အခန်း ၁၄၃
Vol. 15 Ch. 143
အခန်း (၁၄၃) တုန်လှုပ်သွားသော လူအုပ်ကြီး
"အဖေ... ဒီကိစ္စအတွက် ကျွန်တော့်ကို အပြစ်တင်လို့ မရဘူးနော်..."
ကျန်းချုံက လည်းပင်းကို မော့ကာ မလှမ်းမကမ်းရှိ ချန်ဖုန်းအား လက်ညှိုးထိုးပြလျက် ပြောဆိုလိုက်သည်။
"အကုန်လုံး အဲဒီ ချန် ဆိုတဲ့ ကောင်လေးကြောင့်ပဲ... တကယ်လို့ သူသာ ကျွန်တော့်ကို အကွက်မဆင်ခဲ့ရင် ကျွန်တော် ဈေးပေးမိမှာ မဟုတ်ဘူး... အဲဒီကောင်က ရှင်းရှင်းလင်းလင်းကို လူကောင်းမဟုတ်ဘူး..."
ထိုအချိန်၌ အတွင်းရေးမှူးဝမ်တို့နှင့် စကားပြောနေသော ရှန်ကျွင်းသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။
ထို့နောက် သူ ခေါင်းလှည့်လိုက်သည်။
ကျန်းချုံ၏ လက်ညှိုးထိုးရာဆီသို့ သူ လှမ်းကြည့်လိုက်လေသောအခါ
သူ၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပေသည်။
သူသည် အတွင်းရေးမှူးဝမ်တို့နှင့် စကားဆက်ပြောနေရန်ပင် ဂရုမစိုက်နိုင်တော့ဘဲ အလျင်အမြန် ပြေးသွားလိုက်၏။
"ဥက္ကဋ္ဌချန်... ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ..."
ဤစကားကို ပြောဆိုလိုက်သည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီးတစ်ခုလုံး ဆွံ့အ မှင်တက်သွားကြလေ၏။
ရှန်ကျွင်းသည် ချန်ဖုန်းထံသို့ ပြေးသွားသည်ကို လူတိုင်းက အံ့အားသင့်စွာ စိုက်ကြည့်နေကြပေသည်။
ထိုဟန်ပန်မှာ အတွင်းရေးမှူးဝမ်နှင့် ဆက်ဆံစဉ်ကထက်ပင် ပိုမိုယဉ်ကျေးပြီး ရိုသေလေးစားနေပေ၏။
ဒါက ဘာတွေဖြစ်ကုန်တာလဲ…
"အို ဘုရားရေ... ဘာတွေဖြစ်နေတာလဲ... ဥက္ကဋ္ဌရှန် ဆိုတာ ပေ့ဟူမှာ တက်သစ်စ သူဌေးကြီးတစ်ဦးပဲ... အတွင်းရေးမှူးဝမ် နဲ့ မြို့တော်ဝန်ယန် တို့တောင် သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရတဲ့သူလေ... ဘယ်လိုလုပ် မစ္စတာချန်ကို ဒီလောက်တောင် ရိုသေလေးစားနေရတာလဲ... ပြီးတော့ သူ့ကို ဥက္ကဋ္ဌချန် လို့တောင် ခေါ်လိုက်သေးတယ်..."
"မစ္စတာချန်က အတိအကျ ဘယ်လိုလူမျိုးလို့ မင်းတို့ ထင်လဲ..."
"တစ်ခုခု ထူးခြားနေတယ်လို့ ငါထင်တယ်... စောစောက လေလံပွဲမှူးက သူ့ရဲ့ ဘဏ်ကတ်ထဲက လက်ကျန်ငွေကို မြင်လိုက်ရချိန်မှာ အဲဒီလောက် ထိတ်လန့်ပြီး ရိုသေလေးစားသွားခဲ့တာ... တစ်ဖက်လူကို စော်ကားမိမှာ ကြောက်နေတဲ့အတိုင်းပဲ..."
