အခန်း ၁၄၂
Vol. 15 Ch. 142
အခန်း (၁၄၂) လူကုံထံကြီးများ ရောက်ရှိလာခြင်း
"ငါက မင်းကို ဘယ်တုန်းက အကွက်ဆင်လို့လဲ..."
ချန်ဖုန်း၏ နှုတ်ခမ်းထောင့်တွင် နောက်ပြောင်သော အပြုံးတစ်ခု ပေါ်လာခဲ့၏။
ထို့နောက် လက်ပိုက်ကာ ဆက်လက် ပြောဆိုလိုက်သည်။
"မင်းကိုယ်တိုင်က ဈေးပေးချင်နေခဲ့တာလေ... ဘယ်သူကမှ မင်းကို အတင်းအကျပ် မခိုင်းခဲ့သလို မင်းကို ဈေးပေးဖို့ လည်ပင်းကို ဓားနဲ့ထောက်ခိုင်းခဲ့တာလည်း မဟုတ်ဘူး... လေလံပွဲဆိုတာ တရားမျှတမှုကို အလေးထားပြီး အရာအားလုံးက ကိုယ့်သဘောဆန္ဒအလျောက်ပဲလေ... ပြီးတော့ စောစောက မစ္စရွှီ မင်းကို သတိပေးခဲ့သေးတယ်... ဒါပေမဲ့ မင်းကရော... နားမထောင်တဲ့အပြင် မင်းသဘောအတိုင်း ဆက်လုပ်ခဲ့တယ် မဟုတ်လား... ဘာလဲ အခုမှ နောင်တရနေတာလား..."
အနီးတွင် ရပ်နေသော ရွှီချင်းချန်ကလည်း အေးစက်စွာ နှာမှုတ်လိုက်ပြီး ပြောဆိုလိုက်၏။
"ဟုတ်တယ်... ခုနက ရှင်ပဲ ရည်ရွယ်ချက်ရှိရှိ လေလံဖျက်ဖို့ လုပ်ခဲ့တာ မဟုတ်ဘူးလား... ရှင်က ယုံဟယ်စံအိမ်ကို အရမ်းသဘောကျနေမှတော့ ရှင်ပဲ ဝယ်လိုက်ပေါ့..."
"မင်းတို့..."
ကျန်းချုံသည် ဒေါသကြောင့် အဆုတ်များ ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရပေသည်။
ဟင့်အင်း...သူ့အနေနဲ့
ဒီစံအိမ်ကို လုံးဝ မဝယ်နိုင်ဘူး…
သူက လေလံပွဲမှူးအား အလျင်အမြန် ပြောဆိုလိုက်၏။
"ကျွန်တော် မလိုချင်တော့ဘူး... ခုနက ကျွန်တော်ပေးခဲ့တဲ့ ဈေးကို ပယ်ဖျက်တယ်... ခင်ဗျား အဲဒီစံအိမ်ကို ချန် ဆိုတဲ့ ကောင်လေးကိုပဲ ရောင်းလိုက်ပါ... ဘာပဲဖြစ်ဖြစ် ဒီစံအိမ်ပျက်ကြီးကို ဘယ်သူမှ မလိုချင်ကြဘူးလေ... သူ့ကိုပဲ အခွင့်အရေးပေးလိုက်ပါ..."
"မစ္စတာကျန်း..."
လေလံပွဲမှူး၏ မျက်နှာအမူအရာမှာ ကြည့်ရဆိုးနေလေပြီ။
"ခင်ဗျားက ယုံဟယ်စံအိမ်ကို လေလံအောင်ခဲ့မှတော့ ခင်ဗျားပဲ ငွေချေရမှာပေါ့... ဒါက လေလံပွဲရဲ့ စည်းမျဉ်းပဲ... ဒါကို ကစားပွဲတစ်ခုလို သဘောထားလို့ ဘယ်ရမလဲ... ခင်ဗျားအဖေ ကျန်းချန်ကုန်းရဲ့ မျက်နှာကြောင့် ခင်ဗျား ခုနက ပြောခဲ့တာတွေကို မကြားခဲ့သလိုပဲ ဟန်ဆောင်ပေးလိုက်မယ်... မစ္စတာကျန်း... ငွေချေလိုက်ပါ... ပထမဆုံးပစ္စည်းဖြစ်တဲ့ ထင်းရှူးတောင်စောင်းစံအိမ် ပန်းချီကား အပါအဝင်ဆိုရင် စုစုပေါင်း ယွမ် သန်း ၅၀၀ ပေးချေရပါမယ်..."
ဖွီး...
