ဂုဏ်ယူပါတယ်၊ ခင်များတို့ အားလုံးကို ပြန်ပေးဆွဲလိုက်ပြီ
Vol. 176 Ch. 2483
“ ဟုတ် ဟုတ်ကဲ့ … နားလည်ပါပြီ …”
လျိုတုံးဟိုင်တို့ သုံးယောက် အသိစိတ် ပြန်ဝင်လာဖို့ ခေတ္တမျှ အချိန်ယူလိုက်ရ၏။ သူတို့၏ ခြေချောင်းများမှာလည်း သူတို့ ကိုယ်ပိုင် မဟုတ်တော့သည့်နှယ် ထိန်းချုပ်မရနိုင်စွာ တုန်ယင်နေသည်။
သူတို့တွေ အရင်ဦးဆုံး နိုင်ငံခြားသားကို စောင်ဖြင့် ပတ်လိုက်ပြီး ပြတင်းပေါက်နားသို့ သယ်သွားကာ မည်သူမျှ သတိမထားမိသည့် အချိန်တွင် ရေထဲသို့ ပစ်ချလိုက်၏။
“ သခင်လေးလင်း … ပြီး … ပြီးသွားပါပြီခင်ဗျ ….”
လျိုတုံးဟိုင် ကြောက်စိတ်မပြယ်သေးဘဲ ထစ်ငေါ့စွာ ဆိုလိုက်၏။
သူကိုယ်တိုင် လူသတ်ဖူးသော်ငြားလည်း သူ လုပ်သည့်လုပ်ရပ်နှင့် လင်းရီလုပ်သည့် လုပ်ရပ်က လုံးဝ မတူညီချေ။
လင်းရီ၏ အမူအရာက လူတစ်ယောက်သတ်ရသည်ကို ပုရွက်ဆိတ်လေး တစ်ကောင်အား ချေမွလိုက်သည့်နှယ် ရိုးစင်းလွန်းနေသည်။
ချင်းဟန်က ဘယ်လိုလုပ်ပြီး ဒီလိုလူစားမျိုးနဲ့ သိကျွမ်းနေတာလဲ …
ပြီးတော့ … ဒီလောက်တောင် အထင်ကြီးဖို့ကောင်းတဲ့လူက သူတို့ ကာကွယ်ပေးတာကို လိုအပ်ပါ့မလား …
“ သွားပြီး ကိုယ်လုပ်စရာရှိတာ ဆက်လုပ် … သင်္ဘောပေါ်က လှုပ်ရှားမှုတွေကိုလည်း သေချာစောင့်ကြည့်ဖို့ မမေ့နဲ့ … တောင်းဆိုလာသမျှ ဖြည့်ဆည်းပေးလိုက် … တစ်ခုတည်းပဲ … သင်္ဘောပေါ်က ထွက်သွားချင်တယ်ဆိုရင်တော့ လုံးဝ မဖြစ်နိုင်ဘူး …”
“ ဟုတ် ဟုတ် … နားလည်ပါပြီ …”
လျိုတုံးဟိုင်နှင့် ကျန်သူများ ထွက်သွားခဲ့ပြီးနောက် အပြင်ဘက်တွင် သူတို့ကိုယ်သူတို့ စိတ်တည်ငြိမ်စေရန်အတွက် အချိန် တော်တော်ကြာကြာ ယူလိုက်ရသည်။
လင်းရီအပေါ် အမြင်သဘောထားသည်လည်း မှောက်ခုန်လှန်လိုက်သည့်နှယ် လုံးဝ ပြောင်းလဲသွားခဲ့လေသည်။
လင်းရီအကြောင်း ပြောသည့် အချိန်၌ သူတို့၏ မျက်နှာထက်တွင် လေးစားကြောက်ရွံ့မှုတို့ ပြည့်နှက်နေတော့၏။
မသိလိုက်ခင် အချိန်အတွင်းမှာပဲ ဆယ်ရက်ကျော် ကုန်လွန်သွားခဲ့သည်။
ကံကောင်းစွာဖြင့် သင်္ဘောပေါ်တွင် အရာအားလုံး ငြိမ်သက်နေသည်။
သင်္ဘောပေါ်မှ ထွက်ခွာချင်သူ အနည်းငယ် ရှိခဲ့သော်လည်း စကားအနည်းငယ် ပြောဆိုပြီးနောက် နားချနိုင်လိုက်၏။
လူတိုင်းက ဇိမ်ခံသင်္ဘောပေါ်တွင် နေထိုင်ရသည့် ဘဝထဲတွင် အပြည့်အဝ နစ်မြောနေကြပြီး ဥပဒေမရှိသည့် သီးသန့် ကမ္ဘာငယ်လေး တစ်ခုထဲ ရောက်ရှိနေသည့်နှယ် ခံစားနေရသည်။