အနီးနားရှိ လူများသာမကဘဲ အတွင်းရေးမှူးဝမ်နှင့် ကျန်းချန်ကုန်းတို့ပင် အံ့အားသင့်နေပုံ ရပေ၏။
ရှန်ကျွင်း၏ အမှတ်အသားက ဘာလဲ။
ယနေ့ခေတ် ပေ့ဟူရှိ စီးပွားရေးလုပ်ငန်းရှင်များ၏ ပုံရိပ်အရ သူ့ကိုမြင်လျှင် ဥက္ကဋ္ဌရှန်ဟု ယဉ်ကျေးစွာ မခေါ်နိုင်သူ မည်သူရှိမည်နည်း။
အခုတော့ရော...
ဥက္ကဋ္ဌရှန်၏ ဟန်ပန်မှာ ၎င်းတို့အတွက် နားလည်ရန် ခက်ခဲနေခဲ့ပေသည်။
လူတိုင်း၏ ဇဝေဇဝါဖြစ်နေမှုကို ရှန်ကျွင်းကလည်း ခံစားမိလိုက်၏။
ရှန်ကျွင်းက အတွင်းရေးမှူးဝမ်နှင့် အခြားသူများအား အလျင်အမြန် မိတ်ဆက်ပေးလိုက်သည်။
"အရင်က လူတိုင်းက ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ကို ကျွန်တော် ဘယ်လို တည်ထောင်ခဲ့လဲလို့ အမြဲ မေးကြတယ်... တကယ်တော့ လွန်ခဲ့တဲ့ လဝက်လောက်က ကျွန်တော့်ကုမ္ပဏီ ဒေဝါလီခံရလုနီးပါး ဖြစ်ခဲ့တာပါ... ကံကောင်းထောက်မစွာနဲ့ပဲ လူတစ်ယောက်က ယွမ် ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပြီး ထုတ်ကုန်အသစ်တွေကို တီထွင်နိုင်ခဲ့တယ်... အဲဒါကပဲ ကုမ္ပဏီကို လက်ရှိအောင်မြင်မှုတွေ ရရှိစေခဲ့တာပါ... အခု ကျွန်တော့်မှာရှိသမျှ အကုန်လုံးက တစ်ဖက်လူက ပေးထားတာချည်းပါပဲ... ကျွန်တော်က မကြာခင်မှာ ဘီလီယံရာချီ ချမ်းသာတော့မယ်လို့ ခင်ဗျားတို့ အကုန်လုံး ထင်နေကြတာ... တကယ်တော့ ကုမ္ပဏီရဲ့ ၄ ရာခိုင်နှုန်းပဲ ကျွန်တော် ပိုင်ဆိုင်ထားတာပါ... ကျွန်တော့်ဘေးက မစ္စတာချန်ဖုန်း က ကုမ္ပဏီရဲ့ အဓိကရှယ်ယာရှင်ဖြစ်ပြီး ရှယ်ယာ ၈၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်... ဒီနှစ်ကုန်ရင် တကယ်ကို ဘီလီယံရာချီ ချမ်းသာလာမယ့်သူက သူပါပဲ..."
ဤစကားများကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်းမှာ အလွန်အမင်း တုန်လှုပ်သွားကြလေ၏။
ကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင်တဲ့လား...
ရှယ်ယာ ၈၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာ...
ဒီနှစ်ကုန်ရင် သူ့ရဲ့ ပိုင်ဆိုင်မှုက ဘီလီယံရာချီအထိ ရောက်လာမယ်...
