နက်ရှိုင်းတဲ့ ညီကိုသံယောဇဉ်
Vol. 176 Ch. 2480
လင်းရီ ပြုံးလိုက်၏။ ကျီချင်းရန် ဆိုလိုချင်သည့် အဓိပ္ပာယ်ကို သူ အတိအကျ နားလည်နေသည်။
“ အခုချိန်မှာ သူ့အကြောင်း မပြောကြစို့ ….”
စကားကို ခေတ္တရပ်တန့်လိုက်ပြီး “ နောက် ရက်နည်းနည်းနေရင် ငါ ခရီးတစ်ခု ထွက်ရမယ် … အချိန်တစ်ခုလောက်အထိတော့ ပြန်လာနိုင်ဦးမှာ မဟုတ်ဘူး …”
ကျီချင်းရန်၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ယင်သွား၏။ “ အန္တရာယ်များလား ….”
“ မပူပါနဲ့ ... ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး … ငါ အားလုံးစီစဉ်ပြီးသား … အလွန်ဆုံး တစ်လအတွင်း ပြန်လာခဲ့မယ် ….”
ကျီချင်းရန် ခေါင်းကို တစ်ဖက်သို့လှည့်လိုက်ပြီး လင်းရီကို သူမ၏ လှပသည့် မျက်နှာတစ်ခြမ်း အလှတရားကို လှစ်ဟာပြနေလျက် ရှိသည်။
“ နင်လုပ်ချင်တာ နင်လုပ် …”
“ ကလေးတွေက ခုနစ်လရှိနေပြီ … ဘာလုပ်ရမလဲ နင်သိပါတယ် …”
ကျီချင်းရန်၏ စိတ်ကောက်သည့် အမူအရာကို မြင်တော့ လင်းရီ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
“ ငါ နားလည်တယ် …”
“ ငါ အခု သွားတော့မယ် …”
ထိုစကားလုံးများ ချန်ထားရစ်ခဲ့ပြီးနောက် လင်းရီ လှည့်ထွက် ထွက်ခွာသွားခဲ့သည်။
“ ဂရုစိုက်ဦး …”
လင်းရီ တံခါးဖွင့်လိုက်သည့် အခိုက်အတန့်မှာပဲ ကျီချင်းရန်၏ ညင်သာသည့် စကားသံက နောက်ကျောမှ ထွက်ပေါ်လာသည်။
“ တကယ်လို့ နင်သာ တစ်ခုခု ဖြစ်သွားခဲ့ရင် ….”
“ …… ငါလည်း ဆက်ပြီး အသက်ရှင်နိုင်မှာ မဟုတ်ဘူးနော် ….”
“ ငါ နားလည်တယ် ….”
လင်းရီ ထွက်ခွာသွားခဲ့၏။ အခန်းသည်လည်း တိတ်ဆိတ်သွားခဲ့သည်။
ကျီချင်းရန် မသိလောက်သော်ငြားလည်း သူမ၏ စကားလုံးများက လင်းရီအတွက်တော့ အနှိုင်းအဆမဲ့ ခွန်အားများကို ဖြစ်ပေါ်စေသည်။
အိမ်မှ ထွက်လာခဲ့ပြီးနောက် လင်းရီသည် ချင်းဟန်၏ ဘာဘီကျူး စားသောက်ဆိုင်သို့ မောင်းထွက်လာခဲ့သည်။
“ သခင်လေးလင်း … ရောက်လာပြီလားရှင့် …”
တံခါးပေါက်ဝရှိ ဝိတ်တာမလေးက ရိုသေလေးစားစွာ နှုတ်ခွန်းဆက်လာသည်။
လင်းရီ ခေါင်းညိတ်ပြလိုက်သည်။ “ သူတို့ အကုန်လုံး ရုံးခန်းထဲမှာ ရှိတယ်မလား ….”
“ ရောက်နေတာတောင် အတော်ကြာပါပြီ … သခင်လေးလင်းကို စောင့်နေတာပါ …”
“ ကောင်းပြီ ….”
