← Chapters

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း (၁၄၁) ပြီးပြီ... ငါ အကွက်ဆင်ခံလိုက်ရပြီ

ဟင်…လူတိုင်း ဆွံ့အမှင်တက်သွားကြလေ၏။

ဒါက ဘာတွေဖြစ်ကုန်တာလဲ…

ဤလေလံပွဲမှူးသည် လောကကြီးကို အတွေ့အကြုံများစွာ ဖြတ်သန်းဖူးသူဖြစ်ရာ ထိုကောင်လေးအပေါ် အဘယ်ကြောင့် ရုတ်တရက် ဤမျှ ရိုသေလေးစားသွားရသနည်း။

သူ၏ အမူအရာတွင် ကြောက်ရွံ့မှုအချို့ပင် ပါဝင်နေသေးသည် မဟုတ်ပါလော။

"လေလံပွဲမှူး... သူ့ဘဏ်ကတ်က ယွမ်သန်း ခုနစ်ဆယ်ကျော် ပေးဖို့ လုံလောက်လို့လား..."

ကျန်းချုံက လုံးဝ မယုံကြည်နိုင်သေးဘဲ မေးမြန်းလိုက်ပေသည်။

သို့သော် လေလံပွဲမှူး၏ မျက်နှာအမူအရာမှာ မှောင်မိုက်နေခဲ့၏။

ချန်ဖုန်းက ဘဏ်ကတ်ကို ပြန်ယူပြီးနောက်မှသာ လေလံပွဲမှူးက အေးစက်စွာ ပြောဆိုလိုက်သည်။

"ဒီမှာရှိတဲ့လူတွေထဲမှာ မစ္စတာချန်က လေလံဆွဲဖို့ အပြည့်အဝ အရည်အချင်းပြည့်မီဆုံးသူပဲ... မစ္စတာကျန်း... ခင်ဗျား ဆက်ပြီး ပြဿနာရှာနေမယ်ဆိုရင် ခင်ဗျားကို အပြင်နှင်ထုတ်ရလိမ့်မယ်..."

"ငါ..."

ကျန်းချုံ တကယ်ကို ဆွံ့အသွားခဲ့လေပြီ။

ဘဏ်ကတ်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ချန်ဖုန်းအပေါ် တစ်ဖက်လူ၏ သဘောထားက လုံးဝကို ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ပေ၏။

ထိုကတ်ထဲတွင် ပိုက်ဆံတွေ အများကြီး ရှိနေလို့များလား...

မဖြစ်နိုင်ပါဘူး...

ဘာတွေဖြစ်နေတာလဲကွာ…

"စားပွဲအမှတ် ၃၅ က မစ္စတာချန်က ယုံဟယ်စံအိမ်ကို ယွမ် သန်းခုနစ်ဆယ့်တစ်သန်း ဈေးပေးထားပါတယ်... ဈေးထပ်ပေးမယ့်သူ ရှိပါသေးလား..."

လေလံပွဲမှူးက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ သူက လုပ်ထုံးလုပ်နည်းအရ မေးလိုက်ခြင်းသာ ဖြစ်၏။ မစ္စတာချန်မှလွဲ၍ အခြား မည်သူကမျှ ယုံဟယ်စံအိမ်ကို ဝယ်ယူလိမ့်မည် မဟုတ်ချေ။

လေလံပွဲမှူးက အတည်ပြုချက်ပေးရန် ပြင်လိုက်ချိန်မှာပင် ကျန်းချုံက သွားကြိတ်ကာ အော်ဟစ်လိုက်လေသည်။

"ငါ ယွမ်သန်း ရှစ်ဆယ် ပေးမယ်..."

‘ဟွန့်... မင်းက ခုနက ငါ့ မျက်နှာမထောက်ဘူးပေါ့လေ... ဒီနေ့ မင်းကို ကြီးမားတဲ့ တန်ဖိုးပေးဆပ်ရအောင် ငါလုပ်ပြမယ်…’

သူ စိတ်ထဲမှ ကြိတ်တွေးလိုက်၏။

လေလံပွဲမှူးက မျက်မှောင်ကြုတ်လိုက်သည်။

"မစ္စတာကျန်း... ယုံဟယ်စံအိမ်ကို ဝယ်ဖို့ တကယ် သေချာရဲ့လား..."