စကားလုံးတိုင်းသည် မိုးကြိုးပစ်ချလိုက်သည့်အလား ၎င်းတို့၏ နှလုံးသားများကို နက်ရှိုင်းစွာ တုန်လှုပ်သွားစေခဲ့ပေသည်။
ဘုရားရေ...မည်သူကမျှ ဤသို့ဖြစ်လာမည်ဟု မထင်မှတ်ထားခဲ့ချေ။
ဒီနေရာရှိ တကယ့်လူကုံထံကြီးမှာ ထောင့်တစ်နေရာတွင် သာမန်ကာလျှံကာ ထိုင်နေသော ချန်ဖုန်းမှလွဲ၍ အခြားသူ မဟုတ်ပေ။
ဒါကြောင့်ကိုး...
နာမည်ကြီး မင်းသမီး ရွှီချင်းချန် တောင်မှ သူ့ဘေးမှာ ရှိနေတာ မဆန်းတော့ပါဘူး... သူမက သူရဲ့ နောက်ခံ အမှတ်အသားကို သိနှင့်နေပြီးသား ဖြစ်ရမယ်...
သေချာတာပေါ့...
ကျန်းချုံ၏ ပါးစပ်မှာ ပို၍ပင် ဟောင်းလောင်းပွင့်သွားလေ၏။
အစကတည်းက ချန်ဖုန်းကို သူ အလေးအနက် မထားခဲ့ဘဲ ယုံဟယ်စံအိမ်အတွက် လေလံဆွဲခြင်းမှာ ရွှီချင်းချန်ရှေ့တွင် ဟန်ရေးပြရန်နှင့် တစ်ဖက်တွင်လည်း ချန်ဖုန်းက သူမရှေ့တွင်မို့ တမင်တကာ ဟန်ဆောင်နေတာဟု သူ ထင်မှတ်ထားခဲ့သည်။
သူသည် ချန်ဖုန်း၏ရှေ့တွင် သူ၏ကြွယ်ဝချမ်းသာမှုကိုပင် ကြွားလုံးထုတ်ခဲ့ဖူးသေး၏။
အခုတော့ရော...
တကယ်ကို အရှက်ရစရာပါပဲ...
အသက်နှစ်ဆယ်ကျော် အရွယ်တွေဆိုပေမဲ့ လူတစ်ယောက်နဲ့ တစ်ယောက်ကြားက ကွာဟချက်တွေက ဘာလို့ ဒီလောက်တောင် ကြီးမားနေနိုင်ရတာလည်း...
လူတိုင်းက ချန်ဖုန်းအား အံ့အားသင့်စွာ စိုက်ကြည့်နေကြပေသည်။
သူသည် လေလံပွဲတစ်ခုလုံး၏ အာရုံစိုက်ရာဗဟိုချက် ချက်ချင်း ဖြစ်လာခဲ့လေပြီ။
ထိုအချိန်၌ ကျန်းချန်ကုန်း ရုတ်တရက် သဘောပေါက်သွားပြီး သားဖြစ်သူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်၏။
"အသုံးမကျလိုက်တဲ့ကောင်... မင်းက ဥက္ကဋ္ဌချန်ကို စော်ကားခဲ့တာလား... သူ့ကို အခုချက်ချင်း တောင်းပန်လိုက်စမ်း..."
ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ...
ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ၏ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ၎င်းသည် မကြာမီ ပေ့ဟူရှိ ဦးဆောင်စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာပေလိမ့်မည်။
ဘယ်သူက သူတို့ကို စော်ကားရဲမှာလဲ…
ထို့အပြင် ယခုအချိန်တွင် အတွင်းရေးမှူးဝမ်နှင့် အခြားသူများကလည်း ရှန်ကျွင်းကို ဆွဲဆောင်ရန် ကြိုးစားနေကြပြီး ဟိုင်ထျန် ဥာဏ်ရည်တုနည်းပညာ ကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်ပက်သက်လို့ ၎င်းတို့က တန်ဖိုးထားကြောင်း ရှင်းလင်းစွာ ပြသနေပေ၏။
ဤအချိန်၌ လေလံပွဲမှူးက ရုတ်တရက် ဝင်ပြောလိုက်သည်။
"ဥက္ကဋ္ဌကျန်း... ခင်ဗျားက သားကောင်းတစ်ယောက် မွေးထားတာပဲ... စောစောက ဥက္ကဋ္ဌချန်က ယုံဟယ်စံအိမ်ကို မျက်စိကျပြီး လေလံဆွဲဝယ်ဖို့ မူလက ရည်ရွယ်ထားတာပါ... ဒါပေမဲ့ ခင်ဗျားရဲ့ အဖိုးတန်သားလေးက ရည်ရွယ်ချက်ရှိရှိ လေလံဖျက်ပြီး ဈေးကို ယွမ် သန်း ၃၅၀ အထိ တိုက်ရိုက် တင်လိုက်တယ်လေ... ဥက္ကဋ္ဌချန်က သဘောထားကြီးတော့ အဲဒါကို အပြစ်မယူဘဲ အလွယ်တကူ လက်လျှော့ပေးလိုက်တယ်... တကယ်လို့ လေလံအောင်သွားပြီဆိုရင် ခင်ဗျားသားက တိုက်ရိုက် ငွေချေရုံပဲ... ဒါပေမဲ့ အခုတော့ သူက စိတ်ပြောင်းသွားပြီး ငွေမချေနိုင်ဘူးလို့ ငြင်းနေတယ်..."
ထိုသို့ပြောဆိုရင်း လေလံပွဲမှူးက အဓိပ္ပာယ်ပါပါ ပြုံးလိုက်၏။
အတိုချုပ်ပြောရလျှင် ကျန်းချန်ကုန်း၏ ကျောပြင်တစ်ခုလုံး နောက်တစ်ကြိမ် ချွေးစေးများ ပျံကျလာခဲ့ပေသည်။
သူ၏ ခြေထောက်များ ထိန်းမရအောင် တုန်ရီနေသည်ကို သူ ခံစားလိုက်ရသည်။
ကျန်းချုံကို လည်ပင်းညှစ်သတ်ချင်စိတ်ကိုပင် သူ ခံစားလိုက်ရလေ၏။
အခုမှပဲ ဇာတ်လမ်းတစ်ခုလုံးကို သူ နားလည်သွားတော့တယ်...
ငတုံးကောင်...
လေလံပွဲရုံက ပြဿနာမရှိပါဘူး... အဆိုးဆုံးအခြေအနေ ယွမ် သန်း ၃၅၀ ပေးလိုက်ရင် ပဋိပက္ခက ပြေလည်သွားမှာပဲလေ...
ယွမ်သန်းရာချီကို သူ စုဆောင်းနိုင်ပါသေးသည်။
သို့သော် ဥက္ကဋ္ဌချန်ကိုတော့ သူတို့ တကယ်ပဲ စော်ကားမိသွားခဲ့လေပြီ။
"အဘိုးကြီးကျိုး... စိတ်မပူပါနဲ့... ယုံဟယ်စံအိမ်က ငါ့ရဲ့ ငတုံးသား လေလံအောင်ခဲ့တာပဲ... တစ်ပြားမှ မလျော့စေရပါဘူး..."
ထိုသို့ပြောဆိုရင်း သူသည် ဘဏ်ကတ်တစ်ကတ်ကို ထုတ်ကာ ကမ်းပေးလိုက်သည်။
"ကျသင့်ငွေကို တိုက်ရိုက် ဖြတ်လိုက်ပါ... ယုံဟယ်စံအိမ်ရဲ့ နာမည်ကို ဥက္ကဋ္ဌချန် နာမည်နဲ့ပဲ ပြောင်းရေးပေးပါ..."
ဟင်...