လင်းရီ တန်းတန်းမတ်မတ် လမ်းလျှောက်လာခဲ့ပြီး ချင်းဟန်၏ ရုံးခန်းထဲသို့ ဝင်ရောက်လာခဲ့၏။
သုံးဦးလုံး ရုံးခန်းထဲတွင် ရှိနေကြပြီး အခန်းတစ်ခုလုံးလည်း ဆေးလိပ် မီးခိုးငွေ့များဖြင့် ပြည့်နှက်နေသည်။
“ ဆိုတော့ … အားလုံး ရယ်ဒီပဲလား ….” လင်းရီ မေးလိုက်သည်။
ချင်းဟန် ခေါင်းညိတ်လိုက်၏။
“ အင်း …”
“ ဒီတစ်ခါတော့ ငါတို့ကောင်တွေ တကယ့် အကြီးကြီး လုပ်ချလိုက်ပြီ … သောက်ရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတယ် …”
“ ဘာဖြစ်လို့လဲ …”
“ အစက ကွမ်တမ်သင်္ဘောကို သုံးမလို့ပဲ … ဒါပေမယ့် နောက်ထပ် တစ်သန်းကျော် ထပ်သုံးပြီးတော့ လူ ငါးထောင်ကျော်ဆန့်တဲ့ ကမ္ဘာအကြီးဆုံး Ocean Symphony နဲ့ ပြောင်းလိုက်တယ် ….”
“ အဲ့တာက ကိစ္စမဟုတ်ဘူး …” လင်းရီ ပြောလိုက်ပြီး “ အဓိကက လူ ဘယ်နှယောက် လာမလဲဆိုတာပဲ …”
“ ကျိန်းသေပေါက် လူပြည့်တယ် …” ချင်းဟန် ရယ်မောလိုက်ပြီး “ ငါတို့ဆီ ဖောင်တင်ထားတာ လူ ခြောက်သောင်းကျော်တယ် … စစ်ထုတ်ပြီး တကယ့်ဒိတ်ဒိတ်ကျဲ လူတွေကိုပဲ ရွေးချယ်ထားတယ် …”
“ သင်္ဘောပေါ်မှာ ပါမယ့် ခရီးသည်တွေရဲ့ စုစုပေါင်း ကြွယ်ဝမှုက ကမ္ဘာ့အချမ်းသာဆုံးလူရဲ့ ကြွယ်ဝမှုနဲ့တောင် သွားညီလောက်တယ် …”
“ အဲ့တာဆို ကောင်းတယ်….” လင်းရီ ပြောလိုက်ပြီး “ သင်္ဘော ဘယ်အချိန် ရွက်လွှင့်မယ်ဆိုတာကိုရော ဆုံးဖြတ်ပြီးပြီလား ….”
“ သန်ဘက်ခါ … မင်း ဘာပြင်ဆင်စရာတွေ ရှိသေးလဲ … ရှိတယ်လို အမြန်လေးလုပ်တော့ ….”
“ အကုန်ပြင်ထားပြီးပြီ … အချိန်မရွေး သွားဖို့ အဆင့်သင့်ပဲ ….”
“ ငါ မင်းဖို့ လူနှစ်ဆယ်ကျော်လည်း ခေါ်ထားပေးသေးတယ် … အဲ့လူတွေက မင်းကို သင်္ဘောပေါ်မှာ ကူညီပေးလိမ့်မယ် … အခု သူတို့ အပြင်မှာ စောင့်နေကြတယ် ….”
လင်းရီ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့၏။
လက်ရှိအချိန်၌ သူ့ဘက်က လူအင်အား ပြတ်လပ်နေသည်ကလည်း အမှန်ပင်။
“ မင်းလူတွေက ယုံလို့ရပါ့မလား …”
“ ဒါပေါ့ … အကုန်လုံးက လူရမ်းကားတွေချည်းပဲ … ပိုက်ဆံပေးသရွေ့ သူတို့ ဘာမဆို လုပ်ပေးတယ် …” ချင်းဟန် ပြောလိုက်သည်။
“ ပြီးတော့ စိတ်ချ … လုံးဝ အန္တရာယ်ကင်းစေရမယ် … မင်းရဲ့ ကိစ္စတွေမှာ သူတို့ ဝင်မစွက်ဖက်စေရဘူး ….”