ကျန်းချုံမှာ သွေးအန်မတတ် ဖြစ်သွားရပေ၏။
‘ငါ့ကို ရောင်းရင်တောင် ယွမ် သန်း ၅၀၀ ရမှာ မဟုတ်ဘူး...ချီးပဲ…’
"ဟင့်အင်း... ထင်းရှူးတောင်စောင်းစံအိမ် ပန်းချီကားကိုတော့ ကျွန်တော် ယူမယ်... ယုံဟယ်စံအိမ်ကိုတော့ ဟို ချန် ဆိုတဲ့ ကောင်လေးက ဝယ်ချင်နေမှတော့ သူ့ကိုပဲ ရောင်းလိုက်ပါလား... ဒါဆို နှစ်ဖက်စလုံး အဆင်ပြေတာပဲလေ... ဘာလို့ အခြေအနေအရ မပြောင်းလဲနိုင်ရတာလဲ..."
ယခုအခါ သူ မည်သို့ပင်ဖြစ်စေ ယုံဟယ်စံအိမ်ကို လုံးဝ ယူမည်မဟုတ်ချေ။
"ငါက လိုချင်တယ်လို့ ဘယ်သူပြောလဲ..."
ချန်ဖုန်းက အေးစက်စွာ လှောင်ပြောင်လိုက်သည်။
"ငါက ယုံဟယ်စံအိမ်ကို ဝယ်ချင်သည်ဖြစ်စေ မဝယ်ချင်သည်ဖြစ်စေ အရေးမကြီးဘူး... မင်းရဲ့ လုပ်ရပ်က လေလံပွဲရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်နေပြီလေ... ရည်ရွယ်ချက်ရှိရှိ လေလံဖျက်ချင်တာကလည်း မင်းပဲ... လေလံဆွဲပြီးတော့ လက်မခံဘဲ ငြင်းဆန်နေတာကလည်း မင်းပဲ... အရာအားလုံးက မင်းသဘောအတိုင်း ဖြစ်နေရမှာလား... ကျန်းချုံ အို ကျန်းချုံ... မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ..."
"ငါ မလိုချင်ဘူးကွ..."
ကျန်းချုံက အံကြိတ်ကာ ပြောဆိုလိုက်၏။
"မင်း မလိုချင်လည်း ယူရမှာပဲ..."
ချန်ဖုန်းက လှောင်ပြောင်လိုက်သည်။
"ဒီနေ့ မင်း ငါနဲ့တွေ့လို့ တော်သေးတယ်... တကယ်လို့ တခြားတစ်ယောက်ယောက်သာ ဆိုရင် မင်းရဲ့ ယုတ်မာတဲ့ လေလံဖျက်မှုကြောင့် သူတို့တွေ ယွမ်သန်းရာချီပြီး ဆုံးရှုံးသွားရမှာ မဟုတ်ဘူးလား... မင်းလိုလူမျိုးက ပညာပေးခံရဖို့ ထိုက်တန်တယ်... နောက်နောင် လူတိုင်းက မင်းလိုမျိုး ရမ်းသန်းဈေးပေးပြီးတော့မှ စိတ်ပြောင်းသွားမယ်ဆိုရင် ရှေ့ဆက်ပြီး ဘယ်သူက လေလံဆွဲရဲတော့မှာလဲ…”
“စည်းမျဉ်းဆိုတာ စည်းမျဉ်းပဲ... လေလံပွဲဆိုတာ မင်းအိမ် မဟုတ်ဘူး... လာချင်တဲ့အချိန်လာ သွားချင်တဲ့အချိန်သွား လုပ်လို့မရဘူး... တကယ်လို့ အဲဒီလိုသာဆိုရင် မင်းရဲ့ ထင်းရှူးတောင်စောင်းစံအိမ် ပန်းချီကားကိုပါ ထုတ်လာခဲ့ပါလား... အဲဒါကို ပြန်လေလံတင်ကြတာပေါ့... လေလံပွဲမှူး... ခင်ဗျား ဘယ်လိုထင်လဲ..."
"မစ္စတာချန် ပြောတာ မှန်ပါတယ်..."