လေလံပွဲမှူး အဘိုးကြီးကျိုးက သူ့ကို အံ့သြစွာ ကြည့်လိုက်၏။
ချန်ဖုန်းကလည်း ဖြည်းညင်းစွာ လှမ်းကြည့်လိုက်သည်။
ထိုသို့ပြောပီးနောက် ကျန်းချန်ကုန်းသည် သားဖြစ်သူကို ချန်ဖုန်းထံသို့ ဆွဲခေါ်သွားပြီး ကိုးဆယ်ဒီဂရီ ကိုင်းညွတ်၍ အရိုအသေပေးလိုက်ပေသည်။
"ဥက္ကဋ္ဌချန်... ကျွန်တော့်ရဲ့ မိုက်မဲတဲ့သားက ဥက္ကဋ္ဌချန် လို အထင်ကရ ပုဂ္ဂိုလ်ကို မမှတ်မိပဲ စော်ကားခဲ့မိလို့ တောင်းပန်ပါတယ်…ကျွန်တော့်ရဲ့သားမိုက်ကို ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်…”
“ဥက္ကဋ္ဌချန်လည်း အဲဒီ ယုံဟယ်စံအိမ်ကို သဘောကျတယ်လို့ ထင်ပါတယ်... ဒါကြောင့် ကျွန်တော့်ရဲ့ တောင်းပန်မှုအဖြစ် လက်ခံပေးပါ... ဥက္ကဋ္ဌချန် စိတ်ထဲမထားဘူးလို့ မျှော်လင့်ပါတယ်..."
ထိုသို့ပြောဆိုရင်း ကျန်းချုံ၏ ခေါင်းပေါ်သို့ နောက်ထပ် လက်ဝါးရိုက်ချက်တစ်ခု ကျရောက်သွားလေ၏။
"မင်းက ဘာရပ်လုပ်နေတာလဲ... ဥက္ကဋ္ဌချန်ကို အခုချက်ချင်း တောင်းပန်လိုက်စမ်း..."
"ကျွန်တော်..."
"ဘာ ကျွန်တော်လဲ... ဒီနေ့ ဥက္ကဋ္ဌချန်ဆီက ခွင့်လွှတ်မှု မရဘူးဆိုရင် မင်းလိုသားမျိုး ငါ့မှာ မရှိဘူးလို့သာ မှတ်လိုက်..."
"ကျွန်တော်..."
ကျန်းချုံမှာ ငိုတော့မည့်အလား ဖြစ်နေပေသည်။
သူသည် မည်သို့ပင်ဆိုစေ နာမည်ကြီး ဒုတိယမျိုးဆက် သူဌေးသားတစ်ဦး ဖြစ်ပေ၏။ ယခုအခါ လူအများကြီး၏ရှေ့တွင် သူ၏ဖခင်က သူ့ကို မြေးတစ်ယောက်လို ဆူပူကြိမ်းမောင်းနေခဲ့သည်။
သူ အတော်လေး နာကြည်းနေခဲ့သော်လည်း ဘာလုပ်နိုင်မည်နည်း။
သူ အံကိုကြိတ်ကာ တိုးတိတ်စွာ ပြောဆိုလိုက်၏။
"တောင်း... တောင်းပန်ပါတယ်..."
"အသံကျယ်ကျယ်ပြောစမ်း..."
ကျန်းချန်ကုန်းက သူ၏ ခေါင်းနောက်ဘက်ကို ထပ်ရိုက်လိုက်ပြန်သည်။
"တောင်း... တောင်းပန်ပါတယ်... တောင်းပန်ပါတယ်..."