“ ကောင်းပြီလေ … ဒါဆိုလည်း သူတို့ကို မိုင်ယာမီသွားဖို့ ပြင်ဆင်ပေးလိုက်တော့ ….” လင်းရီ စီးကရက်တစ်လိပ်ကို မီးညှိပြီး ပြောလိုက်သည်။
“ အားလုံးကို သိုသိုသိပ်သိပ်နဲ့ လုပ်နော် … ဒါ နောက်ဆုံးခြေလှမ်းပဲ … တစ်ခုခု လွဲချော်သွားတာနဲ့ အခုချိန်ထိ ကြိုးစား ပြင်ဆင်လာတာတွေ အကုန် သဲထဲရေသွန် ဖြစ်သွားတော့မှာ …”
“ စိတ်ချစမ်းပါ … ငါ သဘောပေါက်ပါတယ် …”
ပြောဆိုပြီးနောက် ချင်းဟန်က ဝေါ်ကီတော်ကီကို ထုတ်၍ “ လူတိုင်း … ဝင်လာခဲ့တော့ …”
မိနစ် အနည်းငယ် ကြာတော့ တံခါးခေါက်သံ တစ်သံက ရုံးခန်းထဲ ထွက်ပေါ်လာသည်။ ချင်းဟန် အတွင်းမှ ခွန်းတုံ့ပြန်လိုက်၏။
“ ဝင်ခဲ့ …”
ချလပ် ….
ရုံးခန်းတံခါး ပွင့်လာခဲ့ပြီး လူ အယောက်နှစ်ဆယ်က အပြင်ဘက်မှ ဝင်ရောက်လာခဲ့သည်။
လင်းရီ တစ်ချက် လှမ်းရှိုးလိုက်၏။ အကုန်လုံးက မတူကွဲပြားစွာ ဝတ်ဆင်ထားသည်ကို သတိထားလိုက်သည်။ လူကောင်ကလည်း ပိန်ပိန်၊ ရှည်ရှည်၊ ဝဝ ၊ ပုပု စသည်ဖြင့် စုံလင်နေပြီး အကြမ်းခံသည့် စစ်သားကြီးများနှင့်ပင် မတူပေ။
ချင်းဟန်က ဗလထွားထွားနှင့် လူတစ်ယောက်ကို ညွှန်ပြလိုက်ပြီး “ သူ့နာမည်က လျိုတုံးဟိုင် … အရင်က လူသတ်ဖူးတယ် … ရန်ဖြစ်ရင်း လက်ပါတာတွေလည်း အများကြီးပဲ … တကယ့်ဘဲကြီး ဒီကောင်က ….”
လင်းရီ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ပြုံးလျက် “ ကြည့်ရတာတော့ အတော်လေး ဖြုံချင်စရာ ကောင်းမယ့်လူတွေပါပဲ ….”
“ အိုး … ပြီးတော့ မင်းအတွက် နိုင်ငံခြား ဘာသာစကား ပြောပေးနိုင်မယ့် လူလည်း ရှာထားပေးတယ် … မင်းအတွက် ပြဿနာတွေ အများကြီး ပြေလည်ပြီးသား ဖြစ်တာပေါ့ ….”
“ ဒီထဲမှာ တကယ်ပဲ နိုင်ငံခြား ဘာသာစကား ပြောတတ်တဲ့လူ ပါတယ်ပေါ့ …”
ချင်းဟန်က မျက်မှန်ဝတ်ဆင်ထားသည့် လူတစ်ယောက်ကို ညွှန်ပြလိုက်ပြီး “ သူ့နာမည်က ကျိုးဟောင် .. လမ်းပေါ်က လူတွေကတော့ လောင်စစ်ဆိုပြီးပဲ ခေါ်ကြတယ် … အရင်က အင်္ဂလိပ်ဆရာလေ …. တော်တော်လေး မဆိုးဘူး ပြောရမှာပဲ ….”