ဤနေရာတွင် ကိုယ့်ဘက်က ငွေရှိသရွေ့ လူသတ်သည်ကလွဲ၍ အရာအားလုံး ရယူနိုင်သည်။
သူတို့အတွက်တော့ ဤနေရာက ကမ္ဘာမြေပေါ်ရှိ သုခနိဗ္ဗာန်ဘုံနှင့် မခြားနားပေ။
သို့သော် လူတို့က ၎င်းတို့၏ စဉ်းစားဆင်ခြင်နိုင်စွမ်းကို အပြည့်အဝ ပျောက်ဆုံးသွားသည်တော့ မဟုတ်သေး။ ဤနေရာရှိ ပျော်ရွှင်မှုက ယာယီမျှသာဖြစ်သဖြင့် သူတို့ကိုယ်သူတို့ အလွန်အကျွံ မပျော်ဝံ့ကြချေ။
ဤသည်ကလည်း လူလတ်တန်းစားများ၏ ဝိသေသလက္ခဏာရပ်များထဲက တစ်ခု ဖြစ်လေသည်။
ညနေစာစားချိန်တွင် လင်းရီနှင့် ခန်းဂျိနာခါဒါတို့ ထမင်းအတူစားနေကြ၏။
“ လူကြီးမင်းလင်း … အားလုံး အဆင်သင့်ဖြစ်ပါပြီ … ကျုပ် နေ့တိုင်းနေ့ စစ်ဆေးနေတာ ကျုပ်တို့ရဲ့ စီစဉ်မှုနဲ့ ပတ်သက်ပြီး ဘာပြဿနာမှ မရှိပါဘူး …”
လင်းရီ အချိန်ကို တစ်ချက်ကြည့်လိုက်၏။ “ သိပ်မကြာခင် ဟွာရှနဲ့ နီးကပ်လောက်ရောက်ပေါ့ ….”
“ တစ်နာရီလောက်ဆို ဟွာရှနားကို ရောက်ပါပြီ … ဒါပေမယ့် ဇိမ်ခံသင်္ဘောကတော့ ဟွာရှဆိပ်ကမ်းကို ဝင်ရောက်ခွင့် အထောက်အထားတွေ မရှိပါဘူး…”
“ ဒါဆို တစ်နာရီနေရင် လုပ်ငန်းစမယ် … လူတိုင်းကို အဆင်သင့်ပြင်ခိုင်းထား … မျက်နှာတွေကို မပေါ်စေနဲ့ … ကိုယ့်ကိုယ်ကို အကောင်းဆုံး ဖုံးကွယ်ထားရမယ် …”
“ နားလည်ပါပြီ …”
ခန်းဂျိနာခါဒါက သူ့ဖန်ခွက်ကို ကိုင်မြှောက်လိုက်ပြီး “ လူကြီးမင်းလင်းရဲ့ အစီအစဉ် အောင်မြင်ပါစေလို့ ကျုပ် ဆုတောင်းပေးပါတယ် ….”
ခွက်ကို အပြတ်ဖြတ်ပြီးနောက် ခန်းဂျိ နာခါဒါ ထွက်ခွာသွားခဲ့သည်။
အစီအစဉ်၏ အရေးပါမှုကို သိရှိထားပြီး … ယခု အကောင်အထည်ဖော်ရမည့် အချိန် ကျရောက်လို့လာပြီ ဖြစ်ရာ သဘာဝကျကျပဲ သူ့ဘက်က အချိန်မဆွဲဝံ့ပေ။
ခန်းဂျိနာခါဒါ ထွက်ခွာသွားပြီးနောက် လင်းရီလည်း နေရာ၌ ကြာကြာမနေဘဲ လျိုတုံးဟိုင်နှင့် အခြားသူများကို သူ့အခန်းထဲသို့ ဆင့်ခေါ်လိုက်သည်။
လင်းရီ၏ ဇာတ်လမ်းအကြောင်းအရာများက သူတို့ကြားထဲတွင် ပျံ့နှံ့ပြီး ဖြစ်သဖြင့် ယခုအချိန်တွင်တော့ ၎င်းတို့တစ်ယောက်ချင်းစီတိုင်းက ကျောကို လှံတစ်ချောင်းနှယ် ဖြောင့်မတ်ထားကြပြီး အသက်ပင် ကျယ်လောင်စွာ မရှူဝံ့ကြတော့ချေ။
၎င်းတို့၏ သွင်ပြင်များက ဆရာမ ဆူငေါက်မည်ကို စောင့်ဆိုင်းနေသည့် မူလတန်းကျောင်းသားလေးများနှယ် ဖြစ်လို့နေသည်။