"ဘာဖြစ်လို့လဲ... ဒါ လေလံပွဲလေ... လူတွေကို ဈေးပေးခွင့် မပြုတော့ဘူးလား..."

"သေချာပေါက် ရပါတယ်..."

"အဲဒါဆို စကားများမနေနဲ့တော့..."

ကျန်းချုံက ရေနွေးပူကို မကြောက်သော ဝက်သေတစ်ကောင်အလား ဖြစ်နေပေသည်။ သူက ပြဿနာရှာချင်တော့ကော ဘာဖြစ်လဲ…

"ဈေးထက်ပေးမယ့်သူ ရှိသေးလား... ဘယ်သူမှ မပေးဘူးဆိုရင် ငါယူလိုက်ပြီ..."

အခြားသူများအားလုံး ခေါင်းခါလိုက်ကြ၏။

ကျန်းမိသားစုမှ ကောင်လေးသည် ရှင်းလင်းစွာ ပြဿနာရှာနေခြင်းဖြစ်ပြီး ၎င်းတို့ကလည်း ပြဇာတ်ကောင်းတစ်ပုဒ်ကို ကြည့်ရှုရမည်ဖြစ်၍ ကျေနပ်နေကြပေသည်။

အနီးတွင် ရပ်နေသော ရွှီချင်းချန်က ဆက်လက် သည်းမခံနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။

"သခင်လေးကျန်း... ရှင် အခုလုပ်နေတာက ရည်ရွယ်ချက်ရှိရှိ လေလံဖျက်နေတာ မဟုတ်ဘူးလား... ရှင် မလိုချင်တာကို သိသိကြီးနဲ့... ဒီလောက် ရွံစရာကောင်းအောင် မလုပ်လို့မရဘူးလား..."

"မစ္စရွှီ... အဲဒီလို ပြောလို့မရဘူးလေ..."

ကျန်းချုံက မော့ကြည့်လိုက်ပြီး ချန်ဖုန်းက ဤစံအိမ်ကို ဝယ်မည်ဟု အသေအချာ ယုံကြည်နေခဲ့၏။

"ရည်ရွယ်ချက်ရှိရှိ လေလံဖျက်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ... ဒီစံအိမ်က လေလံတင်ဖို့အတွက်လေ... မင်းတို့အတွက် သီးသန့်ထားတာမှ မဟုတ်တာ... ဒီနေရာမှာ ရှိနေတဲ့ ဘယ်သူမဆို ဈေးပေးခွင့်ရှိတယ်... ဟုတ်တယ် မဟုတ်လား လေလံပွဲမှူး..."

"ဟုတ်ပါတယ်..."

လေလံပွဲမှူးက ခေါင်းညိတ်လိုက်လေသည်။

သူသည် ကျန်းချုံကို နားချရန် ရည်ရွယ်ထားသော်လည်း ခဏတာ စဉ်းစားပြီးနောက် တိတ်ဆိတ်သွားခဲ့၏။

မစ္စတာချန်က ဤကိစ္စကို ကိုင်တွယ်နိုင်လိမ့်မည် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေကာမူ သူ၏ ဘဏ်ကတ်ထဲတွင် ပိုက်ဆံတွေ အများကြီး ရှိနေသည် မဟုတ်ပါလော။

ပြီးတော့ အဲဒါက လည်ပတ်ငွေသက်သက်သာ ရှိသေးသည်။ အကယ်၍ ကုမ္ပဏီတစ်ခုသာ ရှိနေမည်ဆိုပါက သူ၏ ပိုင်ဆိုင်မှုတန်ဖိုးမှာ ဘီလီယံရာချီ ကျော်လွန်နေမည် မဟုတ်လော။

ဤအကြောင်းကို တွေးမိချိန်တွင် လေလံပွဲမှူး အသက်ပြင်းပြင်း ရှူလိုက်မိတော့သည်။

လူအုပ်ထဲတွင် လွီပင်းက ကျန်းချုံအား သနားစရာကောင်းသော အမူအရာဖြင့် ကြည့်လိုက်၏။

‘မင်းက ဘယ်သူ့ကို ပြဿနာသွားရှာနေတာလဲ... ချန်ဖုန်းနဲ့ တိုက်ရိုက် ထိပ်တိုက်တွေ့ချင်နေတယ်ပေါ့လေ...