“ အင်္ဂလိပ်စာ သင်ပေးတဲ့ ဆရာတစ်ယောက်က ဘယ်လိုဖြစ်ပြီး ဒီလိုမျိုး ဖြစ်လာခဲ့ရတာ ….”
“ ကျူရှင်သင်တာတွေ ခွင့်မပြုတဲ့ ကာလမှာ ကျောင်းသားမိဘတစ်ယောက်က သူ့ကို တိတ်တိတ်လေး ကျူရှင်ငှားတယ် … စာတွေလည်း သင်ပြီးရော အဲ့ကျောင်းသားမိဘက သူ့ကို ရဲတိုင်လိုက်တာ အလုပ်ပြုတ်သွားတဲ့အပြင် ဒဏ်ကြေးပါ ဆောင်လိုက်ရတယ် … အဲ့တာနဲ့ ကျောင်းသားမိဘတွေအိမ်သွားပြီး သူတို့ရဲ့ ခြေထောက်နှစ်ချောင်းကို ရိုက်ချိုးပေးလိုက်တယ် … အဲ့တုန်းကတည်းကစပြီး ဒီလောကထဲ ရောက်လာတော့တာပဲ …”
လင်းရီ ဘယ်လိုမှ မရယ်ဘဲ မနေနိုင်ချေ။
“ တကယ်လည်း ဖြေရှင်းနည်းလမ်းကောင်း တစ်ခုပဲ …”
“ မြင်ပြီလား …”
ချင်းဟန်က လက်ဖြန့်ပြလိုက်ပြီး “ ငါ ရှာတွေ့ထားတဲ့လူတွေထဲ တစ်ယောက်မှ သာမန်လူ မပါဘူး ….”
ထိုသို့ ပြောပြီးနောက် ချင်းဟန်က လျိုတုံးဟိုင်ဘက်သို့ လှည့်ပြီး “ ဒီရဲ့ စစ်ဆင်ရေးမှာ မင်းက သခင်လေးလင်းရဲ့ အမိန့်တွေကို လိုက်နာရမယ် … သူ ပြောသမျှ အကုန် လုပ်ပေးရမယ် … ငါတို့ရဲ့ အစီအစဉ် အောင်မြင်တာနဲ့ မင်းတို့လည်း ကြီးကြီးမားမား ဆုကြေးရမယ် …”
“ နားလည်ပါပြီ …” လျိုတုံးဟိုင်က ဩရှရှအသံဖြင့် ပြန်ဖြေလိုက်၏။
“ ကောင်းပြီ … အခု ထွက်တော့ … အသင့်လုပ်ထား …. အလုပ်လုပ်ရမယ့် အချိန်တန်ပြီ …”
“ ဟုတ်ကဲ့ …”
လူအယောက် နှစ်ဆယ်က တစ်ယောက်ပြီး တစ်ယောက် အခန်းထဲမှ ထွက်သွားခဲ့ကြသည်။ အခန်းသည်လည်း တစ်ဖန် တိတ်ဆိတ်သွားခဲ့၏။
“ အခု အကုန်လုံးလည်း ရယ်ဒီ ဖြစ်ပြီဆိုတော့ ငါလည်း သွားတော့မယ် ….”
“ အစ်ကိုကြီးလင်း …”
လျန်ကျင်းမင် လှမ်းခေါ်လိုက်၏။
“ တကယ်လို့ တစ်ခုခု လိုအပ်ရင် ငါတို့ဆီ ဖုန်းခေါ်လိုက် ….”
“ အင်း ….”
လင်းရီ ခေါင်းညိတ်လိုက်သည်.
သူ ထွက်သွားတော့မည့် အချိန်မှာပဲ ကောင်းကျုံးယွမ်၏ အသံက နောက်ဘက်မှ ထွက်ပေါ်လာသည်။
“ အစ်ကိုရီ ….”