“ ခရီးစဉ်ရဲ့ သုံးပုံနှစ်ပုံက ပြီးမြောက်သွားပြီ .. အခု အလုပ်စလုပ်ရမယ့် အချိန်ရောက်ပြီ …” လင်းရီ တည်ငြိမ်စွာ ပြောဆိုလိုက်၏။
လျိုတုံးဟိုင်နှင့် အခြားသူများမှာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ယခုအချိန်ထိတိုင် သူတို့၏ တာဝန်က လင်းရီကို ကာကွယ်ဖို့ဟု မှတ်ယူထားကြ၏။
သို့သော် လွန်ခဲ့သည့် ဆယ်ရက်က သူတို့ရှေ့တွင် လူတစ်ယောက်ကို ဘာမဟုတ်သည့် အတိုင်း သတ်ဖြတ်လိုက်တာကို တွေ့မြင်ပြီးနောက်တွင် သူတို့၏ အမြင်ရှုထောင့်သည်လည်း ပြောင်းလဲသွားခဲ့လေသည်။
ထိုကဲ့သို့သော လူစားမျိုးက သူတို့၏ ကာကွယ်ပေးမှုကို လိုအပ်မှာ မဟုတ်ချေ။ ကျိန်းသေပေါက်ကို အခြားတာဝန်တစ်ခု ရှိရမည်။ မဟုတ်ဘူးဆိုပါက မည်သူကမျှ သူတို့ကို ဤမျှ ပိုက်ဆံအများကြီး ပေးလာမှာ မဟုတ်ချေ။
ယခုတော့ … သူတို့တွေ အသုံးဝင်ရတော့မည့် အချိန် ရောက်လို့လာလေပြီ။
“ သခင်လေးလင်း … အမိန့်သာ ပေးလိုက်ပါ … ကျုပ်တို့ညီကိုတွေ စိတ်မပျက်စေရပါဘူး …”
“ ငါ ကြားချင်တာလည်း အဲ့တာပဲ …”
လင်းရီ ချက်ခ်စာအုပ်ကို ထုတ်ပြီး သုညတွေ အတန်းလိုက် ရေးလိုက်၏။
“ ချင်းဟန် မင်းတို့ကို ဘယ်လောက်ပေးထားလဲ ငါမသိဘူး .. ဒါပေမယ့် ဒီအလုပ်ပြီးတာနဲ့ မင်းတို့တစ်ယောက်ချင်းစီကို အပိုငါးသိန်း ပေးမယ် … ဒါ ဆယ်သန်း ဘဏ်ချက်ခ်လက်မှတ်ပဲ … ယူသွားပြီး မင်းတို့ကြား ခွဲဝေလိုက် …”
“ ဆယ်သန်း ….”
လူတိုင်း၏ မျက်လုံးအရောင်မှာ လောဘကြောင့် တလက်လက် တောက်ပလာခဲ့၏။ ချင်းဟန် ပေးလာသည့် ငွေငါးသန်းပင် သူတို့အတွက် အင်မတန် များပြားသည့် ပမာဏ ဖြစ်နေပြီး ဖြစ်သည်။ သခင်လေးလင်းက ယခုလို ငွေဆယ်သန်းကို ဘာမဟုတ်သည့် အတိုင်း ထုတ်ပေးလာလိမ့်မည်ဟု သူတို့ တစ်ယောက်မှ မျှော်လင့်မထားကြပါချေ။
“ ကျုပ်တို့ ဘာလုပ်ပေးရမလဲ သခင်လေးလင်း …”
“ လိုက်ခဲ့ … ငါ မင်းတို့ကို ပြစရာ ရှိတယ် …”
လင်းရီသည် လျိုတုံးဟိုင်နှင့် အခြားသူများကို သူ့အိပ်ခန်းထဲသို့ ခေါ်သွား၏။
အတွင်းတွင် ကြီးမားလှသည့် သစ်သားသေတ္တာများစွာ ရှိနေသည်။ လင်းရီ ၎င်းတို့ရှေ့တွင် ရပ်၍ သေတ္တာများကို တစ်ခုပြီးတစ်ခု ဖွင့်လိုက်သည်။
“ ဒီပစ္စည်းတွေ ဘယ်လိုသုံးရမလဲ သိကြမှာပါ …”