ကျန်းချုံသည် သူ၏ ဂုဏ်သိက္ခာကို မြေကြီးပေါ်တွင် နင်းခြေပြီး ပွတ်တိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသဖြင့် ခေါင်းငုံ့ထားလိုက်သည်။
သူ့ပတ်ဝန်းကျင်ရှိ မည်သူ့ကိုမျှ သူ မကြည့်ရဲတော့ချေ။
ဒီနေ့ပြီးသွားရင် သူ့အကြောင်းက အသိုင်းအဝိုင်းတစ်ခုလုံးကို ပြန့်နှံ့သွားမှာဖြစ်ပြီး သူ မျက်နှာပြစရာနေရာ ရှိတော့မှာ မဟုတ်ဘူး…
"ဟားဟား... ဥက္ကဋ္ဌချန်... ခင်ဗျားက တကယ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ အလားအလာရှိတဲ့သူပဲ... ကျွန်တော်တို့ လေလံပွဲကို ဆက်လက်ပြီး ရှေ့မှာ ပစ္စည်းကောင်းတွေ ကျန်သေးလားဆိုတာ သွားကြည့်ကြမလား..."
အတွင်းရေးမှူးဝမ်က ရယ်မောကာ စကားလမ်းကြောင်း လွှဲလိုက်ပေသည်။
သူက ဤအခွင့်အရေးကို အသုံးချကာ ချန်ဖုန်းနှင့် သေချာ ရင်းနှီးကျွမ်းဝင်အောင် လုပ်ချင်နေခဲ့၏။
တစ်ချိန်တည်းမှာပင် ဤကိစ္စသည် ကြီးမားသော ပြဿနာတစ်ခု မဟုတ်ချေ။ ကျန်းချုံက ခေါင်းငုံ့ကာ အမှားကို ဝန်ခံပြီးပြီဖြစ်ရာ သူက ကြားဝင်စေ့စပ်ပေးသူအဖြစ် လုပ်ဆောင်ချင်နေခဲ့သည်။
"ဒါဆိုလည်း အတွင်းရေးမှူးဝမ် စကားကိုပဲ နားထောင်ရတာပေါ့..."
ချန်ဖုန်းကလည်း ရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်၏။
လူတစ်စုက တစ်ယောက်ပြီးတစ်ယောက် နောက်မှ လိုက်ပါသွားကြသည်။
"အိမ်ပြန်ရောက်မှ မင်းနဲ့ ငါ သေချာ ရှင်းမယ်..."
ကျန်းချန်ကုန်းက သားဖြစ်သူအား စူးရဲစွာ စိုက်ကြည့်လိုက်ပြီးနောက် အလျင်အမြန် လိုက်သွားလေ၏။
ထိုအချိန်၌ ကျန်းချုံသည် ဘေးရှိ ထိုင်ခုံပေါ်သို့ ပုတ်ခနဲ ပြုတ်ကျသွားပေသည်။
သူ၏ မျက်နှာအမူအရာမှာ အလွန် ရှုပ်ထွေးနေခဲ့ပြီး အထူးသဖြင့် ပတ်ဝန်းကျင်ရှိ ချမ်းသာသော သူဌေးသားများအားလုံးက သူ့ကို ခပ်ခွာခွာနေနေကြသည်ကို မြင်လိုက်ရချိန်တွင် သူ့ကို ပို၍ပင် နေရခက်သွားစေခဲ့သည်။
ထိုအခိုက်တွင် မလှမ်းမကမ်း၌ ပုန်းနေသော လွီပင်းကို သူ မြင်တွေ့လိုက်ရ၏။
"လွီပင်း... ဒီကိုလာခဲ့စမ်း..."
"ဟင်..."
လွီပင်းက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လျှောက်လာခဲ့သည်။
စောစောက သူသည် ချန်ဖုန်းနှင့် ကျန်းချုံတို့ကို ရှောင်လွှဲနေခဲ့သော်လည်း ယခုအခါတွင်မူ သူ လွတ်မြောက်နိုင်ပုံ မပေါ်တော့ချေ။
ကျန်းချုံက ဒေါသတကြီး မေးမြန်းလိုက်သည်။
"မင်းက ချန်ဖုန်းကို သိနေတာမလား... အထူးသဖြင့် သူ့ရဲ့နောက်ခံ အဆင့်အတန်းကို အရင်ကတည်းက သိနေခဲ့တာလား..."