“ ဘာလဲ …”
“ ….. မသွားပါနဲ့ ”
အခန်းမှာ တိတ်ဆိတ်သွားခဲ့ပြန်သည်။
လင်းရီ သကောင့်သားအား စိုက်ကြည့်လိုက်၏။
“ မသွားနဲ့ ဟုတ်လား …” ကောင်းကျုံးယွမ်၏ စကားကို လင်းရီ ပြန်ပြောလိုက်၏။
ကောင်းကျုံးယွမ် သူ့ခေါင်းကို ငုံ့လိုက်ပြီး
“ မင်း တစ်ခုခု ဖြစ်သွားမှာကို ငါ စိတ်ပူလို့ ….”
“ ငါ့ဦးလေးက အဲ့မှာ ရှိနေတာ မှန်တယ် ….”
“ ဒါပေမယ့် မင်းသာ တစ်ခုခု ဖြစ်သွားခဲ့ရင် …..”
“ ငါ့ တစ်သက်လုံး နောင်တရနေမိလိမ့်မယ် ….”
ချင်းဟန်နှင့် လျန်ကျင်းမင်တို့လည်း နှုတ်ဆိတ်နေကြသည်။
မနှစ်တုန်းက ပနားမားတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်က သူတို့မှတ်ဉာဏ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ထင်ကျန်နေဆဲ ဖြစ်၏။
ယခုအချိန်ထိတိုင် ပြန်တွေးမိသည့်အချိန်တိုင်း ရင်ဘက်ထဲက တဆစ်ဆစ် မနာကျင်ဘဲ မနေပေ။
“ ဟားဟား … မင်းရုပ်မင်းပြန်ကြည့်လိုက်ဦး …” လင်းရီ ပေါ့ပေါ့ပါးပါး ရယ်မောရင်း ခွန်းတုံ့ပြန်လိုက်ပြီး “ ဒါက မင်းဦးလေး အရေးတင် မဟုတ်ဘး … ဟွာရှရဲ့ အရေးလည်း ဖြစ်တယ် … ဘယ်လိုပဲ ဖြစ်ဖြစ် ငါ သွားရမှာပဲ ….”
အချိန်အတော်ကြာအောင် တိတ်ဆိတ်ပြီးနောက် ချင်းဟန် စကားပြောလာခဲ့၏။
“ လင်းကြီး …”
“ မင်းရောပဲလား …”
ချင်းဟန် ခေါင်းညိတ်လိုက်သည်။
“ ငါ့မိသားစုက မင်းရဲ့ အဆင့်အတန်းကို မှီခိုပြီး နှစ်တွေအများကြီး အကျိုးအမြတ်ရခဲ့တယ်…”
“ မင်းကြောင့်မို့သာ မဟုတ်ရင် ငါတို့မိသားစုလည်း ဒီနေ့လို အချိန်မျိုး ရောက်လာခဲ့မှာ မဟုတ်ဘူး ….”
ချင်းဟန် အသက်ပြင်းပြင်း ရှိုက်၍ “ ဒါပေမယ့် အဲ့ဒီ အကျိုးအမြတ်တွေ မရှိဘူးဆိုရင်တောင် …..”
“ ငါတို့ မိသားစု ထမင်းငတ်မသွားဘူး …”
“ ဒါကြောင့် မင်း အဲ့ဒီ အထောက်အထားကို လက်လျှော့လိုက်ရင်တောင် …..”
“ …. ကိစ္စမရှိဘူး သူငယ်ချင်း “
လျန်ကျင်းမင်ကလည်း တိတ်တဆိတ် ထပ်ပေါင်းဖြည့်စွက် ပြောလာသည်။
“ ဥက္ကဌကျီနဲ့ ဒါရိုက်တာလျန်တို့ကလည်း မီးဖွားဖို့ မလိုတော့ဘူး …”
“ မင်းလုံလောက်အောင် လုပ်ခဲ့ပေးပြီးပြီပဲ ….”