သေတ္တာထဲက ပစ္စည်းများကို မြင်တွေ့လိုက်သည်နှင့် လျိုတုံးဟိုင်နှင့် လူအနည်းငယ်မှလွဲ၍ အခြာသူများအားလုံး တုန်လှုပ်သွားခဲ့ကြကာ မျက်နှာများ ဖြူလျော်သွားခဲ့ကြ၏။
သူတို့အားလုံးက လူမိုက်လောကတွင် ကျင်လည်နေကြသူများ ဖြစ်သော်လည်း ကျူးလွန်ဖူးသည်က ဓားပြတိုက်မှု၊ ခိုးယက်လုယူမှု စသည့် အသေးအမွှားလေးများသာ။ ယခု မြင်နေရသည့် လက်နက်များကိုတော့ တစ်ခါလေးမျှပင် မကိုင်ဖူးကြပါချေ။
“ ငါနဲ့ အတူ အလုပ်လုပ်မလားဆိုတာကတော့ မင်းတို့သဘောပဲ …” လင်းရီ သူတို့ကို ကြည့်၍ ပြောလိုက်ပြီး “ ကိုယ့်ကိုယ်ကို မကိုင်တွယ်နိုင်ဘူးထင်ရင် အခု ထွက်သွားလိုက် … ပိုက်ဆံလိုချင်တဲ့ကောင်ကတော့ ဒီလာပြီး ကိုယ့်လက်နက်ကို လာရွေးကြ …”
“ သခင်လေးလင်း …”
လျိုတုံးဟိုင် အနည်းငယ် အခက်တွေ့သည့် အမူအရာဖြင့် ဖြစ်သွားခဲ့ပြီး “ ကျုပ်တို့တွေက လူကောင်းတွေ မဟုတ်ဘူးဆိုပေမယ့် သာမန်ဘဝလေးမှာတော့ နေချင်ပါသေးတယ် … ကျုပ်တို့သာ တကယ်ပဲ ဒီလို လုပ်ငန်းမျိုးပါ ပါဝင်ပတ်သက်လိုက်ရင် တစ်သက်လုံး ထွက်ပြေးနေရလိမ့်မယ် ….”
လင်းရီ ပြုံးပြလိုက်၏။
“ မင်းတို့ စိုးရိမ်နေတာကို ငါနားလည်တယ် … ဒါပေမယ့် ဒီခုဟာက မင်းတို့ ထင်နေသလို မဟုတ်ဘူး ….”
လူတိုင်း အသံမထွက်ဘဲ အာရုံစိုက်နားထောင်ကြ၏။ ဤသည်က သူတို့၏ ဘဝနှင့်ချီပြီး သက်ဆိုင်နေသည်။
“ ချင်းဟန် ဘယ်လိုလူစားမျိုးလဲဆိုတာကို မင်းတို့ အကုန် သိကြမှာပါ … ဆိုတော့ ငါ အသေးစိတ် မပြောတော့ဘူး … သူက မင်းတို့ကို ငါ့ဆီ လွှတ်လိုက်မှတော့ ဆိုလိုချင်တဲ့သဘောက ငါလုပ်မယ့် အလုပ်က ဥပဒေကိုလည်း မချိုးဖောက်ဘူး … လူ့ကျင့်ဝတ်စည်းကမ်းတွေကိုလည်း မချိုးဖောက်ဘူး… မင်းတို့ ဘာမှ မဖြစ်စေရဘူးလို့ အာမခံတယ် … ဘာမှ မပူနဲ့ ….”
“ ပြောချင်တာ ဒါအကုန်ပဲ …. နေချင်တဲ့ကောင်နေ … မနေချင်တဲ့ကောင်ထွက် … ငါ ဘယ်သူ့ကိုမှ အပြစ်မတင်ဘူး ….”
လျိုတုံးဟိုင်နှင့် အခြားသူများမှာ လေးလေးနက်နက် အတွေးနက်သွားခဲ့ကြပြီး မိနစ် အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြသည်။
ထို့နောက် လျိုတုံးဟိုင်က ဦးဆောင်၍ “ သခင်လေးလင်း … တခြားလူတွေတော့ မသိဘူး … ဒါပေမယ့် ကျုပ်ကတော့ သခင်လေးနဲ့ လိုက်မယ် …”
လင်းရီ ခေါင်းညိတ်လိုက်သည်။ ထို့နောက် အခြားသူများထံ အကြည့်ပို့လိုက်၏။
“ မင်းတို့ကရော ….”