လေလံပွဲမှူးကလည်း ခေါင်းညိတ်ထောက်ခံလိုက်၏။
အကယ်၍ ယနေ့ကိစ္စကိုသာ သေချာစွာ မဖြေရှင်းနိုင်ပါက အနာဂတ်တွင် လေလံပွဲများကို ပုံမှန်အတိုင်း ကျင်းပနိုင်တော့မည် မဟုတ်ချေ။
သူက ကျန်းချုံကို အေးစက်စွာ ကြည့်လိုက်သည်။
"သခင်လေး ကျန်းချုံ... ခင်ဗျား လေလံအောင်ထားတဲ့ ပစ္စည်းနှစ်ခုအတွက် စုစုပေါင်း ယွမ် သန်း ၅၀၀ ပါ... ကျေးဇူးပြုပြီး ငွေချေပေးပါ... သေချာပေါက် ခင်ဗျားအနေနဲ့ ငွေမချေဖို့လည်း ရွေးချယ်နိုင်ပါတယ်... ဒါဆိုရင်တော့ သေချာစဉ်းစားဖို့ လိုလိမ့်မယ်... ကျွန်တော်တို့ လေလံပွဲရုံတွေက ပြဿနာရှာဖို့ အဲဒီလောက် လွယ်ကူနေသလား ဆိုတာကိုပေါ့..."
ကျန်းချုံ၏ နှလုံးသားထဲတွင် အေးစက်သွားပေ၏။
ထိုအချိန်မှသာ လေလံပွဲရုံ၏ နောက်ကွယ်မှ ပိုင်ရှင်မှာ အတော်လေး ဩဇာကြီးမားကြောင်း သူ သဘောပေါက်သွားလေသည်။
သူ မစော်ကားရဲချေ။
ဘယ်လိုလုပ်ရမလဲ…
အခြားသူများကလည်း ခေါင်းခါလိုက်ကြသည်။
"ကျန်းချုံ ကောင်လေးကတော့ ရမ်းကားနေတာပဲ..."
"ဟုတ်တယ်... လေလံပွဲ စည်းမျဉ်းတွေကိုတော့ လိုက်နာရမှာပေါ့... ဘယ်လိုလုပ် ကတိဖျက်လို့ရမှာလဲ..."
"သူက မစ္စတာချန်ကြောင့် ဒေါသထွက်ပြီး ရူးသွားတာနေမှာပါ... ဒီနေ့တော့ သူ ယွမ် သန်း ၅၀၀ ပေးရတော့မှာပဲ..."
"ဒီမစ္စတာချန်က တော်တော် စိတ်ဝင်စားစရာကောင်းတာပဲ... ဟားဟား..."
ဤအချိန်၌ ကျန်းချုံ၏ မျက်နှာမှာ အလွန် မှုန်ကုပ်နေခဲ့ပေ၏။
သူက အံကိုကြိတ်ကာ အနီးနားရှိ ချမ်းသာသော သူဌေးသားအချို့အား ပြောဆိုလိုက်သည်။
"သခင်လေးဝမ်... မင်းဆီမှာ ပိုက်ဆံကျန်သေးလား... ငါ့ကို အရင်လွှဲပေးပါလား... နောက်မှ ငါပြန်ဆပ်ပါ့မယ်... သခင်လေးဝူ... မင်းလည်း ငါ့ကို ယွမ်သန်းဆယ်ဂဏန်းလောက် ချေးပါဦး... ငါ့ဆီ ပိုက်ဆံရရင် ပြန်ဆပ်ပါ့မယ်... သခင်လေးဖေ့... ငါ့ကို ကူညီပါဦး... ဒီကိစ္စကို ငါ့အဖေ သိလို့မဖြစ်ဘူး... ယွမ် သန်း သုံးလေးဆယ်လောက် ချေးပေးလို့ရမလား..."
ယွမ် သန်း ၃၀၀ ကျော် ကွာဟနေသဖြင့် သူ၏ မိသားစုထံမှ ငွေတိုက်ရိုက်တောင်းရန် သူ မရဲဝံ့ခဲ့ချေ။ ထို့ကြောင့် ရွေးချယ်စရာ မရှိတော့ပေ။ ဤဒုတိယမျိုးဆက် သူဌေးသားများကိုသာ သူ အပူကပ်ရတော့မည်။
သို့သော်လည်း အများအားဖြင့် ကြွားလုံးထုတ်ကာ အချင်းချင်း ရင်းနှီးဟန်ဆောင်တတ်သော ဤဒုတိယမျိုးဆက် သူဌေးသားများသည် ယွမ်သန်းဆယ်ဂဏန်းခန့် ချေးငှားရန် ကြားလိုက်ရချိန်တွင် အကြောင်းပြချက် အမျိုးမျိုးပေးကာ ငြင်းဆန်ကြလေ၏။
ယွမ်သန်းဆယ်ဂဏန်းဆိုသည်မှာ ၎င်းတို့အတွက် မရေမတွက်နိုင်သော လူငယ်မော်ဒယ်များနှင့် နာမည်ကြီးများကို လိုက်လံပိုးပန်းရန် လုံလောက်ပေသည်။
ကျန်းချုံကို ငှားလိုက်ခြင်းက ဘယ်တော့မှ ပြန်မရနိုင်တော့သည်ကို ဆိုလိုနိုင်ပေ၏။
အခြားရွေးချယ်စရာ မရှိတော့သဖြင့် ကျန်းချုံသည် သူ၏ဖခင်ထံ ဖုန်းဆက်၍ အကူအညီတောင်းခံရန်သာ ရှိတော့သည်။
ထိုအချိန်၌ တံခါးပေါက်ဆီမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ချက်ချင်းပင် လူတစ်စုက ဖြည်းညင်းစွာ ဝင်ရောက်လာကြသည်။
"ကြည့်စမ်း... အဲဒါ အတွင်းရေးမှူးဝမ် ပဲ... သူက ပုံမှန်ဆို မြို့တော်ဝန်ယန် ရဲ့ ဘေးမှာပဲ နေတာလေ... ဒီနေ့ လေလံပွဲကို ဘာလို့ ရောက်လာတာလဲ..."