“ အခုအချိန်ကစပြီး မင်း အသက်ကို ကြိုးတန်းပေါ်တင်ပြီး ရင်းနေတာကို ရပ်တန့်လိုက်ရင်တောင် ဘယ်သူကမှ မင်းကို အပြစ်တင်မှာ မဟုတ်ဘူး ….”
“ ငါတို့ကောင်တွေ ဒီတိုင်း ချမ်းသာတဲ့ လူငယ်သခင်လေးတွေ လုပ်လို့ရတာပဲလေ …”
“ အဲ့တာကလည်း မဆိုးပါဘူးဟ …”
“ ငါတို့မှာ ပြန်ကြည့်စရာ မိသားစုတွေ ကျန်နေသေးတယ်လေ ….”
နွေးထွေးသည့် ခံစားချက်တစ်ခုက လင်းရီ၏ ရင်ဘက်ထဲ ပျံ့နှံ့သွားခဲ့သည်။
သူ တဒင်္ဂလောက် စကားမပြောနိုင်ဘဲ ဖြစ်သွားခဲ့ရ၏။
ထို့နောက် အပြုံးတစ်ပွင့်ဖြင့် ကျိန်ဆဲလိုက်ရင်း “ မင်းတို့ကောင်တွေ ဘာလို့ စိတ်ပျော့ညံ့တဲ့ မိန်းမကြီးတွေလို ဖြစ်နေကြတာ … သောက်ရမ်း စိတ်ရှုပ်ဖို့ကောင်းတဲ့ကောင်တွေ … “
သူ တံခါးတွန်းဖွင့်လိုက်သည်။
နောက်ပြန်လှည့်မကြည့်ဘဲ လက်ကာပြလိုက်၏။
“ လစ်ပြီ ငါ့ကောင်တို့ ….”
အပြင်သို့ ရောက်လာခဲ့ပြီးနောက် မျက်လုံးထောင့်စွန်းရှိ မျက်ရည်စက်များအား တိတ်တဆိတ် သုတ်ရင်း ဘာမျှ မဖြစ်ပျက်ခဲ့သည့်အလား လျှောက်လှမ်းသွားခဲ့လေသည်။
ကားထဲရောက်တော့ လင်းရီ အာယာနဲ မစ်ဆူထံ ဖုန်းခေါ်လိုက်သည်။
သူမကို မိုင်ယာမီသို့ လူများ စေလွှတ်ပြီး သင်္ဘောပေါ် တက်ရောက်ဖို့ စီစဉ်ခိုင်းလိုက်၏။
ဤတစ်ကြိမ်တွင် အသင်းကို ဦးဆောင်မည့်သူက ယခင်က လင်းရီနှင့်အတူ ပူးပေါင်းဖူးသည့် ခန်းဂျိနာခါဒါပင်။ ဤသည်က သူတို့နှစ်ဦး၏ ဒုတိယအကြိမ် အလုပ်အတူ တွဲလုပ်ခြင်းပင်။
နောက်နှစ်ရက်ထိတိုင်အောင် လင်းရီ အလုပ်များနေခဲ့၏။
ကံကောင်းစွာဖြင့် ရှန်းထျန်းကျိုးက လင်းရီ လိုအပ်နေသည့် ပရိုဂရမ်ကို အောင်အောင်မြင်မြင်နှင့် ဖန်တီးပေးနိုင်ခဲ့ပြီး အောင်မြင်နိုင်ချေ ရာခိုင်နှုန်းတို့ကလည်း သိသိသာသာ တိုးတက်လာခဲ့သည်။
အရာအားလုံး စီစဉ်တကျဖြစ်သည်နှင့် လင်းရီ လှုပ်ရှားတော့၏။
ဇိမ်ခံသင်္ဘော ရွက်လွှင့်မည့် မနက်ခင်းတွင် လင်းရီသည် မိုင်ယာမီသို့ အောင်အောင်မြင်မြင်နှင့် ရောက်ရှိလာခဲ့သည်။