“ ကျုပ်တို့လည်း ပါမယ် …”
“ ဒါဆို လက်နက်တွေ ရွေးလိုက်ကြတော့ …” လင်းရီ ညွှန်ကြားလိုက်ပြီး “ ဘေးမှာ မျက်နှာဖုံးနဲ့ အဝတ်တွေ ရှိတယ် … ဝတ်လိုက် … အလုပ်လုပ်နေတဲ့အချိန်မှာ စကားတစ်ခွန်း ပြောဖို့ မလိုဘူး .. ငါအမိန့်ပေးတာကိုပဲ နာခံရမယ် ….”
“ နားလည်ပါပြီ …”
အဖွဲ့သားများက ကိုယ်စီ လှုပ်ရှားလိုက်ကြပြီး နာရီဝက်အတွင်းမှာပဲ အားလုံး အဆင်သင့် ဖြစ်သွားခဲ့ကြသည်။
ထိုစဉ် လင်းရီလည်း သူ ဂရုတစိုက် ပြင်ဆင်ထားသည့် မျက်နှာဖုံးတစ်ခုကို ထုတ်လိုက်၏။
ယင်းက … နားရွက်တက်ချိတ်မတတ် ပြုံးနေသည့် လူပြက်မျက်နှာဖုံးတစ်ခုပင်။ အနက်ဝတ်နှင့်လူ၏ မျက်နှာဖုံးကို တုပထားလေသည်။
လက်ထဲရှိ မျက်နှာဖုံးကို ကြည့်ရင်း လင်းရီ သူ့ဘာသူတွေးပြီး သူ့ဘာသူ ရယ်ချင်နေမိသည်။
ယခုလို မျက်နှာဖုံးမျိုး ဘာကြောင့် ဖန်တီးလိုက်မိမှန်း သူ့ကိုယ်သူပင် နားမလည်ချေ။
နောက်ဆုံးတွင် လူပြက် မျက်နှာဖုံးကို တပ်ဆင်လိုက်ပြီး အခန်းအပြင်သို့ ထွက်လာခဲ့၏။
ကလင် ကလင် ကလင် …
ထိုအချိန်မှာပဲ လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာခဲ့ပြီး ခန်းဂျိ နာခါဒါက ဆက်သွယ်လာခဲ့ခြင်း ဖြစ်၏။
“ လူကြီးမင်းလင်း … အားလုံး ရယ်ဒီပါပဲ …”
“ စလိုက်တော့ … ငါ ခဏအတွင်း အဲ့ကို ရောက်မယ် …”
“ ဟုတ်ကဲ့ …”
ဖုန်းချပြီးနောက် လင်းရီက လျိုတုံးဟိုင်တို့ကို ခေါ်ပြီး အပြင်သို့ ထွက်လာသည်။
သူတို့ အခန်းထဲက ထွက်လိုက်သည်နှင့် သင်္ဘောပေါ်တွင် သေနတ်ပစ်ခတ်သံ အတွဲလိုက်က ထွက်ပေါ်လာခဲ့ပြီး လျိုတုံးဟိုင်နှင့် အခြားသူများကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့၏။
မည်သို့ပင်ဆိုစေ ယခုလို ကြုံတွေ့ရသည်က သူတို့အတွက် ပထမဆုံးအကြိမ်ပင်။
သေနတ်ပစ်ခတ်သံများ၏ နောက်တွင် အော်ဟစ်သံများနှင့် ထိတ်လန့်တကြား အော်မြည်သံတို့က ကပ်လျက်လိုက်ပါလာပြီး သင်္ဘောတစ်ခုလုံး ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကု်ကြ၏။
မကြာခင်မှာပဲ လင်းရီတို့ အုပ်စုက မျက်နှာဖုံးကိုယ်စီနှင့်အတူ ကုန်းပတ်ပေါ်သို့ ရောက်ရှိလာသည်။
လူ ငါးထောင်နီးပါးက ထိုနေရာတွင် စုဝေးနေကြပြီး ၎င်းတို့ ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ထားကာ ကြောက်လန့်တုန်ရီစွာဖြင့် ကြမ်းပြင်ပေါ် ဒူးထောက်ဝပ်တွားနေကြ၏။
အနီးအနားတွင် သွေးအိုင်ထဲ လဲလျောင်းနေသည့် အလောင်းတစ်ချို့လည်း ရှိနေသည်။
လင်းရီ လူအုပ်ရှေ့သို့ လျှောက်လှမ်းသွားပြီး တည်ငြိမ်သော အသံဖြင့် “ ဂုဏ်ယူပါတယ် … ခင်များတို့အားလုံးကို ပြန်ပေးဆွဲလိုက်ပြီ …”