"ဟုတ်တယ်... ပြီးခဲ့တဲ့ လေလံပွဲတုန်းက သူ မလာခဲ့ဘူးလို့ ငါမှတ်မိတယ်..."
"ဟေး... အဲဒါ ထျန်ပေါင်ဂရု က ကျန်တဝေ၊ ပိယွမ် အိမ်ခြံမြေကုမ္ပဏီ က မန်နေဂျာချုပ် မစ္စတာချင်း နဲ့ ကျန်းလုပ်ငန်းစုက မစ္စတာကျန်း တို့ပဲ... သူက ကျန်းချုံရဲ့ အဖေလေ... အတွင်းရေးမှူးဝမ် ဘေးကလူတွေ အကုန်လုံးက အခြေခံအားဖြင့် ရင်းနှီးတဲ့သူတွေချည်းပဲ... ဒါပေမဲ့ အလယ်တည့်တည့်မှာ လျှောက်လာတဲ့သူက ဘယ်သူလဲ..."
"ချီးပဲ... အတွင်းရေးမှူးဝမ်က အဲဒီလူနဲ့ အတူတူ လာတယ်လို့ ဘာလို့ ငါခံစားနေရတာလဲ..."
"ဟက်... မင်းတို့ မသိကြဘူး မဟုတ်လား... အဲဒါ ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ရဲ့ ဥက္ကဋ္ဌ ရှန်ကျွင်း လေ... အခု ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ က တကယ်ကို နာမည်ကြီးနေတာ... ဒီနှစ်ကုန်ရင် သူတို့ရဲ့ ပိုင်ဆိုင်မှုက ဘီလီယံရာချီအထိ ရောက်နိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းထားကြတယ်... ဒီလို ကုမ္ပဏီမျိုးက ငါတို့ ပေ့ဟူမှာ တကယ်ကို ထူးခြားပြောင်မြောက်လွန်းတယ်..."
"ဒီလိုကုမ္ပဏီမျိုးက တစ်နှစ်ကို အခွန် ယွမ် ၁၀ ဘီလီယံနီးပါး ထည့်ဝင်ပြီး ပေ့ဟူအတွက် ကြီးမားတဲ့ တန်ဖိုးတွေကို ဖန်တီးပေးနေတာ အံ့သြစရာတော့ မဟုတ်ပါဘူး... အတွင်းရေးမှူးဝမ် ကိုယ်တိုင်တောင် သူ့ကို အဖော်ပြုပေးနေတာ မဆန်းတော့ပါဘူး..."
လူတိုင်းမှာ အလွန် အားကျနေကြပေ၏။
ကုမ္ပဏီသည် ဤမျှလောက် အထင်ကြီးစရာကောင်းသော အောင်မြင်မှုအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အတွင်းရေးမှူးဝမ်က ဥက္ကဋ္ဌရှန်အား အလွန်တန်ဖိုးထားနေဆဲ ဖြစ်ကြောင်းကိုလည်း ၎င်းတို့ သိမြင်နိုင်ကြပေသည်။
ပုံမှန်အားဖြင့် ဤစီးပွားရေးလုပ်ငန်းရှင်ကြီးများသည် လေလံပွဲများသို့ လာရောက်လေ့ မရှိကြရာ ယနေ့ ၎င်းတို့၏ ရောက်ရှိလာမှုက လေလံပွဲ၌ ဆူညံပွက်လောရိုက်သွားစေပြီး လေလံပွဲမှူးပင်လျှင် ၎င်းတို့ကို နှုတ်ဆက်ရန် အလျင်အမြန် ပြေးလာခဲ့လေ၏။
"အတွင်းရေးမှူးဝမ်... လေလံပွဲက ခင်ဗျားအတွက်လည်း နေရာတစ်ခု သီးသန့်ထားပေးထားပါတယ်... ကျေးဇူးပြုပြီး ထိုင်ပါဦး..."
