆောင်လာသည့် သင်္ဘောကြီး တစ်စင်းက တစ်ကမ္ဘာလုံး၏ အာရုံကို ဆွဲဆောင်သွားလိမ့်မည်ဆိုတာကိုတော့ မည်သူကမျှ မသိရှိကြချေ။
အချိန်က သူ့အလိုလို ကုန်ဆုံးနေပြီး …
ညသန်းခေါင်ယံကျော်တော့ သင်္ဘောက နိုင်ငံတကာ ရေပိုင်နက်ထဲသို့ ဝင်ရောက်လာသည်။
လင်းရီ၏ အမိန့်ပေးမှုအောက်တွင် ခန်းဂျိနာခါဒါနှင့် သူ့အသင်းကလည်း စတင် လှုပ်ရှားကြသည်။
ဘေးကင်းလုံခြုံရေးအတွက် အဆိုပါ တာဝန်များကို ခန်းဂျိနာခါဒါနှင့် သူ့အသင်းကပဲ လုပ်ဆောင်သည်။
လျိုတုံးဟိုင်နှင့် အခြားသူများက သူတို့ ကိုယ်ပိုင် အခန်းထဲမှာပဲ ရှိနေကြပြီး မည်သည့်တာဝန်မျှ ခွဲဝေပေးခံရခြင်း မရှိပေ။
လင်းရီအဖို့ …
သူတို့ကို အသုံးချရမည့် အချိန် မရောက်သေးပေ။
နောက်တစ်နေ့ နံနက်ခင်း ခြောက်နာရီကျော်အချိန်။
လင်းရီ စောစီးနိုးလာခဲ့ပြီး သင်္ဘောကုန်းပတ်ပေါ် မတ်တပ်ရပ်ရင်း ပင်လယ်လေညှင်းများကို အားပါးတရ ရှူရှိုက်နေသည်။
ဇိမ်ခံအပျော်စီးသင်္ဘောခရီးစဉ်ကလည်း ခရီးသွားဖို့ သပ်သပ် မဟုတ်သည့်အပြင် ခရီးသည် အများစုကလည်း လူလတ်တန်းစားများ ဖြစ်သဖြင့် အကုန်လုံးက မိမိတို့နှင့် ကိုက်ညီမည့် ပါတနာများကို ရှာတွေ့ထားကြကာ တစ်ညလုံး အပျော်ကျူးထားခဲ့ကြ၏။ ရလဒ်အနေဖြင့် မနက်ခင်းအစောပိုင်း နိုးထလာသူဟူ၍ ကုန်းပတ်ပေါ်တွင် သိပ်မတွေ့ရပေ။
“ မင်း ငါ့နောက် လိုက်ဖို့မလိုဘူး … မင်းကိစ္စ မင်းလုပ် …” လင်းရီ ပြောလိုက်သည်။
“ ဒါပေမယ့် သခင်လေးချင်းဟန်က ကျုပ်တို့ကို သခင်လေးလင်းရဲ့ လုံခြုံရေးကို အာမခံပေးဖို့ အမိန့်ပေးထားလို့ပါ …” လျိုတုံးဟိုင် ပြောဆိုလိုက်သည်။
လက်ရှိ အချိန်၌ လျိုတုံးဟိုင်သည် သားနားသည့် ဝတ်စုံများ ဝတ်ဆင်ထားပြီး အကယ်၍ တစ်စုံတစ်ယောက်ကသာ ၎င်းတို့၏ အတိတ်ကို မသိဘူးဆိုပါက ထိုလူများမှာ လမ်းဘေး လူမိုက်များ ဖြစ်သည်ကို မည်သူမျှ သိနိုင်မှာ မဟုတ်ချေ။
“ သင်္ဘောလေး တစ်စင်းပေါ်မှာ ဘာအန္တရာယ်များ ရှိနိုင်မှာမို့လို့ …” လင်းရီ ပြုံးလျက် ပြောလိုက်ပြီး “ သွားပြီး ကိုယ်လုပ်ချင်တာလုပ် … ဒီလိုမျိုး ခရီးတစ်ခု ထွက်ရဖို့ ဆိုတာ လွယ်တာ မဟုတ်ဘူး … ကိုယ်သွားချင်တဲ့နေရာ သွား .. အေးဆေးလည် ပတ် … ကုန်ကျစရိတ်တွေ အားလုံး ငါ တာဝန်ယူတယ် … လိုအပ်မှပဲ မင်းတို့ကို လှမ်းခေါ်လိုက်မယ် …”