ဒါက ကြက်ဥနဲ့ ကျောက်တုံးကို သွားပေါက်နေသလို မဟုတ်ဘူးလား...

ဟူး... ငတုံးကောင်ပဲ…’

သူသည် တစ်ဖက်လူကို သတိပေးရန် ရည်ရွယ်ခဲ့သော်လည်း ယခင်စကားကိုပင် မဆုံးမီ တစ်ဖက်လူက ကြားဖြတ်ပြောဆိုခဲ့လေသည်။

သူ မည်မျှပင် သတိပေးစေကာမူ ကျန်းချုံက နားထောင်လိမ့်မည် မဟုတ်ချေ။

မျှော်လင့်ထားသည့်အတိုင်းပင်…ချန်ဖုန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပေသည်။

ရွှီချင်းချန်၏ စိတ်ခံစားမှုများကို ငြိမ်သက်သွားစေပြီးနောက် သူက ထပ်မံ၍ ဈေးပေးလိုက်၏။

"သခင်လေးကျန်းက ကစားချင်နေမှတော့ ခင်ဗျားနဲ့အတူ ငါကစားပေးရတာပေါ့... ငါ ယွမ် သန်းတစ်ရာ ပေးမယ်..."

"ယွမ် သန်းတစ်ရာ့ငါးဆယ်..."

ကျန်းချုံက မော့ပင်မကြည့်ဘဲ ဆက်လက်ဈေးခေါ်လိုက်လေသည်။

"ယွမ် သန်းနှစ်ရာ..."

"သန်းနှစ်ရာ့ငါးဆယ်..."

ဟိုက်...

လူတိုင်း ထိတ်လန့်တကြား အသက်ရှိုက်လိုက်မိကြ၏။

ဤဈေးနှုန်းသည် စံအိမ်၏ တန်ဖိုးထက် လုံးဝ ကျော်လွန်သွားခဲ့လေပြီ။ ယခုဈေးဖြင့် ဝယ်ယူလိုက်ပါက ဧကန်မလွဲ အရှုံးပေါ်မည် ဖြစ်ပေသည်။

၎င်းတို့က ကျန်းချုံအား အံ့သြစွာ ကြည့်လိုက်ကြသည်။

ဒီကောင်က သွေးတက်နေပြီလား... မစ္စတာချန်က ဆက်မလိုက်တော့မှာကို သူ မကြောက်ဘူးလား...

ယခုအချိန်တွင် ကျန်းချုံ တကယ်ကို မကြောက်ရွံ့ခဲ့ချေ။ အကြောင်းမှာ သူက တကယ်ကို သွေးတက်နေသောကြောင့်ပင်။

သူ စဉ်းစားနိုင်သမျှမှာ ချန်ဖုန်းအား ပိုက်ဆံပိုပေးရစေရန်သာ ဖြစ်ပြီး လက်ရှိဈေးနှုန်းသည် ကောင်းကင်ထိ ထိုးတက်နေပြီဖြစ်ကြောင်းကို သူ မေ့လျော့နေခဲ့၏။

"ယွမ် သန်းသုံးရာ..."

"သန်းသုံးရာ့ငါးဆယ်..."

ထိုအခိုက်တွင် မည်သူကမျှ ဈေးမပေးကြတော့ချေ။

ထို့နောက် လေလံပွဲတစ်ခုလုံး အလွန် တိတ်ဆိတ်သွားလေ၏။

ချန်ဖုန်းသည် မလှုပ်မယှက် ထိုင်နေပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ရှိနေပေသည်။

လူတိုင်း၏ မျက်နှာအမူအရာများမှာ ထူးဆန်းသွားကြ၏။

လေလံပွဲမှူးက အဓိပ္ပာယ်ပါပါ လေသံဖြင့် ထပ်မံပြောဆိုလိုက်သည်။

"စားပွဲအမှတ် ၁၅ က မစ္စတာကျန်းချုံက ယုံဟယ်စံအိမ်ကို ဝယ်ဖို့ ယွမ် သန်းသုံးရာ့ငါးဆယ် ဈေးပေးထားပါတယ်... ဈေးတက်ပေးမယ့်သူ ရှိပါသေးလား..."

မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။

"ယွမ် သန်းသုံးရာ့ငါးဆယ်... တစ်ကြိမ်..."

"ယွမ် သန်းသုံးရာ့ငါးဆယ်... နှစ်ကြိမ်..."

"ယွမ် သန်းသုံးရာ့ငါးဆယ်... သုံးကြိမ်..."

"ရောင်းချလိုက်ပါပြီ..."

ခန်းမအတွင်း၌ ပြတ်သားသော အသံကြီး ထွက်ပေါ်လာခဲ့လေ၏။

ထိုအချိန်မှသာ ကျန်းချုံ သတိပြန်ဝင်လာပုံရပြီး ထိုင်ခုံမှ ဝုန်းခနဲ မတ်တတ်ရပ်လိုက်ပေသည်။

သူ၏ မျက်နှာမှာ ပြာနှမ်းသွား၏။

"နေပါဦး... နေပါဦး..."

"ချီးပဲ..."

သူ တကယ်ကို ဆွံ့အ မှင်တက်သွားခဲ့လေပြီ။ထို့အပြင် သွေးအန်မတတ်ပင် သူ ခံစားလိုက်ရသည်။

‘ငါက အဲဒီစံအိမ်ကို လေလံဆွဲဖို့ ယွမ် သန်းသုံးရာ့ငါးဆယ်တောင် သုံးလိုက်မိတာလား…’

‘ကျစ်…’

သူက အလျင်အမြန် ပြောဆိုလိုက်၏။

"နေပါဦး လေလံပွဲမှူး... စောစောက ကျွန်တော် မှားသွားလို့ပါ... ချန် ဆိုတဲ့ ကောင်လေးက ဈေးခေါ်မှာ မဟုတ်ဘူးလား... ချီးပဲ... လေလံဆွဲနေတာ မဟုတ်ဘူးလား... ဘယ်လိုလုပ် ရုတ်တရက်ကြီး ကျွန်တော် ဝယ်လိုက်တဲ့အဖြစ် ရောက်သွားရတာလဲ..."

သူ အလွန်အမင်း ပြာယာခတ်နေပြီး ငိုတော့မည့်အလား ဖြစ်နေပေသည်။

အကယ်၍ သူသာ ထိုစံအိမ်ကို ယွမ် သန်းသုံးရာ့ငါးဆယ်ဖြင့် တကယ်ဝယ်လိုက်ရမည်ဆိုပါက သူ၏ဖခင်က သူ့ကို အရေခွံခွာပစ်လိမ့်မည်။

ယွမ် သန်းသုံးရာ့ငါးဆယ်တောင်…

ယွမ် ၃၅ သန်း မဟုတ်ဘူးလေ။

ချန်ဖုန်းက သဘောထားကြီးဟန်ဖြင့် ပြောဆိုလိုက်သည်။

"သခင်လေးကျန်းက အဲဒီစံအိမ်ကို အရမ်းသဘောကျနေတာ မြင်ရတော့ ငါကပဲ လိုလိုလားလား ဖယ်ပေးလိုက်ပါတယ်... ယွမ် သန်းသုံးရာ့ငါးဆယ်တန်တဲ့ စံအိမ်တဲ့လား... အရမ်းလှနေမှာပဲနော်... ဟားဟား…”

"မင်း... မင်း ငါ့ကို အကွက်ဆင်တာလား..."

ကျန်းချုံသည် ဒေါသကြောင့် သွေးအန်လုမတတ် ဖြစ်သွားရပေ၏။

‘ငါက ဘယ်လိုလုပ် ဒီလောက်တောင် တုံးအသွားရတာလဲကွာ...

ဒီကောင်လေးမှာ ဒီလိုရည်ရွယ်ချက် ရှိနေတာကို ငါက ဘာလို့ မမြင်ခဲ့ရတာလဲ...

ပြီးပြီ... အကုန်ပြီးသွားပြီ…’

All Chapters