အတွင်းရေးမှူးဝမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း သူကဘေးရှိ ရှန်ကျွင်းအား လက်ပြကာ ပြောဆိုလိုက်၏။
"မင်းတို့ ဆက်လုပ်ကြပါ... ငါ့အတွက် စိတ်မပူပါနဲ့... ဒီနေ့ ငါလာတာက ဥက္ကဋ္ဌရှန် လေ့လာကြည့်ရှုဖို့အတွက် အဖော်လိုက်ပေးတာပါ..."
"အတွင်းရေးမှူးဝမ်... ခင်ဗျားက အရမ်း ယဉ်ကျေးလွန်းနေပါပြီ..."
ရှန်ကျွင်းက အလျင်အမြန် တုံ့ပြန်လိုက်ပေသည်။
လူတိုင်းက အပြန်အလှန်
နှုတ်ခွန်းဆက်စကားများ ပြောဆိုလိုက်ကြ၏။
ထိုအချိန်၌ ကျန်းချုံသည်လည်း လူအုပ်ထဲတွင် သူ၏ဖခင်ကို မြင်တွေ့လိုက်ရသည်။
သူ၏ နှလုံးသားထဲတွင် ဝမ်းသာမှုများ ပြည့်နှက်သွားလေ၏။
သူ အလျင်အမြန် ပြေးသွားလိုက်သည်။
"အဖေ... ကျွန်တော် ထန်ပေါ်ဟူ ရဲ့ ထင်းရှူးတောင်စောင်းစံအိမ် ပန်းချီကားကို လေလံအောင်ခဲ့ပြီ... ပိုက်ဆံနည်းနည်းတော့ ပိုသုံးလိုက်ရတယ်... ယွမ် သန်း ၁၅၀... သုံးလိုက်ရတယ်..."
"ယွမ် သန်း ၁၅၀ ဟုတ်လား..."
လူအုပ်ထဲရှိ ကျန်းချန်ကုန်း၏ မျက်နှာအမူအရာမှာ အလွန်အမင်း မှုန်ကုပ်သွားပေ၏။
‘ငွေဖြုန်းတဲ့ကောင်...
ဘတ်ဂျက်က ယွမ် သန်း ၁၀၀ အောက်ပဲ သတ်မှတ်ထားခဲ့တာကို ဒီအသုံးမကျတဲ့သားက ယွမ် သန်း ၅၀ တောင် ပိုသုံးပစ်ခဲ့တာလား…’
အတွင်းရေးမှူးဝမ်နှင့် ဥက္ကဋ္ဌရှန်တို့၏ ရှေ့တွင် မျက်နှာပျက်မည်ကိုသာ မစိုးရိမ်ရပါက ယခုအချိန်တွင် သူသည် ဤကောင်လေးအား ပညာပေးပစ်လိုက်ချင်ပေသည်။
သူက ကျန်းချုံအား စူးရဲစွာ စိုက်ကြည့်ရင်းပြောလိုက်သည်။
"မင်းက တကယ်ကို ပိုက်ဆံကို ပိုက်ဆံလို့ မသတ်မှတ်ဘူးပဲ... အိမ်ပြန်ရောက်မှ မင်းကို ငါ သေချာ ပညာပေးမယ်..."
"နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်..."
ကျန်းချုံက သူ့ကို ခိုးကြည့်လိုက်သည်။
ဒါက အဓိကမဟုတ်သေးဘူး...အခု သူပြောမယ့် အရာကမှ အရေးကြီးတာ…
ထို့နောက် သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုလိုက်၏။
"ဟို ဟို…ခုနက ပြီးခဲ့တဲ့အကြိမ်က လေလံမအောင်ခဲ့တဲ့ ယုံဟယ်စံအိမ်ကို ကျွန်တော် လေလံအောင်ခဲ့တယ်... ကုန်ကျစရိတ်က ယွမ် သန်း ၃၅၀..."
"ဘာ..."
ကျန်းချန်ကုန်း၏ အသံမှာ ရုတ်တရက် အနည်းငယ် ကျယ်လောင်သွားခဲ့ပေသည်။
ယခုအခါ သူသည် လူသတ်ချင်စိတ်ပင် ပေါက်သွားရလေသည်။
"မင်းက အရူးလား... မင်း ဦးနှောက်ပျက်နေတာလား... ဟမ်..."