လျိုတုံးဟိုင်နှင့် ဘေးရှိ သူ့လူတို့ တစ်ယောက်ကိုယ်တစ်ယောက် ပြန်ကြည့်လိုက်ကြပြီး စိတ်ထဲ ဆွဲဆောင်ခံလိုက်ရသည်။
သူတို့နှစ်ဦးလုံးအတွက် ဤသည်က နိုင်ငံခြားသို့ ပထမဆုံးအကြိမ် ခရီးထွက်ဖူးတာပင်။
နောက်ပြီး တစ်သက်နှင့် တစ်ကိုယ် ဇိမ်ခံသင်္ဘောစီးဖို့ မပြောနှင့်။ မြင်ပင် မမြင်ဖူးချေ။
နောကပြီး သင်္ဘောပေါ်တွင် မိန်းမလှလေးများနှင့် ပြည့်နှက်နေပြီး အမျိုးသားတိုင်းအတွက် သုခဘုံကြီး သဖွယ် ဖြစ်နေသည်။ သို့ပေမယ့်လည်း ချင်းဟန်ပေးအပ်လာသည့် တာဝန်ကြောင့် သူတို့မှာ မိမိတို့ စိတ်တိုင်းကျ လျှောက်မလုပ်ဝံ့ပေ။
“ ကျုပ်တို့ မလိုအပ်သေးဘူးဆိုတာ သေချာလို့လား …”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ သွားပြီး ပျော်ပါးစမ်းပါ … ဒါပေမယ့် တစ်ခုတော့ သတိပေးလိုက်မယ် …”
“ ဟုတ် ဟုတ် ပြောပါခင်ဗျ …”
“ အတူ အုပ်စုဖွဲ့ပြီး မနေနဲ့ … မင်းတို့ အယောက်နှစ်ဆယ် လူစုခွဲပြီး လှုပ်ရှား … “ လင်းရီ ညွှန်ကြားလိုက်ပြီး “ နောက်တစ်ခုက တကယ်လို့ မသင်္ကာစရာ တစ်ခုခုတွေ့ရင် လူလွှတ်ပြီး ငါ့ဆီ အသိပေးခိုင်းလိုက် … ကျန်တာကတော့ လောလောဆယ် ဘာမှ လုပ်ဖို့ မလိုသေးဘူး ….”
“ ဟုတ်ကဲ့ ဟုတ်ကဲ့ … နားလည်ပါပြီ …”
လျိုတုံးဟိုင် ဝမ်းသာအားရသဘောတူလိုက်၏။ ဤမျှ ချမ်းသာသည့် ဒုတိယမျိုးဆက် သူဌေးသားလေးနှင့် တွေ့ဆုံရသည်က သူတို့အတွက်တော့ ထီပေါက်တာပင်။
လျိုတုံးဟိုင်နှင့် သူ့အဖော် ထွက်သွားခဲ့ပြီးနောက် လင်းရီ ကုန်းပတ်ပေါ် မတ်တပ်ရပ်ရင်း လူးလွန့်နေသည့် လှိုင်းလုံးများကို ငေးမောရင်း အတွေးအာရုံထဲ မျှောပါသွားတော့သည်။
ထိုစဉ် လျိုတုံးဟိုင်နှင့် အခြားသူများက နှစ်ယောက်၊ သုံးယောက် တစ်အုပ်စုဖွဲ့ပြီး အစားအသောက် ခန်းမထဲသို့ ဝင်ရောက်သွားခဲ့ကြသည်။
ထောင့်တစ်နေရာကို ရောက်တော့ မတူညီသည့် စားပွဲဝိုင်းများတွင် ဝင်ထိုင်လိုက်ကြပြီး အသစ်အဆန်းများ မြည်းစမ်းကြည့်ရန်အတွက် အစားအသောက်တွေ မှာယူလိုက်ကြ၏။
“ သေစမ်း … နိုင်ငံခြား ဘီယာကလည်း မျိုဖို့ခက်လိုက်တာ …” လျိုတုံးဟိုင် ပြောလိုက်ပြီး “ သောက်ရမ်း ခါးချက်ပဲ …”
“ မင်း ကျင့်သားမရလို့ နေမှာပါ … ငါတော့ ကွက်တိပဲ … ဟားဟား …”
ပြောလိုက်သူက ထိပ်ပြောင်ပြောင်နှင့် အမျိုးသားတစ်ဦး ဖြစ်ပြီး နာမည်က စွန်းရာချန်း ဖြစ်ကာ လျိုတုံးဟိုင်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးတို့ ရှိသည်။ ဆိုးတူကောင်းဖက် သူငယ်ချင်းဆိုလည်း မမှားချေ။
“ မင်းက နိုင်ငံခြားဖြစ်မို့ အထင်ကြီးနေတာပါကွာ … ဘာတွေများ အဲ့လောက်ထိ ကောင်းနေလို့ …”
“ ကဲ … အရသာ ကောင်းတာ မကောင်းတာ အကြောင်း မဟုတ်ဘူး…” စွန်းရာချန်က ဖြတ်ပြောလိုက်ပြီး “ မင်းတို့ကောင်တွေ သခင်လေးလင်းကို ဘယ်လိုမြင်လဲ … စကားပြောလို့ဆိုလိုတော့ တော်တော်လေး အဆင်ပြေတယ် …”
“ သခင်လေးချင်းဟန်နဲ့ သူငယ်ချင်းဆိုမှတော့ ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေးကလွဲပြီး ဘာဖြစ်နိုင်မှာ …”
“ ဒါပေမယ့် သူက သိပ်သဘောကောင်းလွန်းနေတယ်လို့ မထင်ဘူးလား …” စွန်းရာချန်က ဆက်ပြောသည်။ “ သခင်လေးချင်းဟန်က သူ့ကို ကာကွယ်ပေးဖို့ဆိုပြီး ငါတို့ကို ယွမ်ငါးသန်း ပေးထားတယ် … သူ့မှာ ထူးခြားတဲ့ အထောက်အထား တစ်ခုခု ရှိနေတာများလား …”
“ ငါ့ကောင် … မင်းတော့ အရေးကြီး ကိစ္စကို မေ့နေပြီနဲ့တူတယ် …”
လျိုတုံးဟိုင်က စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး “ ငါတို့က ဒီတိုင်း သူ့ရဲ့ ဘော်ဒီဂတ်တွေ … နောက်ကျရင် သူ ငါတို့ကို ခိုင်းစရာ ရှိလာမှာပဲ ….”
“ အဲ့တာတော့ ဟုတ်ပါပြီ … ဒါပေမယ့် ငါတို့ကို ဘာသွားသုံးမှာ … ငါတို့က ဒီတိုင်း လူမိုက်တွေလေ … တကယ်လို့ ဘော်ဒီဂတ်လိုတယ်ဆို လုံခြုံရေး ကုမ္ပဏီတွေကနေ ငှားတာ ပိုမကောင်းဘူးလား ….”
လျိုတုံးဟိုင်က ဘေးဘီဝဲယာကို မျက်စိတစ်ချက် ကစားရင်း လေသံတိုးတိုးဖြင့် “ ငါ မင်းတို့ကို လျှို့ဝှက်ချက် တစ်ခုပြောပြမယ် …”
“ ဒီစကားကို ငါ့ဘာငါ ကြားခဲ့တာ ….”
လူတိုင်း သူ့အနားသို့ ချက်ချင်း ချဉ်းကပ်လာကြသည်။
“ ဘာလျှို့ဝှက်ချက်လဲ ….”
လျိုတုံးဟိုင် ဆန်းကြယ်စွာ ပြုံးလျက် “ ဒီရဲ့ ဇိမ်ခံသင်္ဘော ခရီးစဉ်ကြီးတစ်ခုလုံးကို သခင်လေးလင်းကိုယ်တိုင် စီစဉ်ထားတာပဲ ….”